ဇူ
လိုင်လ ၃ ရက်နေ့က ဘွဲ့ယူပြီးတာနဲ့ မနားဘဲ ချက်ခြင်းဆိုသလို ဒီနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ ကျွန်တော်တို့ Tunnel and metropolitan engineer အဖွဲ့ CNC-611 ဟာ လက်ရှိတည်ဆောက်နေတဲ့ မီထရို ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ ရှိရာကို လုပ်ငန်းခွင် လေ့လာရေး ခရီးထွက်ခဲ့ပါတယ်။ အရင် ကျောင်းသား ဘ၀တုန်းက လုပ်ငန်းခွင် လေ့လာရေးခရီးများကို မကြာခဏ ထွက်ခဲ့ရပေမယ့် ဒီတစ်ခါကတော့ အရင်အခေါက်များနဲ့ မတူအောင် အတွေ့အကြုံများစွာ ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ မီထရိုနဲ့ ဥမင် အင်ဂျင်နီယာ အသစ်စက်စက်လေးများ အတွက် အဖိုးမဖြတ်နိုင်တဲ့ ပထမဆုံးသော အတွေ့အကြုံတစ်ခုလည်း ဖြစ်ပါတယ်။ စာသင်ခန်းထဲမှာ သင်ကြားခဲ့ရတဲ့ စာများ၊ နည်းစနစ်များကို တကယ့် မီထရို ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲမှာ နဖူးတွေ့၊ ဒူးတွေ့ ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ရတာဖြစ်လို့ အထူးကို ၀မ်းသာဂုဏ်ယူကြရပါတယ်။ ဘာနဲ့မှ တန်ဖိုးမဖြတ် နိုင်အောင်လည်း ခံစားရပါတယ်။ တကယ်တော့ ဒီလို လုပ်ငန်းခွင်မျိုးကို ၀င်ရောက် လေ့လာခွင့်ရဖို့ဆိုတာ ကြုံတောင့်ကြုံခဲ မဟာ အခွင့်အရေး တစ်ရပ်ဖြစ်နေလို့ပါပဲ။ ဘယ်လောက်ပဲ လေ့လာချင်စေအုံးတော့ ဆောက်နေတဲ့ လုပ်ငန်းကလည်း ရှိအုံးမှ ဒါမျိုးကဖြစ်မှာပါ။
နံနက် ၉ နာရီမှာ တက္ကသိုလ်ရှေ့မှာ လူစုပြီးတော့ လိုက်ပါပို့ဆောင်မယ့် ဌာနမှ ဆရာများနဲ့တကွ မီထရို ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိရာကို ခြေကျင်ပဲ သွားရောက်ခဲ့ကြပါတယ်။ ၁၅ မိနစ်သာသာခန့် လမ်းလျှောက်ခဲ့ကြ ပြီးနောက် လုပ်ငန်းခွင်ရှိရာကို ရောက်ရှိခဲ့ပါတယ်။ ဒီနေ့ ကျွန်တော်တို့ သွားရောက် လေ့လာရတဲ့ လုပ်ငန်းခွင်ကတော့ မော်စကို မီထရိုတို့ချဲ့ရေး စီမံကိန်းထဲက Lyublinsko- Dmitrovskaya Line ပေါ်မှာ တည်ဆောက်နေတဲ့ Dostoevskaya မြေအောက် ဘူတာရုံ ဆောက်လုပ်ရေး စီမံကိန်းဖြစ်ပါတယ်။ Syvarov square နဲ့ ရုရှားတပ်မတော် ကဇာတ်ရုံ ကြားမှာ တည်ရှိပြီး အ၀ိုင်းပတ် မြေအောက် ရထားလိုင်းနဲ့ Syvarov Square မြေအောက်ဘူတာ (မတည်ဆောက်ရသေး)မှာ ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ အဆိုပါ မြေအောက်ဘူတာမှာ မြေအောက် အဆောက်အအုံ တစ်ခုပါဝင်မှာ ဖြစ်ပြီး Dostoevskaya လမ်းနဲ့ Seleznevskaya လမ်းထောင့်မှာ တည်ရှိပါတယ်။ ဒီကားလမ်းမများရဲ့ တဖက်တချက်စီမှာ underground passage များနဲ့ မြေပေါ်ထွက်ပေါက်များ ထားရှိမှာ ဖြစ်ပြီး စုစုပေါင်းထွက်ပေါက် လေးခုရှိမှာ ဖြစ်ပါတယ်။
မြေအောက် ဘူတာရုံ အမျိုးအစားကတော့ Column-wall type station အမျိုးအစားဖြစ်ပြီး လက်ရှိအချိန်မှာ မြေအောက်ရထားလမ်း ဥမင်များ (interstation tunnels) နဲ့ လိုအပ်တဲ့ မြေအောက် ချဉ်းကပ်ဥမင်များကို တည်ဆောက်ပြီး ဖြစ်ပါတယ်။ အဆိုပါ မြေအောက်ဘူတာရုံကို ၁၉၈၈ ခုနှစ်ကတည်းက စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပြီး ၁၉၉၆ ခုနှစ်မှာ ဘဏ္ဍာရေး အခြေအနေများကြောင့် ရပ်နားထားခဲ့ရမှ ၂၀၀၆ ခုနှစ် နှစ်ဦးပိုင်းကျမှ ဆောက်လုပ်ရေး လုပ်ငန်းများ ပြန်လည် စတင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဘူတာရုံ ဆောက်လုပ်ရေး လုပ်ငန်း တစ်ခုလုံးကို SMU-6 (Construction and Assembling Administration) မှတာဝန်ယူ ဖောက်လုပ်နေခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါအဖွဲ့မှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ တံတား/လမ်း အထူးအဖွဲ့များလို့ အဖွဲ့မျိုးဖြစ်ပြီး ထိုကဲ့သို့ မီထရို ဆောက်လုပ်ရေးအဖွဲ့များ များစွာ ရှိကြောင်းလည်း သိရပါတယ်။
ကျွန်တော်တို့ လေ့လာရေး အဖွဲ့မှာ ကျောင်းသားများနဲ့ ဆရာများ စုစုပေါင်း ၁၆ ဦးပါဝင်ပါတယ်။ မြေအောက်ဘူတာရုံ ဖောက်လုပ်ရေး လုပ်ငန်းခွင်အတွင်းနဲ့ မြေအောက် တူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်ရာ နေရာများကို SMU-6 အဖွဲ့မှာ အင်ဂျင်နီယာမှူးကြီး ကိုယ်တိုင် လိုက်လံရှင်းလင်း ပြသပေးပါတယ်။ ကျွန်တော့်ရဲ့ မဟာဘွဲ့ယူ စာတမ်းကို အတည်ပြု လက်မှတ်ရေးထိုး ပေးခဲ့သူမှာလည်း အဆိုပါ အင်ဂျင်နီယာမှူးကြီးပဲ ဖြစ်ပါတယ်။
မြေပေါ်မှာ ရှိတဲ့ လုပ်ငန်းခွင်ဧရိယာကတော့ မီတာ ၁၀၀၊ ၁၅၀ သာသာ ကျယ်ဝန်းပြီး အဆောက်အဦးများ၊ ဆောက်လုပ်ရေး ပစ္စည်းများကို ကျစ်လစ်စွာ ဖွဲ့စည်းထားရှိတာကို တွေ့ရပါတယ်။ လုပ်ငန်းခွင်ထဲကို ရောက်လာတဲ့ ကျွန်တော်တို့ လေ့လာရေး အဖွဲ့ဟာ ရောက်တာနဲ့ လုပ်ငန်းခွင် ၀တ်စုံများကို လဲလှယ် ၀တ်ဆင်ရပါတယ်။ အဲဒီနောက် အင်ဂျင်နီယာမှူးကြီးမှ ဦးဆောင်ပြီး မြေအောက် လုပ်ငန်းခွင်များ ရှိရာကို Vertical shaft မှတဆင့် ဓာတ်လှေကားနဲ့ ဆင်းကြရပါတယ်။ လမ်းတလျှောက်မှာ အင်ဂျင်နီယာမှူးကြီးက Construction site ရဲ့ဖွဲ့စည်းပုံ၊ လုပ်ဆောင်ပုံတွေကို ရှင်းလင်း ပြောပြသွားပါတယ်။ အခုဆောက်လုပ်နေတဲ့ မြေအောက်ဘူတာရုံဟာ မြေအောက် အနက် မီတာ ၆၀ မှာ တည်ရှိတယ်လို့ သိရပါတယ်။ ဓာတ်လှေကားက ထွက်လိုက်တော့ မြေအောက်ဥမင် လိုဏ်ခေါင်းထဲကို ရောက်ရှိသွားပါတယ်။ ဒီဥမင်လိုဏ်ခေါင်းက မြေအောက်ဘူတာရုံဥမင် ဖောက်လုပ်ရာမှာ လိုအပ်တဲ့ ကနဦး လုပ်ငန်းများ လုပ်ဆောင်ဖို့ တနည်းအားဖြင့် တူးပြီးသား မြေစာများ မြေပေါ်ကို တင်ပို့ခြင်း၊ မြေပေါ်မှ ဥမင်ဖောက်လုပ်ရေး ပစ္စည်းများ၊ lining segments များကို မြေအောက်သို့ ပို့ဆောင်ပေးခြင်း စသည်တို့ကို လုပ်ဆောင်တဲ့ ဧရိယာ တစ်ခုဖြစ်ပါတယ်။ ၅.၅ မီတာ အချင်းရှိတဲ့ ဒီလိုဏ်ခေါင်းမှာ မြေသယ်တွဲများ၊ စက်ခေါင်းများ၊ အခြား ဥမင်ဖောက် ကိရိယာများနဲ့ ရှုပ်နေပါတယ်။
ဥမင်အတွင်းမှာ လေ၀င်လေထွက် ကောင်းမွန်အောင် အထူးပြုလုပ်ထားပြီး မြေပေါ်မှာထက် ပိုမိုအေးစိမ့်နေတာကို သတိပြုမိပါတယ်။ လျှပ်စစ်မီးလုံးများကိုလည်း ဥမင်တလျှောက် တန်းစီထွန်းထားပြီး အလင်းရောင်လည်း ကောင်းစွာရရှိပါတယ်။ မြေအောက်ထဲမှာ လုပ်ကိုင်ရတဲ့ အခြေအနေများ၊ လုပ်ငန်းလုပ်ဆောင်ပုံများကို အင်ဂျင်နီယာမှူးကြီးက ရှင်းပြပေးပါတယ်။ စာသင်ခန်းထဲမှာ သင်ခဲ့ရတဲ့ lectures များအတိုင်း မကွာခြားတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ ဆရာများကလည်း သင်ခန်းစာများနဲ့တကွ လက်တွေ့မှာ မြင်ရပုံများကို ရှင်းပြပေးပြီး တလက်စတည်း စာတွေလည်း ပြန်မေးပါသေးတယ်။
မြေအောက်ဘူတာရုံ တည်ရှိရာ မြေအမျိုးအစားကတော့ ခံနိုင်ဝန်အား အဆင့်သတ်မှတ်ချက် ၄ ရှိတဲ့ ရွံ့ကျောက်ဆန်တဲ့ မြေမျိုးဖြစ်ပါတယ်။ Drilling and blasting method ကိုအသုံးပြုကာ တူးဖော်ပြီး ဥမင် lining segment များကို Erector ရဲ့ အကူအညီနဲ့ တပ်ဆင်ပါတယ်။ မြေအောက်ဘူတာရုံ ဖောက်လုပ်မယ့် ဥမင်ရှိရာကို သွားတဲ့ ချဉ်းကပ်ဥမင်ငယ်များ ကို ဘူတာရုံ ထိပ်တဖက် တချက်စီကနေ vertical shaft နဲ့ ဆက်သွယ် ဖောက်လုပ်ထားပါတယ်။ ချဉ်းကပ်ဥမင်ငယ် နှစ်ခုမှာ တစ်ခုကိုတော့ ဥမင်အတွင် လေပေးစနစ် Ventilation အတွက် အသုံးပြုမှာ ဖြစ်ပြီးတော့ အချင်း ၅.၅ မီတာရှိတဲ့ စက်ဝိုင်းခြမ်းပုံ ဥမင်ဖြစ်ပါတယ်။ ကျန် ချဉ်းကပ်ဥမင်ကတော့ ထိပ်ပိုင်းကျဉ်းသွားတဲ့ လေးထောင့် ဥမင်ငယ်ဖြစ်ပြီး ကွန်ကရစ် lining နဲ့ ပြုလုပ်ထားကာ ဘူတာရုံ ဆောက်လုပ်ရေး လုပ်ငန်းပြီးပါက မြေပြန်ဖို့ပစ်မှာ ဖြစ်ကြောင်းသိရပါတယ်။
ကျွန်တော်တို့ အဖွဲ့ဟာ ဘူတာရုံ Lateral tunnel ဖောက်လုပ်နေတဲ့ လုပ်ငန်းခွင်နေရာကို ရောက်ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ရောက်သွားတဲ့ အချိန်မှာတော့ မိုင်းခွဲခြင်း လုပ်ငန်းများပြီးစီးလို့ မြေသားများ သယ်ထုတ်နေတဲ့ အချိန်ဖြစ်ပါတယ်။ လုပ်ငန်းကို ခဏရပ်နားခိုင်းပြီးတော့ အင်ဂျင်နီယာမှူးကြီးက လုပ်ငန်းနဲ့ ပတ်သတ်တာတွေကို အသေးစိတ် ရှင်းပြပေးပါတယ်။ ကျောင်းသားများမှ မေးမြန်းသည်များကိုလည်း စိတ်ရှည်ရှည်နဲ့ ပြန်လည် ဖြေကြားပေးပါတယ်။ အသုံးပြုနေတဲ့ စက်များမှာလည်း စာအုပ်ထဲ၊ ဓာတ်ပုံထဲမှာသာ တွေ့မြင်ခဲ့ဖူးတာမို့လို့ အခုလို မျက်မြင်တွေ့ရှိရတဲ့ အခါမှာ အလွန်ကို အံ့သြ၀မ်းသာရပါတယ်။ ကျွန်တော်တို့ စက်ပုံစံတွေကို Drawing ဆွဲခဲ့တုန်းက မှန်းဆွဲခဲ့တာတွေလည်း ပါတော့ အခုတကယ့်အစစ်ကို တွေ့ရတော့မှ အချင်းချင်း ပြန်ပြောပြီး ရီရပါသေးတယ်။
အခုအချိန်မှာတော့ ပင်မဘူတာရုံကြီးရဲ ဘေးဘက်ဥမင်ကို စတင်ဖောက်လုပ် နေချိန်ဖြစ်ပြီး ဥမင် ထိပ်နှစ်ဖက်စလုံးမှ တူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဥမင်တစ်ခုလုံးမှာ အဓိက အသုံးပြုတဲ့ lining အမျိုးအစားကတော့ Cast iron segment များဖြစ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့ဟာ တူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်နေတဲ့ ဥမင်ထိပ် နှစ်ဖက်စလုံးကို သွားရောက် လေ့လာခဲ့ပါတယ်။ မြေအောက် အတွင်းပိုင်း လုပ်ငန်းများကို မြင်တွေ့ရတာ အလွန်ကို စိတ်ဝင်စားစရာ ကောင်းပြီး ပထမဆုံးအကြိမ် လေ့လာခွင့်ရလို့လည်း ၀မ်းသာကြည်နူး အားတက်မှုကိုပါ တပြိုင်တည်း ခံစားခဲ့ရပါတယ်။ မြေအောက်မှ ပြန်တက်လာတဲ့ အချိန်မှာတော့ မြေပေါ်မှာ ရှိတဲ့ လုပ်ငန်းတချို့ကိုပါ လေ့လာခွင့်ရခဲ့ပါတယ်။
အဲဒီနောက်မှာ အင်ဂျင်နီယာမှူးကြီးက ယနေ့လေ့လာခဲ့တဲ့၊ ရောက်ခဲ့တဲ့ နေရာများနဲ့ လုပ်ငန်းစဉ်များကို အကျဉ်းချုပ် ပြန်လည်ပြောကြားပေးပြီး ကျောင်းသားများနဲ့ ဆရာများက စီမံကိန်းနဲ့ ပတ်သက်တဲ့ သိလိုသည်များကို မေးမြန်းကြပါတယ်။ အင်ဂျင်နီယာမှူးကြီးက သဘောကောင်းကောင်းနဲ့ ပြန်လည် ဖြေကြားပေးပြီး ပထမနေ့ လေ့လာရေး ခရီးစဉ်ကို နိဂုံးချုပ်လိုက်ပါတယ်။
အခုလို လုပ်ငန်းခွင် လေ့လာရေး ခရီးများကို ဖြစ်မြောက်အောင် စီစဉ်ပေးတဲ့ တက္ကသိုလ်မှာ တာဝန်ရှိသူများ၊ Tunnels and metropolitans ဌာနမှာ ပါမောက္ခနဲ့ ဆရာများကို ကျေးဇူးဥပကာရ အထူးတင်ရှိပါကြောင်း ဒီပို့စ်လေးနဲ့ ပြောကြားလိုပါတယ်။ မြေအောက်လုပ်ငန်းခွင် အတွင်းပိုင်းပုံများကို မှတ်တမ်းတင် ဓာတ်ပုံများနဲ့တကွ ဗီဒီယိုဖိုင်များကိုလည်း ဖော်ပြပေးထားပါတယ်။ ဓာတ်ပုံတွေက ပုံ ၁၀၀ နီးပါး ရှိတာကြောင့် loading လုပ်တာ နည်းနည်းကြာပါလိမ့်မယ်။ သည်းခံပြီး ကြည့်ရှုပေးပါခင်ဗျား။ သူငယ်ချင်းများ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

ဗီဒီယိုဖိုင်များ
Related Posts
လုပ်ငန်းခွင် လေ့လာရေး(၂)
ပရင့်ထုတ်ရန်
Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld