ယ
နေ့အချိန်အခါတွင် ကမ္ဘာ့မြို့ကြီးများ အရှိန်အဟုန်ဖြင့် ကြီးမားလာမှုနှင့်အတူ ခရီးသည်ပို့ဆောင်ရေး စီးဆင်းမှုသည်လည်း အဆမတန် တိုးတက်များပြား လာနေပါသည်။ ထို့ကြောင့် လည်ပတ်လျက်ရှိနေသည့် ခရီးသည် ပို့ဆောင်ရေး ကွန်ယက်လမ်းကြောင်း များဖြစ်သည့် ဘတ်စ်ကား၊ ထရော်လီကား နှင့် ထရန်ဘတ်စ်ကား များသည် တိုးတက်လာသော သယ်ယူပို့ဆောင်ရေး လိုအပ်မှုကို လုံလောက်အောင် မဖြည့်ဆည်းနိုင်ခြင်း၊ ဖြစ်ပေါ်နေသည့် မြို့ပြသယ်ယူ ပို့ဆောင်ရေး ပြဿနာများကို မဖြေရှင်းနိုင်ခြင်းတို့ ဖြစ်ပေါ်လာသည်။ ခရီးသွားဦးရေ များပြားလာမှု၊ သွားလာရသည့် ခရီးလမ်းကြောင်း ရှည်လျားလာမှု တို့ကြောင့် ကြန့်ကြာမည့် ခရီးသွားချိန်ကို လျော့ချနိုင်ရန် သယ်ယူပို့ဆောင်ရေး အမြန်နှုန်း မြင့်မားလာရန်လည်း လိုအပ်သည်။ တစ်ချိန်တည်းမှာပင် ခရီးသွားပြည်သူများ၏ ယုံကြည်အားကိုးမှု၊ အန္တရာယ်ကင်းရှင်းမှု၊ သက်သောင့် သက်သာဖြစ်မှု တို့ကိုလည်း တိုးတက်အောင် ဆောင်ရွက်ပေးရန် လိုအပ်လာသည်။
မြန်မာနိုင်ငံတွင်လည်း နိုင်ငံလူဦးရေ လျှင်မြန်စွာ တိုးတက်လာမှုကြောင့် မြို့ကြီးများတွင် နေထိုင်သူဦးရေနှင့် သယ်ယူပို့ဆောင်ရေးများလည်း တိုးတက် များပြားလာခြင်းနှင့်အတူ အင်ဂျင်နီယာဆိုင်ရာ ဆောက်လုပ်ရေး ပြဿနာများကို အခြေကျနေသော ဧရိယာများတွင် ဖြေရှင်းရန် လိုအပ်လာသည်။ မြို့တွင်းသယ်ယူ ပို့ဆောင်ရေးစနစ် ကောင်းမွန်မှုသည်လည်း ထိုမြို့၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုနေသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ မြို့တော်ရန်ကုန်တွင် မြို့တွင်း သယ်ယူ ပို့ဆောင်ရေးများ ကောင်းမွန်ရန် အရေးကြီးသည်။ မြို့ပြသယ်ယူ ပို့ဆောင်ရေးစနစ် ဖွံ့ဖြိုးမှုလိုအပ်ချက်သည် ထိုမြို့၏ လူဦးရေပေါ်တွင် မူတည်သော လက်ရှိ အဆင့်ပေါ်၌ မူတည်သည်။ မြို့များကို နေထိုင်သူဦးရေ ၂သိန်းခွဲမှ ၅သိန်းအထိကို မြို့ကြီး၊ ၅သိန်းနှင့်အထက်ကို ပို၍ကြီးသောမြို့ အဖြစ် သတ်မှတ်ကြသည်။ ရန်ကုန်မြို့၏ လက်ရှိ နေထိုင်သူဦးရေသည် ၆ သန်းခန့် ရှိနေပြီဖြစ်သည်။
ရန်ကုန်မြို့တော်တွင် အဓိကမြို့တွင်း သယ်ယူပို့ဆောင်ရေးအဖြစ် ဘတ်စ်ကားများနှင့် မြို့ပတ်မီးရထားများ အသုံးပြုနေပါသည်။ ထိုပို့ဆောင်ရေး အမျိုးအစားများသည် မြို့တော်၏ ခရီးသွားလာရေး ပမာဏအတွက် လုံလောက်မှု မရှိသေးပေ။ မြို့နေ လူဦးရေ တိုးတက်မှုနှုန်း ၄-၅ ဆ မြင့်တက်လာခြင်းနှင့်အတူ များပြားလာသော ဘတ်စ်ကား အရေအတွက်များကြောင့် မြို့တွင်း ကားလမ်းများတွင် မော်တော်ယာဉ်များ ပိတ်ဆို့ခြင်း၊ ကားရပ်ရန်နေရာ မလုံလောက်ခြင်းများသည် မြို့တွင်းသယ်ယူ ပို့ဆောင်ရေးကို ဖြေရှင်းရာတွင် အခြေခံအကျဆုံး ပြဿနာအဖြစ် ဦးစွာ တွေ့ကြုံရမည်။
မျက်မှောက်ကာလ၌ မြို့ကြီးများ၏ သယ်ယူပို့ဆောင်ရေး ပြဿနာများကို ဖြေရှင်းရာတွင် အခြားသော မြို့နေရာချထားမှု အခက်အခဲများနှင့် ဆက်စပ်နေခြင်းကိုသာ စဉ်းစားလာကြသည်။ ပထမဦးစွာ မြို့ပြသယ်ယူ ပို့ဆောင်ရေး ကွန်ယက် တည်ဆောက်ရေး နေရာချထားခြင်း နှင့်ပို၍ အဆင်ပြေသော ခရီးသွား ၀န်ဆောင်ခြင်း တို့အတွက် မြို့ပြနယ်နမိတ်၏ အကျယ်အ၀န်းကို ချုံ့ရန် လိုအပ်လာသည်။ လူဦးရေ ၁ သန်းနှင့် အထက်ရှိသော မြို့ကြီးများတွင် မြို့တွင်းသယ်ယူ ပို့ဆောင်ရေးအဖြစ် မြေအောက် ရထားလိုင်းများ ဆောက်လုပ်၍ ခရီးသွားလာရေး သိပ်သည်းမှု ပြဿနာများကို အောင်မြင်စွာ ဖြေရှင်းလာကြသည်။ ၎င်းမြေအောက် ရထားများ၏ ထူးခြားချက်များမှာ သယ်ယူ ပို့ဆောင်နိုင်မှု စွမ်းအား ကြီးမားခြင်း၊ သွားလာနှုန်း မြန်ဆန်ခြင်း (၁နာရီလျှင် ကီလိုမီတာ ၁၀၀ နှုန်းအထိ)၊ ရွှေ့လျားမှုနှုန်း ပုံမှန်ရှိခြင်း (ရွှေ့လျားမှု ကွာဟချိန် ၁ မိနစ်မှ ၅ မိနစ်အတွင်း) တို့ဖြစ်သည်။
မြေအောက်ရထား ဆိုသည်မှာ လျှပ်စစ်စွမ်းအားဖြင့် သံလမ်းများပေါ်တွင် ရွေ့လျားသော မြို့ပြသယ်ယူ ပို့ဆောင်ရေးယာဉ် အမျိုးအစားဖြစ်သည်။ ၎င်းမြေအောက် ရထားများတွင် သွားလာမှု အန္တရာယ် ကင်းရှင်းရေးစနစ် ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားပြီး၊ ခရီးသည်များကို လျင်မြန်စွာဖြင့် ပမာဏများစွာ သယ်ယူ ပို့ဆောင်နိုင်ရေးအတွက် တီထွင်ထားခြင်းဖြစ်သည်။ မြို့ကြီးအများစုတွင် မြေအောက် ရထားများသည် ၎င်းတို့၏ ကိုယ်ပိုင် အရွယ်အစားများဖြင့် တည်ဆောက်ထားသောကြောင့် သာမာန် မီးရထားများကို အသုံးပြုရန် မဖြစ်နိုင်ပေ။
ကြီးမားသော အကျိုးသက်ရောက်မှု လိုအပ်ချက်နှင့် မြို့အတော်များများတွင် မြေအောက်ရထား အသစ်များတိုးချဲ့ တည်ဆောက်နေခြင်းကြောင့် သယ်ယူပို့ဆောင်ရေးတွင် မြေအောက်ရထား၏ အခန်းကဏ္ဍသည် လူဦးရေများပြားသော မြို့ကြီးများ၌ ဆက်လက်ဖွံ့ဖြိုး လာလိမ့်မည်။ မြို့များ၏ မြေပေါ်ပို့ဆောင်ရေး စွမ်းအား မလုံလောက်သောအခါ ခရီးသွား သိပ်သည်းမှုအတွက် ထိုခရီးလမ်းတွင် မြေအောက် ရထားများ တည်ဆောက်ရန် လိုအပ်လာသည်။
အတွေ့အကြုံများအရ ခရီးလမ်းကြောင်း တစ်ခုတွင် တစ်နာရီလျှင် ခရီးသည် နှစ်သောင်းနှင့် နှစ်သောင်းခွဲထက် မနည်းမှသာ မြေအောက်ရထားကို တည်ဆောက် အသုံးပြုရန် သင့်လျော်ပေသည်။ ၎င်းအရေအတွက်နှင့် ထို့ထက်ပိုမိုသော အရေအတွက်များ အတွက် မြေအောက် ရထားများသာလျှင် ခရီးသည် ပို့ဆောင် သယ်ယူရာတွင် သက်တောင့်သက်သာ အဖြစ်ဆုံး ဆောင်ရွက်ပေးနိုင်သည်။ စီးပွါးရေး ရှုထောင့်အရ တစ်နှစ်တွင် တစ်ကီလိုမီတာ အကွာအဝေး သွားလာမှုခရီး တစ်ခုအတွက် သယ်ယူပေးသည့် ခရီးသည် ပမာဏ ၆သန်း၊ ၆သန်းခွဲထက် မနည်းလျှင် အဆင်ပြေအကျိုးရှိသည်။
မြေအောက်ရထားများ၏ အဓိကကောင်းကျိုးများမှ တစ်ခုမှာ မြို့ပြနယ်နမိတ်ကို ထိန်းသိမ်းနိုင်ခြင်းဖြစ်သည်။ မြို့ကြီးများ၏ အဆောက်အဦးများနှင့် ပြည့်နေသော မြို့လယ်အတွင်းရှိ အနုပညာ လက်ရာများဖြင့် ပြည့်စုံသော၊ သမိုင်းဝင် အထိမ်းအမှတ် အမျိုးမျိုးကို ထိန်သိမ်းထားသည့် နေရာများ၊ မြေအောက်အနက်ပိုင်းတွင်ရှိသော ရေနုတ်မြောင်းများ တည်ရှိသည့် ဧရိယာများတွင် မြေအောက်ရထား လိုင်းများကို တည်ဆောက်ရာတွင် ကုန်ကျစရိတ်မြင့်မားသော်လည်း မြေအောက်နက်သော နေရာများတွင် တည်ဆောက်ကြသည်။ အများအားဖြင့် မြေအောက်ရထားလိုင်းများ တည်ဆောက်ရာတွင် မြေအောက် တိမ်သည့်နေရာများ (မြေမျက်နှာပြင်မှ အောက်ဘက် အနက် ၁၅ မီတာ) တွင် တည်ဆောက်သည်။ မြေအောက် အတိမ်ပိုင်းရှိ မြေအောက်ရထားများ၏ တည်ဆောက်မှု ကုန်ကျစရိတ်သည် အနက်ပိုင်းမြေ အောက်ရထားကုန်ကျစရိတ်၏ တစ်ဝက်သာ ကုန်ကျသည်။ ထို့အပြင် မြေအောက်အတိမ်ပိုင်းရှိ ရထား လိုင်းများသည် ခရီးသွားများအတွက် ပို၍ သက်တောင့် သက်သာ ရှိစေသည်။
မြေအောက် ရထားလိုင်းများကို လူနေထူထပ်သော နေရာများ၊ စက်မှုဇုန်များ နှင့် ယဉ်ကျေးမှု အဆောက်အအုံ၊ နယ်မြေများ တစ်လျောက် ဖေါက်လုပ်ကြသည်။ ၎င်းတို့၏ အခြေအနေများပေါ်တွင် မူတည်၍ မြေအောက်ရထား လမ်းကြောင်းများကို မြို့၏လူဦးရေ သိပ်သည်းရာ နေရာများတွင် ဖေါက်လုပ်ပြီး၊ မြေအောက်ဘူတာများနှင့် လမ်းဆုံများကို မြို့၏ အချက်အချာကျသော ခရီးသွား များပြားသည့်နေရာများ၊ မြေပေါ် မြို့တွင်းပို့ဆောင်ရေး ကားမှတ်တိုင်များ တည်ရှိရာနေရာများတွှင် တည်ဆောက်ကြသည်။
မြေအောက်ရထား ဘူတာများသည် ခရီးသွားထူထပ်သော နေရာများတွင် တည်ရှိကြပြီး၊ ဘူတာ တစ်ခုနှင့် တစ်ခု အကွာအဝေးသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်စပ်နေသော လူဦးရေသိပ်သည်းမှု ပမာဏ ပေါ်တွင် မူတည်သည်။ မြေအောက်ဘူတာများကြား အကွာအဝေးသည် မီတာ ၁၀၀၀-၂၀၀၀ ဖြစ်သည်။ မြေအောက်ဘူတာများကို လမ်းကြောင်းအဖြောင့်နေရာများတွင် တည်ဆောက်ကြပြီး၊ ဆင်ခြေလျော ၃‰ ထားရှိရမည်။ သို့သော်လည်း ခက်ခဲသော အခြေအနေများတွင် ဆင်ခြေလျော ၅‰ နှင့် လမ်းကြောင်း အကွေ့၏ အချင်းဝက် ၈၀၀ မီတာအောက် ငယ်သောနေရာများတွင်လည်း တည်ဆောက်ကြသည်။ မြေမျက်နှာပြင် ညီသော နေရာများတွင်လည်း ရေနှုတ်မြောင်းများ ထားရှိပြီး မြေအောက်ဘူတာများကို တည်ဆောက်နိုင်သည်။
ဆောက်လုပ်သည့် ပုံစံများကိုမူတည်၍ မြေအောက်ဘူတာများကို single-span, double-span, multispans, singe-arched, doudle-arched, three-arched, many-arched, one-layered နှင့် many-tier ဟူ၍ခွဲခြားနိုင်သည်။
မြေအောက် ရထားဘူတာ တည်ဆောက်ရာတွင် အသုံးပြုသည့် တည်ဆောက်ရေး ပစ္စည်းများအဖြစ် မိုနိုလစ် ကွန်ကရစ် (monolithic concrete)၊ မိုနိုလစ် သံကူကွန်ကရစ် (monolithic reinforced concrete)၊ ပုံသွန်း သံထည်များ (cast-iron tubes)၊ သံမဏိယက်မများ (steel girders) နှင့် သံကူကွန်ကရစ် ဘလောက်များ (reinforced blocks) ကို အသုံးပြုကြသည်။ မျက်မှောက်ကာလတွင် ကျယ်ပြန့်စွာ အသုံးပြုမှု အများဆုံး၊ ကုန်ကျစရိတ် အသက်သာဆုံး တည်ဆောက်ရေး ပစ္စည်းအဖြစ် စက်ရုံများတွင် ထုတ်လုပ်သော သံကူကွန်ကရစ် ဘလောက်တုံးများကို အသုံးပြုသည်။
မြေအောက်ရထား ဘူတာများကို တည်ဆောက်သည့် ဒေသ၏ ဘူမိဗေဒ၊ မြေအောက်ရေနှင့် ဘူမိအခြေအနေများ၊ မြို့ပြ အဆာက်အဦး တည်ရှိမှု အနေအထားများ ပေါ်တွင်မူတည်၍ မြေအောက် အနက်ပိုင်း (Deep)၊ အတိမ်ပိုင်း (shallow) နှင့် မြေပေါ် (surface) ဘူတာများ အဖြစ် တည်ဆောက်ကြသည်။
မြေအောက်ဘူတာ ဆောက်လုပ်ရာတွင် ဆောက်လုပ်မှု နည်းလမ်းများ အဖြစ် မာကြောသော မြေသားများတွင် ယမ်းဖောက်ခွဲသော နည်းလမ်းကိုသုံး၍ (drilling and blasting method)၊ ပျော့သောမြေနေရာတွင် TBM(shield) ဖြင့်ဖေါက်လုပ်သော နည်းလမ်းကို အသုံးပြုသည်။ ရှုပ်ထွေးသော မြေအောက်ရေ အနေအထားနှင့် ဘူမိအခြေအနေတွင် မြေကြီးကို ထိန်းထားပေးနိုင်မည့် အမျိုးမျိုးသော အခြားနည်းလမ်း များကိုလည်း အသုံးပြုသည်။
မြေအောက် အတိမ်ပိုင်းရှိ အဖွင့်နည်း (cut and cover method) ဖြင့် ဆောက်လုပ်သော မြေအောက် ရထား ဘူတာများကို ၎င်းတို့၏ ဆောက်လုပ်သည့် ပုံစံကိုမူတည်၍ တိုင်များ ( column ) ပါသောဘူတာများ နှင့် single-arched ဘူတာများဟူ၍ ခွဲခြားနိုင်သည်။ မြေအောက်အနက် တိမ်သောနေရာတွင် တည်ရှိသော မြေအောက် ဘူတာ ဆောက်လုပ်ရေးတွင် ပေါင်းစပ် သံကူကွန်ကရစ် သို့မဟုတ် မိုနိုလစ် သံကူကွန်ကရစ် များကိုသုံးပြီး၊ ဆောက်လုပ်ပြီးလျင် တူးထားသည့်မြေများကို အဆောက်အဦး အပေါ်မှ ပြန်၍ဖို့သည်။ ၎င်းနည်းဖြင့် တည်ဆောက်သော three-span မြေအောက်ရထား ဘူတာများတွင် ပေါင်းစပ်သံကူကွန်ကရစ် (combined concrete) ဖြင့် ပြုလုပ်ထားသော ယက်မများကို တွင်ကျယ်စွာ အသုံးပြုကြသည်။
အဖွင့်နည်းဖြင့် ဆောက်လုပ်ခြင်းကို ကတလာဘန် (foundation ditch)၊ တရန်ရှေး (trench) နှင့် ရွေ့လျားအထောက်များ (Movable lining) အသုံးပြုခြင်းဟူ၍ ခွဲခြားနိုင်သည်။ ကတလာဘန်ဖြင့် ဆောက်လုပ် သောနည်းတွင် တစ်ပြိုင်နက်တည်း လိုချင်သည့် မြေအောက်အနက် အထိတူးပြီး ဆောက်လုပ်ခြင်း ဖြစ်သည်။ တရန်ရှေး နည်းလမ်းမှာမူ ဦးစွာမြေအောက် အဆောက်အဦး၏ နံရံများကို ဆောက်လုပ်ပြီး၊ နောက်မှ ကျန်သည့် အစိတ်အပိုင်းများကို တည်ဆောက်ကာ မြေကြီး ပြန်လည်ဖို့ရသော နည်းဖြစ်သည်။ ရွေ့လျား အထောက်သုံး နည်းလမ်းတွင် မြေအောက် ဆောက်လုပ်ရေးကို အထူး ပြုလုပ်ထားသော မျက်နှာပြင်အပွင့် shield များကိုသုံး၍ တပ်ဆင်ပြီးကွန်ကရစ်နံရံ (lining) များ၏ အကူအညီဖြင့် ထို shield များက ရွေ့လျားကြသည်။
မြေအောက်အနက် ၁၀ မီတာ အထိတွင် တည်ရှိသော မြေအောက် ဘူတာများ၊ ၎င်းအပြင် မြေအောက်အနက် ၂၀ မီတာ အထိပါ ကတလာဘန် များဖြင့် တည်ဆောက်သည်။ ယခုအခါ တရန်ရှေး နည်းဖြင့် ဆောက်လုပ်မှုသည် မြေအတွင်းနံရံ (wall in the ground) ဟူသော နည်းလမ်းအဖြစ် သီးခြား ရပ်တည်လာသည်။ မြို့အတွင်း မြေအောက်ရထား ဘူတာများ တည်ရှိမှုပေါ် မူတည်၍ ကတလာဘန်များကို ဆင်ခြေလျောများ သို့မဟုတ် နံရံဖြင့်ထိန်းပြီး တူးဖေါ်ကြသည်။
မြေအတွင်းနံရံ နည်းလမ်းသည် တည်ရှိပြီး အဆောက်အဦးများနှင့် နီးကပ်သောနေရာတွင် အလွန်နက်သော ကတလာဘန်များ ဆောက်လုပ်ရာတွင် အဆင်ပြေစွာ အသုံးပြုနိုင်သည်။ ထိုနည်းတွင် ဆောက်လုပ်ရေးအတွက် စက်ကိရိယာ အမျိုးအစားအသစ်များ အသုံးပြုရန် မလိုဘဲ၊ ပုံမှန် တည်ဆောက်ရေး လုပ်ငန်းသုံး စက်ပစ္စည်းများနှင့် အထောက်အကူ ပစ္စည်းများကို အသုံးပြုနိုင်သည်။
လက်တွေ့ဆောက်လုပ်ရေး နယ်ပယ်တွင် မြေအတွင်းနံရံ နည်းပညာ လျင်မြန်စွာ တိုးတက်လာခြင်းမှာ ဆောက်လုပ်မှုရိုးရှင်း လွယ်ကူခြင်း၊ လုပ်အားအသုံးပြုမှု နည်းပါးခြင်း၊ ကုန်ကျစရိတ် သက်သာခြင်း တို့ကြောင့် ဖြစ်သည်။ ထိုအချက်များကြောင့် အဆောက်အဦးများဖြင့် ပြည့်နေသော နေရာများနှင့် စက်မှုလုပ်ငန်း နယ်မြေများတွင် မြေအောက် တည်ဆောက်ရေး လုပ်ငန်းများ၌ အခြားမြေအောက် ဆောက်လုပ်ရေး နည်းလမ်းများထက် ဤမြေအတွင်းနံရံ နည်းလမ်းကို အသုံးပြုမှု ပိုမိုများပြားလာကြပြီ ဖြစ်ကြောင်း တင်ပြရင်း နိဂုံးချုပ်လိုက်ပါသည်။

ဆောင်းပါရှင်- ထွန်းထွန်းနိုင်(မြို့ပြ)
ပရင့်ထုတ်ရန်
အလွန်ကောင်းသော အသိပညာ အတတ်ပညာ ဝေမျှသော ဘလော့ခ တစ်ခုလို့မြင်ပါတယ်. ဆက်ရေးပါဗျာ ။ ကျနော်စောင့်ဖတ်နေပါတယ်(icn2)