မြေအောက်လား၊ မြေပေါ်လား ? (၁)၊ မြေအောက်လား၊ မြေပေါ်လား ? (၂) ပို့စ်များရဲ့ အဆက်ဖြစ်ပါတယ်။ အခန်းဆက်အနေနဲ့ ခွဲနေရေးနေတာ နောက်ထပ် ၃ ခန်းလောက်ဆိုရင် ပြီးမယ်ထင်ပါတယ်။ နောင်မှာ ကိုးကားနိုင်စရာ စာတမ်း(သို့) ဆောင်းပါးသဖွယ် ဖြစ်အောင် ရည်ရွယ်ပါတယ်။ ပို့စ်များ အတင်ကျဲနေသည့် အတွက် လေ့လာသူများကို များစွာအားနာမိပါကြောင်း ပြောကြားလိုပါတယ်။
သယ်ယူပို့ဆောင်ရေးစနစ်အပေါ် Vertical alignment ၏ရိုက်ခတ်မှုများကို လေ့လာသည့်အခါ ကနဦး ကုန်ကျစရိတ်များ၊ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအချက်များ အပေါ်တွင် သိသာထင်ရှားသည့် အကျိုးသက်ရောက်မှုများကို တွေ့ရှိရသော်လည်း ၎င်းစနစ်အတွက် နည်းပညာများ ရွေးချယ်ရာနှင့် ထပ်ဆောင်း ကုန်ကျစရိတ်များ နှိုင်းယှဉ်ရာတွင်မူ အနည်းငယ်သာ အကျိုးသက်ရောက်မှု ရှိသည်ကို တွေ့ရသည်။ အသုံးပြု စီးနင်းကြမည့် ခရီးသည်များ အတွက်မူ အခြေအနေအရပ်ရပ်ပေါ် မူတည်၍ အကျိုးသက်ရောက်မှု ရှိပေမည်။
အပြည့်အဝ ခွဲခြားထားသော စနစ်ဖြစ်သည့် မြေအောက် သယ်ယူပို့ဆောင်ရေး စနစ်တွင်မူ မြေပေါ်လမ်းများ၊ အဆောက်အဦးများမှ ကင်းလွတ်သဖြင့် သီအိုရီအရ လမ်းကြောင်းများကို လွတ်လပ်စွာ ရွေးချယ်နိုင်စွမ်း ရှိသည်။ သို့ရာတွင် လက်တွေ့ လမ်းကြောင်းများ ရွေးချယ်ရာတွင် အဓိက သွားလာရာ လက်ရှိ ခရီးလမ်းကြောင်းများကို အခြေတည်၍ စဉ်းစားရွေးချယ်ရန် လိုအပ်သည်။ သို့မှသာ မြေအောက်ဘူတာရုံများ ထားရှိမည့် နေရာ၊ ခရီးသည်များအတွက် ဦးစားပေးလမ်းကြောင်း ရွေးချယ်မှု စသည်ဖြင့် အဆင်ပြေမည်ဖြစ်ပြီး ပတ်ဝန်းကျင် အဆောက်အအုံများကိုလည်း တုန်ခါမှု၊ ဆူညံမှု စသည့် ရိုက်ခတ်မှု ဒဏ်များမှ သက်သာမည်ဖြစ်သည်။
သို့သော်လည်း ၎င်းမြေအောက် သယ်ယူပို့ဆောင်ရေး ကွန်ယက်အတွက် ရင်းနှီးမြှုပ်နှံထားရမည့် ကုန်ကျစရိတ်များသည် တခြား နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများထက် ပို၍ ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုးသဖွယ် ဖြစ်နေပေရာ ဆောက်လုပ်ရေးအတွက် ငွေလုံးငွေရင်း နည်းပါးသော မြို့များ အနေဖြင့် အောက်ပါ အချက်များကို ထည့်သွင်း စဉ်းစားရန် လိုပေမည်။
Mass Transit System သည် ဆောက်လုပ်ပြီးပါက မြို့ပြလှုပ်ရှားမှု ကွန်ယက်အတွင်း စီးမျောသွားမည် ဖြစ်သည့်အတွက် ၎င်းစနစ်ကြီး တစ်ခုလုံးအား ပြင်ဆင်ရန်၊ နေရာပြန်ချထားရန် ခက်ခဲမည်ဖြစ်ရာ မြေပေါ်စနစ် (elevated) ဖြစ်စေ၊ မြေအောက် (underground) ဖြစ်စေ တည်ဆောက်ရန် ဆုံးဖြတ်ချက် ပေးရမည့်သူအတွက် ရွေးချယ်ရန် အခက်အခဲများစွာ ရှိပေမည်။
မြေပေါ် သယ်ယူပို့ဆောင်ရေး စနစ် (elevated) ကို တည်ဆောက်မည်ဆိုပါက အောက်ပါ ရေရှည် အကျိုးသက်ရောက်မှုများကို ဦးစားပေး စဉ်းစားနိုင်ရန် လိုပါသည်။
Vertical alignment ရွေးချယ်မှု၏ အကျိုးသက်ရောက်မှုများအပေါ် သုံးသပ်ခြင်း။
မြေပြင် (At-grade)၊ မြေပေါ် (elevated)၊ မြေအောက်စသည့် Vertical alignment ရွေးချယ်မှု၏ တိုက်ရိုက် အကျိုးသက်ရောက်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ ငွေလုံးငွေရင်း ကုန်ကျစရိတ် (Capital cost)
(မြေပြင်၊ မြေပေါ်နှင့် မြေအောက် သယ်ယူပို့ဆောင်ရေး စနစ်များ၏ ကုန်ကျစရိတ် အချိုးများ)
မြေအောက်ရထား (Metro) များ၏ ကနဦး ငွေလုံးငွေရင်း ကုန်ကျစရိတ်များသည် အခြားသော စနစ်များထက် ပိုမိုများပြားသည်။ ကမ္ဘာတဝှမ်းရှိ မြေအောက်ရထား စီမံကိန်းများအပေါ် နှိုင်းယှဉ် လေ့လာချက်များအရ မြေပြင် (at-grade)၊ မြေပေါ် (Elevated) နှင့် မြေအောက် သယ်ယူပို့ဆောင်ရေး စနစ်များ၏ ယေဘူယျ ကုန်ကျစရိတ်များနှင့် အချိုးများမှာ အောက်ပါအတိုင်း ဖြစ်သည်။ပိုမိုကောင်းမွန်လာသော နည်းပညာများနှင့် ကုန်ထုတ်စွမ်းအား ကောင်းမွန်မှုတို့ကြောင့် ဥမင်တည်ဆောက်မှု ကုန်ကျစရိတ် လျော့နည်းလာသည့်အပြင် အခြားသော စနစ်များနှင့် နှိုင်းယှဉ်ရာတွင် ပတ်ဝန်းကျင်ဆိုင်ရာနှင့် လူနေမှု အကျိုးအမြတ်များ အသာရသည့်အတွက် မြေအောက် သယ်ယူပို့ဆောင်ရေး စနစ်ကို ပိုမို အလေးထား ရွေးချယ်လာကြသည်။
၂။ အမြင်အာရုံ ပသာဒ ဖြစ်မှု
မြေပြင် (at-grade) သို့မဟုတ် မြေပေါ် (Elevated) လမ်းကြောင်းများထက် မြေအောက် သယ်ယူပို့ဆောင်ရေး စနစ်ကို ရွေးချယ်ခြင်း၏ အဓိက အကြောင်းရင်း တစ်ချက်မှာလည်း အဆောက်အအုံများ၏ သွင်ပြင် ပုံသဏ္ဍာန်များကြောင့် ဖြစ်သည်ကို တွေ့ရသည်။ အမြင်တင့်တယ်သော ဒီဇိုင်းပုံစံများ ဖြစ်စေကာမူ မြေပေါ်လမ်းကြောင်းများသည် မြို့ပြမြင်ကွင်းကို နှောင့်ယှက်သလို ဖြစ်နေပြီး မြေအောက် လမ်းကြောင်းများတွင် အဆိုပါ ပြဿနာများကို မတွေ့ရပေ။ နောက်တစ်ချက်မှာ မြေပေါ် လမ်းကြောင်းများသည် မြေအောက် လမ်းကြောင်းများထက် အမြဲတစေ ပြုပြင်ထိန်းသိမ်းမှု လိုအပ်နေခြင်း ဖြစ်သည်။
၃။ ခရီးသည် စီးနင်းမှု
ရှုပ်ထွေးလျက်ရှိသော လမ်းများ၊ အဆောက်အဦးများနှင့် ပြည့်ကျပ်နေပြီးဖြစ်သော မြို့လယ်အပိုင်းများ အပါအဝင် မြို့ပြဧရိယာထဲတွင် မြေပေါ် (Elevated) လမ်းကြောင်း အသစ်တစ်ခုကို ထပ်မံဖောက်လုပ်ရန်မှာ ယေဘူယျအားဖြင့် မဖြစ်နိုင်သည့် အပြင်၊ အခြားသော လူနေမှုဆိုင်ရာ အကြောင်းများကြောင့်လည်း မြေအောက် လမ်းကြောင်းများဖြင့် အစားထိုးရန် စဉ်းစားလာကြသည်။ သို့ဖြင့် မြေအောက်ရထား (Metro) သည် မြို့တော်၏ အသည်းနှလုံးကို ယှက်နွယ် ဖြတ်သန်းပေးမည့် မရှိမဖြစ်သော သယ်ယူပို့ဆောင်ရေးစနစ် ဖြစ်လာပါသည်။ ထို့ကြောင့် လက်ရှိ ကားလမ်းကွန်ယက်စနစ်၏ လိုအပ်ချက်များကို အပြည့်အဝ အကောင်အထည် ဖော်ဆောင်ပေးနိုင်သည့် မြေအောက်ရထား (Metro) စနစ်သည် ခရီးသည်အား မိမိသွားလိုသည့် ခရီးစဉ်ကို တိုက်ရိုက်နီးပါး ပို့ဆောင်ပေးနိုင်မှု၊ interchange (transit) ဘူတာများ အသုံးပြု၍ လမ်းကြောင်းပြောင်းနိုင်မှုကြောင့် သွားလာရာ၌ ပိုမိုအဆင်ပြေချောမွေ့မှု၊ ခရီးစဉ်၏ ကြာချိန်ကို လျှော့ချပေးနိုင်မှု စသည်တို့ကြောင့် စီးနင်းမည့် ခရီးသည် အမြောက်အများကို ဆွဲဆောင်နိုင်သည့် ထိရောက်သော အကျိုးသက်ရောက်မှုများရှိသည်ကို တွေ့ရသည်။
၎။ Community များဖြင့် ခွဲခြားခြင်း
မြေပြင် (at-grade)နှင့် မြေပေါ် (elevated) လမ်းကြောင်းများသည် လူနေအိမ်များ၊ စီးပွားရေး လုပ်ငန်းစုများ၊ အများနှင့် သက်ဆိုင်သော ပန်းခြံ၊ ရုပ်ရှင်ရုံ၊ ဆေးရုံ၊ ဈေး စသည့်နေရာများ၊ လမ်းမကြီးများ စသည့် Community အလိုက် သိသာထင်ရှားသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေသည်ကို တွေ့ရသည်။ အဆိုပါ လမ်းကြောင်းများ ဖော်ဆောင်ခြင်းကြောင့် လက်ရှိ လူနေအိမ်ရာများ၊ စီးပွားရေး လုပ်ငန်းစုများ စသည်တို့ကို ပြောင်းရွှေ့ပေးရခြင်းနှင့် ၎င်းဒေသတွင်း နေထိုင်သူများအတွက် လတ်တလော စီးပွားရေး အကျိုးသက်ရောက်မှုများ ကြုံတွေ့ ခံစားရနိုင်ခြင်းတို့ ပါဝင်သည်။
၅။ ဖွံ့ဖြိုးတိုးတက်မှု အလားအလာ
ကောင်းမွန်ပြည့်စုံစွာ ဒီဇိုင်းရေးဆွဲထားသော မီထရို ဘူတာများသည် အနီးပတ်ဝန်းကျင်ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် များစွာ အကျိုးသက်ရောက်မှု ရှိသည်ကို တွေ့ရသည်။ ဖွံ့ဖြိုးတိုးတက်မှု အလားအလာများသည် ထိရောက်သည့် စီမံကိန်းရေးဆွဲမှုအပေါ်တွင် မူတည်နေပြီး လက်တွေ့တွင် ၎င်း၏ အကျိုးအမြတ်များများ ရရှိရေးမှာ ပိုမိုအရေးကြီးသည်။
၆။ ဆောက်လုပ်ရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ
မြေအောက်ရထားလိုင်း ဖောက်လုပ်ရာတွင် Cut-and-cover construction method ကိုအသုံးပြုပါက မလွဲမသွေ ရင်ဆိုင်ရမည့် အဓိက ပြဿနာမှာ လက်ရှိ ယာဉ်လမ်းကြောင်းများကို ပိတ်ထားရန်လိုမည့် အချက်ဖြစ်သည်။ ဟောင်ကောင် မီထရို စီမံကိန်း တွင်ပါဝင်သည့် နသန် (Nathan Road) လမ်းမကြီးအတိုင်း Cut-and-cover method ဖြင့် မြေအောက်ရထားလမ်း ဖောက်လုပ်ခဲ့သည့် အတွေ့အကြုံများအရ နောက်ပိုင်း စီမံကိန်းများတွင် အဆိုပါ Cut-and-cover method ကို ထည့်သွင်းမစဉ်းစားရန်ပင် အဆိုပြုခဲ့ကြသည်ကို တွေ့ရသည်။ သို့သော် လက်တွေ့ ဆောက်လုပ်ရေးလုပ်ငန်း အတွေ့အကြုံများ၊ ကုန်ကျစရိတ် အချက်အလက်များ (စီမံကိန်း ဆောက်လုပ်ရေး ကာလအတွင်း စီးပွားရေး ပြောင်းလဲမှုကြောင့် ဖြစ်သော ကုန်ကျစရိတ်များ အပါအဝင်) အရ အထက်ပါ ပြဿနာကို အလွယ်တကူ ဖြေရှင်းရန် မလွယ်ကူသည်ကို တွေ့မြင်လာရသည်။
(က) Cut-and-cover method သည် မြေပေါ်မှ တူးဖော်ဖောက်လုပ်ပြီး မြေပြန်ဖို့သော ဆောက်လုပ်နည်း ဖြစ်သဖြင့် ဖောက်လုပ်နေစဉ် ကာလအတွင်း လက်ရှိ ယာဉ်လမ်းကြောင်း၊ အိမ်ရာမြေစသည်တို့ကို ဖယ်ရှားပြောင်းလဲခြင်းများ ပြုလုပ်ရသည့် အတွက် အကြိုက်နည်းသော နည်းဖြစ်သည်။ မြေအောက် ရထားဘူတာရုံများ ဆောက်လုပ်ရာတွင် အသုံးပြုသည်။ တခါတရံ ၎င်းမြေအောက်ဘူတာရုံများနှင့် ဆက်သော မြေအောက်ရထားလမ်းပိုင်းများ ဖောက်လုပ်ရတွင်လဲ ဤနည်းကို အသုံးပြုသည်။
(ခ) အထက်ပါနည်းထက် မြို့အိမ်ရာ၊ လမ်းများအပေါ် ထိခိုက်မှု နည်းသော ဆောက်လုပ်နည်းမှာ မြေပေါ်လိုင်း (Elevated Line) များ ဆောက်လုပ်ခြင်းဖြစ်သည်။ ကော်လံတိုင်များအသုံးပြု၍ တံတားများသဖွယ် ဆောက်လုပ်ရခြင်း ဖြစ်သဖြင့် မြေတူးဖော်ရခြင်းထက်စာလျှင် ပိုမိုအဆင်ပြေ လွယ်ကူသည်။ သို့သော် မြေပေါ် ဘူတာရုံများ ဆောက်လုပ်နေစဉ် ကာလအတွင်းတွင်မူ ၎င်းနေရာရှိ ယာဉ်လမ်းကြောင်းများ အပေါ် ထိခိုက်မှုရှိသည်။ ထို့ပြင် မြို့တွင်းမှ တံတားဖြင့် ဖြတ်သန်းသွားသည့် အတွက် တုန်ခါမှုနှင့် ဆူညံမှုဒဏ်ကို ရထားလမ်းပတ်ဝန်းကျင်နေ လူထုအနေဖြင့် ကြာရှည်စွာ ခံစားရနိုင်သည်။
(ဂ) ယာဉ်လမ်းကြောင်းများ၊ အိမ်ရာများအပေါ် ထိခိုက်မှု အနည်းဆုံးနည်းလမ်းမှာ ဥမင်တူးဖော်ခြင်းနည်းလမ်းပင် ဖြစ်သည်။ ဥမင်ဝင်ပေါက်များ၊ တူးဖော်ရေး ဒေါင်လိုက်ဥမင်များ (Access shafts) ဆောက်လုပ်သည့်အခါ၌သာ မြေနေရာလိုအပ်ချက်နှင့် ပတ်ဝန်းကျင်အပေါ် ထိခိုက်မှု အနည်းငယ် ရှိသည်။
၇။ လမ်းကြောင်း ဖြတ်သန်းနိုင်ခွင့် အခက်အခဲ
မီထရိုလိုင်းအတွက် ဖြစ်နိုင်ဖွယ် လမ်းကြောင်းများ ရွေးချယ်ရာတွင် လမ်းကြောင်း ဖြတ်သန်းနိုင်ခွင့် အခက်အခဲ သုံးခုနှင့် အမြဲဆိုသလို ရင်ဆိုင်ရလေ့ရှိသည်။ ၎င်းတို့မှာ (၁) မီထရိုလိုင်း ဖြတ်သန်းရာ လမ်းတလျှောက်ရှိ အိမ်ရာများ၊ လက်ရှိ လမ်းကြောင်းများအား ပြန်လည်နေရာချထားပေးနိုင်ရန်နှင့် အခြားသော အခြေခံအဆောက်အအုံ (Infrastructures) များအား ရှောင်ကြဉ်ရန်၊ (၂) လမ်းမြေအတွက် တရားဝင် မြေယာပိုင်ဆိုင်မှုနှင့် မြေယာအတွက် ကုန်ကျစရိတ်များ ဆက်စပ်နိုင်ရန်၊ (၃) နိုင်ငံရေးနှင့် ဆက်နွှယ်သော မြေယာပိုင်ဆိုင်မှု ပြဿနာများ စသည်တို့ ဖြစ်သည်။ ထို့ပြင် မြေပေါ်(Elevated) နှင့် မြေပြင် (At-grade) လမ်းကြောင်းများအတွက် လမ်းမြေဧရိယာ နည်းပါးနိုင်ခြင်း၊ ၎င်းပတ်ဝန်းကျင်နေ လူထု၏ စိုးရိမ်ပူပန်မှု သို့မဟုတ် ပတ်ဝန်းကျင်အပေါ် သက်ရောက်လာမည့် ရိုက်ခတ်မှုများကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
၈။ တုန်ခါမှုဒဏ်
တုန်ခါမှု ပြဿနာမှာ မြေအောက် ရထားလမ်းကြောင်းများ ရှိရာဒေသများတွင် အဓိက ကြုံတွေ့နေရသော ပြဿနာဖြစ်သည်။ အဓိကအားဖြင့် အရေးကြီးသော သမိုင်းဝင်နေရာများ၊ အဆောက်အဦးအဟောင်းများ၊ သို့မဟုတ် ဆေးရုံ၊ ကျောင်း၊ တက္ကသိုလ်နှင့် သုတေသန စင်တာများစသည့် အထိအခိုက်မခံနိုင်သော အဆောက်အအုံများ တည်ရှိရာ ဒေသများကို ဖြတ်သန်းရာတွင် ပိုမိုသတိထားရန် လိုမည်ဖြစ်သည်။ အဆိုပါဒေသများတွင် တုန်ခါမှုဒဏ်ကို လက်ခံနိုင်ဖွယ်ရာ အဆင့်တစ်ခုအထိ လျှော့ချနိုင်သော်လည်း ၎င်းအတွက် ထပ်တိုးကုန်ကျစရိတ် အနည်းငယ်ပိုလာမည်ကို သတိပြုရမည်။
၉။ လုပ်ငန်းလည်ပတ်စရိတ်များ
လေဝင်လေထွက်စနစ်၊ လျှပ်စစ်မီးနှင့် အခြားသော ထိန်းသိမ်းမှုပိုင်းဆိုင်ရာ လိုအပ်ချက်များ အတွက် ကုန်ကျစရိတ်များသည် မြေအောက်ရထားစနစ်၏ လုပ်ငန်းလည်ပတ်စရိတ်ကို ပိုမိုတိုးစေသည်။ ထို့ပြင် အပူပိုင်းဒေသများရှိ မီထရိုစနစ်များအတွက် လိုအပ်သည့် လေအေးပေးစနစ်ကလည်း လုပ်ငန်းလည်ပတ်စရိတ်ကို ဝန်ပိစေသည့် အချက်များဖြစ်သည်။ စင်္ကာပူမီထရိုကဲ့သို့ ပလက်ဖောင်း အရံအတားတံခါး (Screen door) စနစ်သည် ခရီးသည်များအတွက် လုံခြုံမှုနှင့် သက်တောင့်သက်သာရှိမှုတို့ကို ပေးနိုင်သော်လည်း ၎င်းမှာ မီထရိုကွန်ယက် လည်ပတ်စရိတ်ကို ပိုမိုမြင့်မားစေသော အချက်ဖြစ်သည်။
၁၀။ လေထု ညစ်ညမ်းမှု
လေထုညစ်ညမ်းမှုသည် ရံဖန်ရံခါမှသာ ဖြစ်သော ပြဿနာဟု ဆိုနိုင်သည်။ မော်တော်ယာဉ်များဖြင့် ပိတ်ဆို့ကြပ်ညှပ်နေသော၊ ယာဉ်ကြောပိတ်ဆို့မှု ဆိုးဝါးစွာ ဖြစ်ပေါ်လေ့ရှိသော ကော်ရစ်ဒါ လမ်းမကြီးများ၊ လမ်းဆုံများအရပ်များတွင် တည်ရှိသော မြေပေါ်ဘူတာရုံ (Elevated station) များတွင် လေထုညစ်ညမ်းမှု အဆိုးဆုံး ဖြစ်ပေါ်လေ့ရှိသည်ကို တွေ့ရသည်။ (ဥပမာ- ဘန်ကောက်မီထရို အစိမ်းရောင်လိုင်း၏ ဆီလွန်လမ်းမတို့ ဆုံရာအပိုင်း)။ မြေအောက် ရထားလမ်းများအတွက်မူ ဥမင်အတွင်း လေထုညစ်ညမ်းမှုမှ ကာကွယ်ရန် လေဝင်လေထွက် ဥမင်များ၏ တည်နေရာနှင့် ဒီဇိုင်းတို့မှာ အဓိကကျသော အချက်များဖြစ်သည်။
၁၁။ ဆူညံမှု
ရထားသံလမ်း၊ ဘီးနှင့် ယာဉ်များမှ ထွက်ပေါ်လာသည့် ဆူညံမှုကို လျှော့ချနိုင်ရန် အစီအမံများ လုပ်ဆောင်လာနိုင်သော်လည်း မြေပေါ်လိုင်း (Elevated line) များမှ ဆူညံမှုများသည် မြို့ပြပတ်ဝန်းကျင်ကို အဓိကရိုက်ခတ်နေသော ပြဿနာတစ်ရပ် ဖြစ်သည်။ မြေပြင် (At-grade) လိုင်းများတွင်လည်း အလားတူ ဆူညံမှုဒဏ်ကို ခံစားရသည်။ ဆူညံမှုကို ကာကွယ်သည့် ပစ္စည်းများသုံးထားသည့် မြေအောက် ရထားလမ်းများမှာမူ အခြားသော လမ်းကြောင်းများထက် ဆူညံမှု နည်းပါးသည်ကို တွေ့ရသည်။
၁၂။ စွန့်ဦးကုန်ကျစရိတ်၊ လုပ်ငန်း အခြေပြဇယားနှင့် အရည်အသွေး
စွန့်ဦးကုန်ကျစရိတ်၊ လုပ်ငန်း အခြေပြဇယားနှင့် အရည်အသွေး စသည်တို့ကြောင့် ဖြစ်လာမည့် အကျိုးသက်ရောက်မှုများသည် ယေဘူယျအားဖြင့် မြေအောက်ရထားလမ်းပိုင်း ဆောက်လုပ်သည့် အခါမျိုးတွင် ပိုမိုမြင့်မားလေ့ရှိသည်ကို တွေ့ရသည်။ မြေအောက်ရထားလမ်း အမှန်တကယ် ဖောက်လုပ်သည့်အခါ ကနဦးကုန်ကျမည့် စရိတ်များအတွက် လတ်တလော ဖောက်လုပ်ပြီး ထင်ရှားသည့် လမ်းပိုင်းကုန်ကျစရိတ် တစ်ခုခုပေါ် အခြေတည်၍ ခန့်မှန်းတွက်ချက်လေ့ ရှိသည်။ ငွေရင်းနည်းသော အစိုးရများ သို့မဟုတ် BOT (Build-Own-Transfer) စနစ်ဖြင့် ဆောက်လုပ်မည့် အဖွဲ့အစည်းများအတွက်မူ ရင်းနှီးမြှုပ်နှံမှုမှ ပြန်လည်ရရှိမည့် အမြတ်ပမာဏကို တွက်ချက်နိုင်ရေးမှာ အလွန်အရေးကြီးသော လိုအပ်ချက်ဖြစ်သည်။ ထို့ကြောင့် လုပ်ငန်းသဘာဝအားဖြင့် မရေရာ၊ မသေချာမှုများ၊ ဆောက်လုပ်ရေးကာလ အချိန်လိုအပ်ချက်များကြောင့် မြေအောက် ဆောက်လုပ်ရေးလုပ်ငန်းများကို စွန့်စားလုပ်ကိုင်နိုင်ခြင်း မရှိချေ။ အခြားတစ်ဖက်တွင်လည်း ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ၊ အများပြည်သူကို ထိခိုက်နိုင်သည့် ဒီဇိုင်းဆိုင်ရာ ပြဿနာများကြောင့် မြေပြင်၊ မြေပေါ်လမ်းကြောင်း ဆောက်လုပ်ရေး လုပ်ငန်းများသည်လည်း လုပ်ငန်းကြံ့ကြာမှုများရှိနိုင်သည်။
ဒီဇိုင်းပိုင်း၊ အရည်အသွေးနှင့် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အားနည်းချက်၊ အားသာချက် များသည်လည်း မီထရိုစီမံကိန်းအပေါ် များစွာရိုက်ခတ်မှုရှိသည်။ မမျှော်လင့်သော အခြေအနေများနှင့် ကြုံတွေ့ရသည့် စီမံကိန်းများကို လေ့လာချက်များအရ ဆောက်လုပ်ရေးစရိတ်များ ပိုမိုကုန်ကျခြင်း၊ အများပြည်သူ၏ ထောက်ခံမှု အားနည်းခြင်း၊ ခန့်မှန်းထားသည့် ကာလထက် ဆောက်လုပ်ချိန် ကြာမြင့်ခြင်းနှင့် အခြားသော ပြဿနာများကို ရင်ဆိုင်ရတတ်သည်ကို တွေ့ရသည်။ သို့သော် ရည်မှန်းထားသည့် ကာလနှင့် ခန့်မှန်း ကုန်ကျစရိတ်အတွင်း လုပ်ငန်းများ အောင်မြင် ပြီးစီးသွားသော စီမံကိန်းများစွာလည်း ရှိသည်။
Related Posts
မြေအောက်လား၊ မြေပေါ်လား ? (၂)
မြေအောက်လား၊ မြေပေါ်လား ? (၁)

အများ ပြည်သူ ထောက်ခံ မှု က တော်တော် ခက်တာ ကလား .. တစ်ချို့ က ၁% လောက် မကြိုက်ရင် တောင် နိုးပဲ .. ဖြစ်ချင်တာ၊ ဖြစ်သင့်တာနဲ့ ဖြစ်နိုင်တာ တွေကို ရေရှည် မကြည့်မြင် တတ်ကြဘူး :P
မီထရို ကိစ္စ ပြောတာပါ :P