မြေအောက်ရထား Metro (သို့) subway သည် ယနေ့မြို့ပြ သယ်ယူ ပို့ဆောင်ရေး၏ အလွန်အရေးပါသော ဝန်ဆောင်မှု တစ်ရပ်ဖြစ်လာသည်မှာ အငြင်းပွားဖွယ် မရှိချေ။ မြေအောက်ရထား၏ အရေးပါပုံ၊ အကျိုးဖြစ်ထွန်းပုံနှင့် ၎င်း၏ ဝန်ဆောင်မှုများ အကြောင်းကို ယခင်ပို့စ်များတွင် အတော်အသင့် ရေးသားခဲ့ပြီးဖြစ်သလို့ စာရှုသူတို့လည်း မြေအောက်ရထားနှင့် ပတ်သက်၍ အတန်ငယ် သဘောပေါက် နားလည်ကြပြီး ဖြစ်သည်ဟု ယူဆပါသည်။ ယခုပို့စ်တွင် မြေအောက်ရထား Metro ၏ စိတ်ဝင်စားဖွယ် ကောင်းသော နောက်ထပ် ဝန်ဆောင်မှု တစ်ခုကို ထပ်မံတင်ပြပါမည်။
မြေအောက်ရထား ကွန်ယက်တစ်ခု၏ အဓိက တာဝန်မှာ လူအများအပြားကို အချိန်တိုအတွင်း လိုရာခရီးသို့ ရောက်အောင် ဖြန့်ခွဲ ပို့ဆောင်ပေးနိုင်ရေးဖြစ်သည်။ အခြားသော သယ်ယူ ပို့ဆောင်ရေး ဝန်ဆောင်မှုများကဲ့သို့ နှောင့်နှေးမှု၊ ကြန့်ကြာမှု၊ လမ်းပိတ်ဆို့မှု မရှိသည့်အပြင် အချိန်အနည်းငယ်မျှအတွင်း မိမိလိုရာကို ရောက်ရှိနိုင်သဖြင့် မြို့တွင်း သယ်ယူ ပို့ဆောင်ရေး အတွက် မရှိမဖြစ်သော ပို့ဆောင်ရေး ဝန်ဆောင်မှု တစ်ခုဟု ဆိုနိုင်ပါသည်။ ထိုသို့သော မြေအောက်ရထား Metro ကွန်ယက်များကို အများအားဖြင့် မြို့တော်၏ မြေအောက်ထဲတွင်သာ တည်ဆောက်ကြသည်။ ထိုအချက်မှာ ခရီးသွား ပြည်သူများအတွက် အဓိက မေးစရာ အချက်ဖြစ်လာသည်။ မြေအောက်ထဲတွင် တည်ရှိသောကြောင့် ဘေးဒုက္ခ တစ်စုံတစ်ရာ (ဥပမာ - ဥမင်ပြိုကျမှု၊ မီးလောင်မှု၊ ရေကြီးမှု၊ စသည်) မဖြစ်လာနိုင်သလော။ တနေရာမှာ တနေရာသို့ မြေအောက်ထဲမှာ သွားလာရသဖြင့် ပျင်းရိညည်းငွေ့မှု၊ စိုးရိမ်ထိတ်လန့်မှု မဖြစ်နိုင်သလော၊ စသည်တို့သည် မြေအောက်ရထား အပေါ် သံသယ ဖြစ်စရာများ ဖြစ်လာပါသည်။
ယနေ့ တိုးတက်နေသော ဆောက်လုပ်ရေး နည်းပညာများနှင့် အသုံးပြုထားသည့် ပစ္စည်းများ၊ မီးဘေး၊ ရေဘေးအတွက် ကြိုတင် ဒီဇိုင်းတွက်ချက် ထားမှုများကြောင့် အဆိုပါ စိုးရိမ်ဖွယ် သံသယများကို အလွယ်တကူ ချေဖျက်ပစ်နိုင်ပါသည်။ သို့သော် မြေအောက်ရထား Metro ကို အသုံးပြု စီးနင်းကြသူ ခရီးသည်များ၏ အမြင်တွင် ၎င်း Metro ကွန်ယက်အပေါ် ယုံကြည်စိတ်ချမှုမှာ အထက်ပါ အချက်များထက် မြေအောက်ရထား ကွန်ယက်၏ ဗိသုကာပိုင်းဆိုင်ရာ ရှုမြင်မှုကသာလျှင် အလေးသာကြောင်း တွေ့ရပေသည်။ ထိုအချက်ကပင် ဤပို့စ်၏ အဓိက အကြောင်းရင်းဖြစ်ပါသည်။
ကျွန်ုပ်တို့ မြေအောက် ဘူတာတစ်ခုထဲသို့ ဆင်းလိုက်သည့်အခါ အထက်တွင် ဖေါ်ပြခဲ့သည့် စိုးရိမ်ထိတ်လန့်မှု တစုံတရာမျှ ဖြစ်ပေါ်မလာဘဲ ထိုမြေအောက်ရထား ဘူတာကပင် ကျွန်ုပ်တို့၏ စိတ်ကို ဆွဲဆောင်သွားသည်ကို ခံစားရပေလိမ့်မည်။ ဥမင်အတွင်း ဖြတ်သန်းတိုးဝှေ့လာသော တမူထူးခြားသော လေ၏ အနံ့၊ မြေအောက်ဘူတာရုံ၏ ဖွဲ့စည်းပုံ၊ ဒီဇိုင်း၊ အလှဆင်ထားသော မီးရောင်စုံများ၊ အဆင်အပြင်များနှင့် အခြားသော မျက်စိပသာဒ ဖြစ်စရာ မြင်ကွင်း၊ ရှုကွက်များက ရထားစောင့်ဆိုင်းနေစဉ် အချိန်လေးအတွင်း ကျွန်ုပ်တို့၏ စိတ်နှလုံးကို ပျင်းရိခြင်း မဖြစ်အောင် ဆွဲဆောင်ထားသည်ကို ကြုံဖူးကြပေလိမ့်မည်။
မြေအောက်ဘူတာရုံတစ်ခု၏ အခြေခံဒီဇိုင်းမှာ တစ်နာရီအတွင်း အများဆုံးဖြစ်လာနိုင်သည့် ခရီးသွားဦးရေနှင့် ရထားစီးရေတို့ အပေါ်တွင် အခြေခံ တွက်ချက်ထားခြင်းဖြစ်ပြီး ရောက်လာသည့် ခရီးသည်များကို လိုရာသို့ အမြန်ဆုံး ဖြန့်ခွဲပို့ဆောင်နိုင်ရေးမှာ အဓိက တာဝန်ဖြစ်သော်လည်း ခရီးသွား ပြည်သူများ သက်တောင့်သက်သာနှင့် စိတ်နှလုံး ချမ်းမြေ့စွာ ခရီးသွားလာနိုင်ရေးမှာလည်း မြေအောက်ရထား ဘူတာတစ်ခု၏ ဝန်ဆောင်မှုတစ်ရပ် ဖြစ်လာသည်။ ထို့အတွက်ကြောင့်ပင် မြေအောက်ရထားစီး ခရီးသည်များကို ပိုမိုဆွဲဆောင်နိုင်စေရန် ဒီဇိုင်းရေးဆွဲသူများ ဘက်ကလည်း ပို၍ ဆန်းသစ်သော နည်းလမ်းများကို တီထွင်ကြံဆ အသုံးပြုလာကြသည်။ ထိုသို့သော အတွင်းပိုင်း အဆင်အပြင်များ၊ အနုပညာ လက်ရာများအတွက် မြေအောက်ရထားဘူတာ တစ်ခုသည် သာမန် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု တစ်ခုထက် ဆောက်လုပ်မှုစရိတ် ပိုမိုကုန်ကျသည်မှာ မှန်သော်လည်း၊ နောက်ပိုင်း ၎င်းမြို့အတွက် ဂုဏ်ယူဖွယ်ရာ ဗိသုကာ လက်ရာတစ်ခု ဖြစ်လာခြင်းကိုတော့ ငွေကြေးဖြင့် တိုင်းတာ၍ မရနိုင်ပေ။
ကမ္ဘာ့ မြို့တော်ကြီးများ၏ မြေအောက်ရထား ဘူတာအများစုသည် ထိုကဲ့သို့သော ဗိသုကာ၊ အနုပညာ လက်ရာ ဒီဇိုင်း ဖွဲ့စည်းမှုများကြောင့် သာမန်ခရီသွားခြင်းထက် အဆိုပါ ဘူတာများအတွင်းသို့ တကူးတက သွားရောက် လေ့လာချင်စရာ ကောင်းသည့် အံ့သြဖွယ်ရာ အနုပညာ ပြတိုက်ကြီးများ၊ ပန်းချီပြခန်းများ၊ အချင်းချင်း တွေ့ဆုံရန် ချိန်းဆိုကြသော နေရာများ၊ လူအများ အနားယူ၊ အပန်းဖြေရန် နေရာများ၊ ကွန်ပြူတာ နည်းပညာနှင့် ဗိသုကာလက်ရာများ ပေါင်းစပ်ထားသည့် လှပသော မြေအောက် နန်းတော်များသဖွယ် ဖြစ်နေသည်ကို တွေ့ရသည်။
မိမိစီးရမည့် ရထားအလာကို စောင့်ဆိုင်းရင်း၊ ဥမင်အတွင်းရှိ မြေအောက်အနံ့ပါသော လေကိုရှုရှိုက်ရင်း၊ ဥမင်နံရံများတွင် ချိတ်ဆွဲထားသော ပုံစံအမျိုးမျိုးနှင့် ပိုစတာများ၊ ကျော်ငြာဆိုင်းဘုတ်များကို ရှုစားရင်း၊ ဘူတာအတွင်းရောက်လာသည့် အခြားလူများကို မျက်စိကစားရင်း အချိန်ဖြုန်းရသည်ကို စာရှုသူတို့ နှစ်သက်လိမ့်မည်ဟု ထင်ပါသည်။
မြေအောက် ဘူတာများ ဖြစ်သဖြင့် မြေပေါ်ကဲ့သို့ သဘာဝ ပတ်ဝန်းကျင် အနေအထားမျိုး မရသော်လည်း ကမ္ဘာ့မြို့ကြီးများ၏ မြေအောက်ဘူတာများမှာ အလွန် အံ့သြဖွယ် ကောင်းသော ဗိသုကာ ပညာများဖြင့် ဖွဲ့စည်း တည်ဆောက်ထားကြသည်ကို တွေ့ရသည်။ ဤပို့စ်တွင် ကမ္ဘာ့မြို့ကြီးများမှ ဗိသုကာ ဒီဇိုင်းအရ ကောင်းမွန်သော၊ အနုပညာ လက်ရာမြောက်သော၊ ဒီဇိုင်းခေတ်မှီလှပ ဆန်းသစ်သော မြေအောက်ဘူတာများကို ရွေးချယ် ဖော်ပြပေးသွားပါမည်။ အဆိုပါ မြေအောက်ဘူတာများကို ရွေးချယ်ရာတွင် -
၁။ ခရီးသွား ပြည်သူများအတွက် အဆင်ပြေပြီး ဗိသုကာ အမြင်အရလည်း ကောင်းမွန်သော၊ ဘူတာ အများစုမှာလည်း တူညီသော ဖွဲ့စည်းပုံရှိသော မီထရို စနစ်များ (ဥပမာ - ဘီလ်ဘာအို၊ ဝါရှင်တန် မီထရို)
၂။ ဘူတာများမှာ သတ်မှတ် ဗိသုကာ ဒီဇိုင်းများဖြင့် ဖွဲ့စည်းထားသော်လည်း ဘူတာ အတွင်းပိုင်း အဆင်အပြင်များမှာ ထူးခြားဆန်းသစ်လှပခြင်း။ (ဥပမာ - မြူးနစ်၊ ပရပ်ဂ် မီထရို)
