ကျွန်
တော်ရေးတဲ့ ကျွန်တော့်ဒီဇိုင်းဆိုတာ ကျွန်တော်ကိုယ်တိုင် ဆွဲထားလို့ ကျွန်တော့ဒီဇိုင်းလို့ ပြောတာပါ။ တကယ်တော့ ဒီလိုဒီဇိုင်းတွေဟာ နိုင်ငံတကာမှာ အသုံးပြုနေတာ ကြာပါပြီ။ ကျွန်တော် ပြောချင်တာက ကျွန်တော့် ဒီဇိုင်းလေးရဲ့ အကြောင်းပါပဲ။ ကျွန်တော်လုပ်နေတဲ့ Thesis ထဲမှာ ဆွဲထားတဲ့ မြေအောက်ဘူတာရုံ Station ဒီဇိုင်းလေး ဖြစ်ပါတယ်။ ဒါပေမဲ့ စာတမ်းကို ကြီးကြပ်ပေးနေတဲ့ ဆရာက အခုဒီဇိုင်းကို ဆောက်လုပ်ဖို့ ကုန်ကျစရိတ်ကြီးမယ်၊ အချိန်ပိုကြာမယ်၊ တူးထုတ်ရမယ့် ပမာဏ ပိုများမယ် ဆိုပြီးတော့ မရွေးချယ်ခဲ့ပါဘူး။ အပြည့်အစုံကို ဆက်လက် ဖတ်ရှုကြရအောင်…။
မြေအောက်ဘူတာရုံ တစ်ခုကို ဒီဇိုင်းဆွဲဖို့ အရင်ဆုံး စဉ်းစား တွက်ချက် ရတာကတော့ ခရီးသွားဦးရေ ပါပဲ။ Passengers’ current လို့ ပြောရင်ရမယ် ထင်ပါတယ်။ ဖြစ်လာနိုင်မယ့် တစ်နာရီအတွင်း အများဆုံး ခရီးသွားဦးရေကို တစ်နာရီ အတွင်းမှာ လမ်းကြောင်း တစ်ကြောင်းအတွက် ပြေးဆွဲနိုင်မယ့် ရထားအစီးရေရယ်၊ ရထားတွဲ တစ်တွဲမှာ လိုက်ပါနိုင်မယ့် လူဦးရေ ပမာဏတို့ကို အချိုးချ တွက်ချက်လိုက်ရင် စုစုပေါင်း လိုအပ်မယ့် ရထားတွဲ အရေအတွက်ကို ရရှိပါတယ်။
ရထားတွဲ အရေအတွက်ကို ရရှိလာတဲ့ အခါမှာ ဘူတာမှာ ထားမယ့် စင်္ကြံ(ပလက်ဖောင်း) ရဲ့ အလျားကို တွက်ချက်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ စင်္ကြံတလျှောက်မှာ တစ်နာရီအတွင်း ရှိနေမယ့် လူဦးရေ ပမာဏနဲ့ စက်လှေကား (သို့) ဓာတ်လှေကားများက သယ်ဆောင်နိုင်မယ့် ပမာဏတို့ကို ဆက်လက် တွက်ချက်ရပါတယ်။ တွက်ချက်ပြီး ရလာတဲ့ basic parameters များမှ တဆင့် ပင်မ ဘူတာရုံရဲ့ အကျယ်၊ အလျားနဲ့ စက်လှေကား ထားရှိမယ့် နေရာတွေကို အကြမ်းဖျင်း တွက်ချက်နိုင်မှာ ဖြစ်ပါတယ်။
ဘူတာရဲ့ အလျားနဲ့ ပင်မဥမင်ပိုင်းကို တွက်ပြီးတဲ့ နောက်မှာတော့ ဘေးနှစ်ဖက်က ရထားဝင်ရောက် ဆိုက်ကပ်မယ့် ဥမင်များကို တွက်ချက်ရမှာ ဖြစ်ပါတယ်။ Lateral tunnel လို့ ခေါ်တဲ့ ဘေးဘယ်ညာ ဥမင်များကို တွက်ချက်ရာမှာ ရထားရဲ့ အရွယ်အစားပေါ် အခြေခံရပါတယ်။ ရထားရဲ့ အကျယ်နဲ့ အမြင့်အလွတ်ကို ချိန်ပြီး ဥမင်များရဲ့ Diameter ကို ရေးဆွဲရပါတယ်။ ပုံမှန်အားဖြင့် ရထားလမ်းဥမင်များကို ပင်မဥမင်ရဲ့ ဘေးတစ်ဖက် တစ်ချက်မှာ ထားရှိလေ့ ရှိပါတယ်။ ခရီးသွားများဟာ စက်လှေကားမှတဆင့် ဘူတာထဲကို ဆင်းလာတာနဲ့ ပင်မဥမင်ထဲကို ရောက်ရှိမှာ ဖြစ်ပြီး မိမိသွားလိုရာဘက်ကို အလွယ်တကူ သွားလာနိုင်မှာ ဖြစ်ပါတယ်။ ပုံတွင်ရှုပါ။ Typical model
ကျွန်တော်ဆွဲတဲ့ ဒီဇိုင်းမှာတော့ မြေအောက်ဘူတာကို ဥမင် သုံးခုနဲ့ ဖွဲ့စည်းထားပါတယ်။ မြေအောက် အနက်ပေများလို့ပါ။ ဥမင်ဟာ မြေအောက် ၃၈ မီတာ ( ၁၂၄.၇ ပေ) အနက်မှာ တည်ရှိပါတယ်။ ဒါကြောင့် အမိုးခုံး တစ်ခုတည်း ပါရှိတဲ့ ဥမင်မျိုးကို ဖောက်လုပ်မရပါဘူး။ မြေလွှာထုရဲ့ ဖိအားများတဲ့ အပြင် မြေအောက်ရေပါ ရှိနေတဲ့ အတွက် ဥမင် သုံးခုနဲ့သာ သင့်လျော်ပါတယ်။
ဘေးနှစ်ဖက် ဥမင်များကတော့ အချင်း ၅.၅ မီတာရှိတဲ့ ဥမင်ငယ်များဖြစ်ပါတယ်။ လူသွားစင်္ကြံအတွက် အသုံးပြုပါတယ်။ အလယ်က ပင်မဥမင်ကြီးရဲ့ အချင်းကတော့ ၁၁ မီတာရှိပါတယ်။ ကျွန်တော်က ပုံမှန် ဒီဇိုင်းများမှာလို ရထားလမ်းကို ဘေးနှစ်ဖက်မှာ မထားတော့ဘဲ အလယ်ဥမင်နေရာမှာ ထားလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘေးနှစ်ဖက်ဥမင်များဟာ လူသွားစင်္ကြံအတွက် သက်သက် ဖြစ်ပြီး ပို၍လည်း နေရာ ကျယ်လာသလို ဥမင် အရွယ်အစားလည်း ပိုမိုငယ်သွားပါတယ်။ ထို့အတူ ရထားလမ်းများကို အလယ်ကို ရွှေ့လိုက်တဲ့ အတွက် ပင်မဥမင်ကြီးရဲ့ အချင်းဟာလည်း ပုံမှန်ဒီဇိုင်းထက် ပိုမိုကြီးသွားပါတယ်။ သာမန်ကြည့်လိုက်ရင် ကျွန်တော့် ဒီဇိုင်းဟာ ခေါင်းကြီး နားရွက်ကားကား နဲ့ လူခေါင်းနဲ့ တူနေပါတယ်။ ပုံတွင်ကြည့်ပါ။ my model
မြေအောက်ရေ ရှိတာကြောင့် ကျွန်တော့် ဘူတာရုံရဲ့ Lining အတွက် Cast iron ကို အသုံးပြုပါတယ်။ Structure တစ်ခုလုံးရဲ့ အဓိက အပိုင်းကတော့ ပင်မဥမင်နဲ့ ဘေးနှစ်ဖက် ဥမင်တွေ ထိစပ်တဲ့ အပိုင်းဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ joint မှာ အထူးပြုလုပ်ထားတဲ့ Lining block ကို အသုံးပြုပါတယ်။ ပင်မဥမင် အမိုးခုံးက လာမယ့် အားတွေကို အဲဒီ block က ရယူပြီး အောက်မှာရှိတဲ့ Girder ပေါ်ကို လွှဲပြောင်းပေးပါတယ်။ ဘေးနှစ်ဖက်ဥမင်တွေက blocks တွေကတော့ အဲဒီ joint block ပေါ်ကို လာရောက် မေးတင်မှာ ဖြစ်ပါတယ်။ ဘူတာရုံဒီဇိုင်းဟာ Column type station design ဖြစ်ပြီး ၅ စင်တီမီတာ အထူရှိတဲ့ သံမဏိပြားများနဲ့ တိုင်များကို ဖွဲ့စည်းထားပါတယ်။ တိုင်များတစ်ခုနဲ့ တစ်ခု အကွာအဝေးကတော့ ၃.၇၅ မီတာရှိပါတယ်။ ဘေးနှစ်ဖက်ဥမင်များကိုတော့ ဥမင်အပြည့် cast iron lining ကို အသုံးပြုထားပြီး ပင်မဥမင်ရဲ့ အောက်မှာတော့ မူလ အချင်းအတိုင်း အပြည့် အသုံးမပြု ထားပါဘူး။ တူးဖော်ရမယ့် ပမာဏ အလွန် များပြားသွားမှာ စိုးလို့ပါ။
ပင်မ ဥမင်ရဲ့ အောက်ခြေကြမ်းခင်း ရထားလမ်းများရှိမယ့် နေရာရဲ့ အောက်ကို ကွန်ကရစ်သားနဲ့ ဖြည့်ဆည်း ထားပါတယ်။ မြေအောက်ရေကို ကာကွယ်ဖို့ အောက်ခြေအစွန်းမှ ၀.၆ မီတာ အကွာမှာ water proof အလွှာကို ဖြည့်သွင်းထားပါတယ်။ ဘေးစင်္ကြံများရဲ့ စုစုပေါင်း အကျယ်ကတော့ ၄.၇ မီတာရှိပြီး Column တိုင်များရဲ့ အရှေ့ဘက် ထွက်နေတဲ့ အကျယ်ကတော့ ၁.၂ မီတာရှိလို့ ခရီးသည်များ ရပ်နေဖို့ နေရာ လုံလောက်မှာ ဖြစ်ပါတယ်။ ပင်မဥမင်ရဲ့ အဆုံးမှာတော့ ၁၂ မီတာအရှည် ၉.၉၃၇ မီတာ အကျယ်ရှိတဲ့ စက်လှေကားဥမင်နဲ့ ဆက်သွယ်ပေးမယ့် ဥမင်တစ်ခုပါရှိပါတယ်။ စက်လှေကား ၄ စင်းပါရှိပြီး တစ်နာရီကို လူဦးရေ ၈၅၀၀ ဖြတ်သန်းသွားလာနိုင်မှာ ဖြစ်ပါတယ်။
ဆောက်လုပ်တဲ့ အခါမှာတော့ ဘေးနှစ်ဖက် ဥမင်ငယ်များကို ဦးစွာ ဖောက်လုပ်ပြီးမှ ကျန်ပင်မဥမင်ကို တူးဖော် ဆောက်လုပ်မှာ ဖြစ်ပါတယ်။ ဘူတာတစ်ခုလုံး ၁၆၂ မီတာအရှည်ရှိပြီး Column ခန်းဖွင့်ပေါင်း ၄၃ ခန်းပါဝင်ပါတယ်။ ကျွန်တော့်ဒီဇိုင်းရဲ့ အားသာချက် များကတော့ ဘေးနှစ်ဖက် ပလက်ဖောင်းများ ပိုမိုကျယ်ဝန်းလာတာ ဖြစ်ပြီး မီထရိုလိုင်းကူးများမှာ အသုံးဝင်မှာ ဖြစ်ပါတယ်။ အားနည်းချက်များက စင်္ကြံနှစ်ခု ခွဲထားတာ ဖြစ်လို့ ခရီးသည်များဟာ မိမိတို့ သွားလိုရာကို ဦးစွာ အရင်ရွေးရမှာ ဖြစ်ပါတယ်။ လာရာဘက်ကို ပြန်သွားမယ်ဆိုရင်တော့ လမ်းကို ဖြတ်ကူးဖို့ လိုမှာ ဖြစ်ပါတယ်။ အခြား အားသာချက်၊ အားနည်းချက်များ ရှိသေးပေမယ့် ဒီလောက်နဲ့ ကျွန်တော့်ဒီဇိုင်းကို တင်ပြရင်း ရပ်နားလိုက်ပါတယ်။

ပရင့်ထုတ်ရန်
ဥမှင်ထဲက စင်္ကြန်ပေါ်မှာ တစ်နာရီအတွင်း ခရီးသည် ဘယ်နှစ်ယောက် ရှိနိုင်မလဲ ဆိုတာကို ရထားတစ်စင်းဟာ ဘယ်နှမိနစ်တစ်ခါ ဒီစင်္ကြန်ကို ရပ်သလဲ ဆိုတာနဲ့ တွက်တာပါလား ရှင် ။ အကို့ရဲ့ ဒီဇိုင်း ရဲ့ အားနည်းချက်တစ်ခုလို့ ဆိုထားတဲ့ ခရီးသည်တွေဟာ လာရာလမ်းကို ပြန်သွားမယ်ဆိုရင် လမ်းဖြတ်ကူးရမယ်ဆိုတာက ဘယ်လမ်းလည်း .. ရထားဆိုက်တဲ့ စင်္ကြန်ကို အသွား တစ်ခု အပြန်တစ်ခု နှစ်ခု ခွဲထားမယ်ဆိုရင်တော့ စင်္ကြန်က နှစ်ခု လိုမှာပေါ့ .. ရထားလမ်းက နှစ်လမ်းကပ်လျှက်ပေါ့ .. ကြားထားမှာတော့ ပလက်ဖောင်း အသေးလေး ခံထားမယ် ပေါ့ .. ဒီဘက်က ခရီးသည်တွေ တက်တဲ့ဘက် ဟိုဘက်က ခရီးသည်တွေ ဒီဘူတာမှာ ပြန်ဆင်းတဲ့ဘက် ..နည်းနည်း ၀င် လျှာ ရှည် ကြည့်တာပါ ရှင် ။။။
Micky Mouse ခေါင်းနဲ့တူတယ်။