အ
ခုတလော ကမ္ဘာပေါ်မှာ စွမ်းအင်ပြဿနာအကြောင်း ပိုပြီးအာရုံစိုက်လာကြ၊ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပွဲတွေ လုပ်လာကြတာ တွေ့ရပါတယ်။ နိုင်ငံရဲ့ စက်မှုကဏ္ဍမှာ စွမ်းအင်ဟာ မရှိမဖြစ်အရေးပါတဲ့ အတွက် ယနေ့ အချိန်အခါမှာ နိုင်ငံတော်တော်များများဟာ ဖြစ်နိုင်သမျှနည်းလမ်းပေါင်းစုံနဲ့ စွမ်းအင်ပြဿနာကို ဖြေရှင်း နေကြပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာလည်း မိမိတို့ရဲ့ ရေမြေသဘာဝက ပေးထားတဲ့ အခွင့်အလမ်း တွေကို အသုံးချပြီး ဇီဝလောင်စာဆီ ထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်းနေသလို၊ တဖက်ကလည်း လျှပ်စစ်ကဏ္ဍ အတွက် ရေအားလျှပ်စစ် စီမံကိန်းကြီးများကို အကောင်အထည် ဖော်လျက်ရှိပါတယ်။ ၂၁ ရာစု လူနေမှုဘ၀မှာ လျှပ်စစ်ဓာတ်အား အသုံးပြုမှုဟာ ပိုမို တိုးတက်များပြား လာမှာဖြစ်သလို ယခင် လောင်စာဆီ အသုံးပြု စက်မှုလုပ်ငန်း များဟာလည်း လျှပ်စစ်စွမ်းအင်ကို ပြောင်းလဲ အသုံးပြုပြီး လောင်စာဆီကို ချွေတာ လာကြပါတယ်။
ဒါကြောင့် ရရှိလာတော့မယ့် လျှပ်စစ်စွမ်းအင် အနေအထားအရ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ မီးရထားကဏ္ဍ ကိုလည်း upgrade လုပ်ဖို့ (၀ါ) ယနေ့ ဒီဇယ်သုံးရထား စက်ခေါင်းတွေကို လျှပ်စစ်စွမ်းအင်သုံး စက်ခေါင်းများနဲ့ အစားထိုး အသုံးပြုနိုင်ဖို့ မျှော်လင့်လို့ရလာပါပြီ။ လျှပ်စစ်စွမ်းအင်နဲ့ ပြေးဆွဲတဲ့ ရထားတွေ ပေါ်ပေါက်လာတာ ကြာပြီ ဖြစ်ပေမဲ့ ကျွန်တော်တို့ အတွက်တော့ ဒါဟာ နည်းပညာ နယ်ပယ်အသစ် ဖြစ်တဲ့အပြင် စိတ်ဝင်စားစရာလည်း ကောင်းတာမို့လို့ မိမိတို့ သိရှိသမျှတွေကိုလည်း ဖြန့်ဝေပေးတဲ့ အနေနဲ့ ဒီပို့စ်ကို ရေးသား လိုက်တာပါ။
ယနေ့ကမ္ဘာတစ်ဝှမ်းမှာ ရထားလိုမျိုး ကြီးမားလေးလံတဲ့ အရာတွေကို ရွေ့လျားသွားလာအောင် လုပ်ဖို့ရာ အတွက် နည်းလမ်းအမျိုးမျိုးရှိတဲ့ အထဲမှာ အခုနောက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြတဲ့ စနစ်တစ်ခုကတော့ Electric Traction System ဖြစ်ပါတယ်။ ဒီစနစ်ဟာ ရထားအမျိုးအစား ပေါ်မူတည်ပြီး တည်ဆောက်ပုံ ကွဲပြားပါတယ်။ နည်းပညာဟာ အချိန်နဲ့ အမျှတိုးတက်နေပေမဲ့လည်း ဒီစနစ်ရဲ့ အခြေခံယူဆချက် များကတော့ အခုထိ ခိုင်မာလျက်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ် ၁၀၀ လောက်ကတည်းက တည်ဆောက်မှုတွေ အပေါ်မှာ အဆင့်ဆင့်ပြောင်းလဲ တိုးတက်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကစပြီးတော့ လျှပ်စစ်ရထားတွေမှာ အလွန်မြင့်မားတဲ့ အရှိန်နဲ့ ပြေးနိုင်တဲ့ Electric Traction စနစ်ဟာ Micro processors၊ power electronics တို့နဲ့ အပြိုင် ဖွံ့ဖြိုးတိုးတက် လာခဲ့ပါတယ်။ စက်ရုံတွေမှာ Electric Traction System အတွက် ပစ္စည်းတွေ စံထားပြီး ထုတ်လုပ်လာတဲ့ အထိ အောင်မြင်လာပါတယ်။ ပို့စ်ရှည်လွန်းမှာစိုးတဲ့ အတွက် Electric Traction သမိုင်းကို ဒီလောက်နဲ့ရပ်ပြီး Electric Traction System အတွက် လိုအပ်တဲ့ Power Supply အကြောင်းကို ဆက်လက်တင်ပြသွားပါမယ်။
လျှပ်စစ်ရထားတွေမှာ လုံခြုံစိတ်ချရတဲ့၊ စွမ်းအင်သုံးစွဲမှုသက်သာတဲ့ Power Supply လိုအပ်ပါတယ်။ Power Supply မှာ Direct current(DC) နဲ့ Alternating current(AC) လို့နှစ်မျိုးရှိပါတယ်။ DC အသုံးပြု system ဟာ ရိုးရှင်းလွယ်ကူတဲ့ အတွက် နှစ်ပေါင်း များစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ AC စနစ်ဟာ Long distances တွေမှာ အသုံးပြုရင် ပိုမိုကောင်းမွန်ပြီး ကုန်ကျစရိတ်လည်း သက်သာပါတယ်။ ဒါပေမယ့် Control ပိုင်းမှာ DC system တွေထက် ပိုမိုခက်ခဲပါတယ်။ ရထားကို လျှပ်စစ်ပို့မယ့် Power Transmission အတွက် Overhead wire (ကောင်းကင်ကြိုး) သို့မဟုတ် Third rail လို့ခေါ်တဲ့ ရထားသံလမ်းနှစ်ခု ဘေးရှိ အပို သံလမ်းမှ လျှပ်စစ်ဓာတ်အား ကို ပေးပို့ပါတယ်။ ၎င်းတို့က ပေးပို့လိုက်တဲ့ လျှပ်စစ်ဓာတ်အားကို ရထားဆီကို တိုက်ရိုက်ပို့လွှတ်လို့ မရပါဘူး။ ကြားခံအဖြစ် Pantograph လို့ ခေါ်တဲ့ လျှပ်စစ်ဖြတ်သန်း စီးဆင်းစေတဲ့ framework တစ်ခုကို အသုံးပြုကြ ရပါတယ်။
Pantograph ရဲ့တာဝန်ကတော့ ပို့လွှတ်လိုက်တဲ့ Electrical Power Transmission ရဲ့ High Voltage တွေကို လျှော့ချပြီး သင့်တော်တဲ့ ဓာတ်အားကိုသာ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးရတာပါ။ အသုံးပြုရာမှာ လွယ်ကူသလို Maintenance လုပ်ရာမှာလည်း အဆင်ပြေပါတယ်။ မူလက Pantographs တွေဟာ Diamond shape ဖြစ်ပေမဲ့ အခုနောက်ပိုင်းမှာတော့ ပုံမှာ ဖော်ပြထားတဲ့ အတိုင်း Single arm pantograph တွေကို အသုံးပြုလာကြပါတယ်။ အကယ်၍ Pantograph မှာ ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ရင် သတိပေးနိုင်တဲ့ အချက်ပြ စနစ်တွေကို လည်း တပ်ဆင်ထားပါတယ်။
Overhead wire ကနေ လျှပ်စစ်ဓာတ်အား ရယူပြေးဆွဲတဲ့ စက်ခေါင်းတွေကို မြေပြင်ရထားလိုင်းတွေမှာ အသုံးပြုပါတယ်။ ဒီ wire တွေဟာ ရာသီဥတု ကြမ်းတမ်းမှုဒဏ်ကို ခံနိုင်ရည်စွမ်းရှိပြီး Ampere ထောင်ပေါင်းများစွာပါဝင်တဲ့ current တွေကို သယ်ဆောင် ပေးနိုင်ပါတယ်။ ထို့ပြင် Tension load ကိုလည်း ၂ တန် အထိ ခံနိုင်ရည်ရှိပါတယ်။ Overhead wire တွေမှာ DC overhead wire တွေက ပိုမိုထူထဲပြီး ဗို့အား ၁၅၀၀ မှ ၃၀၀၀ ထိပို့လွှတ်နိုင်ပါတယ်။ AC overhead wire တွေမှာတော့ အကွာအဝေး များလာတဲ့အခါ ဗို့အား မတူညီမှုတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ အတွက် Booster Transformers တွေကို အသုံးပြုကြရပါတယ်။ AC ရော DC ပါ အသုံးပြုနိုင်တဲ့ Dual Voltage wire တွေလည်းရှိပါတယ်။ ဥရောပနိုင်ငံများမှာ အသုံးပြုနေတဲ့ Locomotives အချို့မှာ 25 kV AC/ 15 kV AC/ 3000 V DC နဲ့ 1500 V DC တွေကို ခံနိုင်တဲ့ Dual voltage wire တွေကို အသုံးပြုကြပါတယ်။
Third Rail ကနေ လျှပ်စစ်ဓာတ်အား ရယူတဲ့စနစ်ကိုတော့ မြေအောက်ရထားတွေမှာ အသုံးပြုပါတယ်။ ၎င်းကနေ ဓာတ်အားကို ရထားဆီ ရောက်ဖို့ ဆောင်ရွက်ပေးတဲ့ အရာတွေကို Shoe လို့ခေါ်ပါတယ်။ Shoe တွေကို ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ထားကြပါတယ်။ ပုံမှာ အရိုးရှင်းဆုံး Top contact collector shoe ကို ဖော်ပြထားပါတယ်။
လျှပ်စစ်ရထားတွေ အတွက် နောက်ထပ်လိုအပ်တဲ့ အရာကတော့ Return ဆိုတဲ့ Electrical conductor ပဲဖြစ်ပါတယ်။ သူဟာ Source ကနေ current ကို ရယူပြီး တဖန်ထို source သို့ current ပြန်စီးအောင် ဆောင်ရွက်ပေးပါတယ်။ ရထားတွေမှာ ဒီ Return တွေကို အလုံအလောက်တပ်ဆင်ထားရပါတယ်။
ယနေ့ခေတ်မှာ ရထားတွေကို AC supply ကော DC supply ပါ ကြိုက်နှစ်သက်ရာ အသုံးပြုကြပါတယ်။ ဒီနေရာမှာ AC သို့မဟုတ် DC supply တွေကို ရွေးချယ်ရာမှာ Power supply ပေးရာမှာ မှန်ကန်တဲ့ power transmission system ကို ရွေးချယ်နိုင်ဖို့ အရေးကြီးပါတယ်။ များသောအားဖြင့် ခရီးဝေးသွားတဲ့ ရထားတွေမှာ AC supply ကို အသုံးပြုပြီး ခရီးတိုများမှာတော့ DC supply တွေကို အသုံးပြုပါတယ်။ ဗို့အားမြင့်တင်ရာမှာ DC system ထက် AC system က ပိုပြီး လွယ်ကူတဲ့အတွက် Power အမြောက်အမြားကို ပေးပို့ရာမှာ AC transmission lines တွေကို အသုံးပြုကြပါတယ်။ ဒါကြောင့်မို့လို့ အခုနောက်ပိုင်း လျှပ်စစ်ရထားတွေမှာ AC system ကိုပဲ စံထားပြီး အသုံးပြု လာကြပါတယ်။
ယနေ့ကမ္ဘာမှာ နည်းပညာဟာ အချိန်နဲ့အမျှ ပြောင်းလဲတိုးတက်နေတာ အံမခန်း မြင်တွေ့ နေရပါတယ်။ ယမန်နေ့က (၃.၄.၂၀၀၇) ရက်နေ့က ပြင်သစ်နိုင်ငံမှာ ကမ္ဘာ့အမြန်ဆုံး လျှပ်စစ်ရထားလိုင်းကို ဖွင့်လှစ်တဲ့သတင်းကို ဖတ်လိုက် ရပါတယ်။ အဲဒီရထားဟာ တစ်နာရီကို ၅၄၇.၇ ကီလိုမီတာနှုန်းနဲ့ မောင်းနှင်နိုင်ပါတယ်။ နောက်ထပ်လည်း တစ်နာရီကို ၆၀၀ ကီလိုမီတာနှုန်းနဲ့ မောင်းနှင်နိုင်မယ့် ရထားကို စမ်းသပ်နေတဲ့ အကြောင်းသိရပါတယ်။ ဒီတော့ ကမ္ဘာပေါ်မှာ လျှပ်စစ်ရထားကဏ္ဍမှာ ပြောင်းလဲတိုးတက်မှုတွေ အစဉ်မပြတ်ဖြစ်ပေါ်နေသလို ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း လက်ရှိမီးရထားကဏ္ဍ ကို အဆင့်မြှင့်တင်နိုင်ဖို့ အတွက် မိမိတို့ တက်နိုင်တဲ့ အပိုင်းကနေ ပါဝင်ဆောင်ရွက်ကြဖို့ ကြိုးစားကြဖို့ လိုအပ်ပါကြောင်း ပြောကြားရင်းနဲ့ ပို့စ်ကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်။
ပရင့်ထုတ်ရန်

By Okkar(Electric Traction)
Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld