* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

နိဒါန်း
ယနေ့ခေတ် လူနေမှု အဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည်လည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပါသည်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှု များပြားလာသည့်အလျောက် လျှပ်စစ်နှင့်ပတ်သက်သော မတော်တဆ ထိခိုက်မှုများ၊ လျှပ်စစ်အန္တရာယ်များကိုလည်း တွေ့ကြုံလာကြရပါသည်။ ထို့ကြောင့် လျှပ်စစ်အန္တရာယ်နှင့် ပတ်သက်သည့် အခြေခံဗဟုသုတများကို လျှပ်စစ်ပစ္စည်း ကိရိယာများနှင့် ထိတွေ့အသုံးပြုနေသူတိုင်း သိရှိထားသင့်ပါသည်။ ဤဆောင်းပါးတွင် စာရေးသူ ယခုပြုစုနေသည့် စာတမ်း၏ တစိတ်တပိုင်း ဖြစ်သော လျှပ်စစ်ဓာတ်လိုက်ခြင်းနှင့် ပတ်သက်သည့် သိကောင်းစရာများနှင့် မြေအောက်ရထား ဘူတာရုံများ၊ မြေအောက်ဥမင်များရှိ လျှပ်စစ်ဓာတ်အားပေးသည့် စနစ်တွင် လျှပ်စစ်အန္တရာယ် ကျရောက်လာပါက ကာကွယ်နိုင်ရန် ပစ္စည်းကိရိယာများ တပ်ဆင်ထားရှိခြင်း အပိုင်းမှ အချို့ကို မိတ်ဆက် ရေးသားထားပါသည်။

လျှပ်စစ်ဓာတ်လိုက်ခြင်း
လျှပ်စစ်အန္တရာယ်ဟုဆိုလျှင် လျှပ်စစ်ဓာတ်လိုက်ခြင်းကြောင့် အသက်အန္တရာယ် ထိခိုက်သည်အထိ ဖြစ်နိုင်သည့် အကြောင်း စာဖတ်သူတို့သိရှိပြီး ဖြစ်ပါသည်။ လျှပ်စစ်ဓာတ်လိုက်ခြင်းသည် ဓာတ်အားရှိနေသော လျှပ်စစ်ပစ္စည်းတစုံတခု (သို့မဟုတ်) ပေါက်ပြဲနေသော လျှပ်စစ်ဓာတ်ကြိုး စသည်တို့နှင့် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိတွေ့မိခြင်းကြောင့် ခန္ဓာကိုယ်အတွင်းသို့ လျှပ်စစ်စီးကြောင်း(current) ဖြတ်သန်း စီးဆင်းသွားခြင်း ဖြစ်သည်။

လျှပ်စစ်ဓာတ်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ထိခိုက် ဒဏ်ရာရမှုများကို လေ့လာရာတွင် အဓိကအားဖြင့် အပိုင်း (၂) ပိုင်းခွဲခြားနိုင်သည်။
(၁) တိုက်ရိုက်ထိတွေ့မှုကြောင့် ဓာတ်လိုက်ခြင်း (direct contact shock)
(၂) သွယ်ဝိုက်ထိတွေ့မှုကြောင့်ဓာတ်လိုက်ခြင်း (indirect contact shock)

Direct contact shock ဆိုသည်မှာ လျှပ်စစ်ဓာတ်အား စီးဆင်းနေသော ဓာတ်ကြိုး (သို့မဟုတ်) လျှပ်စီးပတ်လမ်းရှိ အဖိုအမ အစွန်း (terminals) များကို တိုက်ရိုက်ထိတွေ့ ကိုင်တွယ်မိခြင်း ဖြစ်ပြီး Indirect contact shock ဆိုသည်မှာ ပေါက်ပြဲနေသော လျှပ်စစ်ဓာတ်ကြိုးမှတဆင့် ဓာတ်အားစီးဝင်နေသော လျှပ်စစ်ပစ္စည်းတစုံတခုကို ထိတွေ့ကိုင်တွယ်မိခြင်း (ဥပမာ - အ၀တ်လျှော်စက်၏ သတ္တုကိုယ်ထည်နှင့် ပေါက်ပြဲနေသော ဓာတ်ကြိုးထိတွေ့၍ ဓာတ်အားစီးဆင်းနေခြင်း) ဖြစ်သည်။

လျှပ်စစ်စီးကြောင်း လူ့ခန္ဓာကိုယ်ထဲသို့ ဖြတ်သန်းစီးဆင်းခြင်းဖြင့် ခန္ဓာကိုယ်အစိတ်အပိုင်းများရှိ တစ်ရှူးများကို လောင်ကျွမ်းစေခြင်း၊ ဗဟိုအာရုံကြောစနစ်ကို အားနည်းစေခြင်း (သို့မဟုတ်) ပျက်စီးစေခြင်း၊ အသက်ရှူ အင်္ဂါအစိတ်အပိုင်းနှင့် နှလုံးခုန်မှုရပ်တန့်စေခြင်း၊ ခန္ဓာကိုယ်အတွင်းရှိ သွေးနှင့်အခြားအရည်များ လှည့်ပတ်စီးဆင်းသည့် လုပ်ငန်းစဉ်အား ပျက်စီးစေခြင်းတို့ ဖြစ်စေပါသည်။ လျှပ်စစ်ဓာတ်လိုက်ခြင်းကြောင့် ဖြစ်ပွားသော ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများသည် လျှပ်စီးကြောင်း (current)၏ ပြင်းအားပေါ်တွင်သာ မူတည်သည်မဟုတ်ဘဲ -
(၁) body resistance၊
(၂) ထိတွေ့သော ဧရိယာ၊
(၃) ခန္ဓာကိုယ်အတွင်း လျှပ်စီးဖြတ်သန်း စီးဆင်းသည့်အချိန်နှင့် စီးဆင်းရာ လမ်းကြောင်း၊
(၄) ဓာတ်အားပမာဏ (voltage)
(၅) လျှပ်စီးအမျိုးအစား (AC or DC) နှင့် ကြိမ်နှုန်း (frequency) ၊
(၆) ဓာတ်လိုက်ခံရသူ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အနေအထားနှင့် အခြားသော အချက်အလက်ပေါင်း များစွာပေါ်တွင် မူတည်၍ ကွဲပြားခြားနားမှု ရှိသည်။

ဤနေရာတွင် Body resistance နှင့်ပတ်သတ်၍ အနည်းငယ်ရှင်းပြလိုပါသည်။ လူ့ခန္ဓာကိုယ်အတွင်း လျှပ်စီးဖြတ်သန်း စီးဆင်းသည်ဆိုရာတွင် အခြေခံအားဖြင့် အပေါ်ယံ အရေပြားအလွှာအား ဖြတ်သန်းစီးဆင်းခြင်း ဖြစ်သည်။ ခန္ဓာကိုယ်၏ နေရာအလိုက် ၎င်းအရေပြားအလွှာ၏ အထူသည် ၀.၀၅ မှ ၀.၂ မီလီမီတာအထိရှိပြီး လက်ဖ၀ါး ခြေဖ၀ါးနေရာများတွင် ပို၍ထူသည်။ ဖြတ်သန်းစီးဆင်းနိုင်သော လျှပ်စီးပမာဏသည် ခန္ဓာကိုယ်၏ ခုခံမှု (body resistance) ပေါ်တွင် မူတည်၍ ကွဲပြားခြားနားမှုရှိသည်။ body resistance သည် လူတယောက်နှင့် တယောက် တူညီမှု မရှိသည့်အပြင် ပတ်ဝန်းကျင် အခြေအနေပေါ် (စိုထိုင်းဆ၊ လေထုအပူချိန်၊ gas ပါဝင်မှုနှင့် လေထုညစ်ညမ်းမှု) မူတည်၍ အတက်အကျ ရှိနိုင်သည်။ ခြောက်သွေ့သော ရာသီဥတုတွင် ခန္ဓာကိုယ်အရေပြားသည် လျှပ်ကူးမှုညံ့ဖျင်း၍ (poor conductor) ခုခံနိုင်မှု (resistance)သည် ၁၀၀၀၀ မှ ၁၀၀၀၀၀ အုမ်း ခန့်အထိရှိနိုင်ပြီး စိုစွတ်သောအရေပြားသည် လျှပ်ကူးမှုကောင်းမွန်သဖြင့် ခုခံနိုင်မှုသည် ၁၀၀၀ အုမ်း ခန့်သာရှိသည်။ လက်တွေ့တိုင်းတာ တွက်ချက်မှုများတွင်မူ ခန္ဓာကိုယ်ခုခံမှုကို ယေဘုယျအားဖြင့် ၁၀၀၀ အုမ်း ဖြင့်သာ တွက်ချက်လေ့ရှိသည်။

ခန္ဓာကိုယ်တွင်းသို့ လျှပ်စစ်စီးဆင်းသည့်အချိန် ကြာမြင့်သည်နှင့်အမျှ ခန္ဓာကိုယ်ခုခံမှုသည်လည်း ကျဆင်းလာကာ လျှပ်စီးပမာဏသည် အသက်ရှူ အင်္ဂါအစိတ်အပိုင်း ကြွက်သားများ တုန့်ဆိုင်းလာသည်အထိ မြင့်တက်လာပြီး နှလုံးကြွက်သားများကျုံ့လာခြင်း (fibrillation)နှင့် အသက်အန္တရာယ်အထိပါ ဖြစ်စေနိုင်သည်။ ထို့ကြောင့် ဖြစ်နိုင်လျှင် ဓာတ်လိုက်နေသူကို ထိတွေ့ကိုင်တွယ်ထားသည့် လျှပ်စစ်ဓာတ်အားရှိသော အစိတ်အပိုင်းမှ အမြန်ဆုံး လွတ်မြောက်အောင် ကူညီဆောင်ရွက်သင့်သည်။ သို့မှသာ အသက်ရှူရပ်ခြင်းနှင့် နှလုံးခုန်ရပ်ခြင်းကြောင့် အသက်အန္တရာယ် စိုးရိမ်ရမှုမှ ကာကွယ်နိုင်မည်ဖြစ်သည်။ လျှပ်စစ်ဓာတ်လိုက်နေသူကို လွတ်မြောက်အောင် ကူညီရာတွင်လည်း ကူညီသူကိုယ်တိုင် ဒုတိယမြောက် ဓာတ်လိုက်သူ မဖြစ်စေရန် အထူးဂရုပြု ဆောင်ရွက်သင့်သည်။

အကောင်းဆုံးနည်းလမ်းမှာ လျှပ်စစ်စီးကြောင်းကို အချိန်မီ ဖြတ်တောက်ခြင်းပင် ဖြစ်သည်။ လျှပ်စီး ဖြတ်သန်းစီးဆင်းရာ လမ်းကြောင်းသည်လည်း electrical safety တွင် အရေးကြီးသော အချက်အလက်တခု ဖြစ်သည်။ အန္တရာယ်အရှိဆုံး လျှပ်စီးလမ်းကြောင်းမှာ အသက်ရှူ အင်္ဂါအစိတ်အပိုင်း ကြွက်သားများနှင့် နှလုံးကိုဖြတ်၍ စီးဆင်းခြင်းဖြစ်သည်။ ဖြစ်နိုင်ခြေရှိသော လူ့ခန္ဓာကိုယ်အတွင်း လျှပ်စီး ဖြတ်သန်းစီးဆင်းရာ လမ်းကြောင်းများနှင့် ၎င်းတို့၏ အန္တရာယ်ရှိမှု ရာခိုင်နှုန်းကို အောက်ပါပုံနှင့် ဇယားကွက်တွင် ဖော်ပြထားပါသည်။
ပုံတွင် လူ့ခန္ဓာကိုယ်အတွင်း လျှပ်စီး ဖြတ်သန်းစီးဆင်းရာ လမ်းကြောင်းများမှာ-
1- လက် - လက် ၊ 2 - ညာဘက်လက် - ခြေထောက်များ ၊ 3- ဘယ်ဘက်လက် - ခြေထောက်များ ၊ 4-ညာဘက်လက် - ညာဘက်ခြေထောက် ၊ 5- ညာဘက်လက် - ဘယ်ဘက်ခြေထောက် ၊ 6- ဘယ်ဘက်လက် - ဘယ်ဘက်ခြေထောက် ၊ 7- ဘယ်ဘက်လက် - ညာဘက်ခြေထောက် ၊ 8- လက်နှစ်ဖက်စလုံး - ခြေထောက်နှစ်ဖက်စလုံး၊ 9- ခြေထောက် - ခြေထောက် ၊ 10- ဦးခေါင်း - လက်များ ၊11- ဦးခေါင်း - ခြေထောက်များ ၊ 12- ဦးခေါင်း - ညာဘက်လက် ၊ 13- ဦးခေါင်း - ဘယ်ဘက်လက်၊ 14- ဦးခေါင်း - ညာဘက်ခြေထောက် ၊ 15- ဦးခေါင်း - ဘက်ဘက်ခြေထောက်။

လျှပ်စီးအမျိုးအစား နှင့် အန္တရာယ်
ဤနေရာတွင် အလျဉ်းသင့်၍ လျှပ်စစ် အမျိုးအစား (၂) မျိုးကို အနည်းငယ် ဖော်ပြသွားပါမည်။ လျှပ်စစ်စွမ်းအင်ကို AC (alternating current) နှင့် DC (direct current) ဟူ၍ ခွဲခြားလေ့ရှိပါသည်။ AC စနစ်တွင် current သည် စီးဆင်းရာလမ်းကြောင်းအတိုင်း forward – backward motion ဖြင့် လှည့်ပတ်စီးဆင်းနေပါသည်။ ထို forward – backward motion interval တခုကို one cycle ဟု ခေါ်ဆိုလေ့ရှိပါသည်။ လျှပ်စစ်စီးကြောင်းသည် ပုံမှန်အားဖြင့် ကြိမ်နှုန်း ( frequency) 50Hz , 60 Hz , 25 Hz စသည်ဖြင့် စီးဆင်းလေ့ရှိသည်။ ပုံမှန်အားဖြင့် oscilloscope တွင် AC လျှပ်စစ်စီးဆင်းမှုကို ဖော်ပြရာတွင် sine wave ဖြင့်ဖော်ပြလေ့ရှိပါသည်။ DC စနစ်တွင်မူ လျှပ်စီးလမ်းကြောင်းသည် constant direction ဖြင့်သာ စီးဆင်းလေ့ရှိသည်။

လျှပ်စစ်ဓာတ်လိုက်ရာတွင်မူ AC သည် DC စနစ်ထက်ပို၍ အန္တရာယ်များသည်ကို တွေ့ရသည်။ AC စနစ်တွင် လျှပ်စစ်ဓာတ်အား စီးဆင်းနေသော အစိတ်အပိုင်းနှင့် ထိတွေ့သည့်အခါ ကြွက်သားများကျုံ့ခြင်းဖြင့် ဓာတ်လိုက်နေသူအား ၎င်းထိတွေ့နေသော လျှပ်စစ်ဓာတ်အားရှိသည့် အစိတ်အပိုင်းမှ လွတ်မြောက်အောင် မစွမ်းဆောင်နိုင်စေဘဲ ခန္ဓာကိုယ်အတွင်းသို့ လျှပ်စီးဖြတ်သန်းသည့် အချိန်ကာလ ပိုမို ကြာမြင့်စေပါသည်။ ထိုအခါတွင် အသက်ရှူအင်္ဂါ အစိတ်အပိုင်းရှိ ကြွက်သားများကျုံ့ခြင်းကြောင့် အသက်ရှူရပ်ခြင်းနှင့် နှလုံးတွင် ventricular fibrillation ဖြစ်ပွား၍ အသက်အန္တရာယ် ဖြစ်စေပါသည်။

DC စနစ်တွင်မူ လျှပ်စစ်ဓာတ်လိုက်ရာတွင် ပုံမှန်အားဖြင့် ပြင်းထန်သော ကြွက်သားကျုံ့မှု တစ်ကြိမ်သာ ဖြစ်ပွားလေ့ရှိပြီး ဓာတ်လိုက်ခံရသူမှာ အဝေးသို့ လွင့်စင်ထွက်သွားခြင်းများကို မကြာခဏ တွေ့ရတတ်သည်။ မိုးကြိုးပစ်ခြင်းသည်လည်း DC လျှပ်စီး ဖြတ်သန်း စီးဆင်းခြင်းဖြစ်သည်။ မိုးကြိုးပစ်ရာတွင် ပမာဏကြီးမားသော လျှပ်စီးကြောင်းသည် တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံမှ ၁၀၀၀ပုံတစ်ပုံ အချိန်အတောအတွင်း ဦးတည်ရာတစ်ခုတည်းသို့ ဖြတ်သန်းစီးဆင်းခြင်းဖြစ်ပြီး voltage အနေဖြင့် ၁၀ မီလီယံ ဗို့ နှင့်အထက်ရှိသည်။

မြေအောက်ဥမင်များရှိ လျှပ်စစ်အန္တရာယ် ကာကွယ်မှုလုပ်ငန်းများ
မြေအောက်ဥမင်များ ဖောက်လုပ်သည့် construction site များတွင်လည်း လျှပ်စစ်အန္တရာယ် ကင်းဝေးရေးသည် အဓိက ထည့်သွင်း စဉ်းစားရသော အချက်တစ်ခုဖြစ်သည်။ စာရေးသူ ယခုပြုစုနေသော စာတမ်းသည်လည်း ထိုအချက်ကို အဓိက research ပြုလုပ်နေခြင်းဖြစ်သဖြင့် မြေအောက်ရထား ဘူတာရုံများနှင့် မြေအောက်ဥမင်များရှိ လျှပ်စစ်ဓာတ်အားပေးသည့် အပိုင်းတွင် လျှပ်စစ်အန္တရာယ် ကျရောက်လာပါက ကာကွယ်နိုင်ရန် ပစ္စည်းကိရိယာများ တပ်ဆင်ထားရှိခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို အနည်းငယ် ဆွေးနွေးတင်ပြလိုပါသည်။

မြေအောက်ရထား ဥမင်များတွင်မူ electrical safety ပိုင်းအနေဖြင့် လျှပ်စစ်ဓာတ်အားပို့ဆောင်သော ကေဘယ်များ၏ လျှပ်ကာ (insulator)များ ပေါက်ပြဲခြင်းကြောင့် တိုက်ရိုက်လျှပ်စီးကြောင်း စီးဆင်းမှု ဖြစ်စေသည်သာမက လျှပ်စစ်သံလိုက်စက်ကွင်း (electromagnetic field)၊ တည်ငြိမ်လျှပ်စစ်စက်ကွင်း (electrostatic field) စသည့် အချက်အလက်များကိုပါ ထည့်သွင်း စဉ်းစားရသည်။ ပုံမှန်အားဖြင့် လျှပ်စစ်စီးဆင်းရာအပိုင်း (ဓာတ်ကြိုးများ၊ bus bar များ အစရှိသဖြင့်)၏ ပတ်ဝန်းကျင်တွင် electromagnetic field များ၊ electrostatic field များ ပေါ်ပေါက်နေတတ်ပြီး ၎င်းစက်ကွင်းများ၏ ပြင်းအားသည် လျှပ်စစ်ပစ္စည်း ကိရိယာများနှင့် နီးကပ်သော အကွာအဝေးတွင် အလုပ်လုပ်နေသော လူအပေါ်သို့ သက်ရောက်လျက်ရှိသည်။
မီထရို(metro)များရှိ လျှပ်စစ်ပစ္စည်း ကိရိယာများ၏ electrical safety အတွက် တိုင်းတာ သတ်မှတ်ရာတွင် ဗို့အားအနေဖြင့် 6 – 10 kV၊ 825V(DC for third rail) ၊ 400V နှင့် အောက်ဟူ၍ သုံးပိုင်းခွဲခြား သတ်မှတ်နိုင်ပါသည်။ electrical safety အတွက် လျှပ်စစ်အန္တရာယ်ကာကွယ်ရန် protective cutout device များကို ပုံမှန်အားဖြင့် မြေအောက်ဥမင်များရှိ လျှပ်စစ်ပစ္စည်းကိရိယာများ၊ လျှပ်စစ်ဓာတ်အားလိုင်းများ၊ substation များတွင် ရုတ်တရက် electrical fault ဖြစ်ပွားလာပါက ဓာတ်အားကို အချိန်မီ ဖြတ်တောက်နိုင်ရန်အတွက် တပ်ဆင် အသုံးပြုပါသည်။ protective cutout device များ၏ အဓိက လုပ်ငန်းစဉ်မှာ လူ့ခန္ဓာကိုယ်အတွင်းသို့ လျှပ်စစ်စီးကြောင်း ဖြတ်သန်းစီးဆင်းခြင်း၊ လျှပ်စစ် fault ကြောင့် မီးလောင်ခြင်းတို့မှ ကာကွယ်ပေးခြင်းနှင့် လျှပ်ကာပေါက်၍ (သို့မဟုတ်) wire အဆက်နေရာများ သေသပ်မှုမရှိ၍ leakage ဖြစ်ခြင်းတို့မှ ကာကွယ်ပေးခြင်းတို့ ဖြစ်သည်။ မြေအောက်ဥမင်များတွင် လျှပ်စစ် fault ကြောင့် မီးလောင်ခြင်းသည် များသောအားဖြင့် လျှပ်စစ်ပစ္စည်း ကိရိယာများတွင် overloading ဖြစ်နေခြင်း၊ ၀ါယာများ၏ အဆက်နေရာများ ပေါက်ပြဲ၍ အပူချိန် မြင့်တက်မှုကြောင့် ကေဘယ်လ်များနှင့် ဓာတ်အားလိုင်းဝါယာများ မီးလောင်ခြင်းနှင့် sparking ဖြစ်ခြင်း၊ လျှပ်စစ်ပစ္စည်းကိရိယာများ ချွတ်ယွင်းမှုကြောင့် electric arc ဖြစ်ပေါ်ခြင်း တို့ကြောင့်ဖြစ်သည်။

လျှပ်စစ်အန္တရာယ်မှ ကာကွယ်ရန် အရေးပါသော အချက်တစ်ခုမှာ ပစ္စည်းကိရိယာများကို မြေဓာတ်ချခြင်း (grounding system) စနစ် ကောင်းမွန်မှုရှိရန် ဖြစ်သည်။ ဥမင်များ တည်ဆောက်ရေး လုပ်ငန်းခွင်တွင် လျှပ်စစ်အန္တရာယ်နှင့်ပတ်သက်၍ အန္တရာယ်အရှိဆုံးနေရာကို အတိအကျ သိရှိနိုင်ရန်အတွက် လျှပ်စစ် ဓာတ်အားပေးစနစ်၏ circuit diagram နှင့် မြေဓာတ်ချခြင်းစနစ်များ (grounding system)ကို သေချာတိကျစွာ စိစစ်တွက်ချက်၍ အကောင်းဆုံး ကာကွယ်နိုင်ရန်အတွက် စီမံဆောင်ရွက်ရသည်။ မြေအောက်ရထား ဥမင်များအတွက် လျှပ်စစ်ဓာတ်အားပေးစနစ်သည် ရထားသွားလာရေုး လုပ်ငန်းစဉ်ကို ပုံမှန် ဆောင်ရွက်နိုင်ရန်အတွက် အထောက်အကူ ဖြစ်စေခြင်းနှင့် လျှပ်စစ်အန္တရာယ်အတွက် လုံခြုံစိတ်ချရမှုရှိရန် လိုအပ်သည်။

နိဂုံး
အထက်တွင် ဖော်ပြခဲ့သော အကြောင်းအရာများသည် လျှပ်စစ်အန္တရာယ်နှင့် ပတ်သက်၍ စာရေးသူ လေ့လာဖတ်ရှုထားသော အသိပညာများ၊ ဆရာသမားများ၏ သင်ကြားပို့ချမှုများအပေါ် အခြေခံ၍ မိတ်ဆက် ရေးသားထားခြင်း ဖြစ်ပါသည်။ ဤဆောင်းပါးကို ဖတ်ရှုခြင်းဖြင့် လျှပ်စစ်အန္တရာယ်အကြောင်း အနည်းငယ်မျှပင်ဖြစ်စေ သိရှိ၍ လျှပ်စစ်ဓာတ်လိုက်ခြင်း အန္တရာယ်မှ သတိမူ၍ ရှောင်ရှားနိုင်စေရန် ရည်ရွယ်၍ ရေးသားခြင်း ဖြစ်ပါသည်။ နောက်နောင် အလျဉ်းသင့်လျှင် မြေအောက် ဥမင်များတွင် လျှပ်စစ်ဓာတ်အား ပို့ဆောင်ပုံနှင့် safety လုပ်ငန်းများအကြောင်းကို ပိုမိုကျယ်ပြန့်စွာ ရေးသားပါဦးမည်။

လျှပ်စစ်ဓာတ်လိုက်မှု ဖြစ်စဉ်တစ်ခု


မှီငြမ်းကိုးကား
၁။ Под ред. Е.И. Быкова – Электроснабжение метрополитенов. Устройство, эксплуатация и проектирование. – М.: «Транспорт», 1977. -431с.
၂။ Быков.Е.И. , Панин.Б.В., Пупынин.В.Н. – Тяговые сети метрополитенов. – М.: Транспорт,1987. –256с.
၃။ Б.М.Ягудаев., Н.Ф.Шишкин., В.В.Назаров – Защита от электропоражения в горной промышленности. –М.: Недра, 1982. -152с.
၎။ http://en.wikipedia.org/wiki/Electrical_safety
၅။ http://www.electromonter.info/library/electric_shock.html
၆။ http://www.emedicinehealth.com/electric_shock/article_em.htm

Print ပရင့်ထုတ်ရန်
3 ထင်မြင်ချက်၊
  1. owl'slover June 3, 2010 at 10:29 PM  
    This comment has been removed by the author.
  2. owl'slover June 3, 2010 at 10:32 PM  

    အစ်ကို..ကျေးဇူးလာတင်တာ ဖျက်လိုက်သလို ဖြစ်သွားတယ်
    နောက်လည်း ပို့စ်တွေ အများကြီး တင်နိုင်ပါစေ...

  3. Pyae Phyo July 23, 2013 at 11:59 AM  

    လျှပ်စစ်နဲ့ပတ်သတ်တဲ့ မြန်မာလိုစာအုပ်လေးများ ရနိုင်ရင်သိပ်ကောင်းမှာပဲအစ်ကို...
    အစ်ကိုကူညီနိုင်မလား....
    ကျေးဇူးတင်ပါတယ်...
    ဒါလေးလဲ...Print ထုတ်သွားတယ်နော်...

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.