* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

ထားဘူတာရုံများနှင့် လမ်းပိုင်းများတွင် လျှပ်စစ်ရထားများ အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ရန် အတွက် railway signaling system နှင့် automatic control system တို့သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ရထားပို့ဆောင်ရေး လုပ်ငန်းများ၏ signaling system အတွက် အသုံးပြုသော equipments များကို equipments for signaling, centralization and blocking systems ဟုခေါ်ဆိုလေ့ရှိသည်။ စနစ်တစ်ခုလုံးကို မလေ့လာမီ အရေးကြီးသော အခေါ်အဝေါ်များဖြစ်သည့် signal၊ signaling၊ centralization၊ blocking စသည်တို့ကို စတင် မိတ်ဆက်လိုပါသည်။

ဤနေရာတွင် signal ဆိုသည်မှာ ရထားမောင်းသူထံ ရထားလမ်းတလျှောက် အခြေအနေများနှင့် ဆက်စပ် သတင်းအချက်အလက်များ ပြသပို့ဆောင်ပေးသော၊ ရထားလမ်းဘေးတွင် တည်ရှိသော လျှပ်စစ် (သို့မဟုတ်) စက်မှုပစ္စည်း တစုံတရာကို ဆိုလိုခြင်းဖြစ်သည်။ ရထားမောင်းသူသည် အဆိုပါ signal များ၏ ညွှန်ပြမှုအတိုင်း လိုက်ပါလုပ်ဆောင်ကာ မောင်းနှင်ရခြင်းဖြစ်သည်။ signal များသည် ရထားမောင်းသူအား ရထားကို လုံခြုံစိတ်ချစွာ ဆက်လက်မောင်းနှင်ရန် (သို့မဟုတ်) ရပ်တန့်ရန် အချက်ပြလေ့ရှိသည်။

Signaling ဆိုသည်မှာ ရထားသွားလာမှုနှင့် ရထားဘူတာရုံများရှိ လမ်းလွှဲခြင်း လုပ်ငန်းများသို့ command များ ပေးပို့အချက်ပြသော စနစ်တစ်ခုဖြစ်သည်။

Centralization ဆိုသည်မှာ signal များနှင့် ရထားလမ်းပိုင်းများ(သို့မဟုတ်) ဘူတာရုံများရှိ pointer များကို ထိန်းကျောင်းပေးသော hardware ဖြစ်သည်။

Blocking system ဆိုသည်မှာ ရထားလမ်းပိုင်းများတလျှောက် ရထားများမောင်းနှင်နေစဉ် signal indicator များအသုံးပြု၍ တစ်စီးနှင့်တစ်စီး အကွာအဝေး၊ အချိန်တို့ကို အလိုလျောက် ကန့်သတ် ခြားနားပေးသော စနစ် ဖြစ်သည်။

Signal အမျိုးအစားများ
Signal များကို အဓိကအားဖြင့် visible signal နှင့် sound signal ဟူ၍ (၂) မျိုးခွဲခြား သတ်မှတ်နိုင်သည်။
Visible signal များကို traffic light များ၊ disk များ၊ signal board များ၊ မီးအိမ်(lantern) များ၊ အလံများ၊ signal indicator (pointer) များဖြင့် ပြသကြသည်။ signal ပြသသော ကိရိယာ အမျိုးအစားများကို အောက်ပါအတိုင်း ထပ်မံခွဲခြားနိုင်ပါသည်။
(၁) တစ်နေရာထဲ အသေ တပ်ဆင်ထားသော (ရွှေ့ပြောင်း၍ မရသော) အမျိုးအစား၊
(၂) ရွှေ့ပြောင်းနိုင်သော အမျိုးအစား၊
(၃) လက်ဖြင့် (manually) အသုံးပြု ပြသရသော အမျိုးအစား တို့ဖြစ်သည်။

ရွှေ့ပြောင်းအသုံးပြု၍ မရသော အမျိုးအစားတွင် ရထားလမ်းတစ်လျှောက် နေရာအလိုက် တပ်ဆင်ထားသော traffic light များပါဝင်သည်။ ရွှေ့ပြောင်းအသုံးပြုနိုင်သော ပစ္စည်းများမှာ disk များ၊ အလံများ၊ တိုင်တွင် ချိတ်ဆွဲထားသော မီးအိမ် များဖြစ်ပြီး လက်ဖြင့် ကိုင်တွယ်ကာ ပြသရသော ပစ္စည်း အမျိုးအစားများတွင် အလံများ၊ မီးအိမ်များ စသည်တို့ ပါဝင်သည်။


Sound Signal များကို ခရာ (whistle) များ၊ အချက်ပေးဥသြများ၊ air horn များ အသုံးပြု ပြသလေ့ရှိသည်။ အဆိုပါ sound signal များကို အကြိမ်အရေအတွက်နှင့် အသံအတိုအရှည် ပေါ်မူတည်၍ အဓိပ္ပါယ် ခွဲခြားလေ့ရှိသည်။ သို့သော် ထိုကဲ့သို့ အသံဖြင့် အချက်ပြခြင်းသည် ခရီးသည် လူစုလူဝေးများမှ ထွက်ပေါ်လာသော ဆူညံသံများ စသည်တို့ အပေါ်တွင် မူတည်သဖြင့် အကွာအဝေးအနည်းငယ်အတွင်းသာ ထိရောက်မှု ရှိသည်။

Railway Traffic Light များ
Signal များအကြောင်းမိတ်ဆက်ပြီးသည့်နောက် ရထားပို့ဆောင်မှုတွင် အဓိက အသုံးပြုသော signaling device များဖြစ်သည့် traffic light များအကြောင်း ဆက်လက် ဖော်ပြပါမည်။ railway traffic light ဆိုသည်မှာ အချက်ပြမီးတစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုသော အချက်ပြမီးဖြင့် နေ့ရောညပါ မြင်တွေ့နိုင်အောင် ပြသ၍ ရထားများ သွားလာမှုကို control လုပ်ပေးသော အဓိကကျသည့် signaling device တစ်ခု ဖြစ်သည်။ railway traffic light များသည် ရထားများ၏ မောင်းနှင်မှုကို ထိန်းညှိပေးခြင်း၊ ဘူတာရုံများတွင် ရထားများ ရှေ့တိုးနောက်ငင်ပြုကာ လမ်းကြောင်းပြောင်းခြင်း လုပ်ငန်းများအတွက် အချက်ပြခြင်းများအပြင် ရထားတွဲများ အမျိုးအစားတူ စုဖွဲ့ခြင်း (sorting) ပြုလုပ်ရန် အရှိန်ထိန်းညှိရာတွင် အချက်ပြရာ၌ အသုံးပြုသည်။

traffic light များကို ၎င်းတို့၏ တည်ဆောက်မှုပုံစံအရ Fresnel lens များကို အသုံးပြုသော အမျိုးအစားနှင့် Searchlight အမျိုးအစားဟူ၍ (၂) မျိုးခွဲခြားနိုင်သည်။ Searchlight အမျိုးအစား traffic light များသည် လျှပ်စစ်စွမ်းအင်သုံးစွဲမှုတွင် lens အသုံးပြုသော အမျိုးအစားထက် ပိုသက်သာသည်။ သို့သော် ပြုပြင်ထိန်းသိမ်းရာတွင် ခက်ခဲသဖြင့် အသုံးပြုမှု နည်းပါးသည်။ ရထားလမ်းများတွင် အသုံးပြုသော traffic light များကို ပြုပြင်ထိန်းသိမ်းရာတွင် ကားလမ်းများရှိ traffic light များနှင့်မတူ ကွဲပြားခြားနား ခက်ခဲမှုမှာ အခြေခံ ရောင်ခြည် (rays) များ၏ ဦးတည်ရာ direction ကျဉ်းမြောင်းခြင်းကြောင့် ဖြစ်သည်။ (Russia နိုင်ငံတွင် အသုံးပြုသော railway traffic light များ၏ angle of divergence မှာ ပုံမှန်အားဖြင့် 3 degrees နီးပါးဖြစ်သည်။ အချို့နေရာများတွင်မူ 10 – 20 degrees ထိ ရှိတတ်သည်။)

Traffic light များ၏ မီးအိမ်တစ်ခုစီအတွက် မီးလုံး (incandescent lamp) ပါဝင်သော သီးခြား lens set တစ်စုံစီပါရှိသည်။ incandescent lamp တစ်လုံးစီအတွက် power မှာ ပုံမှန်အားဖြင့် 25 watts ရှိပြီး 15 watts၊ 35 watts စသည်ဖြင့်လည်း အသုံးပြုလေ့ ရှိကြသည်။ ၎င်းတို့အတွက် voltage မှာ 12 volts ဖြစ်သည်။

Signal များနှင့် အခြား equipment များ (track circuits, level crossing equipments) အတွက် low voltage supply ကိုအသုံးပြုသည်။ အောက်တွင် lens အသုံးပြုသော traffic light အမျိုးအစားတစ်ခုကို ဖော်ပြထားပါသည်။


အချက်ပြမီး အရောင်များ
ရထားပို့ဆောင်ရေးလုပ်ငန်းတွင် အခြေခံအကျဆုံး အချက်ပြသည့် အရောင်များမှာ အနီရောင်၊ အဝါရောင်နှင့် အစိမ်းရောင်တို့ ဖြစ်ကြသည်။ ၎င်းအရောင်များကို အခြေခံ အရောင်များအဖြစ် ရွေးချယ်ရခြင်းမှာ - အနီရောင်သည် အခြားအရောင်များထက် အရောင်အားပိုကောင်းခြင်း၊ အရောင်ပျံ့လွင့်မှုနည်းခြင်း၊ အဝေးမှ လွယ်ကူစွာမြင်နိုင်ခြင်း တို့ကြောင့် အနီရောင်ကို ရထားသွားလာမှု ရပ်တန့်ရန် သင်္ကေတအဖြစ် ရွေးခြယ်ခဲ့ခြင်းဖြစ်သည်။ ထို့အတူ အဝါရောင်သည်လည်း အနီရောင်နှင့် နီးစပ်ခြင်း၊ အစိမ်းရောင်နှင့် နှိုင်းစာလျှင် ပိုမိုမြင်လွယ်ခြင်းတို့ကြောင့် ရထားအရှိန် လျှော့စေခြင်းအတွက် သင်္ကေတအဖြစ် အသုံးပြုခြင်းဖြစ်သည်။ အစိမ်းရောင်သည် သက်ဆိုင်ရာ လမ်းကြောင်းအတိုင်း သတ်မှတ်အရှိန်ဖြင့် ရထားမောင်းနှင်မှုကို ခွင့်ပြုသည့် သင်္ကေတအဖြစ် အသုံးပြုသည်။

ဥပမာအားဖြင့် ရထားမောင်းနှင်သူသည် traffic light မှ အစိမ်းရောင် အချက်ပြ မီးကို မြင်တွေ့နေစဉ် မိမိရထားရှေ့တွင် အတားအဆီးမရှိ ပုံမှန်အတိုင်းဆက်လက် မောင်းနှင်နိုင်ကြောင်းသိရပြီး၊ အကယ်၍ အဝါရောင်မီးကိုမြင်တွေ့ပါက မိမိရှေ့အကွာအဝေး အတိုင်းအတာတစ်ခုတွင် ရပ်တန့်စရာအကြောင်း တစုံတရာ ရှိပြီဆိုသည်ကို သိနိုင်ပြီး အရှိန်လျှော့ချရမည်ဖြစ်သည်။ အနီရောင်မီးကို မြင်လျှင်မူ မဖြစ်မနေ ရပ်တန့်ရမည် ဖြစ်သည်။

ရုရှားနိုင်ငံ မြေအောက်ရထားများတွင် အသုံးပြုသော စနစ်တွင်မူ အကယ်၍ traffic light တွင် အစိမ်းရောင်မီး တစ်လုံးထဲ လင်းသည်ကို တွေ့ရလျှင် ပုံမှန်အရှိန်ဖြင့် ဆက်လက်မောင်းနှင်ရန် ဖြစ်ပြီး၊ အဝါရောင်မီး တစ်လုံးထဲ လင်းလျှင် အလွယ်တကူ ရပ်တန့်နိုင်ရန် အရှိန်လျှော့ ရမည်ဖြစ်သည်။ အကယ်၍ အဝါရောင်တစ်လုံးနှင့် အစိမ်းရောင်တစ်လုံး တပြိုင်နက်ထဲ လင်းနေလျှင် ရှေ့တွင်လာမည့် traffic light တွင် အဝါရောင် မီးလင်းမည်ကို ကြိုတင်သိနိုင်ပြီး အရှိန်လျှော့ကာ တစ်နာရီ ၃၅ ကီလိုမီတာ ထက်မပိုသောနှုန်းဖြင့် မောင်းနှင်ရန်ဖြစ်သည်။ အကယ်၍ ရထားသည် မြေအောက်ဥမင်တွင်း မဟုတ်ဘဲ မြေပေါ်လမ်းပိုင်းတွင် ရောက်နေသည့် အချိန်ဆိုလျှင် တစ်နာရီ ၂၅ ကီလိုမီတာထက် မပိုသော အရှိန်ဖြင့်သာ မောင်းနှင်ရမည်ဖြစ်သည်။

Traffic light တွင် အဝါရောင်မီး (၂)လုံး လင်းနေသည်ဆိုလျှင်မူ ရှေ့တွင် ရပ်တန့်ရတော့မည်ကို ကြိုသိနိုင်ပြီး တစ်နာရီ ၃၅ ကီလိုမီတာထက် မပိုသော နှုန်းဖြင့် အရှိန်လျှော့ကာ ရပ်တန့်ရန် ပြင်ဆင်ရမည်ဖြစ်သည်။ အနီရောင်မီးလင်းလျှင်မူ ရထားအရှိန်သတ်၍ ရပ်တန့်ရန်ဖြစ်သည်။

Cab signaling
ရထားမောင်းနှင်ရာတွင် လုံခြုံစိတ်ချရမှု ရှိစေရန်အတွက် cab signaling system ကို ထည့်သွင်း တပ်ဆင် ထားလေ့ရှိသည်။ ၎င်းစနစ်မှာ ရထားမောင်းနှင်ခန်းအတွင်း signal indicator တပ်ဆင်ထားပြီး ရထားမောင်းသူအား လမ်းပေါ်ရှိ traffic lights များမှ အချက်အလက်များကို လွယ်ကူစွာ ကြည့်ရှုနိုင်စေရန် ပြုလုပ်ထားခြင်းဖြစ်သည်။ cab signaling ကို များသောအားဖြင့် high speed railways များတွင် အသုံးပြုလေ့ရှိပြီး ရာသီဥတု ဆိုးရွားချိန် (ဥပမာ- မိုးသည်းထန်စွာရွာခြင်း၊ မြူခိုး၊ နှင်းများ ထူထပ်စွာ ကျဆင်းမှုကြောင့် ရထားလမ်းပေါ်မှ traffic light များကို ရထားမောင်းသူမှ သေချာစွာ မမြင်ရချိန်များတွင်) မိမိမောင်းနှင်ရာ ရထားစက်ခန်းထဲတွင်ရှိသော indicator ကို ကြည့်၍ လုံခြုံစိတ်ချစွာ မောင်းနှင်နိုင်သည်။ ရထားမောင်းနှင်ခန်းအတွင်း cab signaling system တပ်ဆင်ထားပုံကို အောက်ပါပုံတွင် တွေ့မြင်နိုင်ပါသည်။


Blocking system
အထက်တွင် Railway signaling နှင့် အသုံးပြုသည့် ပစ္စည်းများအကြောင်း ဖော်ပြပြီးသည့်နောက် ရထားလမ်းပိုင်းများတစ်လျှောက် ရထားမောင်းနှင်နေစဉ် တစ်စီးနှင့်တစ်စီး အကွာအဝေး၊ အချိန်တို့ကို အလိုလျောက် ကန့်သတ် ခြားနားပေးသော blocking system အကြောင်း ဆက်လက်ဖော်ပြပါမည်။
အကယ်၍ ရထားများကို လမ်းကြောင်းတစ်ခုထဲတွင် တချိန်တည်း ပြေးဆွဲမောင်းနှင်ပါက အချင်းချင်း တိုက်မိနိုင်သောကြောင့် ရထားလမ်းများကို insulated joint များသုံး၍ လမ်းပိုင်းများ အသီးသီး ခွဲခြားထားလေ့ရှိသည်။ ထိုလမ်းပိုင်း တခုချင်းစီကို block ဟုခေါ်သည်။ ပုံမှန်အားဖြင့် block တခုကို တချိန်တွင် ရထားတစ်စီးသာ မောင်းနှင်ရန် ခွင့်ပြုသည်။ ဤအချက်သည် railway safety system ၏ အခြေခံဖြစ်သည်။

Block တစ်ခုကို manually control လုပ်သည့်စနစ်တွင် ရထားတစ်စီး block တစ်ခုအတွင်းသို့ ဝင်ရောက်ရန် ခွင့်မပြုမီ signal-man သည် ထိုလမ်းပိုင်းတွင် ရထား ရှိ/မရှိ သေချာအောင် စစ်ဆေး အတည်ပြုရသည်။ ရထားသည် ထို လမ်းပိုင်းမှ ထွက်ခွာသွားသည့် အခါတွင်လည်း အခြားလမ်းပိုင်းရှိ signal-man ကို ရထား ထွက်ခွာသွားပြီဖြစ်ကြောင်း အကြောင်းကြားရသည်။

Automatic block signaling စနစ်တွင်မူ လမ်းပိုင်းတစ်ခုအတွင်း ရထားဝင်ရောက်လာတော့မည်ဆိုလျှင် automatic train detection စနစ်ဖြင့် လမ်းပိုင်းအတွင်း ရထားရှိမရှိ စစ်ဆေးကာ အလိုလျောက် ဖော်ပြသည်။ အကယ်၍ လမ်းပိုင်းအတွင်း ရထားရှိနေလျှင် နောက်ထပ်ဝင်ရောက်လာမည့်ရထားကို traffic light တွင် မီးနီပြ၍ ရပ်တန့်ကာ လမ်းကြောင်းရှင်းမှ ဆက်လက်မောင်းနှင်ရန် မီးစိမ်းပြခြင်းဖြင့် control လုပ်နိုင်သည်။

ဤနေရာတွင် automatic train detection စနစ်အကြောင်း အကြမ်းဖျင်း ရှင်းလင်းလိုပါသည်။ ၎င်းစနစ်တွင် လမ်းပိုင်းအတွင်း ရထားရှိမရှိကို စစ်ဆေးရာတွင် track circuit ကို အသုံးပြုသည်။ လျှပ်စစ်ရထား သံလမ်းများသည် လမ်းပိုင်း တစ်ခုနှင့် တစ်ခုအကြား လျှပ်စစ်မစီးဘဲ သီးသန့်ဖြစ်နေအောင် insulator များခံထားသည်။ ပုံမှန်အားဖြင့် သံလမ်းများမှ signal current စီးဆင်းလေ့ရှိသဖြင့် ယခုကဲ့သို့ ပိုင်းခြားထားခြင်း ဖြစ်သည်။ လမ်းပိုင်းရှိ သံလမ်းနှစ်ခုလုံးအား တဖက်မှ လျှပ်စစ်ဓာတ်အား ပေးထားပြီး အခြားတစ်ဖက်တွင် relay တပ်ဆင်ထားသည်။ လမ်းပိုင်းအတွင်း ရထားမရှိဘဲ ရှင်းလင်းနေချိန်တွင် relay coil များတွင် circuit ပတ်လမ်းအပြည့် ဖြစ်နေပြီး relay သည် energized ဖြစ်နေမည်။ အကယ်၍ လမ်းပိုင်းအတွင်း ရထားဝင်လာပါက သံလမ်းများတွင် short-circuit ဖြစ်သွားပြီး relay သည်လည်း De-energized ဖြစ်သွားပေလိမ့်မည်။ ဤနည်းဖြင့် ရထားရှိ၊ မရှိ detect လုပ်နိုင်သည်။

Railway signaling system အကြောင်းရေးသားရာတွင် ဘာသာရပ်အားဖြင့် နယ်ပယ်ကျယ်ဝန်းသည့် အားလျော်စွာ ကျွန်တော့်အနေဖြင့် အကြမ်းဖျင်းမျှသာ ရေးသားထားခြင်း ဖြစ်ပါသည်။ ယခုတင်ပြခဲ့သည့် အချက်အလက်များနှင့် ပတ်သက် ဆက်နွယ်နေသော အချက်အလက်များစွာ ကျန်ရှိပါသေးသည်။ ဤဆောင်းပါးကို ဖတ်ရှု၍ railway signalingနှင့် ပတ်သတ်ပြီး အတိုင်းအတာ တစ်ခုအထိ ဗဟုသုတ ဖြစ်စေမည်ဆိုလျှင်ပင် ရေးသားရကျိုးနပ်ပါသည်။

မှီငြမ်းကိုးကား
၁။ Почаевец.В.С. Введение в специальность Электроснабжение на железнодорожном транспорте: Учебное пособие для техникумов и колледжей ж.д. транспорта. – М .: Маршрут, 2005. – 139 с.
၂။ Железные дороги. Общий курс: Учебник для вузов. М.М. Филиппов., М.М. Уздин., Ю.И. Ефименко и др. Под ред.М.М. Уздина. – 4.е изд, перераб и доп. – М.: Транспорт.1991. – 295с.
၃။ Устройства сигнализации, централизации и блокировки [СЦБ] Московского метрополитена, Технология обслуживания. В.И. Ефременков, Н.Л. Немцова. М .: Транспорт 1998.
၃။ http://en.wikipedia.org/wiki/Railway_signal#Color_light_signals
၎။ http://en.wikipedia.org/wiki/Railway_signalling#Colour_light_signals
၅။ http://ru.wikipedia.org/wiki/Железнодорожная_светофорная_сигнализация

Print ပရင့်ထုတ်ရန်
3 ထင်မြင်ချက်၊
  1. WunnaThanHtun May 29, 2010 at 4:28 AM  

    ကျနော် Trans-Asian Railways အကြောင်း ဖတ်တော့ နိုင်ငံတွေအလိုက် Signalling system တွေ မတူတာကို ထည့်သွင်းစဉ်းစားရမဲ့အချက်လို့ ပြောထားတယ် .. သူ ပြောထားတာက တချို့ signal တွေက မျက်စိနဲ့ မမြင်နိုင်ဘူး .. ဒါပေမဲ့ စက်ခေါင်း (Locomotive) ထဲက အခန်းငယ်ထဲက Equipment တွေက အလိုအလျှောက်ဖတ်တယ်လို့ ပြောထားတယ် .. အဲလို Signal အမျိုးအစားကို ကျတော့ အကိုရေးထားတဲ့ Cab Signal ကို ပြောတာလား ... အပြင် လမ်းပိုင်းက signal ကို ပြောတာလား

    Signaling Systems - where signals are electronic, not physically visible, and must be 'read' by equipment in the locomotives, or where the train must interact in different ways with the infracture.

  2. leostar May 29, 2010 at 5:23 PM  

    “တချို့ signal တွေက မျက်စိနဲ့ မမြင်နိုင်ဘူး .. ဒါပေမဲ့ စက်ခေါင်း (Locomotive) ထဲက အခန်းငယ်ထဲက Equipment တွေက အလိုအလျှောက်ဖတ်တယ်လို့ ပြောထားတယ် .. အဲလို Signal အမျိုးအစားကို ကျတော့ အကိုရေးထားတဲ့ Cab Signal ကို ပြောတာလား ... အပြင် လမ်းပိုင်းက signal ကို ပြောတာလား” ဆိုတဲ့မေးခွန်းကို အလွယ်တကူ ဖြေမယ်ဆိုရင်တော့ cab signal ပိုင်းကို ဆိုလိုတာလို့ပဲ ပြောရမှာပါပဲ။
    အထက်ပါ ဆောင်းပါးမှာ ဖော်ပြခဲ့ပြီးသည့်အတိုင်း Cab Signaling system ဆိုတာဟာ လမ်းကြောင်းတစ်လျှောက် အခြေအနေများကို ရထားစက်ခေါင်း မောင်းနှင်ခန်းအတွင်းမှာပင် ရထားမောင်းသူအနေနဲ့ လွယ်ကူစွာ ကြည့်ရှု သိမြင်နိုင်ပြီး မိမိရထားကို အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ရန်အတွက် ဖော်ပြတဲ့ စနစ်တခုဖြစ်ပါတယ်။ လမ်းကြောင်းတလျှောက်မှ traffic light များတွင် ဖော်ပြသော ၀ါ၊ စိမ်း၊ နီ အချက်ပြမီးများကို ရထားမောင်းသူအနေနဲ့ မမြင်နိုင်တဲ့ အခြေအနေမျိုးမှာ စက်ခေါင်းအတွင်းက cab signaling system အကူအညီနဲ့ လိုအပ်သလို ထိန်းသိမ်း မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ အစပိုင်း အသုံးပြုခဲ့တဲ့ စနစ်တွေမှာတော့ ရထားမောင်းသူကို အသံ (သို့မဟုတ်) အာရုံခံစနစ်ဖြင့် အသိပေးရုံသာဖြစ်ပြီး မောင်းသူက manually အရှိန်လျှော့ ရပ်တန့်ပါတယ်။ အခုနောက်ပိုင်း စနစ်တွေမှာတော့ အန္တရာယ်ဖြစ်စေတဲ့ အနေအထားကိုရောက်ရင် ရထားကို အလိုလျောက် ရပ်တန့်စေပါတယ်။
    cab signaling system မှာ ရထားစက်ခေါင်းအတွင်း မောင်းနှင်သူရှေ့တွင် indicator တစ်ခုပါရှိပါတယ်။ ထို indicator တွင် ရထား မောင်းနှင်ရန်သတ်မှတ်အမြန်နှုန်း၊ မိမိနှင့် အနီးဆုံး ရထား၏တည်နေရာ၊ လမ်းကြောင်းများ၏ အချက်အလက်များ ( dynamic information) စသည်တို့ကိုပါ ထည့်သွင်း ဖော်ပြထားပါပြီး အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခု (ရထားမောင်းသူ ရုတ်တရက် သတိမထားမိသော အန္တရာယ်ရှိသည့် အခြေအနေများ ) ကိုရောက်ရင် သတိပေး အချက်ပြကာ ရထားကို အလိုလျောက် ရပ်တန့်စေပါတယ်။ ရထားကို အလိုလျောက် ထိန်းချုပ် မောင်းနှင်နိုင်တဲ့အတွက် automatic train control system (ATC) လို့လဲ ခေါ်ပါတယ်။ အခုနောက်ပိုင်း hight speed railway တွေမှာ အများဆုံး အသုံးပြုလေ့ရှိပါတယ်။ ရထားလမ်းဘေး တလျှောက်မှာရှိတဲ့ traffic light signal တွေနဲ့ ရထားမှာရှိတဲ့ cab signal ကို အဆက်မပြတ် ဆက်သွယ်ပေးဖို့အတွက် ရထားလမ်းများ (rails) ၊ သို့မဟုတ် လမ်းကြောင်းတလျှောက်တွင် loop conductors များကို အသုံးပြုပါတယ်။ ဒါ့အပြင် audio frequency 2000Hz နှင့် 20000 Hz ကြား ရှိ pulse – coded track circuit များကိုလဲ အသုံးပြုပါတယ်။ pulse code တွေကို အသုံးပြုတဲ့စနစ်မှာတော့ ရထားစက်ခေါင်းတွင်းမှ train control system equipment သည် အဆိုပါ code များကိုအလိုလျောက်ဖတ်ပြီး ရထားမောင်းသူကို လိုအပ်လျှင် အရှိန်လျှော့ရန် (သို့မဟုတ်) ရပ်တန့်ရန် သတိပေးပါတယ်။

  3. WunnaThanHtun May 29, 2010 at 7:14 PM  

    ရှင်းရှင်းလင်းလင်း သိရပါပြီခင်ဗျာ .. ကျေးဇူးတင်ပါတယ် ...
    နောက်ပိုင်းမှာလည်း ကို leostar ရေးမဲ့ အကြောင်းအရာလေးတွေ စောင့်မျှော်နေပါ့မယ် ...

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.