ရှေးယခင် ကတည်းက ရေအောက် ဥမင်များ ကိုတည်ဆောက် ခဲ့ကြသည်။ ပထမဆုံး ရေအောက်ဥမင်ကို အေဒီ ၂၁၈၀ ခုနှစ်က ဘေဘီလုံ မြို့တွင် အဲဖရိတ် မြစ်ကိုဖြတ်၍ ဖောက်လုပ်ခဲ့ပြီး မီတာ ၉၀၀ ကျော် ရှည်လျားသည်။ ယ နေ့ခေတ်တွင် ဥမင် ဖောက်လုပ်ရေး နည်းပညာများ တိုးတက်လာမှု နှင့်အတူ ရေအောက် ဥမင်များကိုလည်း တိုးတက် ဖောက်လုပ် လာကြသည်။ ယနေ့ အထင်ရှားဆုံး ဥမင်မှာ ယူရိုဥမင် ဟုခေါ်သော အင်္ဂလန်နိုင်ငံနှင့် ပြင်သစ်ကို ဆက်သွယ်ထားသည့် ၃၁ မိုင် ရှည်လျားသည့် ရေအောက် ဥမင်ဖြစ်သည်။ ဥမင်၏ ၂၃ မိုင် ရှည်လျားသော အပိုင်းမှာ ရေအောက်တွင် ရှိသည်။ ၁၉၈၇ ဒီဇင်ဘာ ၁ ရက်နေ့တွင် အင်္ဂလိပ် ဘက်ကမ်းမှာ စတင် ဖောက်လုပ်ခဲ့ပြီး ၁၉၉၄ မေလ ၆ ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ယနေ့အချိန်တွင် အလားတူ ရေအောက် ဥမင်များကို တိုးတက် တည်ဆောက် လျက်ရှိသည်။
မြစ်များ၊ ချောင်းများကို ဖြတ်ကျော်ရာတွင် တံတားများထက် ရေအောက် ဥမင်များကို ရွေးချယ် ဖောက်လုပ် ရခြင်းမှာ တံတားများသည် ဥမင်များထက် ဆောက်လုပ်မှု ကုန်ကျစရိတ် သက်သာခြင်း နှင့်ဆောက်လုပ်ရေး ကာလ တိုတောင်းမှု ရှိသော်လည်း မြစ်ပြင်ကျယ်ပါက ချဉ်းကပ်တံတားကို ပိုမို ရှည်လျားစွာ ဖောက်လုပ်ရခြင်း၊ မြို့ပြ ဧရိယာအတွင်း တံတား၏ နေရာယူမှု ပိုမို များပြားခြင်း၊ မြို့ပြ၏ ဗိသုကာ ဆိုင်ရာအမြင် အပေါ် ထိခိုက် စေနိုင်ခြင်း၊ မြစ်အတွင်း ရေကြောင်း သွားလာမှုကို အနှောင့်အယှက် ဖြစ်စေခြင်း၊ အချို့သော တံတားများသည် နေ့၊ည အမြဲ အသုံးမပြုနိုင်ခြင်း၊ အစဉ်မပြတ် ပြုပြင် ထိန်းသိမ်းမှု ပြုလုပ်နေရခြင်း စသည့် အချက်များနှင့် ဥမင်များသည် ဆောက်လုပ်ရေး ကာလ ကြာမြင့်၍ ကုန်ကျစရိတ် များပြားသော်လည်း မြစ်ကြောင်း သွားလာမှုကို နှောင့်ယှက်မှု မရှိခြင်း၊ မြို့ပြ၏ဗိသုကာ ဆိုင်ရာနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အနေအထား တို့ကို မထိခိုက်ခြင်း၊ မြေအောက်တွင် တည်ရှိ နေခြင်းကြောင့် မြို့ပြ ဧရိယာအတွင်း နေရာယူမှု မရှိခြင်း စသည့် အားသာချက်များ ကြောင့်ဖြစ်သည်။ ဥမင်များအတွင်း လေ၀င် လေထွက် စနစ်၊ လျှပ်စစ်မီးစနစ်၊ ရေဆိုးထုတ် စနစ်များကိုမူ အမြဲတစေ ပြုလုပ်ပေးဖို့ လိုသည်။
ရေအောက် ဥမင်များ ဖောက်လုပ်ရာတွင် နည်းလမ်း ၃ မျိုးရှိသည်။ ပထမနည်းမှာ မြစ်ကြောင်းအတွင်း သင်္ဘောကျင်း များကဲ့သို့ ဒေါက် (Dock) များ အရင်ဆုံး ဆောက်ပြီး ရေကိုစုပ်ထုပ်၍ ရေအောက် ကြမ်းပြင်ပေါ်တွင် ဆောက်လုပ်သော နည်းဖြစ်သည်။ ဒုတိယနည်းမှာ မြစ်ကြမ်းပြင်အောက်မှာ လွန်သွားစက် shield ဖြင့် ဖောက်လုပ်ခြင်း ဖြစ်သည်။ နောက်ဆုံးနည်းမှာ မြေပေါ်တွင် အရင်ဆုံး ဥမင်၏ ကိုယ်ထည် အစိတ်အပိုင်းများကို ဆောက်လုပ်ပြီးမှ ရေအောက် ဆောက်လုပ်မည့် နေရာကို ချထားခြင်း ဖြစ်သည်။ မည်သည့်နည်းဖြင့် ဆောက်လုပ်မည်နည်း ဟူသော ပြဿနာကို မြစ်၏အကျယ်၊ ရေအနက်၊ မိမိ အသုံးပြုနိုင်မည့် နည်းပညာ၊ ဘူမိ အနေအထားများ စသည်တို့ကို အခြေခံ၍ ရွေးချယ် ကြသည်။
ယနေ့ အချိန်အခါတွင် ဥမင်ဖောက်လုပ်ရေး နည်းပညာများ၊ စက်ယန္တရားများ တိုးတက် လာသည်နှင့် အမျှ ရေအောက်ဥမင် ဖောက်လုပ်ရာတွင် ပိုမိုအဆင်ပြေ ချောမွေ့လာသည်ကို တွေ့ရသည်။ လူသားတို့၏ အစွမ်းဖြင့် သဘာဝ အတားအဆီးများကို ကျော်လွှား လာနိုင်ကြသည်။ မဖြစ်နိုင်သည်များသည် မိမိတို့ မျက်စိ ရှေ့မှာတင်ပင် အံ့မခန်း ဖြစ်ပေါ်လာကြသည်။ ရေအောက် ဥမင်ဒီဇိုင်းများ၊ နည်းပညာ များကိုလည်း ဆက်လက် လေ့လာ စမ်းသပ်မှုများ ပြုလုပ်နေကြသည်။ သို့ဖြစ်ရာ အနာဂတ်၏ ဥမင်နှင့် မီထရိုပိုလီတန် ပညာရှင်များ အနေဖြင့် လက်ရှိ ဖြစ်ပေါ်နေသော နည်းပညာ အခြေအနေများ၊ အနာဂတ် အလားအလာများကို မျက်ခြေ မပျက်စေဘဲ မိမိတို့ တတ်စွမ်းသမျှ လေ့လာ အားထုတ်၍ ဖန်တီးမှုများ ပြုလုပ်ကြပြီး “ ကျင့်ဝတ်၊ တီထွင်၊ စွမ်းအားရှင် ” ဆောင်ပုဒ်ကို လက်ကိုင်ထား၍ ခေတ်မှီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရာတွင် တတပ်တအား ပါဝင် ဆောင်ရွက် နိုင်ကြပါစေ ကြောင်း ရည်ရွယ် ရေးသား လိုက်ရပါသည်။
Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld