09 January 2009

ဥမင်ဒီဇိုင်းလမ်းညွှန် အပိုင်း(၁)

ဥမင်ဒီဇိုင်း လမ်းညွှန် စာတမ်းသည် အပြည်ပြည်ဆိုင်ရာ ဥမင်နှင့် မြေအောက် အဆောက်အအုံ နည်းပညာဆိုင်ရာ အဖွဲ့ကြီး (ITA-AITES)မှ ဥမင်ဒီဇိုင်း လေ့လာရေး အလုပ်အဖွဲ့ကို ၁၉၇၈ ခုနှစ်တွင် ဖွဲ့စည်း၍ နိုင်ငံတကာရှိ ဥမင်ဖောက်လုပ်ရေး လုပ်ငန်းများ၌ အသုံးပြုနေသော ဥမင်ဒီဇိုင်း ရေးဆွဲတွက်ချက်ခြင်း လုပ်ငန်းစဉ်များကို စိစစ်လေ့လာ ရေးသားထားသော စာတမ်းဖြစ်ပါသည်။ ဥမင် ဖောက်လုပ်ရေး လုပ်ငန်း အများစုတွင် မြေသား (soil) သည် ဥမင်၏ တည်ငြိမ်မှု (stability)ကို အဓိကပံ့ပိုးသည့် ကဏ္ဍတွင် ရှိသောကြောင့် ဥမင်ဒီဇိုင်းအတွက် ယေဘူယျ ချဉ်းကပ်ရာတွင် လုပ်ငန်းခွင် ကွင်းဆင်း လေ့လာခြင်းများ၊ မြေသား စမ်းသပ် စစ်ဆေးခြင်းများ၊ လုပ်ငန်းခွင် စောင့်ကြပ် ကြည့်ရှုခြင်းများ စသည်တို့အပြင် ဖိအားနှင့် ပုံပျက်ယွင်းမှု တွက်ချက်ခြင်း (analysis of stress and deformation) များလည်း ပါဝင်သည်။

ဤဒီဇိုင်းလမ်းညွှန်တွင် ဥမင်နံရံအတွက် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အသေးစိတ် အချက်အလက်များနှင့် နိုင်ငံအလိုက် ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန် (recommendations)များလည်း ဖော်ပြထားသည်။ ကမ္ဘာတစ်ဝှမ်းတွင် လုပ်ကိုင်နေသော ဥမင်တူးဖော်ရေး လုပ်ငန်းများမှ ရရှိလာသည့် အတွေ့အကြုံများကို အခြေတည်၍ ရေးသားပြုစုထားသော စာတမ်းဖြစ်ရာ ကျွန်တော်တို့ ဥမင်အင်ဂျင်နီယာများ လက်စွဲထား လေ့လာဖတ်ရှုသင့်သည်ဟု ယူဆမိပါသောကြောင့် ဘာသာပြန်ဆို ဖော်ပြလိုက်ရပါသည်။


၁။ ယေဘူယျ ဥမင်ဒီဇိုင်း ရေးဆွဲတွက်ချက်ခြင်း အဆင့်ဆင့်
ဥမင်ဖောက်လုပ်ရန် စီမံကိန်းရေးဆွဲရာတွင် လုပ်ငန်းခြင်း အပြန်အလှန် ဆက်နွှယ်နေသော အောက်ဖော်ပြပါ ဘာသာရပ်များ ပါဝင်ရန် လိုအပ်သည် -
  • ဘူမိဗေဒ
  • ဘူမိနည်းပညာ အင်ဂျင်နီယာ
  • တူးဖော်ရေး နည်းပညာ (ဥပမာ - စက်ယန္တရားဖြင့် တူးဖော်ခြင်း)
  • ဥမင်ပင့်ထောက်ခြင်း ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အစိတ်အပိုင်းများ ဒီဇိုင်း (ဆောက်လုပ်ရေး ပစ္စည်းများ၏ ရေရှည်ခံနိုင်ရည် အပါအဝင်)
  • ကန်ထရိုက် အခြေခံသဘောတရားနှင့် ဥပဒေ
အထက်တွင် ဖော်ပြထားသော ဘာသာရပ်များအလိုက် ကျွမ်းကျင်သူများ အနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ ပညာရပ်နယ်ပယ် တစ်ခုစီအတွက်သာ တာဝန်ယူနိုင်ကြရာ အဓိက ဒီဇိုင်းလုပ်ငန်းများကို ဆုံးဖြတ်ချက် ချရာတွင် ထိုဘာသာရပ်များကို ဟန်ချက်ညီစွာ ပေါင်းစပ်၍ အကျိုးရလဒ် ဖော်ထုတ်ရမည်ဖြစ်သည်။ သို့မှသာ ဥမင်စီမံကိန်း အသေးစိတ် လုပ်ငန်းများအလိုက် သက်ဆိုင်ရာ ကျွမ်းကျင်သူများက သီးခြားစီ အစဉ်လိုက် ပေါင်းစပ်ထားသကဲ့ မဟုတ်ဘဲ တပေါင်းတစည်းတည်း အနေဖြင့် ဒီဇိုင်းလုပ်ငန်း တိုးတက်မှုကို ရရှိနိုင်မည် ဖြစ်သည်။

ဥမင်ဒီဇိုင်းရေးဆွဲရာတွင် ပါဝင်ရမည့် (လိုအပ်သည့်) အခြေခံကျသော စာရွက်စာတမ်းများမှာ အောက်ပါအတိုင်း ဖြစ်သည်-
  • ဘူမိဗေဒဆိုင်ရာနှင့် ဘူမိရူပဗေဒဆိုင်ရာ တိုင်းတာရေး လုပ်ငန်းများမှ ရလာသော အဖြေများပါဝင်သည့် ဘူမိဗေဒ အစီရင်ခံစာ (Geological report)၊
  • ရေနှင့်ဘူမိဗေဒဆိုင်ရာ အစီရင်ခံစာ (Hydro-geological report)၊
  • ဥမင်တူးလုပ်ငန်း၊ မြေသားနှင့် ကျောက်အမျိုးအစား ခွဲခြားခြင်း အစရှိသည့် လုပ်ငန်းခွင် တိုင်းတာရေးနှင့် လက်တွေ့ စမ်းသပ်ခန်းများမှ ရရှိသော ရလဒ်များနှင့်တကွ ပြည့်စုံစွာ ရှင်းလင်းဖော်ပြထားသော လုပ်ငန်းခွင် ကွင်းဆင်းတိုင်းတာရေး ဘူမိနည်းပညာဆိုင်ရာ အစီရင်ခံစာ (Geotechnical report)၊
  • ဥမင်နံရံ၊ ဖြတ်ပိုင်းပုံစံ၊ ရေနှုတ်မြောင်းစနစ် အစရှိသည့် ဥမင်တည်ဆောက်ပြီး အသုံးပြုသည့်အခါ အကျိုးသက်ရောက်လာမည့် ဥမင်ဖွဲ့စည်းပုံဆိုင်ရာ အစိတ်အပိုင်းများနှင့် ပတ်သက်သည့် အချက်အလက်များ၊
  • ဥမင်တူးဖော်ရေး (သို့မဟုတ်) ဖောက်လုပ်ရေး လုပ်ငန်းအစီအစဉ် လျာထားပုံစံနှင့် အကျဉ်းချုပ် ဖော်ပြချက် (မြေအခြေအနေ အမျိုးမျိုးပေါ်မူတည်၍ ဥမင် ဖြတ်ပိုင်းပုံစံ အမျိုးမျိုး အပါအဝင်)၊
  • အသုံးပြုမည့် ဥမင်တူးဖော်ရေး နည်းလမ်း အမျိုးအစားများ၊ ဥမင်ပင့်ထောက်မှု အမျိုးအစားများ ဥမင်ဖောက်လုပ်မှု အဆင့်နှင့် ဥမင်တူးဖော်ရာ မျက်နှာပြင် ပင့်ထောက်မှု အမျိုးအစားများ၊ ထည့်သွင်းမည့် Anchor အရေအတွက်၊ Shotcrete ၏ ခံနိုင်ဝန်အား၊ ဖောက်လုပ်မည့် (တဖြတ်) အလျား စသည့်တို့ ထည့်သွင်းရေးဆွဲထားသော ဒီဇိုင်းစာတမ်း၊
  • လုပ်ငန်းခွင်တွင်း တိုင်းတာမှုများဖြင့် ဥမင်ဖောက်လုပ်မှုကို စောင့်ကြပ်ကြည့်ရှုသွားမည့် အစီအစဉ် (In-situ monitoring)၊
  • ဥမင်၏ ဖိအားနှင့် ပုံပျက်ယွင်းမှုပုံစံများ တွက်ချက်ခြင်းနှင့် ဥမင်တူးဖော်ပြီး ယာယီ တပ်ဆင်ရမည့် ပင့်ထောက်မှု (intermediate support) များနှင့် အပြီးသတ် တပ်ဆင်မည့် ဥမင်နံရံများ၏ အတိုင်းအတာများ၊
  • ဥမင်အတွင်း ရေလုံလွှာ (waterproof) တပ်ဆင်မှုနှင့် ရေနှုတ်မြောင်း ဒီဇိုင်းများ၊
  • အသေးစိတ် အချက်အလက်များ အပါအဝင် ဥမင်စီမံကိန်း၏ အတည်ပြုဒီဇိုင်းအတွက် ဖွဲ့စည်း တည်ဆောက်ပုံဆိုင်ရာ စာတမ်းများ၊
  • ဥမင် တူးဖော်နေစဉ်နှင့် တူးဖော်ပြီးနောက် ကွင်းဆင်းတိုင်းတာမှုများနှင့် ရရှိလာသည့် ဥမင်တည်ရှိရာ မြေသား၏ တုံ့ပြန်မှုများနှင့် ဥမင်၏ ဖွဲ့စည်းပုံဆိုင်ရာ လုံခြုံမှုအဖြေများအပေါ် ရှင်းလင်းချက်များ၊
  • ဥမင်တူးဖော်စဉ်အတွင်း ကြုံတွေ့ရသော ပြဿနာရပ်များနှင့် အသုံးပြုသည့် ဖြေရှင်းဆောင်ရွက်ချက်များ (ဥပမာ- မြေသားမာကြောမှု အစီအမံများ၊ ဥမင်ဖောက်လုပ်မှုကို စောင့်ကြပ်ကြည့်ရှုခြင်းမှ ရလာသည့် ရလဒ်များကို အခြေခံ၍ မူလလျာထားသည့် ဥမင်ပင့်ထောက်မှု အမျိုးအစားများ ပြောင်းလဲခြင်း စသည်) ကို စာတမ်းများ ရေးသားပြုစုခြင်း၊
အထက်ပါ စာတမ်းများ၊ အစီရင်ခံစာများကို အစဉ်လိုက် ဆောင်ရွက်သွားခြင်းဖြင့် ယေဘူယျ ဥမင်ဒီဇိုင်း ရေးဆွဲတွက်ချက်ခြင်းကို အကောင်အထည် ဖော်နိုင်မည် ဖြစ်သည်။


၂။ ဥမင် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ဒီဇိုင်းပုံစံ လက္ခဏာရပ်များ
ဥမင်ပုံစံတစ်ခု၏ စီမံကိန်းရေးဆွဲခြင်း၊ ဒီဇိုင်းပြုလုပ်ခြင်း၊ တွက်ချက်ခြင်းနှင့် အသေးစိတ် အစီအမံများကို ဆောင်ရွက်ရာတွင် ထိုဥမင်ဖွဲ့စည်းပုံစံသည် တည်ဆောက်ပုံအရ ထိခိုက်ခြင်းမျိုး (သို့) ဒီဇိုင်းပြုလုပ်ထားသည့် သက်တမ်းအတွင်း ပြိုကျပျက်စီးမှုမျိုး မဖြစ်စေရန် အင်ဂျင်နီယာများက တာဝန်ယူရသည်။ သို့ဖြစ်ရာ ဥမင်တူးဖော်နေစဉ်ကာလ (သို့) ဥမင်၏ သက်တမ်းတလျှောက် ဖြစ်ပျက်ပုံများကို မှန်းဆတွက်ချက်နိုင်ရန် လက်တွေ့ သဘာဝနှင့် နီးစပ်သည့် မော်ဒယ်ပုံစံများ လိုအပ်သည်။

ပုံ(၁)၊ ဥမင်ဒီဇိုင်းလုပ်ငန်းစဉ်။

ဒီဇိုင်းရေးဆွဲတွက်ချက်ခြင်း လုပ်ငန်းစဉ်တွင် အောက်ပါအဓိကကျသော အစိတ်အပိုင်းများ ဖွဲ့စည်းပါဝင်သည်-
(၁) ဘူမိဗေဒနှင့် ကွင်းဆင်းလေ့လာခြင်း လုပ်ငန်းများမှ ဥမင်လမ်းကြောင်း၊ ဦးတည်ရာနှင့် အနက်ပေ စသည်တို့ကို အတည်ပြုခြင်း၊

(၂) မြေသား၏ သွင်ပြင် လက္ခဏာများကို ပုံဖော်တွက်ချက်နိုင်ရန် မြေအောက် စူးစမ်းလေ့လာမှုနှင့် မြေသား(သို့) ကျောက်သားဖွဲ့စည်းပုံများကို အသုံးပြုခြင်း (ဥပမာ- မူလဖိအားများ၊ မြေ(သို့) ကျောက်၏ ခံနိုင်ရည်၊ အက်ကွဲကြောင်းများနှင့် မြေအောက်ရေ အနေအထား)၊

(၃) လိုအပ်သည့် ဥမင်ဖြတ်ပိုင်းပုံစံကို ရရှိရန်နှင့် တူးဖော်မည့် နည်းလမ်းကို ရွေးချယ်ရန် (သို့) အသုံးပြုရမည့် ဥမင်တူးဖော်စက်ကို ရွေးချယ်ရန်၊ ထို့အပြင် မြေအောက်ရေ ဖယ်ထုတ်ခြင်း နည်းလမ်းများနှင့် ဥမင်ပင့်ထောက်မှု အမျိုးအစားများ ရွေးချယ်ရန်အတွက် အတွေ့အကြုံအရ (သို့) ကြိုတင် အကဲဖြတ် ခန့်မှန်းတွက်ချက်ခြင်းများကို အသုံးပြုခြင်း၊

(၄) အဆင့် (၁) မှ (၃) အထိပြီးလျှင် ဥမင်အင်ဂျင်နီယာအနေဖြင့် ဥမင်တည်ဆောက်ပုံ မော်ဒယ်တစ်ခုကို ဖော်ထုတ်ပြီး (သို့) ရရှိပြီ ဖြစ်သည်။ ၎င်းမော်ဒယ်ကို သင့်တော်သော အခြေအနေများ၊ ဟန်ချက်ညီ ပုံစံများကို အသုံးပြုပြီး တွက်ချက်ထားသော ဒီဇိုင်းအား လုံခြုံစိတ်ချရမှု ရှိ/မရှိ ဆုံးဖြတ်နိုင်မည့် အခြေအနေများ၊ ဒီဇိုင်းအခြေခံ စံနှုန်းများ (Design criteria) နှင့် ကိုက်ညီသည်ထိ ရရှိအောင် ပြုလုပ်ရမည်ဖြစ်သည်။ ဥမင်တူးဖော်သည့် လုပ်ငန်းအဆင့် တစ်ခုချင်းစီအတွက်ဖြစ်စေ၊ ယာယီနှင့် အပြီးသတ် ဥမင်နံရံများအတွက် ဖြစ်စေ (သို့) မြေအခြေအနေ အမျိုးမျိုး (ဥပမာ တဆက်တည်း မဟုတ်သော ကျောက်လွှာများ၊ တသားတည်း ဖြစ်သော်လည်း ပျော့ပြောင်းသည့် မြေလွှာများ) အတွက် ဖြစ်စေ ခန့်မှန်း တွက်ချက်နိုင်ရန်အတွက် ပုံစံမတူကွဲပြားသော မော်ဒယ်များကို အသုံးပြုနိုင်သည်။ တွက်ချက်မှု ပြုလုပ်လိုသည့် ဒီဇိုင်းအရည်အသွေးပေါ် မူတည်၍ ဒီဇိုင်းပုံသဏ္ဍာန် အတိုင်းအတာများသည် ကြီးမားစွာ ကွာခြားနိုင်သည်။

(၅) ပျက်စီးမှု အယူအဆများမှ (failure hypothesis) ဖြစ်ပေါ်လာသော လုံခြုံမှုဆိုင်ရာ သဘောတရားများ (အယူအဆများ) သည် ဆွဲအား (strain)၊ ဖိအား (stress)၊ ပုံပျက်ယွင်းမှု (deformation) နှင့် ပျက်စီးနိုင်မှု ပုံစံများကဲ့သို့ နှိုင်းယှဉ်ရမည့် ဒီဇိုင်းအခြေခံ စံနှုန်းများပေါ်တွင် မှီငြမ်းနိုင်သည်။

ပုံ(၁) တွင်ပါရှိသည့် မိုင်းသတ္တုတွင်း လုပ်ငန်းများနှင့် အောက်ခံကျောက်လွှာ မာကျောသော (ကိုယ်တိုင် ပင့်ထောက်ထားနိုင်သော) နေရာများတွင် ဖောက်လုပ်မည့် ဒီဇိုင်းမော်ဒယ်များအတွက် အဆင့် (၄) နှင့် (၅) ကိုကျော်လွှားသွားနိုင်သည်။ ထိုကဲ့သို့ ဖြစ်ရပ်များတွင် ယခင်က ဖောက်လုပ်ခဲ့သည့် အတွေ့အကြုံများဖြင့်လည်း လုံလောက်နိုင်သည်။

စီမံကိန်း ကန်ထရိုက် ပြုလုပ်ချိန်တွင် ဥမင် ကန်ထရိုက်ဘက်မှ ဖြစ်စေ၊ လုပ်ငန်းအပ်နှံသူဘက်မှ ဖြစ်စေ စီမံကိန်း လုပ်ငန်း၌ အရဲစွန့်ရမည့် ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆန်းစစ်လေ့လာချက်များ ရရှိရန် လိုအပ်သည်။ ထိုစွန့်စားရမှုများတွင် ဥမင်ပင့်ထောက်မှု အပိုင်းနှင့် ဥမင်နံရံတို့၏ တည်ဆောက်ပုံအရ ဖြစ်နိုင်ဖွယ်ရာ ပျက်စီးယိုယွင်းမှုများ၊ လုပ်ငန်းများ ပြီးဆုံးပြီးနောက်မှ ဖြစ်ပေါ်လာတတ်သော ပျက်စီးမှုများနှင့် ဘဏ္ဍာရေးဆိုင်ရာ စွန့်စားရမှုများ ပါဝင်သည်။ ကန်ထရိုက် ကဏ္ဍများတွင် စွန့်စားရမှု မျှဝေခြင်းနှင့် စွန့်စားရမှုအပေါ် တာဝန်ယူမှုများလည်း ပါဝင်သည်။

လုပ်ငန်းခွင် စောင့်ကြပ်ကြည့်ရှုမှုကို ဥမင်တူးဖော်သည့် အချိန်မှသာ စတင်နိုင်မည် ဖြစ်သည်။ ဥမင်ကြောင့် အချိန်နှင့်အမျှ ဖြစ်ပေါ်နေသော မြေလွှာရွေ့လျားမှု ရပ်တန့်သွားပါက ထိုဖွဲ့စည်းတည်ဆောက်ပုံ (structure) သည် ယေဘူယျအားဖြင့် လုံခြုံမှု ရှိသည်ဟု ဆိုနိုင်သည်။ သို့သော် လုပ်ငန်းခွင် စောင့်ကြပ်ကြည့်ရှုမှုသည် လုံခြုံမှုဆိုင်ရာ ပြဿနာ တစိတ်တဒေသကိုသာ ဖြေရှင်းနိုင်ပြီး ဥမင်လုပ်ငန်းခွင်အတွင်း ကြုံတွေ့လာနိုင်သည့် ရုတ်တရက် ပြိုကျမှုများ၊ သမရိုးကျ မဟုတ်သော (Nonlinear) ပျက်ယွင်းမှု ပုံစံများအတွက် အာမခံနိုင်မည် မဟုတ်ပေ။ ဥမင် ဖောက်လုပ်နေစဉ်အတွင်း ကွင်းဆင်းတိုင်းတာမှုများနှင့် အတွေ့အကြုံများမှ ရရှိလာသော ရလဒ်များသည် ဥမင်အင်ဂျင်နီယာအား မူလဒီဇိုင်းမော်ဒယ်မှ လက်တွေ့ အခြေအနေများနှင့် ကိုက်ညီသော ဒီဇိုင်းပုံစံသို့ ပြောင်းလဲရန် တွန်းအားတစ်ခုဖြစ်လာနိုင်သည်။

ပတ်ဝန်းကျင် မြေသားထု၏ ခံနိုင်ဝန်အားများကို အသုံးပြုထားသော မြေထုအတွင်းရှိ structure တစ်ခု၏ ဒီဇိုင်းကို တွက်ချက်ရာတွင် တဆင့်ပြီး တဆင့် တွက်ချက်ခြင်း (step-by-step)၊ ထပ်ခါ ပြန်ကျော့ခြင်း (iterative) တို့ဖြင့် ချဉ်းကပ်ခြင်းသည် ဒီဇိုင်း၏ သွင်ပြင် လက္ခဏာတစ်ရပ် ဖြစ်သည်။ ဒီဇိုင်းပြုလုပ်သူ အနေဖြင့် ခန့်မှန်းထားသည့် ရိုးရှင်းသော မော်ဒယ်များကို အသုံးပြု၍ ဒီဇိုင်းကို စတင်ပြုလုပ်နိုင်သည်။ တူညီသော မြေအခြေအနေများရှိ ကနဦး တူးဖော်ခြင်းမျိုး များမှဖြစ်စေ၊ ရှေးဦး ဥမင်ငယ် (Pilot tunnel) တူးဖော်ခြင်းမျိုး များမှဖြစ်စေ ဥမင်တူးဖော်နေစဉ်အတွင်း ကြုံတွေ့လာရသည့် အတွေ့အကြုံများပေါ် မူတည်၍ ကိုက်ညှိမှုများသည် ဒီဇိုင်းအား တကယ့်လက်တွေ့ အနေအထားနှင့် နီးစပ်သမျှ နီးစပ်စေနိုင်သလို ထပ်မံမွမ်းမံမှုများလည်း ဖြစ်ပေါ်လာစေသည်။ ထို့အတူ လုပ်ငန်းခွင် တိုင်းတာမှုများမှလည်း အထက်ပါ ကိုက်ညှိမှုများ ပြုလုပ်သည့်အခါ ဒီဇိုင်းရေးဆွဲသူများအား ထောက်ပံပေးနိုင်သည်။

ပုံ(၁) တွင်ဖော်ပြပါရှိသော ဥမင်ဖွဲ့စည်း တည်ဆောက်ပုံဆိုင်ရာ ဒီဇိုင်း အဆင့်များကို တွက်ချက်ရာတွင် အပြန်အလှန် မှီတည်နေသော စုဖွဲ့မှုတစ်ခုအဖြစ် စဉ်းစားရန် လိုအပ်သည်။ တွက်ချက်မှု အဆင့်တစ်ခုရှိ မော်ဒယ်တစ်ခုအတွက် လိုအပ်သော တန်ဖိုးများ မပြည့်မစုံ ဖြစ်နေလျှင် သော်လည်းကောင်း၊ တိကျမှု မရှိလျှင် သော်လည်းကောင်း ဒီဇိုင်းတစ်ခုလုံးကို တိကျမှုကို ထိခိုက်နိုင်ပေသည်။ ထို့ကြောင့် ဒီဇိုင်းမော်ဒယ် အဆင့်အားလုံးအတွက် ရိုးရှင်းမှုနှင့် မွမ်းမံမှုတို့ကို တူညီသော အတိုင်းအတာဖြင့် တသမတ်တည်း ပြုလုပ်ရန် လိုအပ်ပေသည်။


၃။ မြေအခြေအနေများနှင့် ဥမင်တူးဖော်နည်းများကို အခြေခံသော ဒီဇိုင်း ချဉ်းကပ်နည်း အမျိုးမျိုး
ဥမင် ဖောက်လုပ်မှုကြောင့် ဖြစ်ပေါ်လာသည့် မြေသား၏ တုံ့ပြန်မှုများ အမျိုးမျိုး ရှိနိုင်သည်။ ဥမင်ဖောက်လုပ်ရာ မြေအမျိုးအစားများပေါ် မူတည်၍ ဥမင်တူးဖော်နည်းများကို အဓိကအားဖြင့် အမျိုးအစား ၄ မျိုးခွဲခြားနိုင်သည်။

(၁) တူး-ဖို့ ဖောက်လုပ်နည်းဖြင့် တူးဖော်သော ဥမင်လုပ်ငန်းအများစုတွင် မြေသားထုသည် အခြားသော မြေပေါ် အင်ဂျင်နီယာဆိုင်ရာ အဆောက်အအုံများမှာကဲ့သို့ပင် ဥမင်ဖွဲ့စည်းပုံ အစိတ်အပိုင်းများ (ဥမင်လိုင်နင် စသည်) အပေါ်သို့ passively dead load (မလှုပ်ရှားသော အမြဲတမ်းဝန်အား) အဖြစ် သက်ရောက်သည်။ အသေးစိတ် လေ့လာရန်- http://www.mymetroworld.org/2008/08/blog-post.html (တူး-ဖို့ ဖောက်လုပ်နည်း)

(၂) မြေပျော့သော နေရာများ၌ ဖောက်လုပ်သော ဥမင်များတွင်မူ တူးဖော်ပြီးသည်နှင့် တပြိုင်နက် တောင့်တင်းသော လိုင်နင် (lining) များဖြင့် ယာယီပင့်ထောက်မှုကို ပြုလုပ်ပေးရမည် ဖြစ်သည်။ (ဥပမာအနေဖြင့် ဥမင်တူးဖောက်စက် (TBM) အသုံးပြု တူးဖော်သော ဥမင်များတွင်မူ ဥမင်နံရံ လိုင်နင်ကွင်း (Lining ring) များသည် ပင့်ထောက်မှု တာဝန်ကိုယူပြီး ဖိအားသုံး ရွှံ့စေးရည် (pressurized slurry) ကို ဥမင်မျက်နှာပြင် တည်ငြိမ်မှုအတွက် အသုံးပြုသည်။ ဥမင်နံရံများမှ ဥမင်အတွင်းသို့ မဟုတ်ဘဲ ဥမင်အပြင်ဘက်သို့ ခုံးကြွသည့် ပုံပျက်ယွင်းသည့် အခြေအနေမျိုးတွင်မူ မြေသားသည် တိုက်ရိုက်ဝန်အားအဖြစ် သက်ရောက်သည်။

(၃) အလယ်အလတ်အဆင့် မာကြောမှုရှိသော ကျောက်သားနှင့် စေးကပ်မှု (Cohesion) ပိုများသော မြေအမျိုးအစားများတွင် မြေသားကြံ့ခိုင်မှု အားကောင်းပြီး ဥမင်တူးဖော်ရာ မျက်နှာပြင်ကို တည်ငြိမ်မှု ရရှိစေနိုင်သည်။ ဤနေရာမျိုးတွင် ဥမင် ပင့်ထောက်မှု အစိတ်အပိုင်းများနှင့် ဥမင်လိုင်နင် (lining) မတပ်ဆင်မီ (၎င်းတို့၏ လုပ်ငန်းများကို မထမ်းဆောင်မီ) အချိန်တွင် တူးဖော်ထားသော ဥမင်အနားပတ်လည်တွင် အတိုင်းအတာ တစ်ခုထိ ဖိအားပျံ့နှံ့မှု ဖြစ်ပေါ်နေတတ်သည်။ သို့ဖြစ်ရာ ထိုကဲ့သို့ အခြေအနေမျိုးတွင် မူလမြေထု ဖိအား အနည်းငယ်မျှသာ ဥမင်လိုင်နင်ပေါ်သို့ သက်ရောက်နိုင်ပေသည်။

(၄) မာကြောမှုအဆင့် မြင့်မားသော ကျောက်လွှာများတွင် ဖောက်လုပ်သော ဥမင်လုပ်ငန်းများတွင် မြေသားသည် ဥမင်ဖောက်လုပ်ရာ ပတ်ဝန်းကျင်၏ တည်ငြိမ်မှုကို မူလအနေအထားအတိုင်း ထိန်းထားနိုင်သည် ဖြစ်ရာ ထိုကဲ့သို့သော အခြေအနေမျိုးတွင် တူးဖော်ပြီး ဥမင်နံရံမျက်နှာပြင်ကို ကာကွယ်ရန်အတွက် လိုင်နင် (Lining) ခပ်ပါးပါးသာ လိုအပ်မည် ဖြစ်သည်။ ထိုအခါမျိုးတွင် လုံခြုံမှုဆိုင်ရာ အချက်များကို ထည့်သွင်းနိုင်ရန်နှင့် ပုံပျက်ယွင်းများကို ခန့်မှန်းတွက်ချက်နိုင်ရန် ဥမင်ပတ်လည်ရှိ ကျောက်သား အနေအထားကို ဒီဇိုင်းမော်ဒယ်တွင် ထည့်သွင်း စဉ်းစားရမည် ဖြစ်သည်။

အထူးသဖြင့် ဥမင်လမ်းကြောင်း တလျှောက်ရှိ မြေအခြေအနေ အမျိုးမျိုးတွင် မြေသားကြံ့ခိုင်စေရန်အတွက် ဘိလပ်မြေ မှုတ်သွင်းခြင်း (injection)၊ သပ်တံ ထည့်သွင်းခြင်း (anchoring)၊ မြေသားတွင်းမှ ရေထုတ်ခြင်း (Draining)၊ ရေခဲစေခြင်း (freezing) စသည့် နည်းလမ်းများကို အသုံးပြု၍ လုပ်ဆောင်နိုင်သည်။ ထိုကဲ့သို့ လုပ်ဆောင်ခြင်းများကို ဥမင်တူးဖော်နည်း အမျိုးအစား (၂)တွင် လုပ်ဆောင်နိုင်သလို၊ အမျိုးအစား (၃) တွင်လည်း ယာယီ ပင့်ထောက်မှု အနေဖြင့် အသုံးပြုနိုင်သည်။ အသေးစိတ် လေ့လာရန် http://www.mymetroworld.org/2008/08/initial-ground-support.html (Initial ground support)
ပုံ(၂)၊ ဥမင်တူးဖော်ရာ လိုင်းတလျှောက်ရှိ ဥမင်အမိုးခုံးတွင် ဖြစ်ပေါ်သော အရွေ့ displacement (w) ပြပုံ။

ဥမင်တူးဖော်မှုကြောင့် ဥမင်တူးရာ မျက်နှာပြင်တွင် ဖြစ်ပေါ်လာသော ဖိအားပျံ့နှံ့မှု ပုံသဏ္ဍာန်များကို ပုံ(၂) နှင့် ပုံ(၃) တို့တွင် ဖော်ပြထားသည်။ ဥမင်တူးဖော်ရာ လိုင်းတလျှောက်ရှိ ဥမင်အမိုးခုံးတွင် ဖြစ်ပေါ်သော အရွေ့မှာ (w) displacement ဖြစ်ပြီး လိုင်နင် (lining) မပါရှိသော ဥမင်များတွင် အရွေ့အချိုး w/w0 မှာ ၁ ဖြစ်သည်။ အလယ်အလတ် မာကြောမှု အဆင့်ရှိသော မြေအမျိုးအစားများတွင်မူ ပုံပျက်ယွင်းမှု၏ ၈၀% မှာ အပြီးသတ် လိုင်နင် (lining) မတပ်ဆင်မီ ဖြစ်ပေါ်ခြင်းဖြစ်သည်။ (ဤနေရာတွင် Shotcrete lining) အမျိုးအစားဖြစ်သည်။

ဖိအားပျံ့နှံ့မှု မရှိသော ရိုးရှင်းသည့် ပြင်ညီမော်ဒယ် တစ်ခုအတွက် လိုင်နင်ပါရှိသော ဥမင်ပေါ်သို့ မူလ ဖိအားများ (Primary stress) အပြည့်အဝ သက်ရောက်နေသည်ဟု ယူဆထားသော အခြေအနေမျိုးတွင် ဖြစ်ပေါ်သော အရွေ့အချိုးမှာ (w/w0) မှာ လိုင်နင်မပါရှိသော ဥမင်များထက် ၀.၄ သာရှိသည်ကို တွေ့ရသည်။ ဖိအားပျံ့နှံ့မှု နှိုင်းယှဉ်ချက်များကို ပုံ(၃)တွင် ဖော်ပြထားပါသည်။ လေ့လာမှုအရ ပကတိ လက်တွေ့အခြေအနေမျိုး မဟုတ်သော်လည်း မူလဖိအားများ ဥမင်လိုင်နင်နှင့် တူးဖော်ပြီး လိုင်နင် မတပ်ဆင်ရသေးသည့် အပိုင်းပေါ်သို့ အား အပြည့်အဝ သက်ရောက်သည့်အခါ ထိုဖိအားများ၏ ၅၅ ရာခိုင်နှုန်းကို လိုင်နင်မှထမ်းဆောင်ပြီး၊ ဥမင်လိုင်နင်၏ တောင့်တင်းမှုအား EA = 2250 MN/m တွင် ဖိအား၏ ၃၈ ရာခိုင်နှုန်းသာ ခံယူသည်ကို တွေ့ရသည်။ ထို့အတူ တူးဖော်ပြီး လိုင်နင် မတပ်ဆင်ရသေးသော 0.25D (ဥမင်အချင်း၏ ၀.၂၅ ဆ အကွာအဝေး) အနေအထားတွင် လိုင်နင်ဖိအား၏ ၂၅ ရာခိုင်နှုန်းကို ထမ်းဆောင်ပြီး Lu = 0.5D အကွာအဝေးတွင် ဖိအား၏ ၁၂ ရာခိုင်နှုန်းသာ လက်ခံသည်ကို တွေ့ရသည်။
ပုံ(၃)၊ ဥမင်တူးဖော်မှုကြောင့် ဥမင်တူးရာ မျက်နှာပြင်တွင် ဖြစ်ပေါ်လာသော ဖိအားပျံ့နှံ့မှုနှိုင်းယှဉ်ချက်။

ယာယီပင့်ထောက်မှု အမြန်ဆုံး တပ်ဆင်ရန် လိုအပ်သည့် ပျော့ပြောင်းသော မြေအမျိုးအစားများတွင် ဖောက်လုပ်သည့် ဥမင်များ (ထို့အတူ မြေအနက်တိမ်သော ဥမင်များ)တွင်မူ မူလဖိအားများ၏ ၁၀၀ ရာခိုင်နှုန်းနီးပါး ဥမင်လိုင်နင်ပေါ်သို့ သက်ရောက်ပါသည်။ ဥမင်လိုင်နင်များ၏ ခံနိုင်ရည်များ မတူညီလျှင်ဖြစ်စေ၊ ဖိအား ဖြန့်ခွဲသက်ရောက်ပုံများ ကွဲပြားလျှင်ဖြစ်စေ၊ အခြားသော ဥမင်ဖြတ်ပိုင်းပုံများနှင့် ဥမင်တူးဖော် နည်းစနစ်များ အသုံးပြုလျှင်ဖြစ်စေ အထက်တွင် ဖော်ပြခဲ့သော တန်ဖိုးများမှာ ပြောင်းလဲနိုင်ပါသည်။


၎။ ကွင်းဆင်းလေ့လာခြင်း၊ တည်ဆောက်ပုံဆိုင်ရာ တွက်ချက်ခြင်းနှင့် လုပ်ငန်းခွင် စောင့်ကြပ်ကြည့်ရှုခြင်း
လုံလောက်သော အတိုင်းအတာတစ်ခုထိ လုပ်ငန်းခွင် ကွင်းဆင်းလေ့လာမှု ပြုလုပ်ရမည်ဖြစ်ပြီး ထိုလေ့လာမှုများမှ ဘူမိဗေဒနှင့် ဇလဗေဒဆိုင်ရာ မြေပုံများ၊ မြေသားထု ပုံသဏ္ဍာန်များကို ဖော်ထုတ်နိုင်မည် ဖြစ်ရာ ၎င်းတို့သည် သင့်တော်သော ဥမင်ဒီဇိုင်းနှင့် တူးဖော်ရေး နည်းလမ်းတို့ကို ရွေးချယ်ရာတွင် အရေးပါဆုံးသော ရင်းမြစ်များဖြစ်သည်။ ကောင်းစွာ ဆန်းစစ်လေ့လာထားသော ဘူမိဗေဒဆိုင်ရာ အစီရင်ခံစာ တစ်စောင်သည် ဥမင်လမ်းကြောင်း တလျှောက်နှင့် ၎င်း၏ ပတ်ဝန်းကျင် မြေသားတို့၏ ရူပဗေဒ လက္ခဏာရပ်များနှင့် ပတ်သက်၍ ရနိုင်သမျှသော အချက်အလက်ဒေတာများ ကြွယ်ဝစွာ ပါဝင်သော အစီရင်ခံစာ ဖြစ်သင့်သည်။ ထိုအချက်အလက်များသည် တည်ဆောက်ပုံဆိုင်ရာ တွက်ချက်မှု ပြုလုပ်ရန် လိုအပ်သော အချက်အလက် ဒေတာ ပမာဏထက် ပို၍ များနိုင်သမျှ များရမည် ဖြစ်သည်။

တွက်ချက်ခြင်းမှ ရရှိလာသော အဖြေများသည် ယူဆထားသော မော်ဒယ်ပုံစံနှင့် အရေးပါသော အတိုင်းအတာ တန်ဖိုးများပေါ်တွင် များစွာ မူတည်သည်။ တည်ဆောက်ပုံဆိုင်ရာ တွက်ချက်ခြင်း၏ အဓိက ရည်ရွယ်ချက်များမှာ ဒီဇိုင်အင်ဂျင်နီယာအား (၁) ဥမင်ဖောက်လုပ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဥမင်နှင့် မြေသားထုတို့၏ အပြန်အလှန် ဆက်နွှယ်မှုကို ကောင်းစွာနားလည် သဘောပေါက်စေရန်၊ (၂) မည်သည့် ဘေးအန္တရာယ် အမျိုးအစားများ ပါဝင်၍ ၎င်းတို့ မည်သည့် နေရာတွင် တည်ရှိသည်ကို သိရှိစေရန်၊ (၃) ကွင်းဆင်းလေ့လာခြင်းများ (investigations) နှင့် လုပ်ငန်းခွင် တိုင်းတာရေးလုပ်ငန်းများကို ရှင်းလင်းဖော်ပြရာတွင် ကိရိယာ တစ်ခုအဖြစ် အသုံးပြုနိုင်စေရန် ဖြစ်သည်။

မော်ဒယ်တစ်ခုကို တွက်ချက်ရာတွင်လည်း ၎င်းတည်ဆောက်ပုံဆိုင်ရာ မော်ဒယ်၏ ဂုဏ်သတ္တိများကို ပြင်ဆင်ခြင်းထက် အသုံးပြု တွက်ချက်နိုင်သော သင်္ချာနည်းလမ်းများကို ပြင်ဆင်မွမ်းမံရသည်က ပို၍ များပြားသည်။ သို့ဖြစ်ရာ ဒီဇိုင်းလုပ်ငန်းများတွင် မော်ဒယ်၏ တခြားပြောင်းလဲ၍ရသော ဖြစ်နိုင်ဖွယ်ရာ ဂုဏ်သတ္တိများကို ဆန်းစစ်လေ့လာခြင်း သို့မဟုတ်၊ အခြားသော မော်ဒယ်ပုံစံများ အသုံးပြုခြင်းတို့ကသာ ပို၍ သင့်လျော်ပေသည်။ အများစုသော ဒီဇိုင်းလုပ်ငန်းများတွင် အသုံးပြုထားသည့် တည်ဆောက်ပုံ မော်ဒယ်နှင့် ဒီဇိုင်းတွက်ချက်ရန် ရွေးချယ်ထားသော အတိုင်းအတာ တန်ဖိုးများမှာ သတ်မှတ် ကန့်သတ်ချက်များထက် နည်းပါးနေသည့် အခါမျိုး၌ ၎င်းတို့သည် မသင့်လျော်သော ယူဆချက်များအဖြစ် ဖန်လာသည့်တိုင် ဥမင် တူးဖော်သည့် လုပ်ငန်းတွင်လည်းကောင်း၊ ဥမင်ပြီးစီးသည့်အခါတွင် လည်းကောင်း လုံလောက်သော လုံခြုံမှုရှိနေပါက အဆိုပါ ဒီဇိုင်းသည် လက်ခံနိုင်ဖွယ်ရာပင် ဖြစ်သည်။ ယေဘူယျအားဖြင့် တည်ဆောက်ပုံဆိုင်ရာ မော်ဒယ်ဒီဇိုင်းများသည် ဥမင်အတွင်း ဖြစ်ပေါ်နေသော လက်ရှိ အခြေအနေအားလုံးကို ခြုံငုံမိသော်လည်း ၎င်းတို့ကို တိကျစွာ ရှင်းလင်းရန် မကြိုးစားပေ။

လုပ်ငန်းခွင် စောင့်ကြပ်ကြည့်ရှုခြင်းသည် ဒီဇိုင်းတွက်ချက်ခြင်း လုပ်ငန်းစဉ်တွင် သီးခြားခွဲထုတ်၍ မရသော အစိတ်အပိုင်း တစ်ရပ်သဖွယ် ပါရှိသင့်သည်။ အထူးသဖြင့် ဥမင်၏ တည်ငြိမ်မှု (stability) သည် မြေသား၏ ဂုဏ်သတ္တိများပေါ်တွင် အဓိကမူတည်နေသော အခြေအနေများတွင် လုပ်ငန်းခွင် စောင့်ကြပ်ကြည့်ရှုခြင်းသည် အရေးကြီးသော လုပ်ငန်းတစ်ရပ်ဖြစ်သည်။ အဆိုပါလုပ်ငန်းစဉ်တွင် ပုံပျက်ယွင်းမှု (deformation) များနှင့် အရွေ့ (displacement)များကို ဖိအား (stress) များထက်စာလျှင် ပို၍တိကျစွာ တိုင်းတာရယူနိုင်သည်။ ပုံပျက်ယွင်းမှုများ၏ ပုံသဏ္ဍာန် (Geometry) နှင့် အချိန်နှင့်အမျှ ဖြစ်ပေါ်နေသော ၎င်းတို့၏ ပြောင်းလဲမှုများသည် ဥမင်တူး လုပ်ငန်းခွင်ရှိ တကယ့်ဖြစ်စဉ်များကို ရှင်းလင်းဖော်ပြရာတွင် အရေးပါဆုံးသော အချက်များ ဖြစ်သည်။

သို့သော် လုပ်ငန်းခွင် စောင့်ကြပ်ကြည့်ရှုနိုင်မှုကို သက်ဆိုင်ရာ နေရာတစ်ခုချင်း အတွက်သာ ပြုလုပ်နိုင်ပြီး ဥမင်အတွင်း ဖြစ်ပေါ်နေသော တကယ့်လက်ရှိ အခြေအနေကိုသာ ဖော်ထုတ်နိုင်လေသည်။ ထို့ကြောင့် ဒီဇိုင်း တွက်ချက်မှုများတွင် ထည့်သွင်းစဉ်းစားထားသော အခြေအနေများသည် လုပ်ငန်းစောင့်ကြပ် ကြည့်ရှုမှုမှ ရရှိလာသော အခြေအနေများနှင့် ယေဘူယျအားဖြင့် ကိုက်ညီမှုမရှိခြင်း ဖြစ်သည်။ တိုင်းတာရရှိလာသော ရလဒ်များအား နှိုင်းယှဉ်ခြင်းနှင့် ဖြစ်လာနိုင်သော ပျက်စီးနိုင်မှု ပုံစံများကို ခန့်မှန်းတွက်ချက်ခြင်းများမှ လိုအပ်သည့် လုံခြုံမှုမျဉ်းများ (safety margins) အတွက် ထည့်သွင်း စဉ်းစားရမည့် အချက်များကို ရရှိနိုင်ပေသည်။

အချို့သော အခြေအနေများတွင် ဥမင်စမ်းသပ် တူးဖော်ခြင်း နည်းလမ်းများသည်လည်း ထိရောက်မှုရှိသော နည်းလမ်းများ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဒီဇိုင်းတွင် ရည်ရွယ်ထားသော တူးဖော်ရေး နည်းလမ်းများ၊ ဥမင် ပင့်ထောက်မှုစနစ်နှင့် TBM တူးဖော်မှု အစရှိသည့် နည်းလမ်းများဖြင့် လုပ်ကိုင်ရာတွင် မြေသားထုအတွင်း မည်သို့ တုံ့ပြန်မှုများ ဖြစ်ပေါ်သည်ကို မျက်မြင် သိရှိလေ့လာနိုင်သောကြောင့် ဖြစ်သည်။ သို့ဖြစ်ရာ အရေးကြီးသော ဥမင်လုပ်ငန်းများတွင် တူးဖော်မည့် ဥမင်လိုင်းတလျှောက် ရှေးဦး ဥမင်ငယ် (Pilot tunnel) များ တူးဖော်ပြီး ၎င်းမှတဆင့် မူလလျာထားသည့် ဥမင်ဖြတ်ပိုင်းပုံစံထိရအောင် တူးဖော်ယူကြသည်။ အရွယ်အစား ကြီးမားသော ဥမင်လုပ်ငန်းများတွင်လည်း လုပ်ငန်းများ မစတင်မီ ထိုကဲ့သို့ စမ်းသပ်ဥမင်ငယ်များ တူးဖော်ပြီး လုပ်ကိုင်ခြင်းသည် များစွာအသုံးဝင်သော နည်းလမ်းတစ်ရပ် ဖြစ်သည်ကို တွေ့ရသည်။ ဥမင် စမ်းသပ်တူးဖော်ခြင်း လုပ်ငန်းများတွင် ပို၍ ထိရောက်သေချာသော လုပ်ငန်းခွင် စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ဥမင်ဒီဇိုင်းကို ချဉ်းကပ်ရာတွင် တွက်ချက်ဆန်းစစ်ခြင်း နည်းလမ်း (Numerical analysis) ကို အသုံးပြုသင့်သည်။


၅။ ဒီဇိုင်းအခြေခံ စံနှုန်းများနှင့် တည်ဆောက်ပုံဆိုင်ရာ လုံခြုံစိတ်ချရမှု တွက်ချက်ခြင်း
မြေအောက် အဆောက်အအုံတစ်ခု၏ ဝန်ဆောင်နိုင်မှု (ဝါ) အသုံးဝင်မှု ဆုံးရှုံးပျက်စီးခြင်း သို့မဟုတ်၊ တည်ဆောက်ပုံဆိုင်ရာ လုံခြုံစိတ်ချရမှု မရှိခြင်းတို့သည် အောက်ပါ အကြောင်းများကြောင့် ဖြစ်နိုင်သည်-
  • ရေလုံမှု မရှိခြင်း၊
  • ပုံပျက်ယွင်းမှု (deformations) များမှာ လက်မခံနိုင်ဖွယ်ရာ များပြားခြင်း၊
  • ဥမင်သည် ၎င်း၏ ဒီဇိုင်းလျာထား သက်တမ်းနှင့် အသုံးပြုနိုင်မှု ကာလပြည့်သည်အထိ ကြာရှည်မခံခြင်း၊
  • တည်ဆောက်ပုံဆိုင်ရာ အစိတ်အပိုင်းများတွင် အသုံးပြုထားသော ကုန်ကြမ်းပစ္စည်းများ၏ ခံနိုင်အား ကုန်ဆုံးသွားခြင်း (သို့) ပြုပြင် အစားထိုးရန် လိုအပ်ခြင်း၊
  • ပင့်ထောက်မှု စနစ်( ဥပမာ ဥမင်လိုင်နင် ဘလောက်များ တပ်ဆင်ခြင်း) မှားယွင်းခြင်း၊ ပျက်စီးမှုများ ဖြစ်ပေါ်ခြင်း၊
  • ပုံပျက်ယွင်းမှု ဆက်လက် မဖြစ်ပေါ်အောင် ထိန်းထားနိုင်သော်လည်း ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်သော ကုန်ကြမ်းပစ္စည်းများ၏ ခံနိုင်ဝန်အား စနစ် ကုန်ဆုံးခြင်း၊
  • တည်ငြိမ်မှု မရှိခြင်းကြောင့် ဥမင်ရုတ်တရက် ပြိုကျခြင်း စသည်တို့ ဖြစ်သည်။
လုံခြုံစိတ်ချရသော ဥမင်ဒီဇိုင်းဖြစ်ရန်အတွက် တည်ဆောက်ပုံဆိုင်ရာ ဒီဇိုင်းမော်ဒယ်သည် ပျက်စီးနိုင်မှု အခြေခံစံနှုန်းများကို လိုက်နာရမည် ဖြစ်သည်။ ၎င်းအခြေခံ စံနှုန်းများမှာ-
  • ဖိအားနှင့် ပုံပျက်ယွင်းမှုများ၊
  • ဖိအားများနှင့် ပျော့ပြောင်းမှု အသုံးချခြင်း (utilizing of plasticity)၊
  • လိုင်နင် ဖြတ်ပိုင်းပုံ ပျက်စီးမှု၊
  • မြေသားနှင့် ကျောက်သားတို့၏ ခံနိုင်ဝန်အား ပျက်စီးမှု၊
  • ပျက်စီးနိုင်မှု ပုံစံများ တွက်ချက်ခြင်း စသည်တို့ ဖြစ်သည်။
အခြေခံသဘောအရ အထက်ပါ ပျက်စီးနိုင်မှု အခြေအနေများအလိုက် လုံခြုံမှုမျဉ်းများကို အမျိုးမျိုး ရွေးချယ်ယူနိုင်သည်။ သို့သော် လက်တွေ့တွင် အမှန်တကယ်ရှိသော လုံခြုံမှုမျဉ်းကို တွက်ချက်ခြင်းသည် အခက်ခဲဆုံးဖြစ်ပြီး မြေသားနှင့် အဆောက်အအုံတို့တွင် ပါဝင်သော ဂုဏ်သတ္တိများ ပျက်ပြားခြင်းနှင့် ထိုဂုဏ်သတ္တိများ၏ အင်္ဂါရပ်များ အချင်းချင်း သက်ရောက်မှုတို့ကြောင့် ဖြစ်ပေါ်လာသော ထိခိုက်မှုများမှလည်း အများဆုံး ရိုက်ခတ်မှု ရှိသည်။ ထို့ကြောင့် တွက်ချက်မှုတိုင်း၏ အဖြေများသည် တကယ့်လက်ရှိ အခြေအနေများ၏ ဆက်နွှယ်မှုအပေါ် အလေးအနက် နှိုင်းယှဉ်သုံးသပ်ချက်များနှင့် ကိုက်ညီရမည် ဖြစ်သည်။

နိုင်ငံအလိုက် သတ်မှတ် ထုတ်ပြန်ထားသော ကွန်ကရစ်နှင့် သံမဏိ အဆောက်အအုံများဆိုင်ရာ စံချိန်၊ စံညွှန်းများသည် ဥမင် ဒီဇိုင်းနှင့် ပင့်ထောက်မှုဆိုင်ရာ အစိတ်အပိုင်းများ တွက်ချက်ရာတွင် အမြဲတစေ သင့်တော်နေမည် မဟုတ်ပေ။ လုံခြုံမှုဆိုင်ရာ တွက်ချက်ခြင်းများကို ဆောင်ရွက်ရာတွင် အဘက်ဘက်မှ ထည့်သွင်းစဉ်းစားရမည့် လုံခြုံမှုဆိုင်ရာ အချက်များ၊ ဘေးအန္တရာယ်နှင့် စွန့်စားရမှုဆိုင်ရာ ဆန်းစစ်လေ့လာချက်များဖြင့် အမြဲပြုလုပ်ရမည် ဖြစ်သည်။ အရေးပါသော အင်ဂျင်နီယာဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အောက်ပါ စွန့်စားမှုဆိုင်ရာ ဆန်းစစ်လေ့လာချက်များ ပါဝင်ရမည် ဖြစ်သည်-
  • မြေသား၏ စရိုက်လက္ခဏာများကို ထည့်သွင်းစဉ်းစားရာတွင် ၎င်းတို့၏ ပျမ်းမျှတန်းဖိုးများမှ ဖြစ်နိုင်ဖွယ် သွေဖည်မှု၊ ပြောင်းလဲနိုင်မှုများကိုပါ စဉ်းစားသင့်သည်။
  • ဥမင်ဒီဇိုင်းမော်ဒယ်နှင့် ၎င်း၏ အတိုင်းအတာ တန်ဖိုးများကို ရွေးချယ်ရာတွင် ကျွမ်းကျင်သူ ပညာရှင်များ ပါဝင်သော ဒီဇိုင်းလုပ်ငန်းအဖွဲ့၏ ညှိနှိုင်းဆုံးဖြတ်မှုဖြင့် ပြုလုပ်သင့်သည်။
  • အတိုင်းအတာများ ပြောင်းလဲမှုရှိနေသော အချို့သော တွက်ချက်မှုများတွင် အဖြေများ များပြားဖောင်းပွနေမှုများ ဖြစ်ပေါ်နိုင်သည်။ သို့သော် ယေဘူယျအားဖြင့် ထိုကဲ့သို့ တွက်ချက်မှုများသည် ကွင်းဆင်းလေ့လာမှုတစ်ခု ပြန်လုပ်ခြင်းထက် ပိုမိုတိကျသော အဖြေများကို ရရှိနိုင်သည်။
  • လုပ်ငန်းခွင် တိုင်းတာမှုများကို အဆင့်ဆင့်သော ဒီဇိုင်းမော်ဒယ် ပြင်ဆင်ကိုက်ညှိမှုများတွင် အသုံးပြုသင့်သည်။
  • နောင်တွင် ဖြစ်ပေါ်လာနိုင်သည့် ရုတ်တရက် ပြိုကျနိုင်ခြေများကို မခန့်မှန်းနိုင်သော်လည်း ရရှိသမျှသော အချက်အလက်များပေါ် အခြေတည်၍ တွက်ချက်ခန့်မှန်းထားသော ရေရှည် ပုံပျက်ယွင်းမှု တိုင်းတာခြင်းများသည် နောက်ဆုံးရရှိမည့် တည်ငြိမ်မှု အတိုင်းအတာတစ်ခုကို ကောင်းစွာ ပုံဖော်ပြနိုင်ပေသည်။
ဆက်လက်ဖော်ပြပါမည်။
မူရင်းစာတမ်း
Guidelines for the Design of Tunnels
(ITA Working Group on General Approaches to the Design of Tunnels)

Related Posts
1. Initial Ground Support
2. Pilot Tunneling Method
3. Pilot Tunnel
4. Lining Segments for Tunnel Construction with TBM

1 comment: