ယနေ့ကမ္ဘာ၏ ပထ၀ီနိုင်ငံရေးတွင် အရေးပါသောနေရာသို့ ရောက်ရှိနေပြီး စီးပွားရေးတွင် အရှိန်အဟုန် ပြင်းစွာဖြင့် ဖွံ့ဖြိုးတိုးတက်နေသော အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံဒေသတွင် စုစုပေါင်းလူဦးရေ ၅၃၇.၁၁ သန်းနေထိုင်လျက်ရှိပြီး ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၈.၆ ရာခိုင်နှုန်းရှိ၍ စီးပွားရေးအရလည်း ကမ္ဘာ့ ကုန်သွယ်မှု ပမာဏစုစုပေါင်း၏ ၅.၈ ရာခိုင်နှုန်းသောဝေစုကို ရယူထားလျက်ရှိသည်။ ဒေသတွင်း လူဦးရေ ၅ သန်းကျော်ရှိသော မြို့တော်ကြီးများဖြစ်သည့် ဘန်ကောက်၊ စင်္ကာပူ၊ ကွာလာလမ်ပူ၊ ဂျကာတာ၊ ဟိုချီမင်းစီးတီး၊ မနီလာ၊ ရန်ကုန်မြို့များသည် အာဆီယံ၏ စီးပွားရေးတွင် အရေးပါသော မြို့ကြီးများဖြစ်ကြသည်။
မိမိတို့နိုင်ငံ၏ မြို့တော်များအား ခေတ်မှီတိုးတက်သော မြို့တော်များအဖြစ်သို့ အဆင့်မြှင့်တင်ရာတွင် မြို့တော်များ၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍကို အဓိကထား၍ အလေးပေး ဆောင်ရွက်ကြသည်ကိုတွေ့ရသည်။ အဘယ့်ကြောင့်ဆိုသော် မြို့တော်၏ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှသာလျှင် ကုန်ထုတ်လုပ်မှုနှင့် ကုန်စည်စီးဆင်းမှု လျင်မြန်လာမည်ဖြစ်ပြီး စီးပွားရေး ပိုမိုဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ပေသည်။ အာဆီယံမြို့တော်များ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍကို လေ့လာကြည့်လျှင် မိမိတို့တတ်နိုင်သမျှသော နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ဘန်ကောက်၊ စင်္ကာပူ၊ ကွာလာလမ်ပူနှင့် မနီလာမြို့များတွင် မြို့ပြသယ်ယူ ပို့ဆောင်ရေး လိုအပ်ချက်ကို mass rapid transit system ဖြစ်သည့် metropolitan ဖြင့်ပြောင်းလဲဖြည့်ဆည်းပြီးဖြစ်သည်။
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီးနှင့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တို့တွင် အလားတူ metro politan စီမံကိန်းများ စတင် အကောင်အထည် ဖော်လျက်ရှိသည်ကိုတွေ့ရပါသည်။ အခုပို့စ်တွင် အဆိုပါမြို့တော်များ၏ metropolitan များအကြောင်းကို highlight အနေဖြင့် ဖော်ပြပေးသွားပါမည်။
ဘန်ကောက် မီထရိုပိုလီတန်
လူဦးရေ ၅.၅ သန်းကျော် နေထိုင်သော ဘန်ကောက်မြို့ မီထရိုပိုလီတန်ကို mass transit ကွန်ယက်စနစ်အဖြစ် ရည်ရွယ်၍ ဆောက်လုပ်ထားပြီး အဓိကနည်းလမ်း ၃ မျိုးဖြင့် ဖော်ဆောင်ပါသည်။ ပထမအမျိုးအစားမှာ မိုးပျံရထားခေါ် sky train (BTS system) ဖြစ်သည်။ အစိမ်းရောင်လိုင်း အဖြစ်လည်း ခေါ်ကြသည်။ စီမံကိန်းတွင် ရထားလိုင်း ၃ လိုင်းပါဝင်သည်။ sukhumvit လိုင်း (၁၆.၈ ကီလိုမီတာ)နှင့် silom လိုင်း(၆.၃ ကီလိုမီတာ) များမှာ လက်ရှိ အသုံးပြုနေပြီဖြစ်ပြီး၊ တတိယမြောက်လိုင်းမှာ ဆောက်လုပ်ဆဲ ဖြစ်သည်။ ရထားလမ်းအကျယ် ၁၄၃၅ မီလီမီတာရှိပြီး၊ ရထားအတွက် လျှပ်စစ်ဓာတ်အားမှာ ၇၅၀ ဒီစီဗို့ရှိပြီး တတိယမြောက် သံလမ်းမှရယူသုံးစွဲသည်။ တွဲ ၃ တွဲပါ Siemens ရထားများဖြစ်ပြီး ၆၅ မီတာရှည် သည်။ တစ်နာရီ ၃၅ ကီလိုမီတာနှုန်းဖြင့်ပြေးဆွဲသည်။
ဒုတိယအမျိုးအစားမှာ မြေအောက်ရထား MRTA subway ဖြစ်သည်။ အပြာရောင်လိုင်း ဟုလည်းခေါ်ကြသည်။ ၁၉၉၇ သြဂုတ်လတွင် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်ခဲ့ပြီး ၂၁ ကီလိုမီတာ ရှည်လျားက မြေအောက် ဘူတာ ၁၈ ခုပါရှိသည်။၂၀၀၄ ခုနှစ်၊ ဧပြီလတွင် ရထားလမ်း စတင်ပြေးဆွဲသည်။ ရထားများမှာ တွဲ ၃ တွဲပါ Siemens ရထားများဖြစ်သည်။ လက်ရှိကာလတွင် နောက်ထပ် လမ်းပိုင်းများ တိုးချဲ့ ဖောက်လုပ်လျက် ရှိသည်။
နောက်ဆုံးအမျိုးအစားမှာ အနီရောင်လိုင်းဟုခေါ်သော elevated road & rail system ( BERTS) ဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းများကို ၁၉၉၀ ခုနှစ် အစောပိုင်းကာလများက ဆောက်လုပ်ခဲ့ပြီး ဘဏ္ဍာရေး ပြဿနာများကြောင့် ၁၉၉၈ ခုနှစ်တွင် ရပ်ဆိုင်းထားခဲ့ရပြီး ပို၍ကုန်ကျစရိတ်သက်သာမည့် အစီအစဉ်ဖြင့် အစားထိုးရန် စီမံလျက်ရှိသည်။ ရထားများကို နေ့စဉ် နံနက် ၆ နာရီမှ ည ၁၂ နာရီအထိပြေးဆွဲပေးလျက်ရှိပြီး ၃ မိနစ်မှ ၆ မိနစ်အတွင်း ရထားတစ်စီးနှုန်းဖြင့် ၀န်ဆောင်မှုပေးလျက်ရှိသည်။
စင်္ကာပူ မီထရိုပိုလီတန်
