ဆ

အဲဒီထဲကမှ ထင်ရှားတဲ့ တည်ဆောက်ရေး လုပ်ငန်းတစ်ခုကတော့ ရှန်ဟဲမြို့ ပူဒေါင်(Pudong) ဘက်ကမ်းကနေ ချုံမင်(chongming) ကျွန်းအထိ ဆက်သွယ်မယ့် လမ်းကြောင်းဖြစ်ပါတယ်။ ပူဒေါင် ဘက်ကမ်းကနေ ချန်ဇင်း(Changxing) ကျွန်းအထိကို ချန်ဇင် မြစ်အောက်ကြမ်းပြင်ကနေ ဖြတ်ပြီး ဥမင်ကြီးနှစ်ခုနဲ့ ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီ ချန်ဇင်းကျွန်းကမှ ချုံမင်ကျွန်းမကြီးဆီကို တံတားနဲ့ ဆက်သွယ်မှာဖြစ်ပြီး ထိုကျွန်းများမှာ နေထိုင်တဲ့ လူဦးရေ ၆ သိန်းကျော်ကို ရှန်ဟဲ မီထရိုပိုလီတန် ဧရိယာကြီးနဲ့ ဆက်စပ်ပေးမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ခရီးသည်များဟာ ရှန်ဟဲဘက်ခြမ်းကို ရောက်ဖို့ ကူးတို့ဖယ်ရီများကို အားထားနေရဆဲ ဖြစ်ပါတယ်။
ယခုဖောက်လုပ်နေတဲ့ ချန်ဇင်း မြစ်ကူးဥမင်ကြီး နှစ်ခုဟာ အရွယ်အစားအားဖြင့် လက်ရှိ ကမ္ဘာပေါ်မှာ အကြီးဆုံး ဥမင်ကြီးများပဲ ဖြစ်ပါတယ်။ ဥမင်တစ်ခုချင်းစီရဲ့ အလျား(အရှည်)ကတော့ ၇.၄၇ ကီလိုမီတာ ရှိပြီး နှစ်လွှာ(နှစ်ထပ်) ဥမင်အမျိုးအစားများ ဖြစ်ပါတယ်။ အပေါ်ထပ်မှာ သုံးလမ်းသွား ကားလမ်းအဖြစ် ထားရှိမှာ ဖြစ်ပြီး အောက်ထပ်ကတော့ ဥမင်ကြံခိုင်ရေးနဲ့ အခြားလုံခြုံရေးဆိုင်ရာ လုပ်ငန်းများ အတွက် အသုံးပြုမှာ ဖြစ်ကာ နောက်တချိန်မှာ မြေအောက်ရထားလမ်းပိုင်း အဖြစ် အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ရှန်ဟဲမြို့ တည်ရှိရာ ယန်ဇီမြစ်ကြောင်းဟာလည်း တရုတ်နိုင်ငံရဲ့ အလုပ်အများဆုံးသော ရေကြောင်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် အခုဖောက်လုပ်မယ့် လမ်းကြောင်းရဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ မြစ်တွင်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို မထိခိုက်စေဖို့က အဓိကကျတဲ့ အချက်တစ်ချက် ဖြစ်လာပါတယ်။ ဒီအချက်ဟာ Submerged tube method (မြစ်အောက်ကြမ်းပြင်သို့ အသင့်ပြုလုပ်ပြီး ဥမင်အစိတ်အပိုင်းများ ချ၍ တပ်ဆင်သည့် နည်းလမ်း) နဲ့ တံတားထိုးဖြတ်ကျော်မည့် နည်းလမ်းတို့ထက် Mechanized tunneling ခေါ် မြစ်ကြမ်းပြင်အောက်မှ TBM machine များဖြင့် အသုံးပြု တူးဖော်မည့် နည်းလမ်းကို ရွေးချယ်စေခဲ့သည့် အချက်ပဲ ဖြစ်ပါတယ်။
ဥမင်ဖောက်လုပ်ရေးမှာ အသုံးပြုခဲ့တဲ့ Shield နှစ်ခုကတော့ လက်ရှိ ကမ္ဘာပေါ်မှာ အရွယ်အစား အကြီးဆုံး Mixshield တွေဖြစ်ပြီး ဂျာမနီနိုင်ငံ အခြေစိုက် Herrenknecht ကုမ္ပဏီက ထုတ်လုပ်ပါတယ်။ အချင်း ၁၅.၄၃ မီတာ ရှိတဲ့ ဒီစက်တွေဟာ လက်ရှိကမ္ဘာ့ TBM ဈေးကွက်ထဲမှာ အရွယ်အစား အကြီးဆုံးမှာယူခြင်း ခံရတဲ့ စက်များဖြစ်တယ်လို့လဲ သိရပါတယ်။ စက်ရဲ့ အဓိက အစိတ်အပိုင်းတွေ ဖြစ်တဲ့ Cutting wheel, main drive, process technology နဲ့ jacking stations စတာတွေကို ဂျာမနီနိုင်ငံ၊ ရှဝါနုမြို့မှာရှိတဲ့ Herrenknecht စက်ရုံမှာ ထုတ်လုပ်ပြီး ကျန်အစိတ်အပိုင်း များကိုတော့ ရှန်ဟဲ ဥမင်အင်ဂျင်နီယာ ကုမ္ပဏီ လီမိတတ် (STEC) မှာပဲ Herrenknecht ကုမ္ပဏီရဲ့ အကူအညီနဲ့ အပြီးသတ် ထုတ်လုပ် တပ်ဆင်ခဲ့တယ်လို့ သိရှိရပါတယ်။ ၂၀၀၆ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်နေ့မှာ ပထမဥမင်ကို သတ်မှတ်ထားတဲ့ ဥမင်လုပ်ငန်းခွင်နေရာ မြေအောက် ၂၆ မီတာ အနက်ကနေ စတင် တူးဖော်ခဲ့ပါတယ်။ ဒုတိယ ဥမင်ကိုတော့ ဒီဇင်ဘာလကုန်မှာ ပထမဥမင် ရဲ့ အလယ်ဗဟိုမှ ၂၃ မီတာ အကွာကနေ တူးဖော်ခဲ့ပါတယ်။ ဥမင်နှစ်ခုစလုံးဟာ ယန်ဇီမြစ်အောက်ကြမ်းပြင် အနက် ၆၅ မီတာကနေ တူးဖော်နေပြီး မြေအောက်ရေ အနက် ၄၇ မီတာအောက်မှာ ဥမင်လုပ်ငန်းကို သက်ရောက်လာတဲ့ ရေဖိအားကတာ့ အမြင့်ဆုံး ၆.၅ ဘား ထိရှိတယ်လို့ သိရပါတယ်။ (အဆိုပါ Mixshields များကို အသေးစိတ်လေ့လာချင်ရင်တော့ Herrenknecht ကုမ္ပဏီ ဝဘ်ဆိုက်မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။)


Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld