
ဒီနည်းကို အဓိက အသုံးများတဲ့ နေရာတွေကတော့ အဝေးပြေး ကားလမ်းမကြီးများ၊ ရထားလမ်းများ၊ မြို့ပြဒေသ လူအသွားအလာများတဲ့ နေရာများ၊ လမ်းများအောက်မှာ Underpass ဥမင် တည်ဆောက် လိုတဲ့အခါ အသုံးများပါတယ်။ ၎င်းနေရာများရဲ့ သွားလာမှုကို ထိခိုက်ခြင်း မရှိစေဘဲ ဥမင်တူးဖော်နိုင်ပါတယ်။
ဒါ့အပြင် မြေအောက် ရထားလမ်းဥမင်လိုင်းများ (Metro-line) တစ်ခုနဲ့တစ်ခု အပေါ်/အောက်ဖြတ်တဲ့ နေရာတွေမှာလည်း ဒီနည်းလမ်းကို အများဆုံး အသုံးပြုကြတာကို တွေ့ရှိရပါတယ်။
ဒီနည်းကိုအသုံးပြုလို့ ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးများကတော့ ဥမင်တူးဖော်တဲ့အချိန်မှာ ကားလမ်းများ၊ ရထားလမ်းများကို ပိတ်ထားရန်မလိုဘဲ အသုံးပြုနိုင်တဲ့အတွက် နဂိုမူလ လမ်းကြောင်းများရဲ့ သွားလာလှုပ်ရှားမှုကို အနှောက်အယှက် မဖြစ်နိုင်ခြင်းဘဲ ဖြစ်ပါတယ်။


ပိုက်များကို မြေကြီးအတွင်းသို့ ထိုးသွင်းဖို့အတွက် ပိုက် စထည့်သွင်းတဲ့ဘက်မှာ Hydraulic စက်ကြီးများကို Placement လုပ်ရပါမယ်။

အားလုံးပြင်ဆင်ပြီးတဲ့အခါမှာ ပိုက်များကို လိုအပ်တဲ့ Force နဲ့ Hydraulic စက်ကြီးများနဲ့ မြေကြီးထဲကို ထိုးသွင်းရပါမယ်။


ပိုက်များကိုတစ်ခုနဲ့တစ်ခုအကြားမှာ Interlock များနဲ့ထားရှိပြီးတော့ ဆက်ထားရပါတယ်။ ပိုက်များကို မြေကြီးအတွင်းကို ထဲ့သွင်းရာမှာ လွဲချော်မှုမရှိစေဖို့နဲ့ အဲ့ဒီပိုက်ဆက်များကြားကနေ မြေများ Settlement မဖြစ်စေဖို့ပါ။

ရေစိမ့်မြေများတွင် တည်ဆောက်မည်ဆိုပါက အဆိုပါ ပိုက်ဆက်များအကြားမှ ရေများ စိမ့်ဝင်လာခြင်း မရှိစေရန် အတွက် ရေမဝင်အောင်တားဆီးနိုင်တဲ့ Cement paste များနဲ့ ပိတ်ထားဖို့လိုအပ်ပါတယ်။
ပိုက်များအားလုံးကို လိုချင်သော ဒီဇိုင်း ရရှိအောင် ထည့်သွင်းပြီးစီးသွားပါက အဆိုပါ ပိုက်များအတွင်း သံချီ သံကွေးများကို တပ်ဆင်ပြီး ကွန်ကရစ်များကို သွန်းလောင်းပါတယ်။


အဲ့ဒီနောက်မှာတော့ ပိုက်များ စတင်ထည့်သွင်းရာဘက်နဲ့ အခြားတစ်ဘက်မှ မုဒ်ဦးတွေမှာ သံချည်သံကွေး လုပ်ငန်းများကို လုပ်ဆောင်ပြီးတော့ ကွန်ကရစ်များ သွန်းလောင်းပါတယ်။


အားလုံးပြင်ဆင် ပြီးစီးသွားတဲ့အခါမှာ မြေတူးခြင်းအလုပ်ကို စတင်မှာဖြစ်ပါတယ်။ မြေတူးခြင်းလုပ်ငန်း လုပ်ဆောင်ရာမှာလည်း အပိုင်းလိုက်တူးဖော်ပြီး လိုအပ်တဲ့ ဒေါက်တိုင်များကို ထပ်မံပြုလုပ်ရပါတယ်။


မြေတူးလုပ်ငန်း လုပ်ဆောင်စဉ်အတွင်း ဥမင်ပိုမိုခိုင်ခံစေဖို့အတွက် ဥမင်ရဲ့အပေါ် မျက်နှာပြင်မှာ Horizontal Beam များကို ထပ်မံတပ်ဆင်ပါတယ်။

အဲ့ဒီနောက်မှာတော့ ဥမင်အတွင်းမှာ သွားလာနိုင်ဖို့အတွက် လိုအပ်သော အချောသတ် လုပ်ငန်းများကို လုပ်ဆောင်ပါတယ်။




အထက်မှာ ဖော်ပြခဲ့တာကတော့ Pipe Roof Method နဲ့ ဥမင်တည်ဆောက်ပုံထဲက အပိုင်းတစ်ပိုင်းကို မြင်သာအောင် တင်ပြဖော်ပြခြင်း ဖြစ်ပါတယ်။ ဒီ project ဟာ မီးရထားလမ်း အောက်မှာရှိတဲ့ မော်တော်ကားလမ်းဖြတ်ဥမင် အတွက် ဖော်ပြထားတာ ဖြစ်ပါတယ်။

လူကူးဂုံးကျော် တံတားများဟာ မြို့ပြများရဲ့ မြင်ကွင်းကို ရှုပ်ထွေးစေပါတယ်။ ဂုံးကျော်တံတားများကို တက်ရတဲ့အတွက် လမ်းကူးမယ့်သူအတွက် မအီမသာဖြစ်ရပါတယ်။ အချိန်လည်း ပိုပေးရပါတယ်။ သွားလာနေတဲ့ မော်တော်ယာဉ်များရဲ့ အမြင့်နဲ့လဲ ကန့်သတ်ချက် ရှိလာပါတယ်။ လမ်းနဲ့ အလွန်နီးကပ်နေတဲ့ အချို့လူနေအိမ်များအတွက် လမ်းကူးဂုံးကျော် တံတားများဟာ အနှောင့်အယှက်တစ်ခု ဖြစ်လာပါတယ်။
Underpass များကိုထားရှိခြင်းအားဖြင့် မြို့ပြရဲ့မြင်ကွင်းကို ရှင်းလင်းစေပါတယ်။ လမ်းကူးသူအတွက်လည်း လွယ်ကူ သက်သာစေပါတယ်။ ပြောစရာရှိတာက ရေစီး(Drainage)စနစ်ပါ။ ဒါကလည်း Underpass အတွင်းကို ရေအလွယ်တကူ မဝင်စေဖို့အတွက် အဆင်းအတက် အဝင်ပေါက်များကို နေရာ အမြင့်တစ်ခုမှာထားရှိခြင်း၊ ဥမင်အတွင်း ရေစီးမြောင်းငယ်များ ထားရှိခြင်း၊ ရေများစုပ်ထုတ်ရန် လိုအပ်ပါက စက်များဖြင့် စုပ်ထုတ်ခြင်းများနဲ့ ကာကွယ်နိုင်ပါတယ်။
Pipe roof method ကို အသုံးပြုခြင်းဟာ အလွန် ရိုးစင်းလွယ်ကူပြီးတော့ ကုန်ကျစရိတ်လည်း သက်သာ စေပါတယ်။ ဒါ့အပြင် တည်ဆောက်တဲ့ အချိန်ကာလလည်း တိုတောင်းပါတယ်။ ထို့အတွက်ကြောင့် ယနေ့ မြို့ကြီးများရဲ့ လမ်းဖြတ်ကူးနေရာများ၊ ရထားလမ်းနှင့် ကားလမ်းဖြတ်ကျော်နေရာများ၊ interchange များမှာ ၎င်းနည်းလမ်းကို တွင်ကျယ်စွာ အသုံးပြု တည်ဆောက်လျက်ရှိတာကို တွေ့ရှိရပါကြောင်း ဖော်ပြလိုက်ရပါတယ်။
Related Posts
Pipe Jacking method ဖြင့် ဥမင်တူးဖော်ခြင်း

အဖိုးတန်ပို့စ် တခုပါ သူငယ်ချင်း။ အားပေးလျက်ပါ။