အ
ခုတလော စာတမ်းအတွက် ပြင်ဆင်နေတဲ့အတွက် ဘလော့ဂ်ကို ခြေဦးမလှည့်နိုင်တာ ကြာပါပြီ။ ဒီနေ့မှာ ဘလော့ဂ်ကို ၀င်ကြည့်တုန်း ကျွန်တော်တို့ရဲ့ ဘလော့ဂါစာအုပ် ထုတ်ဝေရေးကို ဦးဆောင်နေတဲ့ သတင်းထောက်ကြီး ကိုစိုးဇေယျထွန်းက မြေအောက် ရထားနဲ့ ပတ်သက်ပြီး မေးမြန်းလာတဲ့ အခါမှာတော့ မနေနိုင်တော့ပဲ ၀င်ရေးရ ပါတော့တယ်။ အမေးရှိက အဖြေလည်းရှိရမယ် မဟုတ်ပါလား။ အပြည့်အစုံကို အောက်မှာ ဆက်လက်ဖတ်ရှု ကြပါခင်ဗျား။
စိုးဇေယျထွန်း: ရန်ကုန်မြို့ကို မြေအောက် ရထားလမ်းဖောက်မယ် ဆိုရင် ကုန်ကျစရိတ် ဘယ် လောက်ရှိနိုင်မလဲ ။
MyMetro: ဟုတ်ကဲ့…။ မြေအောက် ရထားလမ်းဖောက်ရင် ဘယ်လောက် ကုန်ကျနိုင်မလဲ ဆိုတဲ့မေးခွန်းကတော့ မိမိတို့ ဖောက်လုပ်မယ့် မြေအောက် ရထားလမ်းကြောင်း အရှည်၊ ရထားလိုင်း အရေအတွက်၊ ထားရှိမယ့် ဘူတာရုံအရေအတွက်၊ ဆောက်လုပ်ရမယ့် လျှပ်စစ်စက်ခေါင်းပြင် စက်ရုံများစတဲ့ အရေအတွက်တွေ ပေါ်မှာ အခြေခံတွက်ချက်ရမှာ ဖြစ်ပြီးတော့ အသုံးပြုမယ့် materials၊ စက်ပစ္စည်းများအတွက် ကုန်ကျစရိတ်များ၊ ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ကုန်ကျစရိတ်များ အပါအ၀င် ကနဦးဆောက်လုပ်ရေး လုပ်ငန်းများ( တိုင်းတာရေး လုပ်ငန်းများ၊ လုပ်ငန်းခွင် ပြင်ဆင်ရေးလုပ်ငန်းများ၊ ကွန်ကရစ်ဖျော် စက်ရုံ၊ ကွန်ကရစ် ဘလောက်တုံးများ ထုတ်လုပ်ရေးစက်ရုံ၊စသည်) လုပ်ငန်းအပိုင်းလိုက်၊ အသေးစား၊ အကြီးစားလုပ်ငန်းများ စသည်ဖြင့် တည့်သွင်း တွက်ချက်ရမှာ ဖြစ်ပါတယ်။ မြေအောက်ရထားလမ်း ကွန်ရက်ကြီးတစ်ခုလုံး လည်ပတ်ဖို့ ဆိုသည်မှာ ဆောက်လုပ်ချိန်မှစလို့ ပြေးဆွဲသည်အထိ ကြီးမားရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်ကြီး တစ်ခုဖြစ်တယ် ဆိုတာကို ဦးစွာ ရှင်းပြလိုပါတယ်။ အကြမ်းဖျဉ်း အနေနဲ့ မြေအောက် ရထားလမ်း ကွန်ရက် တစ်ခုလုံးရဲ့ ကုန်ကျစရိတ် များကို မတွက်ချက်သေးခင် မြေအောက် ရထားလမ်းဥမင် တစ်ခုအတွက် တစ်မီတာမှာ ကုန်ကျနိုင်မယ့် စရိတ်ကို ယနေ့လက်ရှိ နိုင်ငံတကာ ဈေးနှုန်းများနဲ့ ပြောပြလို့ရပါတယ်။ ဥမင်လိုဏ်ခေါင်း နံရံကို အသင့်ပြုလုပ်ပြီး ကွန်ကရစ် ဘလောက်တုံးများနဲ့ အသုံးပြုတပ်ဆင်တဲ့ ရထားလမ်းဥမင်မျိုးမှာ တစ်မီတာအတွက် အမေရိကန်ဒေါ်လာ ၃၀၀၀၀ ကျော်ကုန်ကျပါတယ်။ စက်ပစ္စည်းဖိုးမပါ၊ တခြားစရိတ်မပါ၊ အသုံးပြုတဲ့ Material ဖိုးချည်း သက်သက်ပါပဲ။ ဒီဈေးနှုန်းက အချင်း ၅.