S
EM Design (Sequential Excavation Method) ဆိုတာ NATM (New Austrian Tunneling Method) နဲ့ သဘော တရားခြင်း အတူတူပါပဲ။ မြေပျော့တဲ့ နေရာတွေ၊ အထူးသဖြင့် ရေ၀ပ်နေတဲ့ မြေအမျိုးအစား မကောင်းတဲ့ နေရာမျိုးတွေမှာ ဒီနည်းလမ်းကို အသုံးပြုပါတယ်။ NATM ကို Sprayed Method လို့လဲ ခေါ်ပါတယ်။ ဥမင်ဖောက်နေတဲ့ မျက်နှာပြင်မှာ ဖောက်လုပ်ပြီးပြီးချင်း ဥမင်မြေသားနံရံကို သံဇကာ ယက်ကာပြီး ကွန်ကရစ်ရည် မှုတ်ထုတ်ကာ ယာယီထိန်းသိမ်းတဲ့ နည်းဖြစ်ပါတယ်။ မြေသားကို ကျပ်သိပ် သွားအောင်၊ မူလပုံစံ Stability ကို ထိန်းပေးလိုက်တဲ့ သဘောပါ။ ဒီလို NATM ကို ဘယ်မှာ သုံးသလဲဆိုရင် SEM နည်းနဲ့ ဆောက်လုပ်တဲ့ ဥမင်တွေမှာ အသုံးပြုပါတယ်။



SEM နည်းကို အရွယ်အစား ကြီးမားတဲ့ ဥမင်များ ဖောက်လုပ်ရာမှာ အသုံးများတာ ဖြစ်လို့ လုပ်ငန်းစဉ်များကလည်း ရှုပ်ထွေးပါတယ်။ ဖောက်လုပ်မည့် ဥမင်အလျား တလျှောက် ဥမင်ငယ်များ၊ အပိုင်းငယ်များ ဖြင့် တူးဖော်သွားရသည့် အတွက် လုပ်ငန်းငယ်များကြား အစီစဉ်တကျ ဖြစ်ရေး၊ တိကျမှုရှိရေးမှာလည်း အရေးကြီးပါတယ်။ သို့မှသာ မူလရည်ရွယ်တဲ့ ဥမင်ပုံစံကို တိတိကျကျ ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ SEM နည်းကို အသုံးပြုတဲ့ အခါမှာ သတိပြုရမယ့် အချက်များ ရှိပါတယ်။ ၎င်းတို့ကတော့ -
၁။ အီလစ်ပုံသဏ္ဍာန် (သို့) ကြက်ဥသဏ္ဍာန် ဖြတ်ပိုင်းပုံ ရှိတဲ့ ဥမင်ရဲ့ ဘေးအပိုင်းများကို ဦးစွာတူးဖော်ပြီး Stress concentration ကို လျော့နည်းစေရမည်။
၂။ Lining ring များကို ဥမင်အချင်းထက် ၁.၅ ဆ ပိုကြီးထားပြီး ဥမင်ဘေးပတ်လည်ရှိ မြေသားများ၏ နိမ့်ကျလာမှုကို ကာကွယ်ပေးရန်။
၃။ ဘေးပတ်လည်ရှိ မြေသားနံရံများကို ထိန်းသိမ်းရန် Shotcrete သို့မဟုတ် flashcrete lining များကို အချိန်ကိုက် ပြုလုပ်ပေးနိုင်ရမည်။
၎။ ဦးစွာတူးဖော်တဲ့ ဥမင်ငယ်များ Excavation section များဟာ မြေတူးလုပ်ငန်းများ၊ မြေသယ်လုပ်ငန်းများနှင့် မြေသားနံရံ ထိန်းသိမ်းခြင်း လုပ်ငန်းများ စသည်တို့ကို လုပ်ဆောင် နိုင်လောက်အောင် ဧရိယာ ရှိရမည်။
၅။ ဆောက်လုပ်နေစဉ်အတွင် မြေသား၏ ဖြစ်ပျက် လှုပ်ရှားပုံနှင့် ဒီဇိုင်းကို လေ့လာနေပြီး စိတ်ချရသော stability ကို ရရှိရန် ဒီဇိုင်းအား Modify ပြုလုပ်နေရမည်။
၆။ လုပ်ငန်းခွင်တွင် ကြုံတွေ့ရသော မြေအခြေအနေပေါ် မူတည်ပြီး သင့်တော်သလို ပြုပြင် လုပ်ဆောင်နိုင်စွမ်း ရှိရမည်။
၇။ အတွေ့အကြုံ ကြွယ်ဝသော ဆောက်လုပ်ရေး စီမံခန့်ခွဲမှု၊ လုပ်ငန်းခွင် ကြီးကြပ်မှုနှင့် အရည်အသွေး အမြဲတစေ ထိန်းသိမ်းနေမှု တို့သာ ဥမင်ဖောက်လုပ်ရေး လုပ်ငန်း၏ လုံခြုံစိတ်ချရမှုနှင့် အကျိုးဖြစ်ထွန်းမှုကို အာမခံနိုင်သည်။
ဤအချက်များဟာ ဆောက်လုပ်ပြီးခဲ့သော ဥမင်လုပ်ငန်း အတွေ့အကြုံများကနေ ထုတ်နှုတ်ထားတဲ့ SEM Design ဆွဲရာမှာ ထည့်သွင်းစဉ်းစား တွက်ချက်ရမယ့် အခြေခံအချက်များ ဖြစ်ပါတယ်။ ဒီနည်းနဲ့ ပတ်သက်ပြီး ဆက်လက်ပြီး လေ့လာ ဆွေးနွေးကြဖို့ အကြံပြုရင်း နိဂုံးချုပ်လိုက်ပါတယ်။
Related Posts
သြစတြီးယား ဥမင်နည်းပညာသစ်

လာဖတ်သွားပါတယ်ခင်ဗျာ။