၃။ ကွဲပြားခြားနားသော ဗိသုကာ လက်ရာများဖြင့် စိတ်ဝင်စားဖွယ်ကောင်းသော ဘူတာများ ပါရှိသည့် မီထရို လိုင်းများ ပါဝင်သည့် မီထရိုများ။ (ဥပမာ - London Jubilee Line၊ Tokyo Oedo Line)
၎။ မြေအောက်နန်းတော်များ၊ လူထုနန်းတော်များသဖွယ် တည်ဆောက်ထားပြီး အဖိုးတန် ပစ္စည်းများဖြင့် တန်ဆာဆင်ထားသော ယခင်ဆိုရှယ်လစ်နိုင်ငံများ၏ မီထရိုများ (ဥပမာ - မော်စကို၊ စိန့်ပီတာစဘတ်၊ တာ့ရှ်ကင်)
၅။ ဘူတာအတွင်း စိတ်ဝင်စားဖွယ်ကောင်းသည့် အနုပညာပညာ လက်ရာ၊ အထိမ်းအမှတ် ပစ္စည်းများကို ပြခန်းသဖွယ် ပြသထားသည့် မီထရိုများ (ဥပမာ - ဘရပ်ဆဲလ်၊ မွန်ထရီရယ်၊ စတော့ခ်ဟုမ်း) စသည်ဖြင့် ရွေးချယ်ထားပါသည်။
ဗိသုကာ ဒီဇိုင်းအားဖြင့် အကောင်းဆုံး၊ အနုပညာ လက်ရာ အမြောက်ဆုံး၊ သွားရောက် လည်ပတ်ကြည့်ရှုရန် အသင့်တော်ဆုံး မြေအောက်ရထားဘူတာ ၄၀ ကို ဓာတ်ပုံများနှင့်တကွ ဖော်ပြပေးလိုက်ပါသည်။ အောက်တွင် ဖော်ပြပါရှိမည့် မြို့များတွင် စာဖတ်သူတို့ လက်ရှိနေထိုင်နေပါက အဆိုပါ မီထရိုများသို့ သွားရောက် လေ့လာရန်လည်း တိုက်တွန်းလိုပါသည်။ * (စတား) များမှာ ဗိသုကာ လက်ရာ အကောင်းဆုံး၊ ဒီဇိုင်းကောင်းမွန်သော မီထရိုများကို အဆင့်များ သတ်မှတ်ပေးထားခြင်းဖြစ်သည်။
**Athens, **Berlin, **Bilbao, **Brussels, *Budapest, *Frankfurt, *Genoa, *Hanover, *Hong Kong, *Kharkov, **Kiev, **Lille, **Lisbon, **London, *Los Angeles, *Lyon, *Madrid, *Minsk, **Montreal, ***Moscow, **Munich, *Naples, *Newcastle, *New York City, ***Paris, *Portland, **Porto, **Prague, *Rhine-Ruhr, *Rio de Janeiro, *Rotterdam, ***Saint Petersburg, **Santiago de Chile, *Sao Paulo, *Shanghai, *Singapore, ***Stockholm, **Tashkent, *Tehran, *Tokyo, *Toronto, *Valencia, *Vancouver, **Vienna, **Washington.
မီထရို တစ်ခုခြင်းစီ၏ အကောင်းဆုံး ဓာတ်ပုံများကို တပါတည်း ဖော်ပြပေးထားပါသည်။ ဆက်လက် လေ့လာ ကြည့်ရှုလိုပါက ပေးထားသော လင့်ခ်များမှ တဆင့် ဝင်ရောက် ကြည့်ရှုကြပါရန်။
အနုလက်ရာများစွာဖြင့် ဖန်တီးထားသော မီထရို ဘူတာ များစွာရှိသည်။ နောက်ပိုင်းမှ တည်ဆောက်သော ဘူတာအသစ်များမှာ မြေအောက် ပြတိုက်များအလား ထင်မှတ်ရသည်။ [tourtripgreece.gr] [ametro.gr]
ဓာတ်ပုံ။ ၂၀၀၀ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော Syntagma station [untergrundbahnen.de] ၏ အပေါ်ထပ် ခန်းမတွင် ပြသထားသော ရှေးဟောင်း သုတေသန ပစ္စည်းများကို ရိုက်ကူးထားစဉ်။
ဓာတ်ပုံ။ ပါသီနွန် (Parthenon) ခေတ် လက်ရာ ပန်းပုရုပ်တုများကို ပြသထားသော Akropoli station ၏ ဝင်ပေါက်ခန်းမ တစ်နေရာ။ အဆိုပါ ဘူတာကို ၂၀၀၀ ခုနှစ်က ဖွင့်လှစ်ခဲ့သည်။
ဓာတ်ပုံ။ ၂၀၀၀ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော Ethniki Amyna station [untergrundbahnen.de] ၏ အတွင်းပိုင်းတွင် အလှဆင် ထားသော မြေအောက် ဥယျာဉ်ခန်းမ။
ဘာလင်မြို့ရှိ မြေအောက်နှင့် မြေပေါ်ဘူတာပေါင်း ၇၀ ကျော်ကို ဆွီဒင် ဗိသုကာ ပညာရှင် Alfred Grenander က ဒီဇိုင်းရေးဆွဲပေးခဲ့ပြီး ၎င်းလက်ရာများမှာ ၁၉၀၂ ခုနှစ်မှ ၁၉၃၀ နှစ်များဆီက ခေတ်အမီဆုံး လက်ရာများအဖြစ် ထင်ရှားသည်။ [untergrundbahn.de], [berliner-untergrundbahn.de]
ဓာတ်ပုံ။ ၁၉၁၃ ခုနှစ်က Alfred Grenander တည်ဆောက်ခဲ့သော Wittenbergplatz station ၏ ဝင်ပေါက်ခန်းမကို ပြန်လည် မွမ်းမံထားစဉ်။
ဓာတ်ပုံ။ ၁၉၁၃ ခုနှစ်က Wilhelm Leitgebel ဖန်တီးခဲ့သော Heidelberger Platz station [Daniel Erler, absence-of-fear.de]
ဘာလင်မြို့၏ ဘူတာ အသစ်အများစုမှာ Rainer G. Rümmler ၏ လက်ရာများဖြစ်ကြသည်။ ဒီဇိုင်းများမှာ ၁၉၆၀ နှစ်များဆီက Minimalist style များနှင့် ၁၉၇၀ နှစ်များ၏ ပေါ့ပ်အတ် လက်ရာများမှသည် ပို့စ်မော်ဒန် ပုံစံများအထိ အမျိုးမျိုးပါဝင်သည်။
ဓာတ်ပုံ။ ဗိသုကာ ပညာရှင် Rainer G. Rümmler မှ ၁၉၈၄ ခုနှစ်တွင် ဖန်တီးခဲ့သော ပို့မော်ဒန်ဒီဇိုင်းနှင့် မြေအောက်ဘူတာ တစ်ခု။
မီထရို ဘူတာ အများစုမှာ ဗိသုကာ ပညာရှင် Sir Norman Foster မှ ၁၉၉၅ ခုနှစ်အတွင်းက ဒီဇိုင်းရေးဆွဲခဲ့ခြင်း ဖြစ်သည်။ မြေအောက်ဘူတာ အဝင်ပေါက် အမိုးခုံးများကို မှန်များဖြင့် အလှဆင်ကာ တပ်ဆင်ထားသည်။ [arcspace.com], [metrobilbao.net], [urbanrail.fotopic.net]
ဓာတ်ပုံ။ Abando station ၏ ဝင်ပေါက်တစ်ခု။
ဘီလ်ဘာအို မီထရိုမှ စကားစု "A tunnel dug by man through earth and rock is a very special place. Its shape is a reaction to the forces of nature and the texture of its construction bears the seal of man. This must be respected, not covered up to make the place look like any other building. One must be able to feel being underground, and make it a good, special experience"
ဓာတ်ပုံ။ ၂၀၀၂ ခုနှစ်တွင် တည်ဆောက် ခဲ့သော Barakaldo station။
ဘီလ်ဘာအို မီထရို ဓာတ်ပုံများကြည့်ရန်
ဘရပ်ဆဲလ်(Brussels)၊ ဘယ်လ်ဂျီယံ။
မြို့တော်၏ မီထရို ဘူတာတိုင်းလိုလို အနုပညာလက်ရာများကို အံ့သြဆန်းကြယ်စွာ တွေ့မြင်ရမည်။
ဓာတ်ပုံ။ Paul van Hoeydonck ဖန်တီးခဲ့သော Comte de Flandre station မျက်နှာကျက်မှ အနုပညာ လက်ရာများ။
ဓာတ်ပုံ။ Kruidtuin station အတွင်းရှိ Martin Guyaux ၏ "De Odyssee" အမည်ရှိ ပန်းပုလက်ရာ။
ဘရပ်ဆဲလ် မီထရို ဓာတ်ပုံများကြည့်ရန်
သန့်ရှင်းပြီး လှပသော မြေအောက်ဘူတာများ ရှိသည့် ဟန်ဂေရီမြို့တော်၏ မီထရို စနစ်ဖြစ်သည်။ ဥရောပတိုက်၏ ပထမဆုံး subway စတင်ခဲ့ရာ အဖြစ် ဂုဏ်ယူကြသည်။
ဓာတ်ပုံ။ ၁၈၉၆ ခုနှစ်က တည်ဆောက်ခဲ့သော Hösök Tere station [natureblink.com]
ဖရန့်ခ်ဖက်(Frankfurt)၊ ဂျာမနီ။
ဖရန့်ခ်ဖက် မြို့ရှိ ထူးဆန်းသော subway ဝင်ပေါက်တစ်ခု။ ရထားတွဲ အပိုင်းတစ်ခု မြေအောက် ပလက်ဖောင်းမှ ထိုးထွက်လာသယောင် ထင်ရသည်။ ၎င်းဘူတာကို ဖန်တီးခဲ့သော ဗိသုကာပညာရှင် Zbiginiew Peter Pininski က surrealist အနုပညာရှင် တစ်ဦးဖြစ်သူ René Magritte ၏ အမြင်များအတိုင်း ခံစားရေးဆွဲခဲ့သည်ဟု ဆိုသည်။
ဓာတ်ပုံ။ ၁၉၈၆ ခုနှစ်က တည်ဆောက်ခဲ့သော Bockenheimer Warte station ဝင်ပေါက်။
ဖရန့်ခ်ဖက် မီထရို ဓာတ်ပုံများကြည့်ရန်…
အဆိုပါ အီတလီမြို့ငယ် မီထရိုလေး၏ မြေပေါ်နှင့် မြေအောက်ဘူတာ ဒီဇိုင်းများကို ဂျီနိုအာမြို့သား ကမ္ဘာကျော် ဗိသုကာ ပညာရှင် Renzo Piano က ၁၉၈၃ ခုနှစ်တွင် ရေးဆွဲခဲ့သည်။ [materia.it]
ဓာတ်ပုံ။ ၁၉၉၀ ခုနှစ်က ဖွင့်လှစ်ခဲ့သော Brin station။
ဂျီနိုအာ မီထရို ဓာတ်ပုံများကြည့်ရန်…
ဟန်နိုဗာ(Hanover)၊ ဂျာမနီ။
မီထရို-ထရန် အော်ပရေတာ တစ်ဦးဖြစ်သူ Uestra က ကွန်ယက်တစ်ခုလုံး၏ ဒီဇိုင်းများ ပိုမိုလှပလာစေရန်အတွက် ကမ္ဘာကျော် ဒီဇိုင်နာများနှင့် ဗိသုကာ ပညာရှင်များကို ဖိတ်ခေါ်ရေးဆွဲစေခဲ့သည်။ [uestra.de (PDF)]
ဓာတ်ပုံ။ ၁၉၇၅ ခုနှစ်က တည်ဆောက် ခဲ့သော Kröpcke station ။ ၂၀၀၀ ခုနှစ်တွင် ဒီဇိုင်းနာ Massimo Iosa Ghini က ယခုလက်ရှိပုံစံကို အပြီးသတ် ပြန်လည်တည်ဆောက်ခဲ့သည်။
Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld