ကုန်မြို့တော်မှာ ပြောင်းလဲလာတဲ့ ခေတ်ရဲ့အခြေအနေများကြောင့် ပညာရေး၊ စီးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများနဲ့အတူ ပြောင်းရွှေ့ အခြေချနေထိုင်မှု များလာတဲ့အတွက် လူဦးရေ တဖြည်းဖြည်း တိုးတက်လာတာကို နှစ်အလိုက် လူဦးရေ တိုးတက်မှု ကိန်းဂဏန်းများက ဖော်ပြနေပါတယ်။ ယခုလက်ရှိ ခန့်မှန်းချက်များအရ မြို့တော်ရန်ကုန်မှာ လူဦးရေ ၅ သန်းနီးပါးရှိပြီး လာမည့် နှစ် ၂၀ အတွင်းမှာ နောက်ထပ် လူဦးရေ ၁၀ သန်းနီးပါး တိုးပွားလာမည်ဟုလည်း ပညာရှင်များက ခန့်မှန်းပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ ရန်ကုန်မြို့တော်ဟာ အာရှရဲ့ မီထရိုပိုလစ်မြို့တော်ကြီးများမှာ ပါဝင်လာမယ်မှာ ဖြစ်ပါတယ်။
နောက်တစ်ခုက ရန်ကုန်မြို့တော်ဟာ ၂၁ ရာစု အာရှမြို့တော်များကွန်ယက် မှာပါဝင်တဲ့ အဖွဲ့ဝင်မြို့တော်လည်း ဖြစ်ပါတယ်။ ရန်ကုန်မြို့အပါအ၀င် ဘန်ကောက်၊ ဒေလီ၊ ဟနွိုင်း၊ ဂျကာတာ၊ ကွာလာလမ်ပူ၊ စင်္ကာပူ၊ မနီလာ၊ ဆိုးလ်၊ တိုင်ပေ၊ တိုကျို၊ စတဲ့ အာရှမြို့ကြီး ၁၁ မြို့ကြားမှာ မြို့ပြစီမံကိန်းရေးရာ၊ မြို့တော်များအကြား အပြန်အလှန်ကူညီထောက်ပံမှုနဲ့ မြို့တော်ရဲ့ အုပ်ချုပ်မှု ပြဿနာရပ်များကို ပူပေါင်းဖြေရှင်းကြဖို့ အဆိုပါအဖွဲ့ကို ၂၀၀၀ ခုနှစ်က ကွာလာလမ်ပူမြို့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဒါကြောင့် မိမိတို့မြို့တော်ကိုလည်း အခြားမြို့တော်များ နည်းတူ ခေတ်မှီဖွံ့ဖြိုး တိုးတက်လာအောင် ဆောင်ရွက်ကြရပါမယ်။
အရှေ့တောင်အာရှမှာ ခေတ်မှီမြို့တော်တစ်ခု ဖြစ်ခဲ့ဖူးတဲ့ ရန်ကုန်မြို့ဟာ ဒီနေ့ခေတ်မှာတော့ အခြားပြိုင်ဘက် အာဆီယံမြို့တော်များနည်းတူ မြို့ပြကဏ္ဍကို အဆင့်မြင့်တင်ဖို့ လိုအပ်နေပါပြီ။ တိုးပွားလာတဲ့ မြို့တော်ရဲ့ လူဦးရေကြောင့် မြို့သစ်များ၊ အိမ်ရာစီမံကိန်းများ ပြုလုပ်လာရတဲ့နည်းတူ တဖက်မှာလည်း မြို့တော်ရဲ့ သယ်ယူပို့ဆောင်ရေးအပိုင်းကို ပိုမိုကောင်းမွန်အောင် အဆင့်မြင့်တင်ဖို့ upgrade လုပ်ဖို့ စဉ်းစားကြရပါတော့မယ်။ ထိုကြောင့်လည်း တဖြေးဖြေး ပြန့်ကားထွက်လာနေတဲ့ မြို့တော်ရဲ့ ဧရိယာအတွင်း လမ်းပန်းဆက်သွယ်မှု လျင်မြန်လွယ်ကူလာရေးဟာ အရေးပေး စဉ်းစားရမယ့် ပြဿနာတစ်ခု အဖြစ် ရောက်ရှိလာပါတယ်။ ဒါဟာ မြိုတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုနေတဲ့ အဓိကအချက် တစ်ချက်ဖြစ်တဲ့အပြင် အခြားလူမှုရေး ကဏ္ဍများနဲ့ မြို့ပြလူနေမှု အဆင့်အတန်းကိုပါ ဖော်ညွှန်းနေတဲ့ အချက်လည်း ဖြစ်ပါတယ်။
မြို့တော်ရဲ့ သယ်ယူပို့ဆောင်ရေး ကွန်ယက်ဟာ အခြားသော ပြည်နယ်၊ မြို့တော်များကြား ဆက်သွယ်မှု ကွန်ယက်များနဲ့ ပုံစံချင်း၊ သဘောသဘာဝချင်း မတူညီပါဘူး။ မြို့ပြပို့ဆောင်ရေးဟာ မြို့နေလူထုရဲ့ နေစဉ်လှုပ်ရှားမှု ပုံစံနဲ့ တထပ်တည်းကျနေပါတယ်။ နေ့စဉ် ရုံးဆင်း၊ရုံးတက်၊ အလုပ်သွား၊ အလုပ်ပြန် စတဲ့လူမှုဖြစ်စဉ်များဟာ စီးပွားရေးယန္တရား၊ အုပ်ချုပ်ရေးယန္တရားများကို အထောက်အကူပြုနေတဲ့ အစိတ်အပိုင်းများ ဖြစ်တာမို့လို့ သယ်ယူပို့ဆောင်ရေး ညံ့ဖျင်းမှုကြောင့် ဖြစ်လာမယ့် ဆုံးရှုံးမှုများဟာ တန်ဖိုးကြီးမားလှပါတယ်။ ဒါကြောင့်လည်း ယနေ့ကမ္ဘာ့မြို့တော်များမှာ မြို့တော်ရဲ့ သယ်ယူ ပို့ဆောင်ရေးကဏ္ဍကို အလေးပေးပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ဥပမာ အနေနဲ့ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ၁၉၉၇ ခုနှစ်က မြေအောက်ရထား (ထိုင်းအခေါ် rot fai fah) ကိုစတင်ဖောက်လုပ်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ စတင်ပြေးဆွဲနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ယခင်က မြို့တော်ရဲ့ သယ်ယူပို့ဆောင်ရေးမှာ မော်တော်ယာဉ်များ၊ မြစ်ကူး ပို့ဆောင်ရေးတို့ကိုသာ မှီခိုနေရမှုကို MRT လို့ခေါ်တဲ့ Mass rapid transit ပေါ်ကို လုံးလုံးလျားလျား ပြောင်းလဲနိုင်ခဲ့ပါတယ်။ သည်အတွက် ခရီးသွားပြည်သူများဟာ ယာဉ်ကြောပိတ်ဆို့နေတဲ့ လမ်းမများပေါ်မှာ တမေ့တမော ထိုင်စောင့်မနေရတော့ဘဲ မိမိတို့ အလုပ်ခွင်ကို လျင်လျင်မြန်မြန် သက်တောင့်သက်သာ သွားလာနိုင်ပြီး မြို့တော်ရဲ့ ပို့ဆောင်ရေး ယန္တရားဟာလည်း ပိုမိုသွက်လက် မြန်ဆန်လာတာကို တွေ့ရပါတယ်။ တဖက်ကကြည့်လျှင်လည်း မီထရိုတည်ဆောက်လိုက်တဲ့ အတွက် မြို့တော်ရဲ့ လေထုညစ်ညမ်းမှုကိုလည်း အတော်အတန် လျော့ချလိုက်နိုင်ပါတယ်။ ယခုလောလောဆယ် အဓိက လိုင်း ၂ လိုင်းသာရှိသေးတဲ့ ဘန်ကောက် မီထရိုဟာ တစ်နာရီကို ခရီးသည် ၄ သောင်းပို့ဆောင်ပေးနိုင်ပြီး တစ်နေ့ကို ခရီးသည် ၄ သိန်းနီးပါး ပို့ဆောင်ပေးနေပါတယ်။ ဆက်လက်ပြီးလည်း မြေအောက်ရထားလိုင်း၊ ကောင်းကင် ရထားလိုင်းများ တိုးချဲ့ ဖောက်လုပ်လျက်ရှိပါတယ်။ အဆိုပါ လိုင်း ၂ လိုင်းရဲ့ စုစုပေါင်း ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၂.၇၅ ဘီလီယံရှိပါတယ်။ အခုလို ကုန်ကျစရိတ် ကြီးမားပေမဲ့ ရရှိလာမယ့် အကျိုးဆက်ဟာ မြို့ပြရဲ့ စီးပွားရေး၊ လူမှုရေးကဏ္ဍမှာ တန်ဖိုးမဖြတ်နိုင်တဲ့ အလှည့်အပြောင်းကြီး ဖြစ်တာကြောင့် ထိုင်းအစိုးရက နောက်ထပ် ထိုင်းဘတ်ငွေ ၇ ဘီလီယံ ထပ်မံရင်းနှီးမြှုပ်နှံပြီး စီမံကိန်းများကို ဆက်လက် အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။
ကျွန်တော်တို့လည်း နောင်ဖြစ်လာမည့် အခြေအနေများကို တွက်ဆပြီး မိမိတို့မြို့တော်ရဲ့ အခြေခံ အဆောက်အအုံများ တနည်းအားဖြင့် General capital plan ကို ရေးဆွဲထားနိုင်ဖို့လိုပါတယ်။ မြို့တော် ဧရိယာအတွင်းမှာ ဗိသုကာဆိုင်ရာနဲ့ မြို့ပြဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းများကို နောင် ၁၅ နှစ်၊ နှစ် ၂၀ အတွင်း ဖော်ဆောင်ရမယ့် လုပ်ငန်းများနဲ့တကွ ကြိုတင်တွက်ချက် ရေးဆွဲထားမှသာ ရင်ဆိုင်လာရမယ့် စိန်ခေါ်မှုများကို အလွယ်တကူ ဖြေရှင်းနိုင်မယ်လို့ ယူဆပါတယ်။
ယခုလတ်တလော မြို့တော်ရန်ကုန်မှာ ကြုံတွေ့စ ပြုလာပြီဖြစ်တဲ့ အခြေအနေများဟာ ကျွန်တော်တို့ရဲ့ ဖန်တီးနိုင်စွမ်း Creativity ကို စိန်ခေါ်နေပြီဆိုတာ အခု Metropolitan နဲ့ Electric Traction ကျောင်းသားများအနေနဲ့ လက်ခံကြရပါမယ်။ ဒီပြဿနာကို တစ်နေ့ မလွဲမသွေ ဖြေရှင်းကြရမှာပါ။ ကိုယ်နဲ့ လက်လှမ်းမမှီတဲ့ ကိစ္စများကို အသာထား၊ မိမိတို့နဲ့ သက်ဆိုင်တဲ့ နည်းပညာပိုင်းကနေ ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြိုတင်တွေးဆ ပြင်ဆင်မှုများ ပြုလုပ်ထားကြဖို့ လိုပါတယ်။ မိမိတို့ သင်ကြားနေတဲ့ အဆင့်မြင့် ပညာရပ်တွေကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားရပါမယ်။ မိမိတို့ လက်ရှိရေးသား နေကြရတဲ့ ဘွဲ့ယူစာတမ်း၊ project စာတမ်းများမှာ ကိုယ့်နိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီမယ့် အနေအထားများကို လေ့လာ သုတေသနပြုလုပ်ပြီး ရေးသားထားနိုင်ကြဖို့ တိုက်တွန်းလိုပါတယ်။ တစ်ဦးတစ်ယောက်တည်းနဲ့ ဒီလိုစီမံကိန်းမျိုးကို ဖော်ဆောင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အတွက် အဖွဲ့အစည်းများ၊ ပညာရှင်များ စတဲ့ လူအရင်းအမြစ်များနဲ့ ငွေကြေး၊ နည်းပညာပိုင်းက အစ ပြည့်စုံဖို့လည်း လိုပါတယ်။ တရစ်ချင်း၊ တဆင့်ချင်း ပြုလုပ်သွားရမယ့် အခြေအနေမို့ မိမိတို့ ကျရာကဏ္ဍကနေ အကောင်းဆုံး ကြိုးစားထားကြဖို့ လိုအပ်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါတယ်။

Related Posts
Transport Problem in Yangon
One of the Great Challenges for Tunnel Construction
ဖတ်လိုက်ရသော သတင်းနှစ်ပုဒ်
ပရင့်ထုတ်ရန်
Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld