မြို့
တော်ရန်ကုန်မှာ ယခုလက်ရှိပြေးဆွဲနေတဲ့ မော်တော်ယာဉ်လိုင်းများနဲ့ ခရီးသည် ဦးရေ အချိုးဟာ မညီမျှဘူး ဖြစ်နေတယ်ဆိုတဲ့ အခုနောက်ပိုင်း ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ မှာ တွေ့နေရပါတယ်။ ဒါဟာ အခုမှဖြစ်လာတဲ့ ပြဿနာ မဟုတ်ပါဘူး။ အရင်တည်းက မြို့နေလူထု အမြဲတမ်း ကြုံတွေ့နေရတဲ့ ပြဿနာပါ။ မြို့တော်ရဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍကို upgrade လုပ်သင့်တာ ကြာပါပြီ။ တကယ်တော့လည်း တာဝန်ရှိသူတွေ အနေနဲ့ ဒါကိုဖြေရှင်းဖို့ တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ အဆင်ပြေ ချောမွေ့မှု ဖြစ်မလာပါဘူး။ ဟိုးအရင်တုန်းက ဒီပြဿနာကို ဖြေရှင်းဖို့ ခရုပတ် မြို့ပတ်ရထား စနစ်ဆိုတဲ့ စီမံချက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခုထိ အဲဒီစနစ်ဟာ အကောင်အထည် ပေါ်မလာခဲ့ပါဘူး။
လူဦးရေ ၅ သန်းကျော် ၆ သန်းနီးပါးရှိတဲ့ ရန်ကုန်မြို့တော်အတွက် ယခုလက်ရှိ ပြေးဆွဲနေတဲ့ မော်တော်ယာဉ် လိုင်းပေါင်း ၁၂ လိုင်း၊ ယာဉ်စီးရေပေါင်း ၆၀၀၀ ကျော်ဟာ အလွန်နည်းပါးလွန်း နေပါတယ်။ ဒါထက်ပိုဆိုးတာက ယာဉ်စီးနင်းခတွေ ကြီးမြင့်လွန်းတာပါပဲ။ ဈေးနှုန်းမြင့်ယူပြီး ၀န်ဆောင်မှု ကောင်းကောင်းပေးတဲ့ ပုဂ္ဂလိက ယာဉ်လိုင်းတွေ အခုအခါမှာ ပေါ်လာပေမဲ့ အများစုသော ပြည်သူတွေကတော့ ရိုးရိုးယာဉ်လိုင်း တွေအပေါ် မှီခိုနေရဆဲပါ။ အခုလက်ရှိ ပြေးဆွဲနေတဲ့ CNG ဓာတ်ငွေ့ယာဉ်တွေရှိပေမဲ့ အပြည့်အ၀ ၀န်ဆောင်မှု မပေးနိုင်သေးပါဘူး။ ရှေ့ဆက်ပြီး ယာဉ်စီးရေတိုး တက်ပြေးဆွဲမယ် ဆိုရင်လည်း ယာဉ်ကြော ပိတ်ဆို့မှုတွေ ယာဉ်စည်းကမ်း ပြဿနာတွေက ပိုလာဦးမှာပါ။ ဒီတော့ လက်ရှိကြုံတွေ့နေရတဲ့ မြို့တော်ရဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲကို ဖြေရှင်းဖို့က ရန်ကုန်မြို့တော်မှာ ပိုမိုကောင်းမွန်တဲ့ စနစ်တစ်ခုကို အကောင်အထည်ဖော်ဖို့ပါပဲ။ မြို့တော်ရဲ့ အဓိက သယ်ယူပို့ဆောင်ရေးဟာ မော်တော်ယာဉ်များ အပေါ်မှာ မှီခိုနေတာကို ပြောင်းလဲပစ်ရပါမယ်။
ကမ္ဘာ့မြို့တော်ကြီးတွေရဲ့ အဓိက သယ်ယူပို့ဆောင်ရေး စနစ်ဟာ မြေအောက်ရထား (metropolitan)ပါ။ လူအမြောက်အများကို တပြိုင်တည်း သယ်ယူပို့ဆောင် ပေးနိုင်တဲ့ mass rapid transit စနစ်ဟာ မြေအောက်ရထား တစ်ခုတည်းမှာပဲရှိပါတယ်။ ဒေသတွင်း အခြားနိုင်ငံတွေမှာလည်း ဒီလိုပြဿနာတွေကို ကြုံတွေ့ခဲ့ပြီး ဖြစ်လို့ အခုဆိုရင် မိမိတို့ မြို့တော်များရဲ့ သယ်ယူပို့ဆောင်ရေး ကွန်ယက်ကို အဆင့်မြင့်တင် ပြီးကြပါပြီ။ အာဆီယံ မီထရိုပိုလီတန်များ အကြောင်းကိုလည်း ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါတယ်။ ဒီတော့ ယနေ့ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အခက်အခဲကို ဖြေရှင်းဖို့ ရန်ကုန်မြို့တော်မှာ metropolitan တစ်ခု မဖြစ်မနေ တည်ဆောက်ဖို့ လိုလာပါပြီ။ ဒါဟာလုပ်ကို လုပ်သွားရမယ့် မြို့တော်ကို အဆင့်မြင့်တင်ရေး စီမံကိန်းတစ်ခုပါ။ ကွန်ယက်တစ်ခုလုံးကို တည်ဆောက်ဖို့ အထိတော့ မလိုသေးပါဘူး။ အဓိက လိုင်း ၂ လိုင်းလောက် ဆောက်နိုင်ရင်ကို ရန်ကုန်မြို့ရဲ့ လက်ရှိ အနေအထားကို တော်တော်လေး ဖြည့်ဆည်း ပံ့ပိုးပေးနိုင်ပါလိမ့်မယ်။ မြို့တော်ရဲ့ ခရီးသည် စီးဆင်းမှု အနေအထား (passenger flow) ကို လေ့လာကြည့်ရင် ယခု downtown လို့ ခေါ်တဲ့ မြို့တွင်း ခြောက်မြို့နယ်ကို တခြား အရှေ့၊ အနောက်၊ တောင်၊ မြောက်ပိုင်း မြို့နယ်တွေက လာကြတာကို တွေ့ရပါတယ်။ ဒါကြောင့် မြို့တော်ရဲ့ တောင်နဲ့ မြောက် ဆက်သွယ်ပေးမယ့် လိုင်း ၁ လိုင်း၊ အရှေ့နဲ့ အနောက်ဆက်သွယ်ပေးမယ့် လိုင်း ၁ လိုင်း လောက် ဦးစွာ ဖောက်လုပ်နိုင်ဖို့ လိုပါတယ်။ အဲဒီ မြေအောက်ရထား ကွန်ယက်ကို မော်တော်ယာဉ်လိုင်းတွေနဲ့ ချိတ်ဆက် လိုက်ရင် မြို့တော် သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် တော်တော်ပြီး ပြည့်စုံပြီလို့ ပြောနိုင်ပါတယ်။ နောက်ပြီး အပြောများကြတဲ့ အချက်တစ်ချက် ရှိပါသေးတယ်။ ရန်ကုန်မြို့မှာ အရှေ့ဘက်မှာ ပုဇွန်တောင်ချောင်း၊ ငမိုးရိပ်ချောင်း၊ အနောက်ဖက်မှာ လှိုင်မြစ်၊ တောင်ဖက်မှာ ရန်ကုန်မြစ်တို့ အပြင် မြို့တော် အတွင်းမှာလည်း ချောင်းငယ်၊ မြောင်းငယ်များက ဖြတ်သန်း စီးဆင်းနေတဲ့ အတွက် မြေအောက်ရေ အနက်ပေ မြင့်တယ်လို့ ပြောရပါမယ်။ ဒီတော့ မြေအောက်မှာ ရေစပ်စပ်နဲ့မို့လို့ မြေအောက်ရထား ဖောက်ဖို့ အဆင်ပြေပါ့ မလားလို့ ထင်မြင် ကြပါတယ်။ ကျွန်တော်အနေနဲ့တော့ ဒါဟာ ပြဿနာ မဟုတ်ဘူးလို့ မြင်ပါတယ်။ ရှေ့မှာ ကမ္ဘာပေါ်မှာ မီထရိုပိုလီတန်တွေ အများကြီးဆောက်ခဲ့ပြီးပါပြီ။ ကမ္ဘာပေါ်မှာ မီထရိုပိုလီတန်ရှိတဲ့ မြို့တော်ပေါင်း ၁၅၀ ကျော်ရှိပါတယ်။ ယခုလက်ရှိဆောက်လုပ်နေဆဲ မြေအောက်ရထားလမ်း စီမံကိန်းပေါင်း ၅၀ ကျော်ရှိပါတယ်။ ပြီးတော့ မြို့တော်တော်များများဟာ မြစ်ဝှမ်းလွင်ပြင်မှာ တည်ထားကြတာ ဖြစ်ပါတယ်။ အခုလက်ရှိ နည်းပညာတွေနဲ့ မြေအောက်ရေလောက်ကိုတင် မဟုတ်ပဲ ရေအောက်မှာပါ ဥမင်တွေ တည်ဆောက် နေကြတာ ဖြစ်လို့ ကျွန်တော်တို့ ရန်ကုန်မြို့မှာ မြေအောက်ရထား မဆောက်နိုင်စရာ မရှိပါဘူး။
ကျွန်တော်က metropolitan သမားမို့ဒီလိုပြောတာမဟုတ်ပါဘူး။ ဒါကိုလည်း တာဝန်ရှိသူတွေ၊ ပညာရှင်တွေ အနေနဲ့ သိမြင်ကြမှာပါ။ မိမိတို့ နိုင်ငံရဲ့ အခြေအနေအရ လတ်တလောမှာ အကောင်အထည်ဖော်ဖို့ အခက်အခဲများစွာ ရှိနေတုန်းပဲဆိုတာ လက်ခံရပါမယ်။ စီးပွားရေး အင်အားတောင့်တင်းတဲ့ နိုင်ငံတွေ အနေနဲ့ ဒီလိုစီမံကိန်းမျိုးကို ခဏချင်း အကောင်အထည် ဖော်လို့ ရပါတယ်။ ကျွန်တော်တို့လို့ နည်းပညာက အစ အဖက်ဖက်က နောက်ကျနေတဲ့ နိုင်ငံမျိုးမှာ ဒါကိုလုပ်ဖို့ဆိုတာ ဧရာမစီမံကိန်းကြီးတစ်ခု ဖြစ်ပါတယ်။ ပြင်ပနိုင်ငံများက ငွေကြေး၊ နည်းပညာ အကူအညီပေးလာရင်တော့ တမဟုတ်ချင်း ဖြစ်လာနိုင်ပါတယ်။ လက်ရှိတွက်ချက်မှုများအရ မြေအောက်ရထားလမ်း တစ်မီတာ (ကွန်ကရစ်နံရံ)ကို ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၃ သောင်း(စက်ပစ္စည်းစရိတ်များမပါ) ရှိပါတယ်။ ဒီတော့ ကီလိုမီတာ မြောက်မြားစွာ ရှည်လျားတဲ့ မြေအောက် ရထားလမ်းတွေ၊ မြေအောက် ဘူတာရုံတွေကို ဆောက်မယ်ဆိုရင် ဒေါ်လာ ဘီလီလျံ မြောက်မြားစွာ ကုန်ကျပါလိမ့်မယ်။ ဒါ့ကြောင့် ဒီစီမံကိန်းဟာ မဖြစ်နိုင်လောက်ဘူးလို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ တစ်နေ့နေ့တော့ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ နောက်တစ်ချက်က မီထရိုပိုလီတန်တစ်ခု ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့က လျှပ်စစ်ဓာတ်အားပါ။ မြေအောက်ထဲမှာ ရှိနေမယ့် ဥမင်တွေ၊ ဘူတာရုံတွေ အတွက် ၊ ပြေးဆွဲမယ့် ရထားတွေအတွက် လျှပ်စစ်ဓာတ်အား များစွာလိုပါတယ်။ နိုင်ငံတော်မှာ ယနေ့ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေပြီးရင် အခု ကျွန်တော်တို့ ပြောနေတဲ့ မီထရိုပိုလီတန်ကလည်း ဖြစ်လာနိုင်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးကြဖို့၊ အခြားနည်းလမ်းများကိုလည်း အကြံပြုကြ၊ စဉ်းစားကြဖို့ လိုပါတယ်။ metropolitan ဘာသာရပ်ကို အထူးပြု သင်ကြားနေကြတဲ့ သူတွေအနေနဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုတင်စဉ်းစား ထားကြဖို့လိုပါတယ်။ မြို့တော်ရဲ့ လူဦးရေ၊ လက်ရှိမော်တော်ယာဉ်လိုင်း၊ မြို့တော်ရဲ့ပထ၀ီ အနေအထားနဲ့ အခြားအချက်အလက်များ ပေါ်မူတည်ပြီး ဖြစ်နိုင်ဖွယ်ရာ နည်းလမ်းများကို ကြိုတင် ကြံဆထားကြဖို့ တိုက်တွန်းရေး သားလိုက်ပါတယ်။ (ဒီအကြောင်းကို အရင်ကလည်း ရေးသားခဲ့ဖူးပါတယ်။ ပို့စ်တင်ပြီးခါမှ မှားပြီး ဖျက်လိုက်မိလို့ အသစ်ပြန်ရေး လိုက်တာပါ။)

ပရင့်ထုတ်ရန်
မြေအောက်ဘူတာများအပြင် မိုးပျံ၂ထပ်တံတားများကလည်း အဆင်ပြေစေနိုင်မည်ဟုထင်ပါသည်။
@The MyMetroworld
မြေအောက်ကို မိုးပျံ ထက် ပို သဘောကျတယ် ဗျ :)