ဒီနှစ်မှာတော့ မနှစ်ကလို နိုင်ငံခြားသား ကျောင်းသားများကို သီးသန့် ခွဲ၍ အပ်နှင်းခြင်း မပြုတော့ဘဲ တက္ကသိုလ်၏ ဌာနများ အလိုက် ခွဲပြီး စာသင်နှစ်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြသော ကျောင်းသားများ အားလုံးကို တစ်စုတစ်စည်းတည်း ဘွဲ့များ အပ်နှင်းမှာ ဖြစ်ပါတယ်။

အခမ်းအနားကို နံနက် (၁၀း၃၀) စတင်ခဲ့ပါတယ်။ အခမ်းအနားကို တက္ကသိုလ်၏ ပါမောက္ခချုပ်ကြီး ကျန်းမာရေး အခြေအနေအရ တက်ရောက်နိုင်ခြင်း မရှိခဲ့ပေမယ့် ကျန်သောဌာန အသီးသီးမှ ဌာနမှူး ပါမောက္ခကြီးများ တက်ရောက်ခဲ့ကြပါတယ်။ ဘွဲ့ယူကြမည့် ဌာနအသီးသီးမှ ကျောင်းသူ ကျောင်းသားများ၊ မိဘ ဆွေမျိုးများ၊ သူငယ်ချင်း မိတ်သင်္ဂဟများ စသည်ဖြင့် စုံလင်စွာ အခမ်အနားကို တက်ရောက် လာကြပါတယ်။
ယနေ့ဘွဲ့အပ်နှင်းသည့် ဌာနများကတော့ မီးရထားလမ်း အင်ဂျင်နီယာ ဌာန၊ တံတား တည်ဆောက်ရေး အင်ဂျင်နီယာ ဌာန၊ မြေအောက် အဆောက်အအုံ အင်ဂျင်နီယာ ဌာန(ယခင် ဥမင်နှင့် မီထရိုပိုလီတန် အင်ဂျင်နီယာ ဌာန)၊ ပို့ဆောင် ဆက်သွယ်ရေး ဆိုင်ရာ စီမံခန့်ခွဲရေး အင်ဂျင်နီယာဌာန၊ အသုံးချသိပ္ပံနှင့် နည်းပညာ အင်ဂျင်နီယာ ဌာန၊ မြေတိုင်း အင်ဂျင်နီယာ ဌာန စသည်တို့ ဖြစ်ကြပါတယ်။ ကျန်တဲ့ ဌာနများ၏ ဘွဲ့နှင်း သဘင်ကိုတော့ ဇွန်လ (၃၀) ရက်နေ့မှာ ဆက်လက် ပြုလုပ်မယ်လို့ သိရပါတယ်။
ဆက်လက်ပြီး အဆိုပါ ပါမောက္ခဆရာကြီးမှ ပညာကို ထူးချွန်စွာ သင်ယူခဲ့ကြသော ကျောင်းသားများကို အသိအမှတ်ပြုသည့် အနေဖြင့် တက်ရောက်လာကြသော ဌာနအသီးသီးမှ ဆရာကြီးများကို ခေတ္တ မတ်တပ်ရပ်ကာ ဂုဏ်ပြုစေပါတယ်။ ဆက်လက်ပြီး တက်ရောက်လာတဲ့ မိဘများကိုလည်း အဆိုပါအတိုင်း မိမိတို့၏ သားသမီးများ၏ ကြိုးစားအားထုတ်မှု အတွက် ခေတ္တရပ်ကာ ဂုဏ်ပြုစေပါတယ်။ ဘွဲ့ယူကြမည့် ကျောင်းသားများကိုလည်း မိဘများနှင့် ဆရာများ၏ သင်ကြားသွန်သင် ပေးခဲ့သည့် ကျေးဇူးများကို အသိအမှတ်ပြုသည့် အနေဖြင့် ခေတ္တရပ်ကာ ဂုဏ်ပြုစေပါတယ်။ နိဂုံးချုပ်အနေနဲ့ ဘွဲ့များရရှိပြီး လုပ်ငန်းဝင်ကို ဝင်ရောက်ကြတော့မည့် ကျောင်းသားများ အားလုံးကို ဆုမွန်ကောင်းများ ပေးကာ မိမိတို့ လုပ်ကိုင်ကြမည့် နယ်ပယ်အသီးသီးမှာ တာဝန်ကျေပွန်စွာ ဆောင်ရွက်ကြဖို့ တိုက်တွန်းသွားပါတယ်။ ဤသို့ သုံးဦးသုံးဖလှယ် ပညာရေး လုပ်ဆောင်ချက်များကို အသိအမှတ်ပြု လုပ်ဆောင်သွားတာဟာ မြင်ရသူ အားလုံးအတွက် ဝမ်းသာပီတိ ဖြစ်ကြရပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်က “မိဘ ဆရာပူးပေါင်း သားသမီး ပညာရေးကောင်း” ဆိုတဲ့ ဆောင်ပုဒ်လေးကို သတိရမိပါတယ်။
ကျွန်တော်တို့အနေနဲ့ မိမိနိုင်ငံအတွင်း ဖွံ့ဖြိုးမှု မရှိသေးသော ပညာရပ်များကို သင်ယူ အောင်မြင်ခဲ့ကြတဲ့အတွက် အတိုင်းမသိ ပျော်ရွှင်မိကြတာကတော့ အမှန်ပါ။ သုံးနှစ်တာ ကာလအတွင်း တွေ့ကြုံရင်ခဲ့ကြရတဲ့ အခက်အခဲများကို တစ်ဦးကို တစ်ဦး ဖေးမလက်တွဲပြီး တစ်ဦးလိုအပ်ချက်ကို တစ်ဦးက ဖြည့်ဆည်း ဆောင်ရွက်ခဲ့ကြတဲ့အတွက် ဒီနေ့မှာ ကျွန်တော်တို့ဟာ ရည်မှန်းချက်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ တွေးမိတာက အထက်က ပါမောက္ခကြီး ပြောကြားခဲ့သလိုပါပဲ။ နည်းပညာခေတ်ကို ရောက်ရှိနေပြီ ဖြစ်တဲ့အတွက် မိမိတို့ သင်ယူနေရတဲ့ ပညာရပ်များဟာ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ခေတ်နှင့်အညီ မျက်ခြေမပြတ် ရင်ဘောင်တန်းနိုင်ဖို့ အတွက် တတ်သိထားသော ပညာရပ်များကိုလည်း မမေ့မလျော့အောင် လေ့လာ ဆည်းပူးနေရမှာ ဖြစ်သလို ဆက်လက်ပြီး တိုးတက်လာတဲ့ ပညာရပ်ဆိုင်ရာ များကိုလည်း လေ့လာ ဆည်းပူးနိုင်အောင် အားထုတ်ကြရပါမယ်။ မိမိတို့ ရရှိထားသော ပညာရပ်များကိုလည်း နိုင်ငံတော်အတွင်းမှာ ဖြန့်ဝေပေးနိုင်အောင် ပြုလုပ်ကြဖို့လည်း လိုအပ်ပါတယ်။
အဲ့ဒီအတွက် နိုင်ငံတော်မှ ငွေကုန်ကြေးကျခံကာ ပညာတော်သင်များ စေလွှတ်ပြီး နယ်ပယ်အသီးသီးမှာ လူ့စွမ်းအား အရင်းအမြစ်များ ရရှိအောင် လုပ်ဆောင်ပေးနေတာကို သတိပြုကြဖို့ လိုအပ်ပါတယ်။ အရင်းအနှီးများစွာ ပေးဆပ်ထားတဲ့ နိုင်ငံတော်အတွက် အဓိကလိုအပ်ချက်ဟာ ဘွဲ့လက်မှတ် မဟုတ်ပါဘူး။ နယ်ပယ် အသီးသီးအတွက် တတ်သိ ကျွမ်းကျင်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပါဝင် ဆောင်ရွက်နိုင်မယ့် ပညာရှင်တွေသာ ဖြစ်တယ်ဆိုတာကို သတိချပ် စေလိုပါတယ်။ ဘွဲ့လက်မှတ်သည် အဓိကမဟုတ်။ နိုင်ငံတော်အတွက် အကျိုးပြုနိုင်မယ့် တတ်ကျွမ်းသော ပညာရှင်တွေ ပေါ်ထွက်ဖို့သာ အဓိက ဖြစ်တယ်ဆိုတာကို သဘောပေါက်နားလည် ကြဖို့လိုအပ်ပါတယ်။
ကျွန်တော်တို့ နိုင်ငံဟာ ခေတ်အဆက်ဆက်မှာ နည်းပညာဖွံ့ဖြိုးမှု အားနည်းခြင်း၊ ရရှိထားသော နည်းပညာများကို ထိန်းသိမ်းထားနိုင်မှု၊ ဖြန့်ဝေပေးနိုင်မှု အားနည်းခဲ့ခြင်းတို့ကြောင့် ယခုအချိန်အထိ နိုင်ငံတကာကို ရင်ဘောင်တန်းနိုင်ဖို့ ရုန်းကန်ကြိုးစား နေရဆဲ ဖြစ်ပါတယ်။ ကျွန်တော် တွေးမိတာတစ်ခုက ပညာရပ် တစ်ခုဆိုတာဟာ လေ့လာစဉ် အစမှာ ခက်ခဲပါတယ်။ နားလည်နိုင်ဖို့ အားထုတ်ရတယ်။ အဲ့ဒါကို နားလည်ပြီး သူများမှ လမ်းစ ထုတ်ပေးခြင်း၊ နည်းလမ်းများ ချပေးခြင်းအားဖြင့် ဒီအဆင့် အခက်အခဲကို ကျော်ဖြတ်နိုင်ပြီး ပညာရပ်အပေါ်ကို ပိုမို စိတ်ပါဝင်စားစွာ လေ့လာနိုင်ကြမှာ ဖြစ်ပါတယ်။ ဒီဘက်နိုင်ငံများ (ဥရောပ)မှာ နိုင်ငံများအားလုံးမှာ ပညာရေးနဲ့ ပတ်သတ်လို့ လေ့လာလိုတဲ့ ဘာသာရပ်များ အားလုံးကို မိမိတို့ ဘာသာရပ် (Mother Language) နှင့် လေ့လာနိုင်တဲ့ အခွင့်အရေးကို ရရှိတဲ့အတွက် ပညာရပ်တစ်ခုကို စိတ်ဝင်စားတဲ့ ကျောင်းသားတစ်ယောက်ဟာ အဲ့ဒီပညာရပ်ကို အချိန်များစွာ အားစိုက်စရာမလိုဘဲ တတ်ကျွမ်းအောင် လေ့လာသင်ယူ နိုင်ပါတယ်။
သာဓက အားဖြင့် ကျွန်တော်တို့ ဒီမှာ ပညာသင်ရတာ ခက်ခဲတယ်ဆိုတာက ရုရှ မြန်မာ အဘိဓါန် (နည်းပညာပိုင်းဆိုင်ရာ) ကောင်းကောင်း မရှိတဲ့အတွက် ဦးစွာ ရုရှ-အင်္ဂလိပ် အဘိဓါန် ၊ ထိုမှ တဆင့် အင်္ဂလိပ်-မြန်မာ အဘိဓါန် စသည်ဖြင့် အချိန်ပေးကာ လေ့လာကြခဲ့ရတဲ့ အတွက် ဘာသာရပ်ဆိုင်ရာ အခက်အခဲကို ရင်ဆိုင်ရပါတယ်။ (ယခုအခါမှာ ကို ဘီလူးဖီးနစ်မှ ကြီးမှူး၍ အဘိဓါန်တစ်ခု ပြုလုပ်နေပြီ ဖြစ်ပါတယ်။) ကျွန်တော် ဆိုလိုချင်တာက ပညာရပ်တစ်ခုကို ရရှိပြီးတဲ့နောက်မှာ ထိုပညာရပ်ကို နိုင်ငံအတွင်း အသုံးပြုနိုင်ခြင်း မရှိသေးခင်မှာဖြစ်စေ၊ အသုံးပြု နေဆဲဖြစ်စေ အဆိုပါပညာရပ် ဖွံ့ဖြိုးများ တိုးတက်ဖို့ အတွက်နှင့် နောက်လာမည့် မျိုးဆက်သစ်များ အလွယ်တကူ လေ့လာနိုင်ဖို့ အတွက် မြန်မာ ဘာသာရပ် (Myanmar Language) များဖြင့် ပြန်ဆိုရေးသား သင့်ပါတယ်။ ကျွန်တော်ယူဆချက်ပါ။ ဒီထက်ကောင်းမွန်တဲ့ အကြံဥာဏ်များကိုလည်း ဝေဖန် အကြံပြုကြပါလို့ လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။
မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့သည် ပထမ ရည်မှန်းချက်ဖြစ်သော အဆင့်မြင့် ပညာရပ်များကို ဆည်းပူးလေ့လာ နိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် မဝေးတော့တဲ့ အနာဂတ်မှာလည်း ကျွန်တော်တို့၏ မျှော်လင့်ချက်များ ပြည့်ဝစွာ အကောင်အထည် ဖော်ဆောင် နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။
ဘွဲ့အပ်နှင်းပွဲ အခမ်းအနားများ ပြီးသွားတဲ့နောက်များ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကျောင်းသား များဟာ အမိတက္ကသိုလ် ကျောင်းတော် ပရဝုဏ် အတွင်းမှာ ဆရာ၊ ဆရာများ၊ မိဘဆွေမျိုး မိတ်သင်္ဂဟများ၊ သူငယ်ချင်းများနှင့် အတူ အမှတ်တရ ဓါတ်ပုံများကို ရိုက်ကူးကာ အမှတ်တရ မှတ်တမ်း တင်ခဲ့ကြပါတယ်။
အချုပ်အားဖြင့် ဆိုရသော် ဒီနေ့ဟာ ကျွန်တော်တို့ အတွက် တန်ဖိုး မဖြတ်နိုင်တဲ့ မေ့မရနိုင်တဲ့ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ တတ်ပြီးပညာ မလေ့လာ မကြာမရှည် ပျောက်တတ်သည် ဆိုသည်ကို သတိ ပြုကြပါ။ ကျွန်တော်တို့ ရရှိခဲ့တဲ့ ပညာရပ်များကို မမေ့မလျော့ဘဲ ဆက်လက် လေ့လာ သွားကြဖို့လည်း သူငယ်ချင်း ရောင်းရင်းများကို တိုက်တွန်းရင်း နိုင်ငံတော် အတွက် ကျရာတာဝန်များကို အောင်မြင်စွာ ထမ်းဆောင် နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ဆက်လက်ပြီး ရဲဘော်ရဲဘက်စိတ် အပြည့်နဲ့ တစ်ဦးကိုတစ်ဦး ဖေးကူခဲ့ကြတဲ့ ရောင်းရင်း သူငယ်ချင်းများကို ဒီပို့စ်ဖြင့် ဂုဏ်ပြုရင်း မိဘများနှင့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ၏ ကျေးဇူးဂုဏ်ကို ဦးညွတ်အပ်ပါတယ်။
Related Posts
ကြည်လင်ကောင်းကင်

And also we ensure that when we enter in this specific blog site we see to it that the topic was cool to discuss and not a boring one.
The owner of this blog has a strong personality because it reflects to the blog that he/she made.
hey buddy!!!
Well done! Congratulation. Hehe !!!! It look like we congratulate ourself. Any way " в перед! На родине будем работать".
Тин По вперед!!!
သူငယ်ချင်း.. မင်းငါ့ intake စာအုပ်မှာ ရေးပေးသလိုပေါ့..
ပြန်ဆုံတဲ့အခါ ပျော်ပျော်ပေါ့.. ငါတို့တွေရဲ့ မျှော်လင့်ချက်တွေ ဖြစ်လာမယ့်နေ့ကျရင်လည်း ပျော်ပျော်ပါးပါး ဒီက သင်ခဲ့တာတွေကို အသုံးချကြတာပေါ့..
အကိုတွေအားလုံးအတွက် ဂုဏ်ယူပါတယ်။ အကိုတို့ရဲ့ မျှော်လင့်ချက်တွေ ဖြစ်လာမယ်လို့ ထပ်တူယုံကြည်နေပါတယ်။ ဘယ်တုန်းကမှ မဖြစ်ခဲ့တာတွေ အကိုတို့လက်ထဲရောက်ရင် ဖြစ်လာလိမ့်မယ်လို့လည်း ယုံကြည်နေပါတယ်။ အပြန်ခရီးမှာ အပျော်တွေနဲ့ ပြည့်နေပါစေ အကိုတို့ရေ ..........
ငါတို့ သူငယ်ချင်းတွေ အတိုင်းအတာ တစ်ခုထိ... ဘ၀ခရီးကို အတူလျှောက်ခဲ့ ကြပြီးပြီ။ နောက်နောင်လည်း ငါတို့ရဲ့ မျှော်လင့်ချင်တွေနဲ့ အတူလက်တွဲ ဆက်လျှောက်ကြရမှာပါပဲ... သူငယ်ချင်း.....
ကဲ သူငယ်ချင်းတို့ရေ ပျော်ရွှင်စွာနဲ့ မျှော်လင့်ချက် ပန်းတိုင်ဆီသို့ ဆက်လျှောက်လိုက်ကြရအောင်...
ခရီးများ အဆုံးထိလျှောက်ပေါ့ကွာ....
ညီတို့ရေ မင်းတို့ကို အကိုတစ်ယောက်အနေနဲ့ ရော ကျောင်းဆင်းတစ်ယောက် အနေနဲ့ပါ အကိုဂုဏ်ယူပါတယ်။ ညီလေးတို့ဟာ ကိုယ့်လမ်းကို ကိုယ်ထွင်ပြီး ပီပြင်အောင် လုပ်နိုင်ခဲ့တဲ့ အတွက်လည်း ၀မ်းသာပါတယ်။ အကိုက အပြင်မှာ ညီလေးတို့ကို မမှတ်မိပါဘူး။ ဒါပေမယ့် ညီလေးတို့ လုပ်ခဲ့တဲ့ အလုပ်တွေ၊ စာတမ်းတွေ ဆောင်းပါးတွေကို တော့ အကို လေ့လာဖြစ်ပါတယ်။ လေးလဲ လေးစားပါတယ်။ အကိုက လူထက် အလုပ်ကို ပို အလေးအနက်ထားပါတယ်။ ဒါကြောင့် အကို့အနေနဲ့ လူမှုရေးပိုင်းမှာ အကိုမသိလို့ မမှတ်မိလို့ နှုတ်မဆက်ဖြစ်ပေမယ့် အကို့ ရင်ထဲမှာ ညီလေးတို့ ကို လေးလေးစားစား အသိအမှတ်ပြုထားတယ်ဆိုတာကို ယုံပါ။
ညီလေးတို့ ပြန်တော့မယ်ဆိုတော့ အကို တစ်ခု မှာချင်ပါတယ်။ ညီလေးတို့ အမြဲတမ်း အခုလိုပဲ စည်းစည်း လုံးလုံးနဲ့ စုပေါင်း လုပ်ဆောင်ကြစေချင်ပါတယ်။ အကိုတို့ အလုပ်မျိုးက တစ်ယောက်တည်း လုပ်လို့ ရတဲ့အလုပ် မဟုတ်ဘူးဆိုတာကိုလဲ မမေ့စေချင်ပါဘူး။ ဘာပဲဖြစ်ဖြစ် မြန်မာပြည် ပြန်ရောက်တဲ့အခါမှာ အကိုတို့ ညီတို့ လက်တွဲပြီး ပြည်သူတွေ တကယ်လိုအပ်တဲ့ နေရာတွေကို အကိုတို့ တတ်ထားသမျှ နည်းပညာလေးတွေနဲ့ ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားကြရအောင်။
အကိုအခုလုပ်နေတဲ့ အဘိဓါန်ကလည်း အကောင်အထည် ဖြစ်စပြုလာပါပြီ။ အကို့ကို အကိုတို့ကျောင်းက ဒုပါချုပ်က အဲဒီ ကိစ္စအတွက် ဆွေးနွေးဖို့ ဖိတ်ခေါ်ထားပါတယ်။ အဲဒီကနေ official အနေနဲ့ ထိထိရောက်ရောက် ဆက်လုပ်ဖို့ အကို ကြိုးစားခဲ့ ပါ့မယ်။ အကို့တို့ နောက်မှာ နည်းပညာပိုင်းအရရော၊ စိတ်ဓါတ်ပိုင်းအရရော ခါးပြတ်နေမှာကို အကိုအရမ်းကို စိုးရိမ်မိပါတယ်။ ဒါပေမယ့် အကိုတို့ တတ်နိုင်သလောက်တော့ လုပ်ပေးခဲ့ကြရုံပဲ ရှိပါတယ်လေ။
ညီလေးတို့ အနေနဲ့ ဒီ ဘွဲ့လေးတစ်ဘွဲ့ ရယုံ ကျေနပ်မနေကြပဲ ဆက်လက် ကြိုးပမ်းပြီး အောင်မြင်မှုတွေ ရပါစေလို့ အကို ဆန္ဒပြုလိုက်ပါတယ်ကွာ...
ဘလူးဖီးနစ်
http://engineer4myanmar.com
လာလည်ဖတ်ရှု့သွားပါတယ်...အပျော်တွေလည်း ကူးစက်သွားသလို အတွေးတွေလည်း ရလိုက်ပါတယ်...ဂုဏ်ယူပါတယ် သူငယ်ချင်းတို့..