06 March 2011

Longest rail-tunnels in South-East Asia

အရှေ့တောင်အာရှတွင် အရှည်ဆုံးဖြစ်လာမည့် ဒေသအခေါ် ဘီရာပစ် (Berapit) အမွှာရထားလမ်းဥမင်များကို မလေးရှားကျွန်းဆွယ် မြောက်ပိုင်းတွင် ဖောက်လုပ်ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ၂.၂ ကီလိုမီတာစီ ရှည်လျားသည့် အဆိုပါဥမင်များကို သမားရိုးကျတူးဖော်နည်း ဖြစ်သည့် Drilling and blasting method ကို အသုံးပြုကာ Sandvik DT820-SC ဥမင်တူး jumbos များဖြင့် တူးဖော်ခဲ့ခြင်း ဖြစ်သည်။

အမွှာဥမင်များမှ လက်ဝဲဘက် ဥမင်တူးဖော်ရေးလုပ်ငန်းများကို ၂၀၁၀ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ပြီးစီးခဲ့ပြီး လက်ယာဘက်ဥမင်ကို တစ်လတိတိအကြာ နိုဝင်ဘာ ၁ ရက်နေ့တွင် တူးဖော်ပြီးစီးခဲ့ခြင်း ဖြစ်ပြီး သတ်မှတ်ချိန်ထက် ၅၅ ရက် စောကာ ဖောက်လုပ်ပြီးစီးခဲ့ခြင်းလည်း ဖြစ်သည်။ ဥမင်များမှာ မလေးရှားနိုင်ငံ Ipoh-Padang Besar လျှပ်စစ်ရထားလမ်း စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ထိုစီမံကိန်းကို ၂၀၁၁ ခုနှစ်ကုန်ပိုင်းတွင် ပြီးစီးရန် လျာထားသည်။ အဆိုပါ စီမံကိန်းတွင် ရထားလမ်းဂုံးကျော် ၆၅ ခု၊ ကားလမ်းတံတား ၈ စင်း၊ မြစ်ကူးတံတား ၇၅ စင်းနှင့် မော်တော်ဆိုင်ကယ်နှင့် လူကူးတံတား ၄၃ စင်းလည်း ပါဝင်သည်။

ဥမင်များကို တူးဖော်ရာတွင် အသုံးပြုခဲ့သော Sandvik DT820-SC jumbo တူးဖော်ရေးစက်များတွင် ဟိုက်ဒရောလစ် လက်တံ ၂ ခုပါဝင်ပြီး စက်မောင်းနှင်ခန်းနှင့် လွန်သွားတည်နေရာနှင့် လမ်းကြောင်းကို ထိန်းကြောင်းပေးနိုင်သည့် TCAD instrumentation များအသုံးပြုထားသည်ဟု သိရသည်။ ဥမင်များ၏ ဝင်ပေါက်များမှာ ပင်လယ်ရေမျက်နှာပြင်အထက် ၆၅ မီတာတွင်တည်ရှိပြီး ဥမင်များ၏ လျှောစောက် (gradient) မှာ ၂၅ မီတာရှိသည်။ အမြင့် ၈ မီတာ၊ အကျယ် ၇ မီတာနှင့် မျက်နှာဝဧရိယာ ၅၀ မှ ၆၀ စတုရန်းမီတာရှိသော ဥမင်နှစ်ခု၏ စုစုပေါင်းအရှည်မှာ ၄၄၈၂ မီတာ ရှည်လျားသည်။ Drilling and blasting နည်းဖြင့် တူးဖော်ရာတွင် ဥမင်တူးလုပ်ငန်းအပိုင်းတစ်ခုအတွက် ဖြတ်ပိုင်းပုံ ဥမင်မျက်နှာစာတစ်ခုတွင် အပေါက်ပေါင်း ၇၀ မှ ၉၀ ထိကို ၄.၉ မီတာအရှည်ထိ တူးခဲ့ရသည်။ ထို Jumbo စက်များသည် သိပ်သည်းဆ ၂.၄-၂.၆ ရှိသော နှမ်းဖတ်ကျောက်သားထုကို တစ်မိနစ်လျှင် ပျမ်းမျှ ၁.၅ မီတာမှ ၂ မီတာထိ ဖောက်ထွင်းနိုင်စွမ်းရှိသည်။ ဥမင်တူးရာတွင် ၁၀ နာရီ အလုပ်ဆိုင်း နှစ်ဆိုင်းဖြင့် မရပ်မနားတူးဖော်ခဲ့ပြီး ယမ်းဖောက်ခွဲမှုစက်ဝန်း (Blast cycle) မှာ ၁.၅ ဖြင့် ANFO explosive cartridges များကို အသုံးပြုခဲ့ကြောင်း သိရသည်။ ယမ်းဖောက်ခွဲတစ်ခုတွင် ရှေ့သို့ ဥမင်တူးနှုန်းမှာ ၃.၈ မီတာမှ ၄ မီတာထိရှိပြီး အမြင့်ဆုံးတူးဖော်နှုန်းမှာ တစ်လအတွင်း ၅၁၆ မီတာထိသို့ ရောက်ရှိခဲ့သည်။ ဥမင်တလျှောက် ၃၅၀ မီတာစီ ကွာဝေးသော ဖြတ်လမ်း ၉ ခုထည့်သွင်းထားပြီး ၎င်းတို့မှာ ၃၀-၃၅ စတုရန်းမီတာစီ ကျယ်ဝန်းသည်။ အကွာအဝေး ၃၀၀ မီတာမှ ၃၅၀ မီတာ တူးပြီးသည့်အခါတိုင်း လွန်သွားများကို rebore ပြန်လည် ပြုလုပ်ပေးရကြောင်းလည်း သိရသည်။

ဥမင်နှစ်ခုမှာ တူးထုတ်လိုက်သော ကျောက်နှင့် မြေသားတန်ချိန်မှာ ၁.၃၂ သန်းရှိပြီး ဥမင်တူးဖော်ရက် ၁၀၃၂ ရက်တွင် လုပ်သားပေါင်း ၂၄၀ ဦးဖြင့် တူးဖော်ခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။