လူဦးရေ ၄ သန်းကျော်ရှိသော စင်္ကာပူမြို့၏ မီထရိုပိုလီတန်မှာ ကမ္ဘာပေါ်ရှိ ခေတ်မှီ မီထရိုပိုလီတန်များတွင် တစ်ခု အပါအဝင်ဖြစ်သည်။ မြေအောက် ဘူတာများ၏ ပလက်ဖောင်းများတွင် ရထားပေါ် အတက်အဆင်း တံခါးများ တပ်ဆင်ထားရှိသည်။ အဆိုပါပုံစံများကို ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ မီထရိုပိုလီတန်တွင်လည်း တွေ့ရသည်။ မြေအောက် လမ်းပိုင်းများတွင် လေ၀င်လေထွက်စနစ် အလွန်ကောင်းမွန်သော မီထရိုပိုလီတန် တစ်ခုဖြစ်သည်။ အာဆီယံဒေသ အတွင်းတွင် အကြီးဆုံးသော မီထရိုပိုလီတန် ကွန်ယက်ဖြစ်သည်။ တောင်/မြောက်လိုင်းနှင့် အရှေ့/ အနောက်လိုင်း နှစ်လိုင်းမှာ SMRT လိုင်းများအဖြစ်ပြေးဆွဲလျက်ရှိသည်။
၁၉၉၀ ခုနှစ်တွင် ရထားလမ်းအရှည် စုစုပေါင်း၆၇ ကီလိုမီတာ (မြေအောက်လမ်းပိုင်း ၁၉ ကီလိုမီတာ၊ မြေပေါ် ၃.၃ ကီလိုမီတာ၊ တံတားဖြင့် ၄၄.၈ ကီလိုမီတာ) ဖောက်လုပ်ပြီးစီးခဲ့ပြီး station ၄၂ ခုရှိပြီး မြေအောက် ဘူတာ ၁၅ ခုပါရှိသည်။ ၂၀၀၂ ခုနှစ်တွင် နောက်ထပ်လိုင်း နှစ်လိုင်းကို တိုးချဲ့ဖောက်လုပ်ခဲ့ပြီး ၈၉.၄ကီလိုမီတာ ရှည်လျားကာ ၂၃.၃ ကီလိုမီတာမှာ မြေအောက်လမ်းပိုင်းဖြစ်သည်။ ဘူတာရုံပေါင်း ၅၁ ခုပါရှိပြီး ၁၆ ခုမှာ မြေအောက်တွင် တည်ရှိသည်။ ၎င်း တို့ကို မြို့ပြကာကွယ်ရေး အဆောက်အအုံများအဖြစ် သတ်မှတ်ထားရှိသည်။
တောင်/မြောက်လိုင်း (အနီရောင်လိုင်း)မှာ Marina bayမှ Jurong East ကိုဆက်သွယ်ထားသည်။ အရှေ့/အနောက်လိုင်း (အစိမ်းလိုင်း)မှာPasir Ris/ချန်ဂီလေဆိပ်မှ Boon Lay ကို ဆက်သွယ်ထားသည်။ အဆိုပါလိုင်းများတွင် ၁၃၈ မီတာစီ ရှည်လျားသည့် တွဲ ၆ တွဲပါ ရထားများဖြင့် ပြေးဆွဲလျက်ရှိသည်။ တွဲများတွင် တံခါးပေါက် ၄ ပေါက်ပါရှိသည်။ တစ်နာရီလျှင် ၄၅ ကီလိုမီတာနှုန်းဖြင့် ပြေးဆွဲလျက်ရှိပြီး ရထားသံလမ်းအကျယ် ၁၄၃၅ မီလီမီတာနှင့် ဗို့အား ၇၅၀ ဒီစီဗို့သုံးစွဲသည်။ ၂၀၀၃ ဇူလိုင် ၂၂ မှ စတင်၍ အစိမ်းနုရောင် လိုင်းသစ်အဖြစ် ချန်ဂီလေဆိပ်မှ Tanah merah ကို ရှော်တယ်လိုင်းတိုအဖြစ် ပြေးဆွဲလျက်ရှိသည်။
အရှေ့/မြောက်ရထားလိုင်း(NEL) မြေအောက်ရထားလိုင်းဖြစ်ပြီး မောင်းသူမဲ့ အော်တိုမတ်တစ်စနစ်ဖြင့် Harbour Front မှ Punggol ထိပြေးဆွဲပါသည်။ တွဲ ၆ တွဲပါ ရထားများဖြင့် တစ်နာရီလျင် အများဆုံးကီလိုမီတာ ၉၀ ဖြင့် ပြေးဆွဲလျက်ရှိသည်။ စုစုပေါင်း ၂၀ကီလိုမီတာ ရှည်လျားသော လိုင်းအစအဆုံး ကြာချိန်မှာ ၃၃ မိနစ်သာ ရှိပါသည်။ SBS transit အဖြစ်လည်း ခေါ်ဝေါ်ကြပါသည်။ ၁၉၉၉ ခုနှစ်က စတင်ပြေးဆွဲခဲ့သော Bukit-Panjang LRT လိုင်းမှာ မိုးပျံတံတားများပေါ်မှ ဆက်သွယ် ထားပြီး အခြား MRT stations များနှင့် ချိတ်ဆက်ထားသည်။ ၇.၈ ကီလိုမီတာရှည်လျားကာ stations ၁၃ ခုပါရှိပြီး နေ့စဉ် နံနက် ၅ နာရီမှ နောက်တနေ့နံနက် ၅ နာရီအထိ ၆ မိနစ်လျှင် တစ်စီးနှုန်းဖြင့် ပြေးဆွဲလျက်ရှိသည်။
အင်္ဂလိပ်ဂဏန်း နံပါတ် 8 ပုံစံရှိသော Sengkang LRT မှာ အရှေ့/မြောက်လိုင်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ Punggol LRT လိုင်းသည်လည်း အရှေ့/မြောက်လိုင်း၏ လိုင်းတိုလေး တစ်ခုဖြစ်သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက်နေ့မှ စတင်ကာ SentosaExpress အဖြစ် Sentosa island မှ main land သို့ ပြေးဆွဲလျက်ရှိသည်။ ဘူတာ ၃ ခုပါရှိပြီး HarbourFront station တွင် MRT လိုင်းနှင့်ချိတ်ဆက်သည်။ စတုတ္ထမြောက် ဘူတာကို တည်ဆောက်လျက်ရှိပြီး ၂၀၁၀ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည်။
ကွာလာလမ်ပူ မီထရိုပိုလီတန်
ကွာလာလမ်ပူ မီထရိုပိုလီတန်သည် လိုင်း ၃လိုင်းဖြင့် ချိတ်ဆက်ထားသော စနစ်ဖြစ်သည်။ LRT(light rail) ဟုလည်း ခေါ်သည်။ LRT 1(lines C and D) သည် မိုးပျံရထားလိုင်းဖြစ်ပြီး စုစုပေါင်း ၂၇ ကီလိုမီတာ ရှည်လျားသည်။ ဘူတာရုံပေါင်း ၂၅ ခုရှိပြီး ၁၇ ခုမှာ မြေပြင်တွင် တည်ရှိကာ ၈ ခုမှာ မြေပေါ်တွင် ဖြစ်သည်။ ရထားပြေးဆွဲနှုန်းမှာ တစ်နာရီလျှင် ၃၅ ကီလိုမီတာဖြစ်သည်။ ၁၉၉၉ ခုနှစ်မှ စစ်တမ်းများအရ ခရီးသည် ၂၆ သန်းကို ပို့ဆောင် ပေးနိုင်ခဲ့သည်ဟု သိရသည်။ ၂၉ ကီလိုမီတာ ရှည်လျားသော LRT 2(line E) သည် ကမ္ဘာပေါ်တွင် အလိုအလျောက်စနစ်ဖြင့် မောင်းနှင်သော ရထားလမ်းများတွင် အရှည်လျားဆုံးအဖြစ် ပြင်သစ်နိုင်ငံ လိုင်လီမီထရို လိုင်းအမှတ်(၂) ကို မတိုးချဲ့ခင်အထိ တစ်နှစ်တာမျှ ဖြစ်ခဲ့သေးသည်။ မြေပေါ် ရထားလမ်းများကို မြေအောက်ကွန်ယက်များဖြင့် ချိတ်ဆက်ထားသည်။ station အားလုံးတွင် wheel chair ဖြင့် တက်/ဆင်း ပြုလုပ်နိုင်ခြင်း၊ အများသုံး သန့်စင်ခန်းများထားရှိခြင်း၊ မြေအောက်ဘူတာများတွင် ပလက်ဖောင်းအကာ တံခါးများ တပ်ဆင်ထားခြင်း၊ ရထားလမ်းကြောင်း လမ်းညွှန်များကို အင်္ဂလိပ်ဘာသာဖြင့်ပါ ရေးသားထားခြင်း စသည့် ဝန်ဆောင်မှုများ ထားရှိသည်။ တစ်နှစ်လျှင် ခရီးသည် ၃၅ သန်းကို သယ်ယူ ပို့ဆောင်ပေးလျက်ရှိသည်။
LRT 3 (line F) လိုင်းသည် Monorail line ဖြစ်သည်။ မြေပေါ် မိုးပျံရထားလမ်းဖြစ်ပြီး ၁၆ ကီလိုမီတာ ရှည်လျားကာ ၁၉၉၇ ခုနှစ်က စတင် တည်ဆောက်ခဲ့သည်။ ကနဦး ရထားလမ်းသည် PRT line အဖြစ်လူသိများပြီး ၈.၆ ကီလိုမီတာ ရှည်လျားကာ ဘူတာရုံပေါင်း ၁၁ ခုပါရှိသည်။ ၂၀ မီတာအရှည်၊ ၃ မီတာ အကျယ်အ၀န်းရှိသော တွဲ ၂ တွဲ ပါရှိသည့် သံလိုက်လျှပ်ပြေး ရထားကို ၂ မိနစ် မှ ၅ မိနစ်ကြားလျှင် တစ်စီးနှုန်းဖြင့် ပြေးဆွဲလျက်ရှိသည်။ ၂၀၀၂ ဧပြီလမှစတင်၍ New express rail line အဖြစ် ကွာလာလမ်ပူမြို့လယ်မှ ကွာလာလမ်ပူလေဆိပ် အထိ လိုင်းသစ်တိုးချဲ့ ပြေးဆွဲပေးနေသည်။ ယခုအခါ ကွာလာလမ်ပူ၏ အစိုးရရုံးစိုက်ရာမြို့တော် ပူထရာဂျာရာတွင်လည်း ၁၈ ကီလိုမီတာအရှည် station ၃၂ ခုပါရှိသော Monorail network ကို တည်ဆောက်လျက်ရှိသည်။ ကွာလာလမ်ပူမြို့ မီထရိုပိုလီတန်သည် လိုင်းအရေအတွက်အားဖြင့် မများသော်လည်း မြို့တော်၏ သယ်ယူပို့ဆောင်ရေးအတွက် အရေးပါသော ခေတ်မှီသည့် ကွန်ယက်တစ်ခုဖြစ်သည်။ နေ့စဉ် နံနက် ၆ နာရီမှ ည ၁၂ နာရီအထိ ရထားများ ပြေးဆွဲပေးလျက်ရှိသည်။
မနီလာ မီထရိုပိုလီတန်
မနီလာမြို့ မီထရိုပိုလီတန်သည် သေးငယ်သော်လည်း မြို့တော်လူဦးရေ ၁၀ သန်းကျော်အတွက် အလွန်အားထားရသော ခေတ်မှီ မီထရိုတစ်ခုဖြစ်သည်။ MRT (mass rail transit) သည် အဓိကအားဖြင့် မြေပေါ်တွင် တည်ဆောက်ထားသော မိုးပျံရထားလမ်း ကွန်ယက်ဖြစ်သည်။ ၁၉၈၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော LRT 1 သည်မြို့တော်၏ မြောက်ဘက်မှ တောင်ဘက်သို့ ဆက်သွယ်ထားကာ ၁၅ ကီလိုမီတာ ရှည်လျားပြီး ဘူတာ ၁၅ ခုပါရှိသည်။ ရထားလမ်းကို မြေပြင်မှအထက် ၇ မီတာအမြင့်တွင် precast concrete ဒီဇိုင်းဖြင့် ငလျင်ဒဏ် ခံနိုင်မှုရှိရန် တည်ဆောက်ထားပါသည်။ ရထားသံလမ်းအကျယ် ၁၄၃၅ မီလီမီတာရှိပြီး၊ ၇၅၀ ဒီစီဗို့အားကို သုံးစွဲသည်။ Metrostar ဟုလူသိများသည့် MRT 3 လိုင်းသည် အ၀ိုင်းပတ်လမ်းဖြစ်ပြီး Buendia station မှအပ ကျန်အ ပိုင်းများသည် မြေပေါ်လမ်းပိုင်းများဖြစ်သည်။ အဆိုပါ ရထားလမ်းကို ၁၉၉၉ တွင် ဖွင့်လှစ်ခဲ့ပြီး LRT 1 နှင့်ချိတ်ဆက် ထားသည်။ လမ်းအရှည် စုစုပေါင်း ၁၆.၈ ကီလိုမီတာရှိသည်။ ဆက်လက်၍လည်း ရထားလမ်းကို တိုးချဲ့ဖောက်လုပ် လျက်ရှိသည်။
LRT 2 သို့မဟုတ် ပန်းရောင်လိုင်းသည် မနီလာမြို့အရှေ့ဘက်မှ အနောက်ဘက်သို့ ဆက်သွယ် ဖောက်လုပ်ထားသည်။ ၎င်းလိုင်းသည်လည်း Katipunan stationလိုင်းမှအပ ကျန်လိုင်းများသည် မြေပေါ်လမ်းများ ဖြစ်သည်။ လိုင်း၏ စုစုပေါင်း အရှည်မှာ ၁၃.၈ ကီလိုမီတာရှိပြီး ဘူတာပေါင်း ၁၁ ခုပါရှိသည်။ MRT 4 လိုင်းသည် ၂၂.၆ ကီလိုမီတာရှည်လျားပြီး ဘူတာပေါင်း၂၀ ရှိသည်။ မြေပေါ်လိုင်းဖြစ်ပြီး Doroteo Jose’/Recto မှ Quirino Highway ထိဆက်သွယ်ထားသည်။ အပေါ့စားရထားတွဲများဖြင့် ပြေးဆွဲလျက်ရှိပြီး တနေ့လျှင် ခရီးသည် ၅ သိန်းခွဲကို ပို့ဆောင်ပေးလျက်ရှိသည်။ ဆက်လက်ဖောက်လုပ်မည့် MRT 7 လိုင်းစီမံကိန်းသည် ကွီဇုံမြို့ Common-wealthAvenue မှ ကာအိုကန်မြို့ Tala ကို ဆက်သွယ်ပေးမည်ဖြစ်သည်။ MRT 8 သည် အရှေ့ဘက်လိုင်းအဖြစ် အကောင်အထည် ဖော်မည်ဖြစ်ပြီး ၄၈ ကီလိုမီတာ ရှည်လျားကာ ကျန်ရထားလိုင်းအားလုံးနှင့် ချိတ်ဆက်မည်ဖြစ်သည်။ မနီလာ မီထရိုပိုလီတန်သည် နေ့စဉ်နံနက် ၆ နာရီမှ စတင်က ည ၂၂ နာရီဝန်ဆောင်မှု ပေးလျက်ရှိပြီး ၃ မိနစ်ခြား တစ်စီးနှုန်းဖြင့် ပြေးဆွဲပေးလျက်ရှိသည်။
တည်ဆောက်ပြီး အာဆီယံမြို့တော်များ၏ မီထရိုပိုလီတန်များသည် မြေအောက်ထဲတွင် လုံးလုံးတည်ရှိသည်မဟုတ်ပဲ မြေပေါ်တွင် တစိတ်တပိုင်းအားဖြင့် ဆက်သွယ်ဆောက်လုပ်ထားသည့် common network များဖြစ်ကြသည်ကို လေ့လာတွေ့ရှိရပါသည်။
ဆက်လက်ပြီး လက်ရှိ အကောင်အထည်ဖော်နေသော မီထရိုပိုလီတန် များဖြစ်ကြသည့် ဂျကာတာမြို့ မီထရိုပိုလီတန် နှင့် ဟိုချီမင်စီးတီး မီထရိုများအကြောင်းကို ဖော်ပြပါမည်။ ဂျကာတာမြို့ မီထရိုပိုလီတန် စီမံကိန်းကို ၂၀၀၄ နွေရာသီတွင်စတင်ခဲ့ပြီး Monorail ရထားလိုင်း ၂ လိုင်းပါရှိ မည်ဖြစ်သည်။ အစိမ်းရောင်လိုင်းအဖြစ် ၁၄.၈ ကီလိုမီတာ ရှည်လျားကာ ဘူတာပေါင်း ၁၇ ခုရှိမည်ဖြစ်သည်။ အပြာရောင်လိုင်းသည် ၁၂.၂ ကီလိုမီတာ ရှည်လျားမည်ဖြစ်ပြီး ၁၂ ဘူတာပါရှိသည်။ ဗီယက်နမ်နိုင်ငံ တောင်ဘက်ရှိ ဟိုချီမင်းစီးတီးမြို့ မီထရိုပိုလီတန် စီမံကိန်းသည် စုစုပေါင်းလမ်းအရှည် ၁၉၅ ကီလိုမီတာရှိကာ ၂၀၂၀ ခုနှစ်အပြီး တည်ဆောက်ရန် လျာထားသည်။ လူဦးရေ ၃.၅ သန်းကျော် နေထိုင်လျက်ရှိသော မြို့တော်၏ မီထရိုပိုလီတန် စီမံကိန်း master plan ကို ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလတွင် ကြေညာခဲ့သည်။
မြို့တွင်းမီထရိုစနစ်တွင် အနောက်မြောက်ဘက်မှ အရှေ့တောင်ဘက်သို့ ၄၆.၈၆ ကီလိုမီတာ ရှည်လျားပြီး ဘူတာရုံ ၄၄ ခုပါဝင်မည့် ရထားလိုင်း၊ အတွင်းအ၀ိုင်းပတ်အဖြစ် ၄၃.၁၄ကီလိုမီတာ ရှည်၍ ဘူတာ ၄၅ ခုပါဝင်မည့် မြို့ပတ်လမ်း၊ ၉.၃ ကီလိုမီတာ ရှည်လျားကာ ဘူတာ ၉ ခုပါဝင်မည့် Tan Son Nhat လိုင်း၊ ၂၁ ကီလိုမီတာ ရှည်လျားကာ ဘူတာရုံ ၁၈ ခုပါဝင်မည့် Hoa Hung-Hanoi Highway-Thu Thiem လိုင်း၊ ၂၇.၅ကီလိုမီတာ အရှည်နှင့် ၁၈ ဘူတာ ပါဝင်မည့် ခရိုင်အမှတ် ၂ နှင့် ခရိုင်အမှတ် ၉ကို ဆက်သွယ်မည့် Ben Thanh-Thu Duc လိုင်း၊ ၄၆ ကီလိုမီ တာ ရှည်လျားကာ ဘူတာရုံ ၄၂ ခုပါဝင်မည့် Bien Hoa-Binh Chanh-Hoa လိုင်းဟူ၍ ရထားလိုင်း ၆လိုင်းပါရှိမည် ဖြစ်သည်။
အဆိုပါ master plan သည် ဟိုချီမင်းစီးတီးမြို့အပြင်ဘက်ရှိ ဆက်ကြောင်းများနှင့် ချိတ်ဆက်ပေးမည် ဖြစ်ပြီး မြို့တော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည် ဖြစ်သည်။အထက်ပါ ရထားလိုင်းများအနက် Tan Son Nhat လိုင်းနှင့် Ben Thanh-Binh TayMarket လိုင်းတို့ကို ပင်မ လမ်းကြောင်းများအဖြစ် ဦးစွာဖောက်လုပ်မည် ဖြစ်သည်။ ဟိုချီမင်း မီထရို၏ လမ်းကြောင်းများသည်လည်း တစိတ်တပိုင်း မြေပေါ်တွင်ရှိမည်ဖြစ်သည်။ ရထားသံလမ်း အကျယ် ၁၄၃၅ မီလီမီတာ၊ ရထားအကျယ် ၃ မီတာနှင့် ရထားအမြန်ဆုံးပြေးနှုန်း တစ်နာရီ ၈၀ ကီလိုမီတာရှိမည်ဖြစ်ပြီး ၄ မိနစ်လျင် တစ်စီးနှုန်းဖြင့် ပြေးဆွဲမည်ဟု လျာထားသည်။ စီမံကိန်းလုပ်ငန်းကို ၂၀၀၅ ခုနှစ်မှစတင်၍ အကောင်အထည် ဖော်လျက်ရှိပြီး အာဆီယံဒေသအတွင်း ခေတ်အမှီဆုံး မီထရိုပိုလီတန်တစ်ခု ဖြစ်လာရန် မျှော်မှန်းထားသည်။
နိဂုံးချုပ်အားဖြင့်ဆိုသော် အာဆီယံမြို့တော်များ၏ မီထရိုပိုလီတန်များသည် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ကဏ္ဍတွင် အထူးအရေးပါသော သယ်ယူပို့ဆောင်ရေး ကွန်ယက်များ ဖြစ်ကြပါ သည်။ အထူးသဖြင့် ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာကို အဓိကရင်ဆိုင်နေရသော ဘန်ကောက်မြို့မီထရိုသည် မြို့နေလူထု၏ အထူးအားထားရာ mass rapid transit တစ်ခုဖြစ်သည်ကို တွေ့ရှိရပါသည်။ သာမန်မြို့နေလူတန်းစားများ၊ ရုံးဝန်ထမ်းများအတွက် ကားလမ်းများထက် မီထရိုပိုလီတန်သည် မိမိတို့လိုရာခရီးကို အချိန်တိုအတွင်း စရိတ်စက နည်းနည်းဖြင့် သွားလာနိုင်သဖြင့် မြန်၊ ကောင်း၊ သက်သာသော စနစ်တစ်ခုဖြစ်သည်။ ရာသီဥတု ဆိုးဝါးမှုကြောင့် သို့မဟုတ် အခြားသော မမျှော်လင့်နိုင်သော ဘေးအန္တရာယ် အခြေအနေများတွင် မီထရိုသည် အလွန်စိတ်ချရသော သယ်ယူပို့ဆောင်ရေးစနစ် တစ်ခုဖြစ်ပါသည်။
ယနေ့ အချိန်အခါတွင်ကမ္ဘာပေါ်၌ လောင်စာဆီရှားပါးမည့် ပြဿနာကို ရင်ဆိုင်လာရချိန်တွင် မီထရိုပိုလီတန်သည် မော်တော်ယာဉ်များ၊ အခြားသော ရထားများကဲ့သို့ လောင်စာဆီသုံးစွဲရမှု မရှိသောကြောင့် ပြေးဆွဲရမည့် ကုန်ကျစရိတ် နည်းပါးမည့်အပြင် သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှုမရှိပေ။ သို့ဖြစ်ရာ ကျွန်တော်တို့ မြန်မာနိုင်ငံ၏ လူဦးရေ ၆ သန်းကျော် နေထိုင်လျက်ရှိသော စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင်လည်း ခရီးသည်အမြောက်အမြားကို တပြိုင်တည်း သယ်ယူပို့ဆောင်ပေးနိုင်မည့် mass rapid transit အဖြစ် မော်တော်ယာဉ်များကို မှီခိုနေမှုအစား မီထရိုပိုလီတန် ဖြင့်ပြောင်းလဲ အစားထိုးသင့်ပြီ ဖြစ်ကြောင်း အကြံပြု တင်ပြုလိုက်ရပါသည်။
ပရင့်ထုတ်ရန်

ကိုမီထရိုရေ ခုမှသေသေချာချာ ဖတ်မိတာ ကျွန်တော့ အမှားပါ. တကယ် အကျိုးပြုတဲ့ ရေးအသားပါ။ လက်တွေ့ စီးကြည့်မှာဒီကောင်တွေရဲ့ စွမ်းရည်ကို သိတယ်