Metro (သို့) Metropolitan ဆိုသည်မှာ…
မြေအောက်ရထားလိုင်း ကွန်ယက်တစ်ခုဖြစ်ပြီး လူအမြောက်အများကို တပြိုင်တည်း သယ်ယူပို့ဆောင်ပေး နိုင်တဲ့ ခေတ်မီမြို့ပြ သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှု တစ်ခုပါ။ များသောအားဖြင့် မြေအောက်အတွင်းမှာ ဖောက်လုပ်ထားပြီး တချို့နိုင်ငံတွေမှာတော့ မြေပေါ်လမ်းပိုင်း များလည်း ရှိပါတယ်။ Metropolitan ဆိုတဲ့ စကားလုံးက ပြင်သစ်ဘာသာကနေ ဆင်းသက်လာတာလို့ အဆိုရှိပြီး ရှေးက Capital လို့အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။ Metro ကို အင်္ဂလိပ်လို အဓိပ္ပာယ် ဖွင့်ဆိုချက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
“ A rapid transit, underground, subway, tube, elevated, or metro(politan) system is a railway system, usually in an urban area, with a high capacity and frequency of service, and grade separation from other traffic ”နောက်ထပ် urbanrail.net က လာတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် တစ်ခုကတော့ ဒီလိုပါ။
A metro is a subway. A subway is:
- an urban electric mass rail transport system, i.e. it is primarily used to move within the city,
- totally independent from other traffic, rail or street traffic,
- providing high-frequency service (maximum interval approximately 10 minutes during normal daytime service).
ဘယ်လို ခေါ်ဝေါ် သုံးနှုန်းကြသလဲ...
ကမ္ဘာ့ မြို့တော်အများစုမှာ မြေအောက်ရထား ကွန်ယက်ကို မီထရို (Metro) လို့ ခေါ်ဝေါ် သုံးစွဲကြပါတယ်။ Subway ဆိုတာက အမေရိကန် အသုံးအနှုန်းပါ။ ဒါပေမဲ့ ဝါရှင်တန်ဒီစီနဲ့ လော့စ်အိန်ဂျလိစ် လိုမြို့ကြီးများရဲ့ မြေအောက် ကွန်ယက်ကိုတော့ Metro လို့ သုံးနှုန်းကြပြီး Glasgow မြို့ မြေအောက်ရထားကိုတော့ Subway လို့ သုံးစွဲတာ တွေ့ရပါတယ်။ ဒါအပြင် အာရှတိုက်က ဂျပန်နဲ့ ကိုးရီးယားမှာလည်း Subway လို့ ခေါ်ကြပါသေးတယ်။ အခေါ်အဝေါ် နှစ်မျိုးစလုံးဟာ အနက်အဓိပ္ပာယ် နှစ်မျိုးထွက်တဲ့၊ ဒွိဟ ဖြစ်စေတဲ့ စကားလုံးတွေပဲလို့ ဆိုရပါမယ်။ Subway ဆိုတဲ့ စကားလုံးဟာ အင်္ဂလန်မှာတော့ ကားလမ်းဖြတ် လူကူး ဥမင်ငယ်ကို ဆိုလိုတာ ဖြစ်ပြီး၊ အမေရိကမှာတော့ Metro ဆိုတာ Metropolitan area ရဲ့ အတိုကောက် စကားလုံး ဖြစ်ပါတယ်တဲ့။
တခြားအခေါ်အဝေါ်နဲ့ သုံးစွဲကြတဲ့ နိုင်ငံများ ရှိပါသေးတယ်။ စင်္ကာပူနဲ့ ဟောင်ကောင်မှာဆိုရင် MRT လို့ ခေါ်ဝေါ်ကြပြီး လန်ဒန်မှာဆိုရင်တော့ Underground သို့မဟုတ် Tube လို့ ခေါ်ဝေါ်ကြပါတယ်။ ဂျာမနီမှာ U-Bahn၊ ဆွီဒင်နဲ့ နော်ဝေမှာ T-Bane၊ အာဂျင်တီးနားမှာ Subte လို့ ခေါ်ဝေါ်ကြကြောင်းလည်း လေ့လာ သိရှိရပါတယ်။
ဘာလို့ Metropolitan လိုအပ်လာတာလဲ…
အဓိကအချက်ကတော့ တဖြည်းဖြည်း တိုးပွားလာနေတဲ့ မြို့ပြလူဦးရေနဲ့ လက်ရှိ ပြေးဆွဲနေတဲ့ သယ်ယူပို့ဆောင်ရေး စနစ်များရဲ့ ၀န်ဆောင်မှုပေးနိုင်တဲ့ ပမာဏနဲ့ မမျှတတော့လို့ပါပဲ။ ကမ္ဘာ့မြို့ကြီး တော်တော်များများမှာ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ တနေ့တခြား ကြီးထွားလာနေတဲ့ ယာဉ်ကြောပိတ်ဆို့မှု အစရှိတဲ့ သယ်ယူပို့ဆောင်ရေး ပြဿနာများကို ရင်ဆိုင်နေကြရပြီး ဒီနည်းလမ်းကို ဖြေရှင်းဖို့ တစ်ခုတည်းသောနည်း ဖြစ်တဲ့ မြေအောက်ကမ္ဘာကို တိုးဝင်တဲ့နည်း moving traffic underground ကို အသုံးပြုလာကြရပါတယ်။ ဒါကြောင့်လည်း ယနေ့ ကမ္ဘာအရပ်ရပ်မှာ မြေအောက် သယ်ယူပို့ဆောင်ရေး ကွန်ယက်တွေကို အပူတပြင်း ဖောက်လုပ်နေကြတာ ဖြစ်ပါတယ်။ မြို့ပြဧရိယာ အတွင်းမှာလည်း အဆောက်အအုံများကို ပြည့်ကြပ်အောင် တည်ဆောက်ပြီး ဖြစ်တဲ့ အတွက် နောက်ထပ် လမ်းသစ်ဖောက်ဖို့၊ လမ်းများတိုးချဲ့ဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒီအခက်အခဲတွေကို ဖြေရှင်းဖို့ Metropolitan တစ်ခု လိုအပ်လာတာပါ။
လက်ရှိပြေးဆွဲနေတဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်စီးရေကို တိုးမယ်ဆိုရင်ကော…
သိပ်ပြီးထူးခြားမှာ မဟုတ်ပါဘူး။ ရေရှည်မှာတော့ ယာဉ်ကြောပိတ်ဆို့မှုတွေ ပိုမိုကြီးထွား လာရုံမက ခရီးသွား ပြည်သူတွေဟာ မိမိတို့ရဲ့ တန်ဖိုးရှိတဲ့ အလုပ်ချိန်၊ နားချိန်တွေကို စီတန်းပိတ်ဆို့နေတဲ့ လမ်းတွေပေါ်မှာ တမေ့တမော ထိုင်စောင့်ရင်း ဖြုန်းတီးနေရပါလိမ့်မယ်။ ဒါဟာ တနည်းအားဖြင့် တိုင်းပြည်ရဲ့ ကုန်ထုတ်စွမ်းအား ကို ထိခိုက်စေမှာပါ။ နောက်တချက်က မော်တော်ယာဉ်စီးရေ များပြာလာတာနဲ့အတူ ၎င်းတို့က ထွက်လာတဲ့ မီးခိုးငွေ့တွေကြောင့် လေထုညစ်ညမ်းမှု စတဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများလည်း ပေါ်ပေါက် လာပါလိမ့်မယ်။
မြေအောက်ကနေ မဟုတ်ဘဲ မြေပေါ်မြှင့်ပြီး မိုးပျံလမ်းများ (elevated line) များလုပ်မယ် ဆိုရင်ကော…
မြေအောက်ရထား ထက်စာရင် ဆောက်လုပ်ရေး ကုန်ကျစရိတ် သက်သာပါတယ်။ နည်းပညာပိုင်းအရလည်း ခက်ခဲမှု မရှိပါဘူး။ ဒါပေမဲ့ တည်ဆောက်ဖို့ အတွက် မြို့ပြရဲ့ ဧရိယာ အနေအထားနဲ့လည်း ဆိုင်ပါတယ်။ elevated line များဟာ မြေပေါ်မှာပဲ ရှိတဲ့အတွက် ၎င်းတို့ကို ဆောက်လုပ်ဖို့ မြေနေရာလိုပါတယ်။ ဒီအတွက် ရှိပြီးသား အဆောက်အအုံ တချို့ကို ဖျက်ရပါလိမ့်မယ်။ ဆိုးကျိုးကတော့ အဆိုပါလိုင်းများဟာ မြို့တော်ရဲ့ မြင်ကွင်း၊ တနည်းအားဖြင့် မြို့ပြဗိသုကာပုံစံကိုတော့ ထိခိုက်ပါလိမ့်မယ်။ ဥပမာအားဖြင့် မြို့တော်ရဲ့ သမိုင်းဝင် အဆောက်အအုံများ၊ အထိမ်းအမှတ် အဆောက်အအုံများ (ရွှေတိဂုံ၊ ဆူးလေ၊ မြို့တော်ခန်းမ) ဘေးမှ မိုးပျံရထားလိုင်း ဆောက်လုပ်ဖို့ရာ မဖြစ်နိုင်ပါဘူး။ နောက်တစ်ချက်က အထပ်မြင့် အဆောက်အအုံ များမှာ နေထိုင်သူများအဖို့ ၎င်းတို့၏ ဘေးမှ ရထားသွားလာမှု ရှိနေသည့် အတွက် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိလာနိုင်ပါတယ်။
မြေအောက်ရထားနှင့် ဘတ်စ်ကားနှိုင်းယှဉ်မယ်ဆိုရင်…
မြို့တော် ဆင်ခြေဖုန်းမှာ နေတဲ့ ခရီးသည် တစ်ယောက်ဟာ မြို့တွင်းကို လာမယ်ဆိုရင် ဥပမာ မင်္ဂလာဒုံမှ ဆူးလေသို့ သွားမယ်ဆိုရင် လမ်းမှာ တစ်နာခွဲကျော်ကျော် အချိန်ကုန်ပါတယ်။ မြေအောက်ရထားနဲ့ ဆိုရင် နာရီဝက်သာသာပဲ အချိန်ပေးရပါလိမ့်မယ်။ လမ်းခရီးမှာ ကားပြောင်းစီးမယ်ဆိုရင် ဘတ်စ်ကားစီး ခရီသည်အဖို့ ကားစောင့်ချိန်၊ နောက်တစ်နေရာသို့ စီးရန်ကြာချိန်များ ပေါင်းရင် ခရီးဖင့်လွန်းပါတယ်။ မြေအောက်ရထား ကွန်ယက်အတွင်းမှာ ဆိုရင် မြေပေါ်ကို ပြန်တက်စရာမလိုပဲ အလွယ်တကူ နောက်ရထားလိုင်းကို ပြောင်းစီး လိုက်ရုံပါပဲ။ ကုန်ကျစရိတ် သက်သာတာ အပြင် ဘာနဲ့မှ လဲလို့မရတာကတော့ စိတ်အေး ချမ်းသာစွာ ခရီးသွားရတာ ပါပဲ။ လိုရာခရီးကို အပူအပင် အကြောင့်အကြမရှိ သွားနိုင်ပါတယ်။
နည်းပညာဆိုင်ရာ အချက်အလက်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် မြေအောက်ရထားဟာ အနိမ့်ဆုံး တစ်နာရီ ၃၅ ကီလိုမီတာနှုန်းမှ ၉၀ ကီလိုမီတာ နှုန်းအထိ တသမတ်တည်း မောင်းနှင်နိုင်ပါတယ်။ ဘတ်စ်ကားများဟာ မြို့တွင်း တစ်နာရီ ၄၅ ကီလိုမီတာနှုန်းနဲ့ မောင်းနှင်နိုင်ပေမဲ့ အချို့နေရာတွေမှာ ထိုနှုန်းနဲ့ မမောင်းနိုင်ပါဘူး။ မီးပွိုင့်တွေ၊ တခြား ယာဉ်ကြောပိတ်ဆို့မှု ပြဿနာတွေရှိပါတယ်။ မြေအောက်ရထားမှာ အဆိုပါ ပြဿနာတွေ မရှိပါဘူး။ သယ်ယူပို့ဆောင် ပေးနိုင်တဲ့ ပမာဏ အားဖြင့်လည်း မြေအောက်ရထားများဟာ လမ်းကြောင်းတစ်ခုကို အနိမ့်ဆုံး တစ်နာရီ ခရီးသည်ပေါင်း လေးသောင်းနှုန်းဖြင့် ပို့ဆောင်ပေးနိုင်ပြီး ဘတ်စ်ကားနဲ့ဆိုရင် အဆိုပါပမာဏ အတွက် ကားစီးရေ ၅၀၀ ကျော် လိုအပ်ပါလိမ့်မယ်။
မီထရိုများ ဘယ်လို မောင်းနှင် ပြေးဆွဲကြသလဲ…
မြေအောက် ရထားများတွင် လျှပ်စစ် ဓာတ်အား ပေးခြင်းနှင့် ပတ်သတ်ပြီး အများစုမှာ ရထားသံလမ်းမှ ဓာတ်အား ပေးတယ် လို့သာ ထင်မှတ် နေတတ်ပါတယ်။ မြေအောက် ရထားများ မောင်းနှင်ရာတွင် လျှပ်စစ် ဓာတ်အား ရယူခြင်းနှင့် ပတ်သတ်၍ အခြေခံ အကျဆုံးမှာ contact rail ခေါ် ရထားသံလမ်း နှစ်ခုဘေးရှိ အပိုသံလမ်းကို အသုံးပြုခြင်း ဖြစ်ပါတယ်။ ၎င်းကို third rail ဟုလည်း ခေါ်ဆိုလေ့ရှိပါတယ်။
Contact rail များကို လျှပ်စစ်စီးကူးမှုကောင်းသော low-carbon steel ကို အသုံးပြ၍ ပြုလုပ်လေ့ရှိတယ်။ contact rail များကို အလုပ်လုပ်သည့် မျက်နှာပြင် (working surface) ပေါ်မူတည်ပြီး rail ၏ အပေါ်ယံမျက်နှာပြင် (upper surface) ကို အသုံးပြုသော အမျိုးအစားနှင့် အောက်ဖက် မျက်နှာပြင် (lower surface) ကို အသုံးပြုသော အမျိုးအစားဟူ၍ နှစ်မျိုး ခွဲခြားနိုင်ပါတယ်။
Contact rail မှ လျှပ်စစ် ဓာတ်အားကို ရထားဆီသို့ ပို့ဆောင်ရာတွင် ကြားခံအဖြစ် pantograph ခေါ် လျှပ်စစ် ဖြတ်သန်း စီးဆင်းစေသော framework ကို အသုံးပြုပါတယ်။ pantograph ၏ shoe အပိုင်းနှင့် contact rail ၏ အပေါ်မျက်နှာပြင် (သို့မဟုတ်) အောက်ဖက် မျက်နှာပြင် ထိတွေ့ခြင်းဖြင့် လျှပ်စစ်ဓာတ်အားကို ရထားဆီသို့ ပို့ဆောင်ပေးပါတယ်။
ပုံမှာ Contact rail များ၏ အောက်ဖက်မျက်နှာပြင် (lower surface) ကို အသုံးပြုသော အမျိုးအစားကို ဖော်ပြ ထားပါတယ်။ အဲ့ဒီ အမျိုးအစားမှာ contact rail ဟာ metallic arm တစ်ခုမှာ ချိတ်ဆွဲထားသည့် ပုံစံမျိုးဖြစ်ပါတယ်။ pantograph ရဲ့ shoe အပိုင်းနှင့် contact rail ရဲ့အောက်ဖက် မျက်နှာပြင် ထိတွေ့ခြင်းဖြင့် ရထားကို လျှပ်စစ် ပေးပို့ပါတယ်။ Contact rail များဟာ high voltage ကို အသုံးပြုတာ ဖြစ်တဲ့အတွက် အန္တရာယ် ကင်းရှင်းစေဖို့အတွက် rail တလျှောက် အပေါ်ဖက်နှင့် ဘေးဖက်တို့မှာ လျှပ်ကာ အကာအကွယ်များ ထားရှိပေးရပါတယ်။ ယခုအခါမှာတော့ အဆိုပါ အကာအကွယ်များကို flame-proof fiberglass plastic များနှင့် ပြောင်းလဲကာ သုံးစွဲလာကြပါတယ်။
အထက်မှာ ဖ်ာပြထားတဲ့ ပုံမှာ contact rail များ၏ အပေါ်ယံ မျက်နှာပြင် (upper surface) မှာ အသုံးပြုတဲ့ အမျိုးအစားကို တွေ့မြင်နိုင်ပါသည်။ shoe နှင့် contact rail ၏ အပေါ် မျက်နှာပြင် ထိတွေ့ခြင်းဖြင့် လျှပ်စစ် ဓာတ်အားကို ရထားဆီသို့ ပေးပို့သော အမျိုးအစား ဖြစ်ပါတယ်။
မြေအောက် ရထားများမှာ ရထား မောင်းနှင်နေစဉ် pantograph ၏ shoe ဟာ contact rail ပေါ်ကို ဖိအား 250 နယူတန် (N) သက်ရောက်လျက် ရှိပါတယ်။ အဲ့ဒီ ဖိအားဟာ contact rail နှင့် shoe ကို အဆက်မပြတ် ထိတွေ့မှု ဖြစ်စေဖို့ အတွက် အထောက်အကူ ဖြစ်စေပါသည်။ contact rail များသည် များသောအားဖြင့် ရထား ရွေ့လျားရာ လမ်းကြောင်း၏ ဦးတည်ရာ (moving direction) ၏ ဘယ်ဖက် အခြမ်းတွင် ရှိတတ်ပါသည်။
အချို့သော နိုင်ငံများတွင် Third-rail ကို အောက်ဘက်ဘေးတွင် မထားရှိဘဲ ရထား၏ ခေါင်မိုး အပေါ်ဘက်ပိုင်းမှတဆင့် ကြိုးတန်း သွယ်ဆက် ထားရှိခြင်းဖြင့်လည်း လျှပ်စစ်ဓါတ်များ ပေးပို့တာကို တွေ့ရှိရပါတယ်။
ဒါတွေက Metro ခေါ် Subway နဲ့ပတ်သက်ပြီး ကျွန်တော်တို့ မြင်တဲ့ အပိုင်းတွေကို တင်ပြထားတာပါ။ နောက်ထပ် အချက်များစွာ ရှိအုံးမှာပါ။ အမြင်လေးတွေ ကွဲပြားမယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးဖို့ ဖိတ်ခေါ် ပါတယ်။
ပရင့်ထုတ်ရန်

Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld