ဒီ
Pilot tunnel အကြောင်းကို ယခင်ပို့စ် မှာလည်း အတော်အသင့် ရေးသားဖူးပါတယ်။ ဒါပေမဲ့ Pylon type station design နဲ့ Thesis လုပ်ရမယ့် ကိုစိုးဟန်ကြီးက သူ့စာတမ်းမှာ ဒီ Pilot tunnel နဲ့ ဖောက်တာကို ရေးရမှာမို့လို့ Detail ကျအောင် သိချင်တယ်ဆိုတာနဲ့ ရုရှား မီထရို စာကြည့်တိုက်မှ ရှာဖွေ ကူးယူဘာသာပြန်ပြီး ထပ်မံရေးသား လိုက်ရပါတယ်။ အခုနောက်ပိုင်း Soft ground tunneling တွေမှာလည်း ဒီ Pilot tunnel က အမြဲလိုလို ပါနေတော့ လေ့လာနေသူများ အတွက်လည်း အကျိုးရှိမယ်လို့ ယူဆပါတယ်။ အခုပို့စ်မှာတော့ အရင်ပို့စ်ထက် ပိုပြီး အသေးစိတ် ရှင်းပြထားပါတယ်။
Pilot tunnel ရဲ့ အဓိကအချက်ကတော့ မိမိတို့ ဖောက်လုပ်နေတဲ့ ဥမင်မျက်နှာပြင်ကို နှစ်ပိုင်းခွဲပြီး တူးဖော်တာပါပဲ။ ပထမဦးစွာ ဖောက်လုပ်မယ့် လမ်းကြောင်းမှာ အရွယ်သေးတဲ့ ဥမင်ငယ် Pilot tunnel ကိုဖောက်လုပ်ပြီး နောက်မှ မူလရည်မှန်းထားတဲ့ ဥမင် အရွယ်အစားအတိုင်း ဆက်လက် ဖောက်လုပ်ခြင်းပဲ ဖြစ်ပါတယ်။
ဒီနည်းလမ်းကို မြေသားပျော့တဲ့ Soft ground တွေမှာ အရွယ်အစာြး ကီးမားတဲ့ ဥမင်များ၊ ဥပမာ - မြေအောက် ဘူတာရုံ၊ မြေပေါ်ထွက်ပေါက်လို မြေအောက် အဆောက်အအုံ များကို ဆောက်လုပ်တဲ့ အခါမှာ အသုံးပြုပါတယ်။ ၎င်းတို့ရဲ့ ဖြတ်ပိုင်းပုံ အရွယ်အစားဟာ ကြီးမားလွန်း တာကြောင့် မြေအောက်မှာ တပြိုင်တည်း တူးဖော်လိုက်ဖို့ရာ မဖြစ်နိုင်ပါဘူး။ ဥမင်ရဲ့ ဘေးပတ်လည်နဲ့ အပေါ်က သက်ရောက်လာမယ့် အားက များလွန်းတာကြောင့် မြေပြိုကျမှု မဖြစ်စေဖို့ အတွက် ဒီနည်းလမ်းကို အသုံးပြုရတာပါ။ ဥမင်အလျားဟာ မီတာ ၁၀၀ မှ ၁၅၀ အတွင်းသာ ရှိပြီး Shield tunneling method နဲ့ ဖောက်မယ်ဆိုရင်တော့ ဒီနည်းလမ်းကို အသုံးပြုဖို့ မလိုအပ်ပါဘူး။
Pilot tunnel ကို ဘယ်နေရာကနေ ဖောက်မလဲဆိုတဲ့ ပြဿနာကိုတော့ လက်ရှိဥမင်လုပ်ငန်း လုပ်နေတဲ့ နေရာရဲ့ ဘူမိမြေ အခြေအနေများ၊ မူလ ဥမင်ရဲ့ အပေါ်ပိုင်းနဲ့ အောက်ခြေပိုင်းတို့ အနက် မည့်သည့် အပိုင်းကနေ စတင် ဖောက်လုပ်ဖို့ အဆင်ပြေသလဲ၊ တူးဖော်ပြီးသား မြေစာများကို သယ်ထုတ်နိုင်ဖို့ လမ်းများဘယ်လို ချထားနိုင်မလဲ ဆိုတဲ့ မေးခွန်းများနဲ့ ချိန်ထိုး ဆုံးဖြတ်လေ့ရှိပါတယ်။
Pilot tunnel ရဲ့ အကျယ်ဟာ မြေအောက်ရေနှင့် ဘူမိမြေ အခြေအနေများနဲ့ ၎င်းဥမင်ငယ် အတွင်း လုပ်ငန်းများ အဆင်ပြေစွာ လုပ်ကိုင်နိုင်ရေးပေါ် မူတည်ပြီး စက်ဝိုင်း အချင်း ၂.၅ မီတာထက် မငယ်ရပါဘူး။ မီထရိုပိုလီတန် ဥမင်များကို ဆောက်လုပ်တဲ့ အခါမှာ Pilot tunnel များကို Cast iron segment(block) သို့မဟုတ် Reinforced concrete lining segment များနဲ့ တပ်ဆင် ဖောက်လုပ်လေ့ရှိပါတယ်။ မြေအောက်ရေ အနက်ပေ များတဲ့အခါ Cast iron lining ကို အသုံးပြုပြီး မြေအောက်ရေ စိမ့်ဝင်မှုမှ အတော်အတန် စိတ်ချရတဲ့ မြေမျိုးမှာ ကွန်ကရစ် Lining ကို အသုံးပြုပါတယ်။ အခုနောက်ပိုင်းမှာ NATM နည်းနဲ့ sprayed concrete lining ကိုလည်း အသုံးပြုကြပါတယ်။ Pilot tunnel ရဲ့ ဥမင် အချင်းကတော့ အရွယ်အစားအလိုက် ၅.၅ မှ ၆ မီတာ အထိရှိနိုင်ပြီး Lining ring တစ်ခုရဲ့ အရှည်မှာ ၁ မီတာရှိပါတယ်။ နောက်က ထပ်ချပ်လိုက်ပြီး ဆောက်လုပ်တဲ့ မူလ ဥမင်ရဲ့ အချင်းကတော့ ၈.၅ မီတာမှ ၉.၅ မီတာအထိ ရှိပြီး Lining ring အရှည် ၀.၇၅ မီတာရှိပါတယ်။
ဆက်လက် ချဲ့ထွင်ဖောက်လုပ်မယ့် မူလဥမင်ကြီးရဲ့ တူးဖော်ရေး လုပ်ငန်းများ အဆင်ပြေစေဖို့ ဥမင် ဖြတ်ပိုင်းပုံရဲ့ အပေါ်ခြမ်း (အမိုးပိုင်း) မှာ ၂ မီတာမှ ၂.၅ မီတာ ချန်ပြီး ဥမင်ရဲ့ အလယ်ဗဟို တည့်တည့်နဲ့ အောက်ခြေအပိုင်းကနေ Pilot tunnel ကို တူးဖော်လေ့ရှိပါတယ်။ အပေါ်က မြေကြီးကို အလွယ်တကူ ဖဲ့ချနိုင်စေရန် ရည်ရွယ်ပါတယ်။
အများအားဖြင့် Pilot tunnel ကို ဥမင်ရဲ့ အောက်ခြေပိုင်း (ကြမ်းပြင် ရေမြောင်းဖောက်မယ့် အပိုင်း) ကနေ စတူးတာ များပါတယ်။ ဒါမှလည်း မြေကြီးတူးထုတ် လိုက်လို့ ထွက်လာမယ့် မြေစာတွေကို သယ်ယူရာမှာ မူလဥမင်ကြီးနဲ့ တပြေးညီ လမ်းတစ်ကြောင်းတည်း ဖြစ်မှာပါ။ ဒီနည်းနဲ့ Pilot tunnel ကိုရှေ့က ဖောက်သွားပြီး မူလ ဥမင်က နောက်ကနေ အပေါ်မြေသားများကို လွယ်လွယ်ကူကူ တူးထုတ်တာ ဖြစ်ပါတယ်။
Pilot tunnel ကို ဥမင်ဖြတ်ပိုင်းပုံရဲ့ အလယ်ဝင်ရိုး တည့်တည့်ကနေ မူလဥမင်ရဲ့ ၀င်ရိုးနဲ့ တထပ်တည်း ကျအောင် ဖောက်လုပ်တာလည်း ရှိသလို၊ ၀င်ရိုးရဲ့ အောက် ၀.၅ မီတာမှ ၁ မီတာအထိ အနည်းငယ် နှိမ့်ပြီး ဖောက်ကြတာလည်း ရှိပါတယ်။ ဒီနည်းမှာတော့ Pilot tunnel ရဲ့ အပေါ်မှ ဖဲ့ချရမယ့် မြေသားပမာဏ နည်းပါးသွားပါတယ်။ ဒါပေမဲ့ main tunnel ရဲ့ အောက်ခြေပိုင်း မှာတော့ တူးထုတ်ရမယ့် မြေသား ပမာဏဟာ အလွန် များပြားလာမှာ ဖြစ်သလို တူးပြီးသား မြေစာတွေကို မြေသယ်တွဲများပေါ် ထည့်ပေးဖို့ရာလည်း ခက်ခဲစေမှာ ဖြစ်ပါတယ်။
Pilot tunnel မှာ Lining segment တွေကို တပ်ဆင်ပေးမယ့် Erector အတွက် Chamber တစ်ခုကို အရင်တူးဖော်ပြီးမှ Pilot tunnel ဖောက်လုပ်ရေးကို စတင်ပါတယ်။ Erector ကို တပ်ဆင်ပြီးတဲ့ အခါမှာ တူးဖော်ရေး လုပ်ငန်းများကို စတင်လုပ်နိုင်ပါပြီ။
နောက်တစ်ခု သတိထားရမယ့် အချက်က မူလဥမင်ကို မတူးဖော်ခင်မှာ Pilot tunnel ရဲ့ Lining ring နဲ့ ဘေးပတ်လည် မြေကြီးကြားထဲကို ပထမအရစ် shotcrete (первичного нагнетания) လုပ်ထားပေးဖို့ လိုပါတယ်။ ဒါမှသာ တူးဖော်ရေး လုပ်ငန်းခွင်ထဲကို မျှော်လင့်မထားတဲ့ မြေအောက်ရေ စိမ့်ထွက်လာတာမျိုး၊ အပေါ်မှ မြေသားနိမ့်ဆင်း ကျလာတာမျိုးကို ကာကွယ် ပေးထားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆောက်လုပ်နေစဉ် အတွင်း မူလဥမင်ကို ပုံသဏ္ဍာန် ပျက်ယွင်းမှု (Deformation) ဖြစ်မှုမှလည်း ကာကွယ်နိုင်ပါတယ်။ မိမိတို့ အသုံးပြုနေတဲ့ ဆောက်လုပ်ရေး အစီအစဉ်ဇယား အတိုင်း မူလဥမင်ကို Pilot tunnel နဲ့ အပြိုင် ၂၅-၃၀ မီတာအကွာမှ ဆက်တိုက် လိုက်ပါဖောက်လုပ်နိုင်သလို Pilot tunnel လုပ်ငန်းများ အားလုံးပြီးသွားတော့မှာ မူလဥမင်ကို ဆက်လက် ဖောက်လုပ်မယ်ဆိုလည်း ဖြစ်ပါတယ်။
မူလဥမင်ရဲ့ တူးဖော်ရေး လုပ်ငန်းများကိုတော့ Pilot tunnel ဖောက်ခဲ့စဉ်က အတိုင်းပဲ Lining ring များတပ်ဆင်ဖို့ Erector အတွက် chamber တူးဖော်ပြီးမှ စတင်လုပ်ကိုင်ပါတယ်။ ဒီ Chamber ဟာ မူလဥမင်တူးဖော်ဖို့ စတင်ပြင်ဆင်ရာ နေရာဖြစ်ပြီး Lining ring အနည်းငယ်နဲ့ တပ်ဆင်ထားပါတယ်။ Chamber ရဲ့ အကျယ်အ၀န်းဟာ erector နဲ့ ဥမင်တူးဖော်ရေး စက်ကိရိယာများ ထားရှိဖို့အတွက် လုံလောက်တဲ့ ဧရိယာ ရှိရပါမယ်။
ပုံကိုကြည့်ပါ။ ဥမင်က ညာဘက်ကို ဦးတည်ဖောက်လုပ် ထားပါတယ်။ ရှေ့မှာ Pilot tunnel ရှိပြီး ၎င်းရဲ့နောက်က main tunnel ကြီးလိုက်တာပါ။ Pilot tunnel ရဲ့အပေါ်ကို ၃ မီတာ လိုဏ်ခေါင်းငယ်လေး တူးထုတ်၊ အထဲမှာ သစ်သားတန်းတွေနဲ့ ထောက်ခံထားပြီးတော့မှ Cutting length(Заходка) အတိုင်း ၁.၅ မီတာမှ ၂ မီတာနှုန်းအတိုင်း ရှေ့ကို ဆက်တိုးသွားတာပါ။ အပေါ်ကတူးပြီးသား မြေစာတွေဟာ bunker မှတဆင့် မြေသယ်တွဲများနဲ့ သယ်ထုတ်ပါတယ်။ ကျန်လုပ်ငန်းစဉ် များကတော့ ပုံမှန် ဥမင်တစ်ခုရဲ့ လုပ်ငန်းစဉ်များ အတိုင်းပဲ ဖြစ်ပါတယ်။
Cutting length တစ်ခါတူးပြီးတိုင်းမှာ Pilot tunnel ရဲ့ Lining ring နှစ်ခုကို ပြန်ဖြုတ်ပြီး မူလဥမင်အတွက် Lining ring နှစ်ခုကို erector ရဲ့ အကူအညီနဲ့ တပ်ဆင်ပါတယ်။ အဲဒီနောက်မှာတော့ Lining ring တွေကြားထဲကို သဲနဲ့ ဘိလပ်မြေ ရောစပ်ထားတဲ့ အရောအနှောကို မှုတ်ထည့်ပြီး ဒုတိယအရစ် shotcreting ပြုလုပ်ပါတယ်။ နောက်တစ်ခေါက် Cutting length တစ်ခါတူးပြီးတဲ့ အခါမှာတော့ Pilot tunnel က Lining ring တစ်ခုသာ ဖြုတ်ပြီး မူလဥမင်မှာတော့ နှစ်ခုတပ်ဆင်ပါတယ်။ ဒီလိုနဲ့ cutting length နှစ်ခါစီ၊ နှစ်ခါစီပြီးတိုင်းမှာ အလျား ၃ မီတာ ဖောက်လုပ်ပြီးစီးကာ ၁ မီတာစီအလျားရှိတဲ့ Pilot tunnel ရဲ့ Lining ring သုံးခုဖြုတ်ပြီး၍ ၀.၇၅ မီတာရှိတဲ့ မူလဥမင်ရဲ့ Lining ring လေးခုတပ်ဆင်ပြီးပါတယ်။ ဒီနောက်မှာတော့ အဲဒီအစီအစဉ် အတိုင်းပဲ ရှေ့ဆက်သွားပါတယ်။
ဒီလောက်ဆိုရင် Pilot tunnel ဖောက်လုပ်ပုံကို သဘောပေါက် လောက်ပြီလို့ ထင်ပါတယ်။ မရှင်းလင်းသည်များကို ထပ်မံမေးမြန်းနိုင်ပါတယ်။ တတ်နိုင်သမျှ ဖြေကြားသွားပါ့မယ်။ NATM နည်းနဲ့ ဖောက်လုပ်တဲ့ အခါမှာတော့ ဥမင်ငယ်များကို အရင်ဖောက်၊ ပြီးတာနဲ့ နံရံကို တစ်ခါတည်း shotcrete လုပ်ပြီး ထိန်း၊ နောက်မှ ကျန်တဲ့ အပိုင်းတွေကို ဆက်ဖောက်တာပါ။ Construction sequence ကတော့ ဒီအတိုင်းပါပဲ။ လုပ်ငန်းခွင်ထဲမှာ နဖူးတွေ့၊ ဒူးတွေ့ တွေ့ရတော့မှပဲ “ အော် .. ဒီလိုပါလားလို့..” ပိုမိုသဘောပေါက်ဖို့ရာ ရှိပါကြောင်း ပြောကြားရင်း နိဂုံးချုပ် လိုက်ပါတယ်။
မူရင်းလင့်ခ်မှ ဖတ်ရှုရန်

ပရင့်ထုတ်ရန်
Pilot tunneling method က အရမ်း ကို့ပြည့်စုံ ပါတယ်။တော်တော် ဗဟုသုတ တိုးပွား ပါတယ်။ ညီလေး ….ပညာ ဒါန တွေ အခုထက် ပို လုပ် နိုင် ပါစေ။
ဒီနေ့ ဒီခေါင်းစဉ်ကို ဖတ်ဖြစ်ပါတယ်။ မြန်မာလို ပြန်ဖတ်ရတော့ ပိုပြီးတော့ သဘောပေါက်လွယ် သွားပါတယ်။ ကျေးဇူးပါ ချစ်ကိုကြီး...