ဒီ
ပို့စ်မှာတော့ မြေအောက် ဥမင်ဆောက်လုပ်ရေး ကဏ္ဍမှာ အသုံးပြုနေတဲ့ နည်းပညာ အသစ် အကြောင်း ကို မိတ်ဆက်တင်ပြ သွားပါမယ်။ ဒီနည်းပညာကို မြေအောက် အနက်ပေ မများတဲ့ ဥမင်များ၊ မော်တော်ကားလမ်း ဥမင်များ၊ မြေအောက် ဘူတာရုံများနဲ့ အခြား မြေအောက် အဆောက်အအုံများ ဆောက်လုပ်တဲ့ အခါမှာ အသုံးပြုပါတယ်။ အဆိုပါ မြေအောက် အဆောက်အအုံများကို ဆောက်လုပ်တဲ့ အခါမှာ အဓိက ကြုံတွေ့ရတဲ့ ပြဿနာကတော့ မြေအောက်ရေစီးကြောင်းများ ဖြစ်ပါတယ်။ တောင်ပေါ်ဒေသ များမှာ ကျောက်တောင်များကို ဖောက်ထွင်းရတဲ့ ဥမင်များကို ဆောက်လုပ်ရာမှာ ထိုပြဿနာဟာ အရေးမကြီးပေမဲ့ မြို့တော်များတည်ရှိရာ မြစ်ဝှမ်းလွင်ပြင်များ၊ မြစ်များ၊ ချောင်းများနှင့် ဆက်စပ်တည်ရှိနေတဲ့ နေရာမျိုးမှာ ဥမင်ဖောက်လုပ်ရင်တော့ မြေအောက် အနက်ပေ အနည်းငယ် အတွင်းမှာ မြေအောက် ရေစီးကြောင်းများနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။
ဥပမာအားဖြင့် ပင်လယ်ရေ မျက်နှာပြင်ထက် အမြင့်ပေ အနည်းငယ်မှာ တည်ရှိတဲ့ မြို့တော်များမှာ မြေအောက် ဆောက်လုပ်ရေး လုပ်ငန်းများ အကောင်အထည် ဖော်တဲ့အခါမှာ ဒီပြဿနာကို အဓိကထားပြီး စဉ်းစားကြရပါတယ်။ ဒီနေ့ အချိန်အခါ မှာတော့ ဆောက်လုပ်ရေး နည်းပညာများ တိုးတက်လာတဲ့ အတွက် မြေအောက် ရေစီးကြောင်းများကို ရင်ဆိုင်ရာမှာ မိမိတို့ရဲ့ ရှိပြီးသား နည်းလမ်းအမျိုးမျိုးနဲ့ ဖြေရှင်းကြတာကို တွေ့ရပါတယ်။
မိမိတို့ရဲ့ မြေအောက် အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲကို ရေများစိမ့်ဝင် လာမယ့်ဘေးက ကာကွယ်တဲ့နည်းလမ်း အမျိုးမျိုးရှိတဲ့ အထဲက အကောင်းဆုံး နည်းလမ်းတစ်ခုကို တင်ပြသွားပါမယ်။ အဲဒီ နည်းလမ်းကတော့ Diaphragm walls method ဆိုတဲ့ နည်းပဲဖြစ်ပါတယ်။ မြေအောက်ဘူတာ ဖြစ်စေ၊ အခြား မြေအောက် အဆောက်အအုံ ဖြစ်စေ ဆောက်လုပ်မယ့် နေရာရဲ့ ဘေးတဖက် တချက်ကနေ အရံအတား သဘောမျိုး အဖြစ် မြေသားနံရံ တစ်ခု တည်ဆောက်တဲ့ နည်းဖြစ်ပါတယ်။ အသုံးပြုတဲ့ ဆောက်လုပ်ရေး ပစ္စည်းကတော့ Clay mortar ဖြစ်ပါတယ်။ တခါတရံမှာတော့ Reinforced concrete ကို အသုံးပြုပါတယ်။ နံရံကို တည်ဆောက်တဲ့ နေရာမှာ ၀.၅ မီတာမှာ ၀.၈ မီတာ အထူ၊ မီတာ ၃၀ အနက် ရှိတဲ့ အသင့်ပြုလုပ်ပြီးသား နံရံများ သို့မဟုတ် အဆိုပါနေရာမှာပဲ တခါတည်း တည်ဆောက် တဲ့နည်းကို အသုံးပြုပါတယ်။ ထိုနည်းလမ်းဟာ ဆောက် လုပ်ရေးလုပ်ငန်းခွင်များ အတွင်းကို ရေများစိမ့်မ၀င် စေရန် ကာကွယ်ပေးသလို လုပ်ငန်းခွင်ထဲကို မြေကြီးများ ပြိုမကျ စေဖို့ကိုလည်း ထိန်းပေး ထားပါတယ်။ အများအားဖြင့် အသင့်ပြုလုပ် ပြီးသားနံရံ precast monolithic walls တွေကိုပဲ ပြုလုပ် အသုံးပြုကြ ပါတယ်။ ပိုပြီးလုပ်ငန်းမြန်ဆန်လို့ပါ။
ဆောက်လုပ်ပုံကတော့ ပထမဦးစွာ Diaphragm walls ထည့်မယ့်နေရာမှာ အရင်ဆုံး မြောင်းတူးပြီးတော့ အသင့် ပြုလုပ်ထားတဲ့ wall block တွေကို ထည့်သွင်းပါတယ်။ wall blocks တွေကြားမှာ monolithic concrete ကိုလောင်းထည့်ခြင်းပဲ ဖြစ်ပါတယ်။ ၎င်း Diaphragm walls ကို ဆောက်လုပ်ပြီး သွားတော့မှ အလယ်ကမြေကြီးကို တူးထုတ်ပြီး မိမိတို့ မူလ အဆောက် အအုံရဲ့ လုပ်ငန်းတွေကို စတင်လုပ်ကြရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Diaphragm walls တွေဟာ မြေကြီးက သက်ရောက်လာမယ့် Horizontal stress တွေအပြင် ရေကြောင့်ဖြစ်လာမယ့် loading တွေကိုပါထမ်းရပါတယ်။ Wall block တစ်ခုရဲ့ ပုံစံကတော့ အလျား၊အနံ ၆၀၀ မီလီမီတာ ပတ်လည် အနားနှစ်ဖက်က စက်ဝိုင်းခြမ်းပုံစံ တစ်ဖက်အခုံး၊ တစ်ဖက်အခွက်ပုံစုံ(pic.1) အတိုင်းဖြစ်ပါတယ်။ အနက်ကတော့ မြေအောက်ရေ အနက်ပေါ် မူတည်ပြီးတော့ ၂၁ မီတာအထိ ပြုလုပ်ကြပြီး wall block တစ်ခုရဲ့ အလေးချိန်ကတော့ ၁၅ တန်မှ ၂၀ တန်အထိရှိနိုင်ပါတယ်။ ဆောက်လုပ်ပြီး စီမံကိန်းများမှာ အသုံးပြုခဲ့တဲ့ wall block များဟာ bending moment ကို 750 kN.m နှင့် ဒေါင်လိုက် ၀န်အား ၂၅၀၀ kN.m အထိခံနိုင်ရည်ရှိပြီး ရိုးရိုး monolithic wall ထက် ခံနိုင်ဝန်နှုန်း ၄၀ မှ ၅၀ ရာခိုင်နှုန်းပိုပါတယ်။ Concrete ရဲ့ ခံနိုင်ဝန်အားအတွက် B-22 မှ B-30 အမျိုးအစားကို အသုံးပြုပါတယ်။ wall blocks များထည့်ဖို့ သတ်မှတ်ထားတဲ့ နေရာမှာ ၃ မီတာမှာ ၆ မီတာအထိ မြောင်းအရှည်လိုက် တူးဖော်ပြီး အဲဒီမြောင်းထဲကို wall block ၂ ခုမှ ၅ ခုအထိ တပြိုင်နက် ထည့်သွင်းပါတယ်။ block တွေရဲ့ကြားထဲကို အထက်မှ တင်ပြခဲ့တဲ့ Clay mortar သို့မဟုတ် monolithic concrete ကိုလောင်းထည့်ပြီး block တွေကို ဆက်စပ်ပေးထားတဲ့ ပုံစံဖြစ်ပါတယ်။
Diaphragm wall segment တစ်ခုအတွက် block တွေကို ထည့်တဲ့ အခါမှာ ပထမဆုံး အဆင့်က သံကူကွန်ကရစ် block တွေကို အရင်ထည့်ပြီးတော့ တစ်ခုကျော်ကြားထဲမှာ ရိုးရိုး block တွေကို ထည့်သွင်းပါတယ်။ ဒုတိယ အဆင့်မှာတော့block တွေရဲ့ကြားထဲမှာ Concrete mixture သို့မဟုတ် cement mortar ကိုတည့်ပြီး ဆက်ခြင်း ဖြစ်ပါတယ်။ နောက်ထပ် Diaphragm wall segment ကို ဆောက်လုပ်တဲ့ အခါမှာတော့ ပထမအဆင့်မှာ ထည့်သွင်း ထားတဲ့ ရိုးရိုး block ကို ပြန်ထုတ်ပြီး နောက်ထပ် တဆင့်အတွက် ဆက်လက်အသုံးပြုပါတယ်။ ဒီနေရာမှာ ဒီ block တွေကို ပြန်လည် အသုံးပြုတာလည်း ရှိသလို ပြန်မသုံးတော့ဘဲ မြှုပ်ထားတာလည်း ရှိတာကို သတိပြုစေချင်ပါတယ်။ ၎င်း block တွေကို ပြန်ထုတ်လိုက်လို့ လွတ်သွားတဲ့ နေရာမှာ သံချီသံကွေးများ တပ်ဆင်ပြီး ကွန်ကရစ်လောင်းထည့်ပါတယ်။ ဒီနည်းအတိုင်း လုပ်ငန်းတစ်ခုလုံးရဲ့ Diaphragm walls ကို ဆောက်လုပ်သွားတာ ဖြစ်ပါတယ်။ ဒီနည်းပညာကို ၁၉၉၂/၁၉၉၃ ခုနှစ်က မော်စကိုမြို့ မီထရို ဆောက်လုပ်ရေးလုပ်ငန်မှာ စတင် စမ်းသပ် အသုံးပြုခဲ့ ပါတယ်။ အခု မြေအောက် ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုနေတဲ့ နည်းဖြစ်ပါတယ်။
ရိုးရိုး monolithic concrete walls ထက်ပိုမိုကောင်းမွန်တဲ့ အချက်တွေကတော့ ကြီးမားတဲ့ မြေအောက် ဆောက်လုပ်ရေး လုပ်ငန်းကြီးများ ဆောက်လုပ်ရာမှာ ပိုမို လုံခြုံစိတ်ချရမှု ရှိခြင်း၊ ၎င်း Diaphragm walls များနှင့် တခြားသော အဆောက်အအုံ အစိတ်အပိုင်းများ ဆက်စပ်ထိန်းချုပ်ရာတွင် လွယ်ကူခြင်း၊ လုံးဝ မြေအောက်ရေကို တားဆီးပေးနိုင်သည့် အပြင် အခြားသော မြေအောက် မတော်တဆမှုများမှလည်း ကာကွယ်ပေးနိုင်ခြင်း၊ နံရံများ တပ်ဆင်ပြီးသည်နှင့် တပြိုင်နက် ဘေးမြေကြီး၏ ၀န်အားကို ထမ်းနိုင်ခြင်း၊ ဆောက်လုပ်ရေး ပစ္စည်းများ အသုံးပြုရမှု ကို လျော့ချနိုင်ခြင်း နှင့် လုပ်ငန်းလုပ်ကိုင်ရာတွင် အခက်အခဲများ နည်းပါးခြင်းတို့ ဖြစ်ပါတယ်။ ဆောက်လုပ်ချိန် ကာလကိုလည်း ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ တိုတောင်းသွားစေပါတယ်။
လုပ်ငန်းလုပ်ကိုင်ရာမှာ တွေ့ရတဲ့ အခက်အခဲတွေကတော့ တူးဖော်ထားတဲ့ မြောင်းထဲကို wall block များ ထည့်သွင်း တပ်ဆင်ရာမှာ တိကျမှုလိုအပ်ခြင်းနဲ့ သံချီသံကွေး လုပ်ငန်းများပဲ ဖြစ်ပါတယ်။ မြေအောက် အနက်ပေ များတဲ့ အခါမှာ wall block များကြားထဲကို Concrete လောင်းထည့်ဖို့ ခက်ခဲတာကို တွေ့ရပါတယ်။ နောက်တစ်ချက်က Diaphragm walls တွေကြားမှာ water proof လုပ်ငန်းများအတွက် polymer material တွေကို သုံးစွဲရခြင်းဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ Diaphragm walls တွေဟာ ရိုးရိုး monolithic walls တွေထက် ဆောက်လုပ်ရေး စံနှုန်းများအရ သာလွန် ကောင်းမွန်တာကို တွေ့ရပြီး လုပ်ငန်းကိုလည်း ပိုမို အကျိုး ဖြစ်ထွန်းစေတယ် ဆိုတဲ့ အကြောင်း ပြောကြားရင်း ပို့စ်ကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Related Posts
Soil-concrete အလွှာ ဖန်တီးခြင်း
ပရင့်ထုတ်ရန်
မြန်မာနိုင်ငံမှာတွေ့ခဲ့ဘူးတဲ့ diaphragram wall အကြောင်းတင်ပြပါမယ်..
clay motor အစား plastic motor ကိုသုံးပါသည်.နည်းပညာမှာ ,ယိုးဒယားဂျပန် ဆက်စပ်ဖြစ်ပါသည်။ အပေါက်များကို တပေါက်ကျော်
hydraulic clamp shell ဖြင့် မြေကြီးတူး၍ plastic cement grouting ပြုလုပ်ခြင်းဖြစ်ပါသည်။ထိုနည်းသည် အမှန်တကယ် ရေတားစီးနိုင်စွမ်းရှိပါသည်။ ကောင်းမွန်သောနည်းပညာတရပ်ဖြစ်ပါသည်။
@The MyMetroworld
D wall အကြောင်းကို အသေးစိတ် သိချင်ပါတယ် ခင်ဗျ။ တဆိတ်လောက် ပိုမိုရှင်းပြပေးစေချင်ပါတယ်။
1. http://www.lta.gov.sg/projects/images/DW%20Final.pdf
2. http://www.lta.gov.sg/projects/images/DW%20Final%20(inside).pdf
Construction of Sheet Pile Wall
1. http://www.lta.gov.sg/projects/images/SPW%20Final.pdf
2. http://www.lta.gov.sg/projects/images/SPW%20Final%20(inside).pdf
Construction of Secant Pile Wall
http://www.lta.gov.sg/projects/images/Secant%20Final.pdf
Construction of Contiguous Bored Pile Wall
http://www.lta.gov.sg/projects/images/CBP%20Final.pdf
Diaphragm Wall Construction
http://www.dublinporttunnel.ie/about/building/pdf/cut_and_cover_sections.pdf
http://www.google.com/images?q=tbn:yhbm1Yw9S7rqRM::www.bachy-soletanche.com.sg/processes/processimages/DiaphragmWallConstruction.gif
http://environment.uwe.ac.uk/geocal/ucp/diaphragm.htm