၅ မီတာရှိတဲ့ ဥမင်လိုဏ်ခေါင်း အတွက်ပါ။ ဒီထက်ပိုမို အရွယ်အစားကြီးမားမဲ့ မြေအောက် ဘူတာရုံ ဥမင်တွေမှာ ဆိုရင်တော့ ပိုမိုကုန်ကျပါလိမ့်မယ်။ အခုလက်ရှိ ရန်ကုန်မြို့တော်မှာ အဓိက သွားလာတဲ့ လမ်းကြောင်းများကို လေ့လြာ ကည့်ရသလောက် ဆိုရင် အနည်းဆုံး မြေအောက်ရထားလိုင်း ၂ လိုင်း၊ စုစုပေါင်း ကီလိုမီတာ ၅၀ နီးပါးရှိပါမယ်။ ခုနက ကျွန်တော်တင်ပြခဲ့တဲ့ နှုန်းထားများနဲ့ဆိုရင် အမေရိကန် ဒေါ်လာ နှစ်ဘီလီယံ ထက်မနည်း ကုန်ကျမယ်လို့ ခန့်မှန်းမိပါတယ်။ အတိအကျတော့ ကျွန်တော်မပြောရဲသေးပါဘူး။ ဖောက်လုပ်မယ့် နည်းလမ်းများအပေါ်မှာ မူတည်ပြီးတော့လည်း ကုန်ကျစရိတ် ကွဲပြားနိုင်ပါသေးတယ်။
စိုးဇေယျထွန်း: မေးခွန်း ၂။ အဲလို မြေအောက် ရထားလမ်းဖောက်တဲ့ အခါမှာ အဆေက်အအုံတွေ မထိခိုက်အောင် ဘယ်လို ဖောက်ရမလဲ။
MyMetro: ကျွန်တော်တို့ ရန်ကုန်မြို့ရဲ့ အနေအထားအရ မြို့ဧရိယာအတွင်းမှာ အဆောက်အအုံများ တည်ရှိပြီးတဲ့ အနေအထားမှာ တည်ဆောက်ရမှာ ဖြစ်လို့ ဥမင်လိုဏ်ခေါင်းဖောက်လုပ်ရာမှာ ဒီပြဿနာကို အဓိက စဉ်းစားရမှာ ဖြစ်ပါတယ်။ မြေအောက်ရေ တည်ရှိမှု အနေအထား၊ အဆောက်အအုံများရဲ့ အခြေနဲ့ လွတ်မယ့် အနက်ပေ အတိမ်၊အနက်ပေါ် မူတည်ပြီး မြေအောက် ရထားလမ်း ဥမင်လိုဏ်ခေါင်းများ၊ ဘူတာရုံများကို ဘယ်နေရာမှာ ထားရှိမလဲဆိုတာ အရင် ဆုံးဖြတ် ရပါတယ်။ ဆိုလိုတာက မြေအောက် ခပ်နက်နက်မှာ တူးမယ်ဆိုရင် မြေပေါ်မှာ ရှိတဲ့ အဆောက်အအုံ တွေပေါ်မှာ သက်ရောက်မှု နည်းပါးမှာ ဖြစ်ပြီးတော့၊ အနက်တိမ်မယ်ဆိုရင် အပေါ်က အဆောက်အအုံတွေ ပေါ်မှာ သက်ရောက်မှု အနည်းအများရှိပါမယ်။ အဓိက သက်ရောက်လာမယ့် အရာကတော့ ရထားသွားလာရာမှာ ဖြစ်ပေါ်လာမယ့် Vibration ပါပဲ။ ဒီ တုန်ခါမှုဒဏ်ကို ကာကွယ်နိုင်အောင် ရှိပြီးသား အဆောက်အအုံတွေမှာ၊ ဥမင်လိုဏ်ခေါင်းနံရံတွေမှာ၊ နောက် ရထားသံလမ်း အောက်ခြေမှာ တုန်ခါမှုကို ကာကွယ်နိုင်မယ့် Polymer လိုပစ္စည်းမျိုးကို ထည့်သွင်း တည်ဆောက်ကြပါတယ်။ ဒါက အဆောက်အအုံတွေမှာ ဖြစ်လာနိုင်မယ့် ပြဿနာကို ပြောတာပါ။ နောက်တစ်ခုက ဖောက်လုပ်တဲ့နည်းလမ်းပေါ့။ မြို့အနေအထားအရ တချို့နေရာတွေမှာ (ဆင်ခြေဖုံးဒေသ မြို့နယ်များ) အခြား အဆောက်အအြုံ ကီးကြီးမားမား မရှိသေးတဲ့အတွက် ဥမင်အနက်ကို ခပ်တိမ်တိမ်နဲ့ ဆောက်လုပ်နိုင်ပြီး။ မြို့လယ်လို နေရာတွေမှာတော့ ခပ်နက်နက်တူးမှ အပေါ်က အဆောက်အအုံများနဲ့ လွတ်ပါလိမ့်မယ်။ ဥမင်အနက်တိမ်တဲ့အခါ ဖောက်လုပ်မဲ့ ဥမင်လမ်းကြောင်း တလျှောက် အပေါ်က တူးထုတ်ကာ ဥမင်ကို ဆောက်လုပ်ပြီးမှ မြေပြန်ဖို့တဲ့ နည်းလမ်းကို အသုံးပြုပါတယ်။ ဒီနည်းလမ်းမှာတော့ ရှိပြီးသား လမ်း၊ အဆောက်အအုံတစ်ချို့ကို ဖယ်ထုတ်ရမှာ ဖြစ်တဲ့အတွက် ဆင်ခြေဖုံးဒေသ လမ်းပိုင်းများနဲ့ သင့်လျော်ပြီး မြို့လယ်အပိုင်းများနဲ့ မသင့်တော်ပါဘူး။ မြေအောက် အနက်ပေများတဲ့ ဥမင်များမှာတော့ လမ်းကြောင်းအစနဲ့ အဆုံးနေရာများမှာ vertical shaft လို့ခေါ်တဲ့ ထောင်လိုက် ဥမင်များကို တူးဖော်ပြီး ဥမင်အစအဆုံး မြေအောက်ကပဲ Tunnel boring machine သို့မဟုတ် အခြားစက်တမျိုးမျိုးနဲ့ အသုံးပြု တူးဖော်ပါတယ်။ ဒီနည်းလမ်းကတော့ မြေအောက်ကပဲ အစအဆုံး တူးဖော်သွားတာ ဖြစ်လို့ မြို့လယ်ဒေသ အဆောက်အအုံ ပြည့်ကျပ်နေတဲ့ နေရာမျိုးတွေမှာ မြေပေါ်အဆောက် အအုံများကို ထိခိုက်ခြင်း မရှိပဲ တူးဖော် သွားနိုင်ပါတယ်။ နောက်တစ်ခု စဉ်းစားရမဲ့အချက်ကတော့ ဥမင်ဖောက်ဖို့ Vertical shaft (Launching shaft လို့လည်း ခေါ်ပါတယ်) စတင်ဖောက်မယ့် နေရာပါပဲ။ မြေအောက်ဘူတာရုံများ ဆောက်လုပ်ဖို့ အတွက်ပါ။ ဘူတာများကို အချက်အခြာကျတဲ့၊ သွားလာမှု အဆင်ပြေတဲ့ နေရာများမှာ တည်ဆောက်ရတာ ဖြစ်လို့ ၎င်းနေရာများမှာ အများအားဖြင့် ရှိပြီးသား အဆောက်အအုံ တွေနဲ့ ပြည့်ကျပ် နေပါတယ်။ ဥပမာ အနေနဲ့ စဉ်းစား ကြည့်မယ်ဆိုရင် ရန်ကုန်မြို့တွင်း၊ မဟာဗန္ဓုလလမ်း၊ သိမ်ကြီးဈေးရှေ့မှာ မြေအောက်ဘူတာ ဆောက်မယ် ဆိုပါတော့ ကနဦးလုပ်ငန်းခွင် အတွက် မြေနေရာနဲ့ Vertical shaft တူးဖော်ဖို့ မြေနေရာ လိုပါတယ်။ ဒီတော့ အဆောက်အဦး တစ်ချို့ကို ဖျက်ပစ်ရပါလိမ့်မယ်။ ဒါပေမဲ့ ဥမင်လုပ်ငန်းများ ပြီးစီးသွားတဲ့အခါမှာတော့ အဆိုပါ နေရာမှာ အဆောက်အအုံ ပြန်ဆောက်လို့ရပါတယ်။
နိုင်ငံတော်တော်များများမှာတော့ မြေအောက်ရထားလမ်း ဥမင်များကို အဆောက်အအုံများနဲ့ လွတ်အောင် လက်ရှိ အသုံးပြုနေတဲ့ ကားလမ်းမှ တလျှောက် အောက်ကပဲ ဖောက်လုပ်တာကို တွေ့ရှိရပါတယ်။ ဥပမာ လန်ဒန်မြို့ မီထရိုလမ်းကြောင်းများဟာ အများအားဖြင့် ကားလမ်းမများရဲ့ အောက်ခြေမှာ တည်ရှိပြီး ဖောက်လုပ်ခဲ့စဉ်က Cut and cover method မြေပေါ်မှတူးဖော်ပြီး ပြန်ဖို့တဲ့နည်းကို အသုံးပြုခဲ့တာကို လေ့လာတွေ့ရှိရပါတယ်။
စိုးဇေယျထွန်း: မေးခွန်း ၃ ရန်ကုန်မြို့သည် မြေအောက်ရထားလမ်း ဖောက်ဖို့ လိုအပ်နေပြီလား။
MyMetro: ဟုတ်ကဲ့။ ရန်ကုန်မြို့မှာ မြေအောက်ရထားလမ်း၊ သိုမဟုတ်၊ လက်ရှိ ဘတ်စ်ကားပေါ်မှာ မူတည်နေတဲ့ သယ်ယူပို့ဆောင်ရေး စနစ်ကို ပြောင်းလဲပေးနိုင်မယ့် Mass rapid transit စနစ်တစ်ခု မရှိမဖြစ်လိုအပ်နေပါပြီ။ လက်ရှိလူဦးရေ ခြောက်သန်း နီးပါးလောက်အတွက် လက်ရှိ ပြေးဆွဲနေတဲ့ ယာဉ်အချိုးအစား မလုံလောက်ဘူး ဆိုတာ မြင်တွေ့နိုင်ပါတယ်။ သက်ဆိုင်ရာ စာရင်းဇယားများကို အတိအကျ မသိရပေမဲ့ စာနယ်ဇင်းတွေက ဖော်ပြနေတဲ့ အခြေအနေအရ နေ့စဉ် လူဦးရေ နှစ်သန်းနီးပါးလောက်ကိုပဲ ဘတ်စ်ကားနဲ့ ၀န်ဆောင်မှုပေးနိုင်ပြီး ကျန်လူဦးရေ သုံးသန်းကျော်ဟာ ကိုယ်ပိုင်ကား၊ ကူးတို့သင်္ဘော၊ အငှားယာဉ်နဲ့ အခြားနည်းလမ်းများကို အသုံးပြု သွားလာနေရတယ်လို့ ဆိုပါတယ်။ နောက်တစ်ချက်ကတော့ တိုးပွားလာဦးမယ့် မြို့တော်ရဲ့ လူဦးရေကြောင့်ပါ။ လက်ရှိလူဦးရေ တိုးနှုန်းအတိုင်းဆိုရင် လာမယ့်ဆယ်စုနှစ် အတွင်းမှာ လူဦးရေ ၁၀ သန်းကျော်ဖြစ်လာပါတော့မယ်။ ဒါကြောင့် မြို့တော်ရဲ့ လိုအပ်နေတဲ့ သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုကို ဖြည့်ဆည်းပေးဖို့ Metropolitan စနစ်တစ်ခု လိုအပ်နေပြီလို့ ဆိုချင်ပါတယ်။ ဒါဟာ ခေတ်မှီမြို့တော်တစ်ခုရဲ့ အင်္ဂါရပ်တစ်ခုလည်း ဖြစ်ပါတယ်။
နောက်ထပ် နည်းလမ်းတစ်ခုကတော့ Mass rapid transit တစ်ခုဖောက်လုပ်ရာမှာ စဉ်းစားကြတဲ့ နည်းလမ်းတစ်ခုပါ။ အဲဒါကတော့ မိုးပေါ် ရထားလမ်းကြောင်းများ (Sky train or elevated) ဖြစ်ပါတယ်။ ကမ္ဘာ့မြို့ကြီး တော်တော်များများမှာ မြေပေါ်နဲ့ မြေအောက် လမ်းကြောင်းများကို ပေါင်းစပ်ပြီး မီထရိုပိုလီတန် ကွန်ယက်တစ်ခု အဖြစ်တည်ဆောက်ကြပါတယ်။ မြေအောက်မှာပဲ လုံးလုံးတည်ဆောက်မလား၊ မြေပေါ်ကပဲ Sky train လုပ်မလား၊ နှစ်မျိုးလုံးကို ပေါင်းစပ် ဖော်ဆောင်မလားဆိုတာ စီမံကိန်းကို အဆုံးအဖြတ်ပေးမယ့် သူတွေရဲ့ ရွေးချယ်မှု အပေါ်မှာ မူတည်ပါတယ်။
စိုးဇေယျထွန်း: နိုင်ငံတကာမှာ တစ်စတုရန်း မီတာ ပျမ်းမျှ လူဘယ်လောက်ရှိမှ မြေအောက် ရထားလမ်းကို ဖောက်တာလဲ။
MyMetro: မြေအောက် ရထားဟာ လူဦးရေပေါ်ကို မှီခိုနေတာမှန်ပေမဲ့ အခြားသော သယ်ယူပို့ဆောင်ရေး စနစ်များနဲ့ လုံလောက်မယ်ဆိုရင် ဖောက်လုပ်ဖို့ မလိုတာကြောင့် ဒီလိုမျိုးတွက်ဆလို့ မရပါဘူး။ ဥပမာအနေနဲ့ တောင်ပေါ်ဒေသလိုနေရာမျိုးမှာ လူဦးရေ များပေမယ့် အခြားသော သယ်ယူပို့ဆောင်ရေး နည်းလမ်းတွေက စရိတ်စက သက်သာတဲ့ အခါမှာ မြေအောက်ရထားကို အသုံးမပြုသလို လူဦးရေ နည်းပေမယ့်လည်း သယ်ယူပို့ဆောင်ရေးစနစ်ကို မြှင့်တင်ဖို့၊ မြို့ရဲ့ ခေတ်မှီအင်္ဂါရပ်နဲ့ အညီဖြစ်စေဖို့ ဆောက်လုပ်ကြတာကို တွေ့ရပါတယ်။ ယေဘူယျအားဖြင့် လူဦးရေ တစ်သန်းအထက် မြို့ကြီးများမှာ ဆောက်လုပ်အသုံးပြုကြတာကို တွေ့ရပါတယ်။ ယခုလောလောဆယ် ဖောက်လုပ်နေတဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုက ဒူဘိုင်းမြို့ဆိုရင် လူဦးရေ ၈ သိန်းကျော်သာရှိပေမဲ့ မီထရို ဖောက်လုပ်နေတာကို တွေ့ရပါတယ်။
စိုးဇေယျထွန်း: မြန်မာရဲ့ လက်ရှိ နည်းပညာအရ မြေအောက်ရထားလမ်း ဖောက်နိုင်ပါ့မလား။
MyMetro: ကျွန်တော့် အမြင်အရ လက်ရှိ ကျွန်တော်တို့ဆီမှာ လူ့အရင်းအမြစ်ကော၊ နည်းပညာပိုင်းပါ အားနည်းသေး တဲ့အတွက် မိမိဘာသာ ဒီလိုစီမံကိန်းမျိုးကို အကောင်အထည် ဖော်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သေးပါဘူး။ ပြည်ပက ငွေကြေး၊ နည်းပညာ အထောက်အပံ့ အကူအညီတွေ ရမှ ဖြစ်လာနိုင်မယ့် အနေအထားပါလို့ ပြောချင်ပါတယ်။ နောက်တစ်ချက်က လျှပ်စစ်ဓာတ်အားပါပဲ။ ဒီဇယ်ရထားကို ဥမင်ထဲမှာ ပြေးဆွဲလို့ မဖြစ်နိုင်ပါဘူး။
စိုးဇေယျထွန်း: မေးခွန်း ၆။ နိုင်ငံတကာ မြို့ကြီးတွေမှာ မြေအောက် ရထားလမ်းရဲ့ အမိုးပေါ်က မြေသားကို ကွက်လပ်ကြီး ထားပါသလား၊ ကားလမ်းလုပ်ထားပါလား၊ သို့တည်းမဟုတ် အိမ်ဆောက်လို့ကော ရပါသလား။
MyMetro: မြေအောက် အနက်ပေ တိမ်တဲ့ (shallow depth tunnel) မြေအောက်ရထားလမ်းရဲ့ အပေါ်မှာ အများအားဖြင့် အဆောက်အအုံတွေ မထားပါဘူး။ ကားလမ်းအဖြစ် အပေါ်ကထပ်ပိုး ဖောက်လုပ်ထားတာကို တွေ့ရပါတယ်။ မြေအောက် အနက်ပေများမယ် ဆိုရင်တော့ ကိစ္စမရှိပါဘူး။ အခြားအဆောက်အအုံတွေ အပေါ်က ထပ်ဆောက်လို့ရပါတယ်။ မြေအောက်အနက် မီတာ ၂၀ ထက်များရင် Deep location လို့သတ်မှတ်ပါတယ်။
စိုးဇေယျထွန်း: ကျေးဇူးတင်ပါတယ်။ ဖြစ်နိုင်ရင် ရန်ကုန်မြို့တော်ကို မြေအောက် ရထားလမ်း တည်ဆောက် ကြည့်ခြင်း အကြောင်း ရေးသားပေးစေလိုပါတယ်။
MyMetro: ဟုတ်ကဲ့။ အခုလက်ရှိ ကျွန်တော်တို့ ရေးသားနေတဲ့ ဘွဲ့ယူ စာတမ်းများမှာ ရန်ကုန်မြို့ အနေအထားကို အခြေတည်ပြီး မီထရို ဆောက်လုပ်ရေးကို တွက်ချက် ရေးသားထားကြပါတယ်။ စီမံကိန်းတစ်ခုလုံး အနေအထားမျိုး မဟုတ်ဘဲ လမ်းအပိုင်းလိုက်၊ ဘူတာရုံအလိုက် တည်ဆောက်ခြင်းတွေကိုပဲ အဓိကထား ရေးသားတာပါ။ Project ကြီးတစ်ခုလုံးကိုတော့ ကျွန်တော်တို့ မရေးသားနိုင်သေးပါဘူး။ ပြီးပြည့်စုံတဲ့ Project တစ်ခုဖြစ်ဖို့ အချက်အလက်များ ပြည့်စုံဖို့နဲ့ အချိန်ပါ ယူရဦးပါမယ်။ အကြမ်းဖျင်း နမူနာပုံစံ တစ်ခုတော့ ရအောင် ကျွန်တော်ကြိုးစားကြည့်ပါမယ်။
စိုးဇေယျထွန်း: ရန်ကုန်မြို့မှာ နှစ်စဉ် ရေလျှံနေတော့ မြေအောက် ရထားလမ်း ဆောက်ရင် ရေနစ်မသွားနိုင်ဘူးလား နိုင်ငံတကာမှရော ရေမနှစ်အောင် ဘယ်လို ကာကွယ်ထားသလဲ။
MyMetro: ကျွန်တော်တို့ဆီက ရေလျှံတဲ့ပုံမျိုးနဲ့ဆိုရင်တော့ သေချာပေါက် ရေနစ်သွားပါလိမ့်မယ်။ မင်ဟက်တန်ကျွန်းပေါ်မှာ တည်ဆောက် ထားတဲ့ နယူးယောက်မြို့ မီထရိုဟာလည်း ဒီလိုဘဲ ရေဘေးကို ကြုံတွေ့ရလေ့ ရှိတယ်လို့ ဆိုပါတယ်။ ဒီလို မဖြစ်အောင်တော့ မြို့တော့်ရဲ့ ရေနှုတ်မြောင်းစနစ်ကို ဒီထက်ပိုမိုကောင်းမွန်အောင်နဲ့ ရန်ကုန်မြစ်တွင်း နှုန်းများပိုမို ပို့ချလာမှုကို လျော့နည်းသွားအောင် လုပ်ရပါလိမ့်မယ်။ အလွယ်ဆုံး ပြောရရင်တော့ မိုးသည်းထန်စွာ ရွာလို့ ရေများ ၀ပ်မကျန်ခဲ့ဘဲ၊ ပိတ်ဆို့မနေဘဲ တခါတည်း စီးဆင်း သွားနိုင်အောင် အရင်ဆုံး လုပ်ဖို့လိုပါမယ်။ မြေအောက် ရထားလမ်း ဥမင်များထဲကို ရေ၀င်လာနိုင်မယ့် အဓိက လမ်းကြောင်းများကတော့ မြေအောက် ဘူတာရုံ ၀င်ပေါက်တွေနဲ့ လေ၀င်လေထွက် ဥမင်တွေ၊ စက်ခေါင်းပြင် စက်ရုံအထွက် ဥမင်တွေမှာပါ။ ဒီနေရာတွေကနေ ရေမ၀င်နိုင်အောင် ရေနှုတ်မြောင်းများ ဖောက်လုပ်ခြင်း၊ ၀င်ပေါက် အဆောက်အအုံကို ခပ်မြင့်မြင့် ဆောက်လုပ် ထားခြင်း စသည်ဖြင့် ကြိုတင် ကာကွယ်ထားတာကို တွေ့ရပါတယ်။ အများအားဖြင့် စတင်ဆောက်လုပ် ကတည်းက ဖြစ်လာနိုင်မယ့် အခြေအနေများကို ကြိုတင် တွက်ချက်ခဲ့တာ ဖြစ်လို့ ဆိုးဆိုးဝါးဝါး ဖြစ်ရပ်မျိုးတော့ ကျွန်တော် မတွေ့ဘူးပါဘူး။ ရေကြီးစဉ် ကာလမှာမှ မဟုတ်ပဲ သာမန် အခြေအနေမှာလည်း မြေအောက်ရေက ဥမင်အတွင်း စီးဝင်နေတာမို့လို့ မြေအောက် ဘူတာရုံများ၊ သို့မဟုတ် အခြားဥမင် လမ်းကြောင်းအတွင်း သင့်တော်တဲ့ နေရာတွေမှာ ရေကိုလက်ခံယူမယ့် water intake အဆောက်အအုံကို ဆောက်လုပ်ပြီး မြေပေါ်ကို စုပ်ထုပ်ယူပါတယ်။ ဒါက သမရိုးကျ အခြေအနေမှာပါ။ တကယ်လို့ သဘာဝ ဘေးဒဏ်ကြောင့် ရေကြီးလာတော့လည်း မြေအောက် ရထားလမ်းကို ပိတ်ပြီး ရေစုပ်ထုတ်ရမှာပါပဲ။ ဒီပြင်နည်းလမ်းတော့ ကျွန်တော် မသိသေးပါဘူး။ အခုလောလောဆယ်တော့ မလေးရှား ကွာလာလမ်ပူမှာ ရေကြီးနေပါတယ်။ ကိုကျော်ဇေယျ ကို မေးကြည့်နိုင်ပါတယ်။
စိုးဇေယျထွန်း: မြေအောက်မှာ ရထားလမ်း ဖောက်တာနဲ့ ရေအောက်မှာ ဖောက်တာ ဘယ်ဟာက ပိုခက်သလဲ ကုန်ကျ စရိတ် ဘယ်ဟာက ပိုကုန်သလဲ။
MyMetro: မြေအောက်မှာ ရထားလမ်းဖောက်တာ ထက်စာရင် ရေအောက်မှာ ဖောက်တာက ပိုမိုခက်ခဲပြီး ကုန်ကျစရိတ်လည်း ပိုများပါတယ်။ ရေအောက်ကြမ်းပြင်မှာ ဆောက်မယ်ဆိုရင် မြေအောက်မှာ ဆောက်သလိုမျိုး သမရိုးကျနည်းတွေနဲ့ ဖောက်လုပ်ဖို့ရာ မဖြစ်နိုင်ပါဘူး။ ရေလမ်းကြောင်းကို ပိတ်ပြီး Dock များဆောက်လုပ်ကာ သို့မဟုတ်၊ အသင့်ဆောက်လုပ်ပြီး Tunnel segment တွေကို ရေအောက်ကြမ်းပြင်ကို ချပြီး ဆောက်လုပ်ရတာ ဖြစ်လို့ နည်းပညာအရကော၊ ကုန်ကျစရိတ်အရပါ ခက်ခဲပြီး ကုန်ကျစရိတ် အထူးများပြားပါတယ်။ ကျွန်တော်တို့ဆီမှာဆိုရင် ဒလမြို့နဲ့ ရန်ကုန်ဘက်ခြမ်းဆက်သွယ်ဖို့ တံတားထိုးဖို့ မဖြစ်နိုင်တဲ့ အနေအထားပါ။ ဘာဖြစ်လို့လဲဆိုတော့ မြစ်အတွင်းမှာ သင်္ဘောသွားလာမှု ကို ထိခိုက်နိုင်လို့ပါပဲ။ ဒီနေရာမှာ ရေအောက်ကြမ်းပြင်မှာ သို့မဟုတ်၊ ရေအောက် ကြမ်းပြင်အောက်ကနေ ဥမင်တူးဖော်တာက အကောင်းဆုံးနည်းလမ်းပါပဲ။ လှိုင်မြစ်မှာတော့ တံတားနဲ့က ပိုအဆင်ပြေတယ်လို့ ထင်ပါတယ်။ ဒါက စပ်ဆက်မိလို့ ပြောတာပါ။
အခုလို မေးမြန်းတဲ့အတွက်လည်း ကိုစိုးဇေယျထွန်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ နောက်ထပ်လည်း သိချင်တာများရှိရင် မေးဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်သိသလောက် အတတ်နိုင်ဆုံး ဖြေကြားသွားဖို့ အဆင်သင့်ပါခင်ဗျာ။

Related Posts
Metro FAQ
ပရင့်ထုတ်ရန်
ကောင်းတယ် ရထားကြီးရေ။ မေးတဲ့လူကလည်း ကောင်း။ ဖြေတဲ့လူကလည်း သေသေချာချာဖြေပေး။ အောင်မြင်ကြပါစေ။
မေးသူ နှင့် ဖြေပေးသူ ပါ ကျေးဇူးတင်ပါတယ် ခင်ဗျာ ။
absolutely perfect answer.
Nice Post, Bro!
I'm impressed with your knowledge.
Keep up a good work for our citizens and our country...
Respect............
:D
ကျွန်တော်သိချင်တာတွေကို အခုလို ပြည့်စုံအောင်ဖြေကြားပေးတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါသည်
ဒေါင့်စေ့အောင်မေးတဲ့သူရော ဟာကွက်မရှိအောင်ဖြေတဲ့သူရော ကျေးဇူး အထူးတင်ပါတယ်
ဒီပို့စ်လေးကို ဘလောဂါ့စာအုပ်ထဲ ထည့်ဖို့ အကြံပေးလိုက်မယ် ။ အတော်လေး ကောင်းတယ်
အခုမှ ရထားကြီး ဘလောက်ကို ဖတ်မိတယ်။ အသိနောက်ကျလေခြင်း။ ဒီအမေးအဖြေကဏ္ဍလေးကိုလည်း တော်တော် သဘောကျသွားတယ်။ ဗဟုသုတလည်း အများကြီးရပါတယ်။ ရန်ကုန်မှာ မြို့ပတ်ရထားလမ်းက ရှိပြီးသားဖြစ်နေတော့ အဲဒါကိုပဲ mrt အနေနဲ့ အဆင့်မြှင့်ရင် မြေအောက်ရထား နဲ့ ကောင်းကင် ရထားတွေထက် ကုန်ကျစရိတ် ပိုသက်သာနိုင်မလားလို့ လူပြိန်းတွေး တွေးမိပါတယ်။ နည်းနည်းလောက်ဆွေးနွေးပေးပါ။
ကောင်းပါတယ်ဗျာ .. တော်တော်လေးကို ဗဟုသုတရတယ် ... အခုမှ ဘဲ တော်တော် ရထားအကြောင်းကို သိတော့တယ်ဗျာ .. ကျေးဇူးပါဘဲ ..မေးသူ ရော ဖြေသူ ပါဒေငါ့ စေ့ပါတယ်.. ကျေးဇူးအထူးပါ ..
မြန်မာနိုင်ငံကို တိုးတက်စေချင်လိုက်တာနော် ၁၉၆၂ မတိုင်ခင်ထိ အရှေ့တောင် အာရှ မှာထိပ်ဆုံးရောက်နေတဲ့ မြန်ပြည်ဘ၀ကို တောင် ပြန်ရောက်နိုင်ပါ့မလား ရောက်နိုင်တယ်ဘဲထားအုန်း ရထားဆောက်နိုင်ဆိုတောင်တော်ကြာမီးပြတ်သွားလို့ ရထားထဲမှာ ချောင်ပိတ်နေမှာဘဲ ဆိုပြီးစိတ်ပူနေပါသေး...
very good site,everything is perfect
အစ်ကို ဒီ Post ကို ဘလောက်ကို လာလည်သူတွေ မြင်သာတဲ့ နေရာမှာ ထားပါလားဗျာ။ FAQ ထဲကို ထဲ့ထားလေ။ အားလုံးက ဒီဘလောက်ကို စဖတ်ရင် ဒါတွေပဲ သိချင်ကြတာလေ။ စိတ်ဝင်တစားနဲ့ လာဖတ်သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ တင်ထားတဲ့ Post တွေအားလုံးကိုလည်း ဖတ်ကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။ စိတ်ဝင်စားတယ် ဆိုရင်ပေါ့ဗျာ။
ခုလိုရှင်းလင်းပေးတာ တအားကျေးဇူးတင်တယ်ဗျာ..ဘယ်လိုပြောရမှန်း
တောင်မသိတော့ဘူး ...ပီတိလဲဖြစ်မိပါတယ်.