* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

Eurotunnel (or) Channel Tunnel

စာရေးသူ © MyMetro |

ဒီ

ဥမင်အကြောင်းကို အရင်တည်းက ရေးဖို့ပါပဲ။ ခေတ်သစ် ကမ္ဘာ့အံ့ဖွယ် ၇ ခုတည်းမှာ ပါဝင်သလို ဥမင်ဖြစ်ပေါ်လာဖို့ ရှည်လျားတဲ့ သမိုင်းကြောင်းလည်း ရှိပါတယ်။ ဘယ်လိုကနေ ဘယ်လို စရေးရမလဲ မသိတာကြောင့် ရေးဖို့ လက်တွန့်နေခဲ့တာပါ။ အခု မဂျစ်တူးက ကြွက်တွင်းထဲမှာ ကားမောင်းချင်တယ်ဆိုလို့ ဒီဥမင် အကြောင်းကို လက်လှမ်းမှီသလောက် ရှာဖွေရေးသားလိုက်ရပါတယ်။ ဒါပေမဲ့ ဒီဥမင်က ကိုယ်တိုင် ကားမောင်းပြီး သွားလို့ မရပါဘူး။ ကားကို ရထားပေါ်တင်ပြီးသာ ဖြတ်ကူးလို့ ရပါတယ်။

ယူရိုဥမင် (Eurotunnel) လို့ အများသိကြတဲ့ အင်္ဂလိပ် ရေလက်ကြား ဥမင် (Channel tunnel) ကို စတင် ဖောက်လုပ်ဖို့ ၁၉၈၆ ခုနှစ်မှာ အင်္ဂလန်နဲ့ ပြင်သစ်နိုင်ငံတို့ သဘောတူညီခဲ့တဲ့ အချိန်မှာ ဥမင် ဖောက်လုပ်ရေး အင်ဂျင်နီယာတွေ အတွက် အကြီးမားဆုံးသော စိန်ခေါ်မှု တစ်ရပ်ကို စတင် ကြုံတွေ့ရ တော့တာပါပဲ။ အင်္ဂလိပ် ရေလက်ကြားကို ဖြတ်ပြီး ဥမင်ဖောက်လုပ်ဖို့ စိတ်ကူးခဲ့တာ၊ စတင်ခဲ့တာ နပိုလီယန် လက်ထက် တည်းကလို့ ပြောရမှာပါ။

၁၈၀၂ ခုနှစ်မှာ ပြင်သစ် အင်ဂျင်နီယာ အဲလ်ဘတ် မက်သယူးက ပထမဆုံးဥမင် ဒီဇိုင်းကို ရေးဆွဲပြီး နပိုလီယံကို တင်ပြခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း နှစ်နိုင်ငံလုံးက အင်ဂျင်နီယာများ၊ အဖွဲ့အစည်းများက ဒီ ရေလက်ကြား ဥမင် ဖောက်လုပ်ဖို့ ခေတ်အဆက်ဆက် ကြိုးစားခဲ့ကြပါတယ်။ အထင်ရှားဆုံး အနေနဲ့ ၁၈၈၁ ခုနှစ်မှာ ဗြိတိသျှ ဘက်ကနေ ၈၉၇ ကိုက်(၈၂၀ မီတာ) ရှည်တဲ့ ဥမင်ဖောက်လုပ် ခဲ့ပါတယ်။ နောက်ပိုင်းမှာ ငွေကြေး မလုံလောက်လို့ ဆက်မဖောက် နိုင်ခဲ့ပါဘူး။ တစ်ခါ ၁၉၂၂ ခုနှစ်မှာလည်း ထပ်မံတူးဖော် ခဲ့ပါသေးတယ်။ ဒါပေမဲ့ နိုင်ငံရေး ပြဿနာများကြောင့် ရပ်ဆိုင်းခဲ့ရ ပြန်ပါတယ်။

ယခု လက်ရှိဥမင်ရဲ့ ဒီဇိုင်းကို ၁၉၆၀ ခုနှစ်က ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ၁၉၇၃ ခုနှစ်မှာ စမ်းသပ်ဥမင်ကို စတင်ဖောက်လုပ် ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာ ငွေကြေး ပြဿနာများကြောင့် ဆက်မဖောက်နိုင်ခဲ့ပါဘူး။ ၁၉၈၄ ခုနှစ်ကျမှ နှစ်နိုင်ငံအကြား ဆက်သွယ်ရေး လမ်းကြောင်း တစ်ခု ဖောက်လုပ်ဖို့ သဘောတူညီမှု ရရှိပြီး ဖြစ်နိုင်ဖွယ်ရာ နည်းလမ်းများကို စဉ်းစားခဲ့ကြပါတယ်။ ရေလက်ကြားကို ဖြတ်ကျော်ဖို့ ဖြစ်နိုင်တဲ့ ရထားလမ်းဥမင် ပုံစံ ၂ ခု၊ မော်တော်ကားလမ်း ဥမင်ပုံစံ ၁ ခုနဲ့ တံတားတစ်စင်းပုံစံ ၁ ခုတို့ကို အဖက်ဖက်က စဉ်းစား သုံးသပ်ပြီးတဲ့နောက်မှာ ယခင် ၁၉၇၃ ခုနှစ်က ရပ်ဆိုင်း ထားခဲ့တဲ့ စီမံကိန်း အတိုင်း ပြန်လည် အကောင်အထည် ဖော်ဖို့ ဆုံးဖြတ်ခဲ့ကြ ပါတယ်။

၁၉၈၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ဥမင်ဖောက်လုပ်ဖို့ နှစ်နိုင်ငံ အစိုးရများ သဘောတူညီချက် လက်မှတ် ရေးထိုး ခဲ့ကြပါတယ်။ ဒီဥမင်ကို အလုပ်သမား ပေါင်း ၁၃၀၀၀ ကျော်နဲ့ ၇ နှစ်ကျော်ကြာ ဖောက်လုပ်ခဲ့ရပြီး ၁၉၉၄ ခုနှစ် မေလ၊ ၆ ရက်နေ့မှာ ပြင်သစ်ဘက်ခြမ်း ကဲလတ်စ် မြို့မှာ ဗြိတိသျှ ဘုရင်မကြီးနဲ့ ပြင်သစ်သမ္မတ ဖရန်စစ် မီတာရန်း တို့က ကမ္ဘာ့အရှည်ဆုံး ရေလက်ကြားဥမင်ကို တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။

ယူရိုဥမင်ဟာ အင်္ဂလန်နိုင်ငံ တောင်ပိုင်း ဖော့က်စတုန်း (Folkestone) နဲ့ ပြင်သစ်နိုင်ငံ မြောက်ပိုင်း ကဲလက်စ် (Calais) မြို့တို့ကို ဆက်သွယ် ထားပြီး ၅၁.၅ ကီလိုမီတာ(၃၁ မိုင်) ရှည်လျားကာ ရထားလမ်း ဥမင် နှစ်ခုနဲ့ အရန်ဥမင်ငယ် (service tunnel) တစ်ခု ပါဝင်ပါတယ်။ ပင်လယ် ကြမ်းပြင်ရဲ့ အောက် ပျမ်းမျှ ၄၅ မီတာ(၁၅၀ ပေ) အနက်မှာရှိတဲ့ ကျောက်လွှာထဲမှာ ဖောက်လုပ် ထားပါတယ်။ ရထားလမ်း တစ်လမ်းစီးသာ ပါဝင်တဲ့ ရထားလမ်း ဥမင်များဟာ အချင်း ၇.၆ မီတာ(၂၅ ပေ) ရှိပြီး ဥမင်တစ်ခုနဲ့ တစ်ခု ၃၀ မီတာ (၉၈ ပေ) ခြားကာ အပြိုင် သွယ်တန်းလျက် ရှိပါတယ်။ ၎င်းတို့ကြား ၁၅ မီတာ အကွာအဝေးမှာ အရန် ဥမင်ငယ်တစ်ခု ဖောက်လုပ်ထားပြီး ဥမင် ပြုပြင် ထိန်းသိမ်းရေးနဲ့ အရေးပေါ် ထွက်ပေါက်အတွက် အသုံးချနိုင်ရန် ဖြစ်ပါတယ်။

ဥမင်သုံးခုစလုံးရဲ့ ၃၇၅ မီတာ အကွာအဝေးတိုင်းမှာ အရန် ဥမင်ငယ်ကနေ ပင်မဥမင် နှစ်ခုကို ၀င်ထွက် သွားလာနိုင်တဲ့ အရေးပေါ် ထွက်ပေါ်များ ဖောက်လုပ် ထားပါတယ်။ ဒီထွက်ပေါက် များဟာ ဥမင်အတွင်း လေ၀င်လေထွက် စနစ်နဲ့ ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်း များ လုပ်ဆောင်နိုင်ရန်လည်း အထောက်အကူ ပြုပါတယ်။ ဒါ့အပြင် မီတာ ၂၀၀ အကွာစီမှာ ပင်မဥမင်နှစ်ခု အကြား ဆက်သွယ်ထားတဲ့ ဥမင်များအတွင်း လေဖိအားကို လျော့ချပေးနိုင်တဲ့ piston relief ducts များတပ်ဆင် ထားပါသေးတယ်။ ဥမင်သုံးခုလုံးရဲ့ lining ကို ကွန်ကရစ် segment များနဲ့ တပ်ဆင် ပြုလုပ်ထားပါတယ်။

ပြင်သစ် ဘက်ကမ်းရဲ့ ဥမင် ဖောက်လုပ်ရေး အပိုင်းကို ၁၉၈၇ ခုနှစ် Sangatte အရပ်၊ ရထားလမ်းဥမင် ၀င်ပေါက်ရဲ့ ၃ ကီလိုမီတာ အကွာကနေ စတင်ခဲ့တာပါ။ ၇၀ မီတာနက်ပြီး၊ ၅၅ မီတာ အချင်းရှိတဲ့ စက်ဝိုင်းပုံသဏ္ဍာန် ဒေါင်လိုက် ဥမင်ကို စတင် ဖောက်လုပ်ခဲ့ပြီး ၎င်းဥမင်မှ တဆင့် ဥမင် တူးဖော်မယ့် TBM တွေကို တပ်ဆင်ကာ အင်္ဂလိပ် ဘက်ကမ်းနဲ့ ဥမင်အ၀င်ဝတို့ကို ဦးတည် ဖောက်လုပ်ခဲ့ပါတယ်။ ပြင်သစ်ဘက်က TBM-tunnel boring machine ၅ လုံးအသုံးပြု ခဲ့ပါတယ်။ TBM သုံးလုံးကို Sangatte cofferdam ကနေ အင်္ဂလိပ် ရေလက်ကြား အလယ် နှစ်နိုင်ငံ ဆုံရာအမှတ်ထိ ဖောက်လုပ်ရာမှာ အသုံးပြုခဲ့ပြီး၊ ကျန် TBM နှစ်လုံးကို Sangatte cofferdam မှ ဥမင်အ၀င်ဝသို့ ပြန်လည် ဖောက်လုပ်ရာမှာ အသုံးပြုခဲ့ပါတယ်။

အင်္ဂလိပ် ဘက်ကမ်းရဲ့ ဥမင် ဖောက်လုပ်ရေးမှာ TBM ၆ လုံး အသုံးပြုခဲ့ပါတယ်။ ၁၉၇၃ ခုနှစ်က ဖောက်လုပ်ခဲ့တဲ့ ယခင်ဥမင် အဟောင်းနေရာ ရှိက်စပီးယား ကျောက်တောင်ခြေ ကနေ စတင် ဖောက်လုပ်ခဲ့ပြီး ရေလက်ကြား အလယ်ကို TBM သုံးလုံး၊ ၎င်းမှ ဥမင်အထွက် နေရာသို့ TBM သုံးလုံးနဲ့ ဖောက်လုပ် ခဲ့ပါတယ်။

ဥမင် ဖောက်လုပ်ရာ ပင်လယ် ရေအောက် ကြမ်းပြင်ရဲ့ မြေအမျိုးအစားကတော့ မြေဖြူကျောက်လို့ ခေါ်တဲ့ အနည်ကျ ကျောက် အမျိုးအစားများ ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ် မေလမှာ မြောက်ဘက် ဥမင်နှစ်ခု ဆုံတွေ့ခဲ့ပြီး ဇွန်လထဲမှာ တောင်ဘက် ဥမင်နှစ်ခု ဆုံတွေ့ခဲ့ပါတယ်။ သတ်မှတ်ကာလထက် ၃ လ နောက်ကျ ပြီးစီးပါတယ်။ ခေတ်မှီ လေဆာ တိုင်းတာရေးများနဲ့ ဥမင်များကို တိုင်းတာ ဖောက်လုပ်ခဲ့ပြီး ဥမင်များ ဆုံတွေ့ရာမှာ ၂ စင်တီမီတာ လွဲချော်မှု ရှိတယ်လို့ သိရပါတယ်။ ဥမင်တစ်ခုလုံး၏ ဆောက်လုပ်ရေး ကုန်ကျစရိတ် စုစုပေါင်းမှာ ပေါင်စတာလင် ၁၀ ဘီလီယံခန့် ရှိတယ် ဟုလည်း သိရှိရပါတယ်။

၂၀၀၅ ခုနှစ် စစ်တမ်းများအရ ယူရိုဥမင်အတွင်းမှ ဖြတ်၍ Eurostar ရထားလိုင်းဖြင့် ခရီးသည် ၈.၂ သန်းကို ပို့ဆောင်ပေးနိုင်ခဲ့ပြီး ရှော်တယ်ရထား (shuttle trains) ဖြင့် ကားစီရေ ၂ သန်းကျော်၊ ကုန်တင်ကား ၁ သန်းကျော်တို့ကို သယ်ယူ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဥမင်အတွင်း လက်ရှိပြေးဆွဲနေတဲ့ ရထားလိုင်း အမျိုးအစား လေးခု ရှိပါတယ်။ ခရီးသည်တင် ရထားလိုင်း ကတော့ Euroster လိုင်းဖြစ်ပြီး ပြင်သစ်ရဲ့ တစ်နာရီ ၃၀၀ ကီလိုမီတာ ပြေးတဲ့ TGV လျှပ်စစ်ရထားများနဲ့ ပြေးဆွဲနေတာ ဖြစ်ပါတယ်။ ဥမင်အတွင်း တစ်နာရီ ၁၀၀ ကီလိုမီတာနှုန်းနဲ့ မောင်းနှင်ကာ ဥမင်အစအဆုံး ခရီးစဉ် မိနစ် ၂၀ သာကြာမြင့်ပါတယ်။

ရေအောက် ဥမင်တွေထဲမှာ ယူရိုဥမင်ဟာ ကမ္ဘာပေါ်မှာ ဒုတိယ အရှည်ဆုံးဥမင် ဖြစ်ပါတယ်။ ကမ္ဘာမှာ အရှည်ဆုံး ရေအောက် ဥမင်ကတော့ ဂျပန်နိုင်ငံက ဟွန်းရှုးကျွန်းနဲ့ ဟော့ကိုင်းဒိုးကျွန်းကို ဆက်သွယ်ထားတဲ့ ဥမင်ဖြစ်ပြီး အရှည် ၃၃ မိုင်ရှည်လျားပါတယ်။ ဒါပေမဲ့ ပင်လယ် ရေအောက်ထဲမှာရှိတဲ့ ဥမင်အလျားမှာတော့ ယူရိုဥမင်ဟာ ကမ္ဘာပေါ်မှာ အရှည်ဆုံးဥမင်တစ်ခု ဖြစ်ပါတယ်။ အမေရိကန် မြို့ပြအင်ဂျင်နီယာများ အသင်းက ယူရိုဥမင်ကို ခေတ်သစ် ကမ္ဘာ့ အံ့ဖွယ်တစ်ခု အဖြစ်သတ်မှတ်ခဲ့ပါတယ်။

ယူရိုဥမင်မှာ လျှပ်စစ် ဓာတ်အားပေးစနစ်၊ ရထားလမ်း ထိန်းချုပ်ရေးနဲ့ ဆက်သွယ်ရေး စနစ်၊ လေ၀င် လေထွက် စနစ်၊ ဥမင်အတွင်း လေအေးပေးစနစ်၊ ရေစီးရေလာ စနစ်၊ မီးဘေး ကာကွယ်ရေး စနစ်နဲ့ ပြုပြင် ထိန်းသိမ်းရေး စနစ်များကို စနစ်တကျ တပ်ဆင် ပေးထားပါတယ်။ ရာသီဥတုမရွေး၊ နေ့ည အချိန်မရွေး အသုံးပြုနိုင်ပြီး အင်္ဂလန်ကျွန်းနဲ့ ဥရောပကုန်းမြေကို ဆက်စပ်ပေးထားတဲ့ အဓိက ရထားလမ်းကြောင်းတစ်ခု ဖြစ်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။ ဗီဒီယို မှတ်စုအနေနဲ့ ကြည့်ရှုနိုင်ဖို့ အတွက်လည်း တင်ပြပေးလိုက်ပါတယ်။



ဒါလောက်ဆိုရင် ယူရိုဥမင်အကြောင်းကို တော်တော်လေး စုံစုံလင်လင် သိရှိသွားမှာပါ။ မရှင်းလင်းသည်များကိုလည်း တတ်နိုင်သမျှ ဖြေကြားသွားပါမယ်။
ဆက်လက်လေ့လာရန်။ Challenges, Solutions and Reality in TBMs for Channel Tunnel

Print ပရင့်ထုတ်ရန်
3 ထင်မြင်ချက်၊
  1. Anonymous May 6, 2007 at 6:38 PM  

    ခုလိုရေးပေးတာ ကျေးဇူးအရမ်းတင်ပါတယ် ။ ဗီဒီယိုတွေကြည့်လိုက်ရတာလည်း အရမ်းကောင်းတယ် ။

    သေချာအောင် တခုမေးဦးမယ်... Is euro tunnel built under the sea bed? So it means the tunnel is surrounded by rocks, doesnt it?

    For atlantic tunnel that they are planning to build, would it be within the sea-level (coz they mentioned they plan to anchor the tunnel to sea bed)?

  2. MyMetro May 6, 2007 at 11:29 PM  

    “ မဂျစ်တူးက အခု ယူရိုဥမင်မှာ ကျတော့ မြေအောက်ထဲမှာ ဖောက်ပြီး၊ သူတို့ ပြောတဲ့ အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်မယ့် ဥမင်မှာကျတော့ ရေအောက် ကြမ်းပြင်ရဲ့ အထက်မှာ ဆောက်ပြီး ကျောက်ဆူးလို့ပဲ ခေါ်ရမယ့် Anchor တွေနဲ့ ပင်လယ် ကြမ်းပြင်ကနေ ချိတ်ဆွဲထားမယ်လို့ ပြောတာနဲ့ ပတ်သက်ပြီး မရှင်းဘူးလို့ ထင်ပါတယ်။
    ဒါနဲ့ ပတ်သက်ပြီး အနည်းငယ် ရှင်းပြပါမယ်။ ဥမင်ဆိုတာနဲ့ မြေအောက်မှာ ဖောက်ကြတာပါပဲ။ မြစ်ကူး၊ ချောင်းကူး၊ ပင်လယ်ကူး စတဲ့ ဥမင်တွေလည်း မြေအောက်မှာပဲ ဖောက်ကြတာပါပဲ။ ဒါပေမဲ့ မြေအောက်ထဲကို တိုးဝင်လေလေ၊ ရထားက မြေပေါ်ကို ပြန်ထွက်ဖို့ Gradient လို့ခေါ်တဲ့ slope များလေလေပါပဲ။ ဒါကိုလျှော့မယ် ဆိုရင် ဥမင်ကို ရှည်ရှည်တူးရပါမယ်။ မြစ်တို့၊ ချောင်းတို့၊ ပင်လယ်တို့မှာကျတော့ ရေအောက် ကြမ်းပြင်က မူလကုန်းမြေရဲ့ မျက်နှာပြင်ထက်ကို အများကြီး နိမ့်တာ ဖြစ်လို့ အဲ့ဒီ ရေအောက်ကြမ်းပြင် အောက်မှာမှ ဥမင် ဖောက်တော့မယ် ဆိုရင် မြေပေါ်ကို ပြန်ထွက်ဖို့ ဥမင်အလျားကို ရှည်ရှည် တူးရတော့ပါမယ်။ နောက်တစ်ခုက မြေအောက်ကို နက်လေလေ၊ ဖိအားကလည်း များလေလေ ဖြစ်တော့ တတ်နိုင်သမျှ မြေမျက်နှာပြင်နဲ့ အနီးဆုံးထားပြီး stable ဖြစ်တဲ့ နေရာမှာ တည်ဆောက် ကြပါတယ်။ ရေအောက်ဥမင်များ ဆောက်ရာမှာလည်း ဒီသဘောတရားပါပဲ။ မြစ်ကြောင်း၊ သဘောင်္သွားလာမှု (navigation) ကို ထိခိုက်နိုင်တဲ့ အခြေအနေမှာဆိုရင် ဥမင်တွေကို ရေအောက် ကြမ်းပြင်ရဲ့အောက် (under sea bed) အောက်မှာ တည်ဆောက်ကြပြီး အဲလို အခြေအနေတွေ လျော့ပါးမယ် ဆိုရင်တော့ ရေအောက်ထဲမှာပဲ support တစ်ခုခံပြီး တံတား ( bridge-tunnel) ပုံစံနဲ့ ဖြစ်စေ၊ ဥမင်ကို water tight ဖြစ်အောင်၊ ရေထဲမှာ ဗောလော ပေါ်နေအောင် ထားပြီး Anchor တွေနဲ့ ချိတ်ဆွဲထားပြီးတော့ ဖြစ်စေ ဆောက်လုပ်နိုင်တယ်လို့ ပညာရှင်တွေက စဉ်းစားထားကြပါတယ်။ Floating tunnel တွေလို့လဲ ခေါ်ကြပါတယ်။ floating tunnels တွေဟာ မြေအောက်ကို သိပ်အနက်ကြီး မ၀င်ရတော့တဲ့ အတွက် ဥမင်အလျားလည်း တိုတောင်းပြီး မြေပေါ်ကို ပြန်ထွက်ဖို့ ချဉ်းကပ် ဥမင်တွေအတွက်လည်း Gradient နည်းနည်းနဲ့ တူးနိုင်ပါတယ်။ စရိတ်လည်း သက်သာပါတယ်။ ကျွန်တော်သိသလောက်တော့ သမိုင်းမှာ ဒါမျိုးဆောက်ခဲ့တာ မတွေ့ဘူးပါဘူး။ ကြမ်းပြင်အောက် မြေလွှာမှာပဲ တူးတာ များပါတယ်။ ကျွန်တော် လေ့လာမှုအားနည်းလို့ မသိတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီသီအိုရီတွေ၊ Construction method တွေလည်း ကျွန်တော်တို့ သင်ခဲ့ရပါတယ်။ ဒါပေမဲ့ ရေထဲမှာ ဗောလော မျောနေမယ့် ရေမျောဥမင်တွေဟာ တကယ့်လက်တွေ့မှာ ဖြစ်နိုင်၊ မဖြစ်နိုင်၊ Safety ဖြစ်၊ မဖြစ်တော့ မသိပါဘူး။ မြေအောက်၊ ရေအောက်တွေထဲမှာ ဖြစ်ပျက်နေတာကို ဘယ်သူမှာလည်း အလုံးစုံ မသိနိုင်ပါဘူး။ ခန့်မှန်းနိုင်တာ လောက်ပဲ လုပ်နိုင်မှာပါ။ အခု အတ္တလန်တစ် ဥမင်ကလည်း ရေထဲမှာပဲ တံတားပုံစံမျိုး လုပ်ပြီး Maglev ရထားတွေ ပြေးဖို့ propose လုပ်ထားတာပဲ ရှိပါတယ်။ တကယ်ဖြစ်လာ၊ မလာတော့ နည်းပညာ အခြေအနေ အရပဲ၊ စောင့်ကြည့်ရမှာပါလို့ ပြောချင်ပါတယ်။ ကျွန်တော်ဖြေတာ မဟုတ်ရင်၊ သဘောမကျ သေးရင်လည်း ထပ်မေးပါ။ အခုလို ဂရုတစိုက်နဲ့ မေးမြန်းတာကိုလည်း ကြိုဆိုပါတယ်။ ၀မ်းလည်းသာပါတယ်။ နောက်လည်း မေးမြန်း ဆွေးနွေးပါလို့ ဖိတ်ခေါ်ပါတယ်။”

  3. Anonymous May 7, 2007 at 9:03 AM  

    ကိုအောင်မော်ဟိန်း.. ခုလို ရှင်းပြလို့ နားလည်သွားပြီး အဲဒီ gradient ကိစ္စကို အရင်က သတိမထားမိဘူး ။

    floating tunnel တွေက သိပ်စိတ်ဝင်စားဖို့ ကောင်းတာပဲ ။ နောက် အဲဒီဟာတွေအကြောင်း ဖတ်မိရင် ရေးပါဦးး) စာတွေ့ နဲ့ ဒီလောက်ပြန်ရေးနိုင်တာ တော်လှပါပြီ ။ ကျွန်မဆို လက်တွေ့ အလုပ်ဝင်မှ concept တော်၂များ၂ကို သေချာ ခရေစေ့တွင်းကျ နားလည်တာ ။ ကျောင်းတုန်းကတော့ အီကွေးရှင်းတွေ ကျက်ပြီး ပုစ္ဆာတွေဖြေပြီး စာမေးပွဲအမှတ်ကောင်းဖို့ပဲ လုပ်ခဲ့တာ ။

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.