ပြီး
ခဲ့တဲ့ အင်္ဂါနေ့ (၃.၄.၂၀၀၇) က ပြင်သစ်နိုင်ငံရဲ့ မြန်နှုန်းမြင့် လျှပ်စစ်ရထား ဖြစ်တဲ့ TGV train ဟာ ၁၉၉၀ ခုနှစ်က အခြားပြင်သစ် အမြန်ရထားဖြစ်တဲ့ AGV train ကတင်ထားခဲ့တဲ့ အမြန်နှုန်း တစ်နာရီ ၃၂၀ မိုင် (၅၁၅.၃ ကီလိုမီတာ) ကို တစ်နာရီ အမြန်နှုန်း ၃၅၇.၂ မိုင်(၅၇၄.၈ ကီလိုမီတာ) နဲ့ ရိုက်ချိုးပြီး စံချိန်အသစ် ထပ်မံ တင်လိုက်ပါတယ်။

TGV ရထားဟာ လျှပ်စစ်ရထားများထဲမှာ ကမ္ဘာ့အမြန်ဆုံး စံချိန်ကို ရရှိခဲ့သော်လည်း ၂၀၀၃ ခုနှစ်က ဂျပန်နိုင်ငံရဲ့ Maglev train (mangnetic levitation train) စံချိန်ဖြစ်တဲ့ တစ်နာရီ ၃၆၁ မိုင်( ၅၈၁ ကီလိုမီတာ)နှုန်းကိုတော့ မချိုးနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဂျပန်တို့ရဲ့ Maglev ရထားများဟာ တည်ဆောက်မှု ကုန်ကျစရိတ် ပိုမိုများပြားပြီး ယေဘူယျအားဖြင့် လမ်းကြောင်းတို များ၌သာ ပြေးဆွဲနိုင်ကာ ဖောက်လုပ်ပြီးသား ရထားလမ်းများနဲ့လည်း မသင့်လျော်ပါဘူး။
ဒီ TGV မြန်နှုန်းမြင့် ရထားများကို ပြင်သစ်ကုမ္ပဏီဖြစ်တဲ့ Alstom ကတည်ဆောက်ခဲ့ပါတယ်။ Alstom ကုမ္ပဏီဟာ ဂျာမနီနိုင်ငံက Siemens၊ ဂျပန်နိုင်ငံက Hitachi တို့နဲ့ အပြိုင် ကမ္ဘာ့မြန်နှုန်းမြင့် ရထားများ ထုတ်လုပ်နေတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပြီး ဈေးကွက်ရဲ့ ၂၁ ရာခိုင်နှုန်း ဝေစုကို ရရှိထားပါတယ်။
အဆိုပါ TGV မြန်နှုန်းမြင့် ရထား မောင်းနှင်ပြပွဲဟာ မီရထားကဏ္ဍကို အဆင့်မြင့်တင်နေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများ ဖြစ်ကြတဲ့ တရုတ်နဲ့ အိန္ဒိယ ဈေးကွက်အတွက် ရည်ရွယ်ပါတယ်။ ယနေ့ကမ္ဘာ့ရထား ဈေးကွက်မှာ တရုတ်နိုင်ငံဟာ အကြီးမားဆုံး ဈေးကွက်ကြီးဖြစ်ပြီး လက်ရှိအချိန်မှာ ၎င်းတို့ရဲ့ မီးရထားကဏ္ဍကို မြှင့်တင်ဖို့အတွက် တရုတ်နိုင်ငံဟာ အမေရိကန်ဒေါ်လာ ၂၀ ဘီလီလျံခန့် သုံးစွဲလျက်ရှိပါတယ်။ ယခုလက်ရှိမှာ ဘေဂျင်းမြို့တော်နဲ့ ရှန်ဟိုင်းမြို့တော် အကြား ခရီးကြာချိန် ၉ နာရီကို ၅ နာရီအဖြစ် အစားထိုး ပြောင်းလဲနိုင်ဖို့ High-speed ရထားလိုင်းကို ဖောက်လုပ်နေပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က တရုတ်နိုင်ငံရဲ့ ပထမဆုံး ကျည်ဆန်ရထားကို ရှန်ဟိုင်းမြို့ကနေ ဆူကျိုးမြို့အထိ တစ်နာရီ ၁၅၅ မိုင်နှုန်း (၂၅၀ ကီလိုမီတာ) နဲ့ စတင် ပြေးဆွဲခဲ့ပါတယ်။ နောက်ထပ်လည်း High-speed ရထားလိုင်းများ ဖောက်လုပ်ဖို့ ရှိပါတယ်။
အိန္ဒိယနိုင်ငံကလည်း လက်ရှိပြည်တွင်း ရထားလိုင်း ကွန်ယက်များကို High-speed train network အဖြစ် အဆင့်မြှင့်တင်နိုင်ဖို့ မျှော်မှန်းထားပါတယ်။ ယခု TGV ရထားကို တီထွင်သူတို့က ယခုရရှိခဲ့တဲ့ စံချိန်ထက် ပိုမိုကောင်းမွန်တဲ့ စံချိန်ကိုရရှိဖို့ စမ်းသပ်မှုတွေ ထပ်မံပြုလုပ် နေတယ်လို့ ဆိုပါတယ်။ အနာဂတ်ကာလမှာ နည်းပညာတွေ တိုးတက် မြင့်မားလာမှု နဲ့အတူ ကမ္ဘာ့မြန်နှုန်းမြင့် ရထားများရဲ့ အမြန်နှုန်းဟာလည်း အံ့ခမန်း တိုးတက်လာဖို့ ရှိပါကြောင်း သုံးသပ်တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။

ဗဟုသုတ တကယ်ရတယ် .. ကျေးဇူးတင်ပါတယ် :)
ဗဟုသုတရပါတယ်။ကျေဇူးတင်ပါတယ်။