13 July 2009

ဆောက်လက်စ ဒေလီမီထရို တံတားကျိုးကျ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်တွင် တည်ဆောက်နေသော မီထရိုစီမံကိန်း၏ ဆောက်လက်စ တံတားခန်းဖွင့်တစ်ခု တနင်္ဂနွေနေ့ (၁၂ ရက်နေ့)က ကျိုးကျခဲ့ရာ လူ ၅ ဦးသေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
ဒဏ်ရာရသူများအနက် ၂ ဦးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေတွင် ရှိကြောင်း ဒေလီမီထရို ရထားကော်ပိုရေးရှင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ဒေလီ မီထရို ရထားလမ်း ကွန်ယက်ကို အကောင်အထည် ဖော်နေသည်မှာ ၆ နှစ်ရှိပြီ ဖြစ်သည်။
အဆိုပါ မတော်တဆမှုမှာ တနင်္ဂနွေနေ့ အစောပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူများအနက် သုံးဦးမှာ နေရာတွင် သေဆုံးသွားကာ ၂ ဦးမှာ ဆေးရုံရောက်မှ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ တံတားပြိုကျချိန်တွင် အဆိုပါ အလုပ်သမားများမှာ တံတားပေါ်သို့ လေးလံသည့် ကွန်ကရစ် ကြမ်းခင်းပြားများ တင်နေချိန်ဖြစ်သည်။ ဓာတ်ပုံများအရ ကွန်ကရစ်ယက်မကြီး တဖက်မှာ တံတားတိုင်ပေါ်တွင် တင်ကျန်နေပြီး အခြားတစ်ဖက်မှာ အောက်သို့ ပြုတ်ကျသွားခြင်း ဖြစ်သည်။ ထိုကွန်ကရစ်ယက်မကြီး၏ အောက်တွင်ရှိနေသော သံမဏိယက်မလည်း ကျိုးသွားသည်။

နယူးဒေလီ မီထရိုသည် အိန္ဒိယနိုင်ငံ၏ တတိယမြောက် မြို့ပြသယ်ယူပို့ဆောင်ရေး ကွန်ယက်တစ်ခု ဖြစ်သည်။ လူဦးရေ ၁၄ သန်းကျော်နေထိုင်ပြီး ၃.၂ သန်းခန့်သော ယာဉ်မျိုးစုံတို့ဖြင့် နေ့စဉ် ရှုပ်ထွေးကာ ပရမ်းပတာဖြစ်နေသည့် ယာဉ်ကြောများရှိရာ နယူးဒေလီမြို့အတွက် ဂုဏ်ယူဖွယ်ရာ မီထရိုကွန်ယက်လည်း ဖြစ်သည်။ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အလားတူ မတော်တဆမှုမျိုး ဖြစ်ပွားခဲ့ဖူးရာ လူ ၂ ဦးသေဆုံးပြီး အနည်းဆုံး ၁၁ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

ယခုဆောက်လုပ်နေသော မီထရိုကွန်ယက်စနစ်တွင် ရထားလိုင်း ၃ လိုင်းပါဝင်ကာ စုစုပေါင်း လမ်းအရှည် ၄၅ မိုင် (၇၅ ကီလိုမီတာ) ထိ ဖောက်လုပ်ပြီးစီးနေပြီ ဖြစ်သည်။ ၂၀၁၀ ခုနှစ် အောက်တိုဘာလတွင် ကျင်းပမည့် ဓနသဟာယနိုင်ငံများ အားကစားပြိုင်ပွဲမတိုင်ခင် ရထားလိုင်းများကို မိုင် ၆၀ (၁၀၀ ကီလိုမီတာ) အထိ ဖောက်လုပ်ပြီးစီးနိုင်ရန် အာဏာပိုင်များက ဖိအားပေးလျက်ရှိသည်။လူထုအသံ အွန်လိုင်းဂျာနယ်တွင် ဖော်ပြပြီး

2 comments:

  1. အစ်ကို friction angle နဲ့ cohesion တွေက soil and rock strength မှာ ဘယ်လို သက်ရောက်မှုရှိလဲ သိရင်ပြောပြပေးပါ ခင်ဗျာ။ ဥပမာ friction angle များရင် ဘာဖြစ်လဲ နည်းရင်ဘာဖြစ်လဲ ပေါ့ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  2. မြန်မာအင်/ယာ ဖိုရမ်ထဲမှာ ဆွေးနွေးထားတာ ရှိပါတယ်။ သွားဖတ်ကြည့်လိုက်နော်...။

    http://www.myanmarengineer.org/forum/index.php/topic,4404.0.html

    ReplyDelete