* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

ရောပ - အာရှဖြတ်ကျော် ရထားကွန်ယက် (Trans-Asian Railways - TAR) သည်ဥရောပနှင့် အာရှနိုင်ငံများအကြား ကုန်စည်အပြန်အလှန် စီးဆင်းမှုရှိစေရန် စီမံဖောက်လုပ်မည့် ရထားလမ်းကွန်ယက် စီမံကိန်းဖြစ်သည်။ အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်း ကော်မရှင် - (United Nations Economic and Social Commission for Asia and the Pacific - UNESCAP )၏ စီမံကိန်းတခုလည်း ဖြစ်သည်။
၎င်းစီမံကိန်းကို စင်ကာပူနှင့် တူရကီနိုင်ငံ၊ အစ္စတန်ဘူမြို့တော်ကြား ရထားလမ်းအချိတ်အဆက် မိုင်ပေါင်း ၈၇၅၀ [ကီလိုမီတာ ၁၄၀၀၀] ကြားအကွာအဝေးကို ဆက်လက် ချိတ်ဆက်အသုံးပြုပြီး ဥရောပနှင့် အာရှနိုင်ငံများအကြား ကုန်စည်ပို့ဆောင်ရေးအတွက် ရထားလမ်းများ ဖောက်လုပ်အသုံးပြုရန် (၁၉၆၀) ခုနှစ်များကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ ဥရောပနှင့် အာရှနိုင်ငံများကြား ကုန်စည်နှင့် အခြားပစ္စည်းများ ပို့ဆောင်ရာတွင် လေကြောင်းပို့ဆောင်မှုထက် အချိန်နှင့်ငွေကြေး သိသာထင်ရှားစွာ လျှော့ချပေးနိုင်မည့် အလားအလာကောင်းများ ရှိသည်။ TAR စီမံကိန်းသည် ၁၉၆၀ ခုနှစ်၊ ၁၉၇၀ ခုနှစ်နှင့် ၁၉၈၀ ခုနှစ် အစောပိုင်းကာလများ၌ နိုင်ငံရေးနှင့် စီးပွားရေး အခက်အခဲများကြောင့် စတင်နိုင်ရန် နှောင့်နှေးမှုများ ရှိခဲ့သော်လည်း ၁၉၉၀ ခုနှစ်အလွန် စစ်အေးတိုက်ပွဲ ပြီးဆုံးသွားပြီး အချို့နိုင်ငံများအကြား နည်းပညာ အပြန်အလှန် ဖလှယ်မှုများ ရှိခဲ့ပြီးနောက် ဥရောပနှင့် အာရှတိုက်ကို ဖြတ်ကျော်ဖောက်လုပ်မည့် ရထားလမ်းစီမံကိန်း ကွန်ယက်အတွက် မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာခဲ့သည်။

TAR စီမံကိန်းသည် ဥရောပနှင့်အာရှ နိုင်ငံများအကြား ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေပြီး နိုင်ငံတကာ ကုန်သွယ်မှုကဏ္ဍ မြင့်မားလာစေမည့် အကောင်းဆုံးနည်းလမ်း တစ်ခုလည်းဖြစ်သည်။ ၎င်းသည် ကုန်းတွင်းပိတ် နိုင်ငံများဖြစ်သော လာအို၊ မွန်ဂိုလီးယား၊ အာဖဂန်နစ္စတန်နှင့် အရှေ့အလယ်ပိုင်း နိုင်ငံများအတွက် စီးပွားရေးဖွံဖြိုး တိုးတက်စေမည့် အခွင့်အလမ်း တစ်ခုလည်း ဖြစ်သည်။

ရထားလမ်းကွန်ယက် အများစုတွင် ကုန်စည်နှင့်ခရီးသည် ပို့ဆောင်မှုအတွက် ပယ်လယ်ဖြတ်ကျော် အသုံးပြုသည့် New Silk Road ဟုခေါ်သည့် နိုင်ငံနယ်စပ်ဖြတ်ကျော် လမ်းကြောင်းများရှိပြီး ဖြစ်သော်လည်း အချို့နေရာများတွင် ပြတ်တောက်မှုများလည်း ရှိနေသေးသည် (၎င်းလမ်းကြောင်းများကို Eurasian Land Bridge ဟုခေါ်သည်။ Eurasian Land Bridge ချဲ့ထွင်ရန် ရည်မှန်းထားသည့် နိုင်ငံများတွင် တရုတ်နိုင်ငံနှင့် ရထားလမ်းအကျယ် (gauge) တူသည့် ကာဇတ်စတန်နိုင်ငံမှတဆင့် အိန္ဒိယ၊ မြန်မာ၊ ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ ချိတ်ဆက်မည့် ရထားလမ်း ဆောက်လုပ်ရေး စီမံချက်ရှိသည်)။

TAR စီမံကိန်း ကွန်ယက်အတွက် ကြီးမားသော စိန်ခေါ်မှုတရပ်မှာ ဥရောပနှင့် အာရှနိုင်ငံများအကြား ရထားလမ်းအကျယ် (gauge) ကွာဟမှုပင်ဖြစ်သည်။ Rail gauge (သံလမ်းနှစ်ခုကြား အတိုင်းအထွာ) သည် Standard gauge အဖြစ်အသုံးပြုသော ဥရောပနိုင်ငံအများစု၊ တူရကီ၊ အီရန်၊ တရုတ်နှင့် တောင်ကိုရီးယားတွင် ၁၄၃၅ - မီလီမီတာ ဖြစ်ပြီး ဖင်လန်၊ ရုရှားနှင့် ယခင်ဆိုဗီယက်နိုင်ငံများတွင် ၁၅၂၀ - မီလီမီတာ ရှိသည်။ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာတို့တွင် ၁၆၇၅ မီလီမီတာ (၅’ ၆”) အကျယ်ရှိ၍ အရှေ့တောင်အာရှနိုင်ငံ အများစုတွင်မူ တစ်မီတာ (၁၀၀၀ မီလီမီတာ) အကျယ်ရှိသော လမ်းများကိုအသုံးပြုသည်။ TAR စီမံကိန်းတွင် နိုင်ငံအလိုက် အသုံးပြုသော လမ်းအကျယ်များကို ပြောင်းလဲပစ်မည်မဟုတ်ပဲ Mechanical ပိုင်းဆိုင်ရာ စက်ပစ္စည်းများကို အသုံးပြု၍ ကွန်တိန်နာများကို ရထားလမ်းပြတ်သော နေရာများတွင် ရထားတစီးမှ အခြားတစီးသို့ ရွှေ့ပြောင်း ပို့ဆောင်မည်ဖြစ်သည်။
ရထားသံလမ်းအကျယ်များ နှိုင်းယှဉ်ပြပုံ

အခြားကြီးမားသော အခက်အခဲတစ်ခုမှာ ဂျပန်နှင့် တောင်ကိုရီးယားကြား ပင်လယ်ဖြတ်ကျော် ပို့ဆောင်ရန်ဖြစ်သည်။ ကွန်တိန်နာ သင်္ဘောများတွင် ရထားများထက် ကွန်တိန်နာ အရေအတွက် ပို၍သယ်ဆောင်နိုင်သော်လည်း အချိန်ကြန့်ကြာမှု အခက်အခဲအတွက် ရထားများကို အသုံးပြုလိုခြင်းဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံကို ဖြတ်၍ မြေပေါ်ဆက်သွယ်မှု (Overland Connection) ဆောက်လုပ်နိုင်မည့် မျှော်လင့်ချက်များ ရှိသော်လည်း လမ်းဆက်ကွာဟမှု (Break of Gauge) အဖြစ်ရှိနေဆဲဖြစ်သည်။

၂၀၀၁ ခုနှစ်တွင် စီမံကိန်း၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် လမ်းကြောင်းလေးခု (the four corridors) ကို စတင်လေ့လာခဲ့ကြသည်။

(၁) မြောက်ဘက် ကော်ရစ်ဒါတွင် ဥရောပနှင့် ပစိဖိတ်ကို ချိတ်ဆက်မည့် ဂျာမဏီ၊ ပိုလန်၊ ဘီလာရုစ်၊ ရုရှား၊ ကာဇတ်စတန်၊ မွန်ဂိုလီးယား၊ တရုတ်နှင့် ကိုးရီးယားနိုင်ငံများကို ချိတ်ဆက်မည်ဖြစ်ပြီး ရထားလမ်းဆက်ပြတ် နေရာများမှာ ပိုလန် - ဘီလာရုစ်နယ်စပ် (၁၄၃၅ - ၁၅၂၀ မီလီမီတာ)၊ ကာဇတ်စတန် - တရုတ်နယ်စပ် (၁၅၂၀ - ၁၄၃၅ မီလီမီတာ)၊ မွန်ဂို - တရုတ်နယ်စပ် (၁၅၂၀ - ၁၄၃၅ မီလီမီတာ) တို့ဖြစ်ကြသည်။ မိုင်ပေါင်း (၅၇၅၀)မိုင် [ကီလိုမီတာ - ၉၂၀၀] အရှည်ရှိသည့် Trans-Siberian Railway (မော်စကိုနှင့် ရုရှားအရှေ့ဘက် ဒေသများဖြစ်သော မွန်ဂိုလီးယား၊ တရုတ်နှင့် ဂျပန်ပင်လယ်တို့ထိ ချိတ်ဆက်ထားသော ရထားကွန်ယက်)သည် ယခု ပထမလမ်းကြောင်း တလျှောက်တွင် အသုံးပြု နေရာယူလျှက်ရှိပြီး အရှေ့အာရှမှ မော်စကို၊ ၄င်းမှ ဥရောပ အရှေ့ဘက် ဒေသများသို့ ကုန်စည်ပမာဏများစွာ စီးဆင်းလည်ပါတ်လျက်ရှိသည်။ မြောက်ကိုရီးယားနှင့် နိုင်ငံရေးပြသနာများကြောင့် လက်ရှိအချိန်တွင် တောင်ကိုရီးယားရှိ ကုန်စည်များကို လမ်းကြောင်းအတိုင်း သယ်ယူပို့ဆောင်နိုင်ရန် ရုရှားအရှေ့ဘက် ဆိပ်ကမ်းမြို့ဖြစ်သော ဘလာဂျီဗော့စတော့ (Vladivostok) မှတဆင့် သယ်ယူပို့ဆောင်လျှက်ရှိသည်။

(၂) တောင်ဘက်လမ်းကြောင်း ကော်ရစ်ဒါတွင် ဥရောပမှ အရှေ့တောင်အာရှသို့ သွားမည်ဖြစ်ပြီး တူရကီ၊ အီရန်၊ ပါကစ္စတန်၊ အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံကို တရုတ်တောင်ပိုင်း ယူနန်ခရိုင်နှင့်၊ မလေးရှားကိုဖြတ်၍ စင်ကာပူသို့ ချိတ်ဆက်မည်ဖြစ်သည်။ လမ်းကြောင်း အဆက်ပြတ်သော နေရာများမှာ အိန္ဒိယနှင့်မြန်မာကြား၊ မြန်မာနှင့် ထိုင်းနိုင်ငံကြား၊ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံကြား ကမ္ဘောဒီးယားနှင့် ဗီယက်နမ်ကြား၊ ထိုင်းနိုင်ငံနှင့် ယူနန်ကြားတွင်ဖြစ်သည်။ အီရန်နိုင်ငံအရှေ့ပိုင်း Bam နှင့် Zahedam ဒေသများတွင် လမ်းကြောင်း ချိတ်ဆက်ပြီး ဖြစ်သည်။ အာရှတိုက်နိုင်ငံများအတွင်းရှိ ရထားလမ်းအကျယ် ကွာဟမှုများမှာ အီရန် - ပါကစ္စတန်နယ်စပ် (၁၄၃၅ - ၁၆၇၆ မီလီမီတာ)၊ အိန္ဒိယ - မြန်မာနယ်စပ် (၁၆၇၆ - ၁၀၀၀ မီလီမီတာ)၊ မြန်မာနှင့်တရုတ် (၁၀၀၀ - ၁၄၃၅ မီလီမီတာ) အသီးသီးဖြစ်သည်။

(၃) အရှေ့တောင်အာရှ ကွန်ယက် (မြန်မာ - ထိုင်း - လာအို - ကမ္ဘောဒီးယား - ဗီယက်နမ် - မလေးရှား - စင်ကာပူလမ်းကြောင်း)

(၄) အနောက်တောင်ဘက် လမ်းကြောင်းသည် ဥရောပမြောက်ဘက်နှင့် ပါရှန်းပင်လယ်ကွေ့ကို ချိတ်ဆက်မည်ဖြစ်သည်။ အဓိကလမ်းကြောင်းသည် ဖင်လန်နိုင်ငံမြိုတော် Helsinki မှ စတင်မည်ဖြစ်ပြီး ရုရှားကိုဖြတ်၍ လမ်းကြောင်း(၃)ခု ခွဲထွက်မည့် ကတ်စပီယန် ပင်လယ်ဆီ ဦးတည်မည်ဖြစ်သည်။ ၎င်းခွဲထွက်မည့် လမ်းကြောင်း (၃) ခုမှာ-
  • အဇာဘိုင်ဂျန်၊ အာမေးနီးယားကိုဖြတ်၍ အီရန်အနောက်ဘက်ပိုင်းသို့ ၀င်ရောက်မည့် အနောက်ဘက် လမ်းကြောင်း၊
  • ကတ်စပီယန် ပင်လယ်ကိုဖြတ်၍ အီရန်သို့ ကူးတို့ဖြင့်ကူးမည့် အလယ်လမ်းကြောင်း၊
  • ကာဇတ်စတန်၊ ဥဇဘက်ကစ္စတန်၊ တာမင့်ခ်နစ္စတန်သို့ဖြတ်ပြီး အီရန်အရှေ့ဘက်သို့ သွားမည့် အရှေ့ဘက် လမ်းကြောင်း တို့ဖြစ်သည်။
၎င်းလမ်းကြောင်း ၃ ခုသည် အီရန်နိုင်ငံမြို့တော် တီဟီရန်တွင် ပေါင်းဆုံပြီး အီရန်နိုင်ငံ အရှေ့ဘက် ဆိပ်ကမ်းမြို့ Bandar Abbas သို့ ဆက်လက်ဦးတည်မည် ဖြစ်သည်။

သဘောတူစာချုပ်
၂၀၀၆ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်တွင် ကုလသမဂ္ဂ၊ အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကော်မရှင် (UNESCAP) ၏ ကြိုးပမ်းအားထုတ်မှုဖြင့် ဥရောပ နှင့် အာရှနိုင်ငံများကြား ကြီးမားသော ကုန်းမြေဖြတ်ကျော် ရထားလမ်း (Continental Railroad) စီမံကိန်းကို အာရှနိုင်ငံပေါင်း ၁၇ နိုင်ငံမှ ပူးပေါင်းပါဝင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ၎င်းစီမံကိန်းကို ပိုးသားသံလမ်း စီမံကိန်း (Iron Silk Road) ဟုလည်း ခေါ်ဆိုနိုင်ပြီး အရှေ့အာရှ၊ တောင်နှင့် အနောက်အာရှမှ မြေထဲပင်လယ်ထိ ဆက်သွယ်နိုင်မည့် Silk Road လမ်းကြောင်းအဖြစ် သတ်မှတ်နိုင်ပါသည်။

အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်း ကော်မရှင်၏ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ လုပ်ငန်းတစိတ်တဒေသအဖြစ် အာရှတိုက် ကုန်းလမ်းသယ်ယူပို့ဆောင်မှု အခြေခံအဆောက်အအုံ ဖွံဖြိုးတိုးတက်မှု စီမံကိန်း (Asian Land Transport Infrastructure Development Plan) ပင်ဖြစ်ပါသည်။ သဘောတူညီမှုစာချုပ်ကို တရားဝင် လက်မှတ်ထိုးရန် ၂၀၀၉ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့အထိ သတ်မှတ်ထားရှိခဲ့သည်။

ချိတ်ဆက်ကွန်ယက် (network)
ဥရောပ - အာရှဖြတ်ကျော် ရထားလမ်းကွန်ယက်တွင် အဓိက လမ်းကြောင်း (၄) ခုပါဝင်ပါသည်။ မော်စကိုနှင့် ရုရှားနိုင်ငံ အရှေ့ဘက်စွန်းမြို့ Vladivostok ကို ချိတ်ဆက်ပေးထားသည့် Trans-Serbian လမ်းကြောင်းအပါအ၀င် တရုတ်နှင့် မွန်ဂိုလီယား၊ ကိုရီးယား၊ ကာဇတ်စတန်၊ ရုရှားနိုင်ငံများကို ချိတ်ဆက်မည့် အခြားလမ်းကြောင်း များစွာလည်း ပါဝင်မည်ဖြစ်သည်။

နိုင်ငံအလိုက် ရထားလမ်း ကွာခြားမှုများ
ထည့်သွင်းစဉ်းစားရမည့် ကိစ္စရပ်တခုဖြစ်သည်။ နိုင်ငံအလိုက်၊ နယ်မြေအလိုက် လက်ရှိသုံးစွဲနေသော ရထားလမ်းအကျယ် (gauge) များ အကျဉ်းအကျယ် ကွာဟမှု ပြဿနာရှိသည်။ လက်ရှိ တရုတ်၊ အီရန်နှင့် တူရကီတို့တွင် စံသတ်မှတ်ထားသော လမ်းအကျယ် - ၁၄၃၅ မီလီမီတာ [၄ ပေ၊ ၈.၅ လက်မ]၊ ရုရှားနိုင်ငံ လမ်းကြောင်းများတွင် - ၁၅၂၀ မီလီမီတာ၊ အိန္ဒိယ၊ ပါကစ္စတန် လမ်းကြောင်းများတွင် - ၁၆၇၆ မီလီမီတာ [၅ ပေ ၆ လက်မ]၊ ဘင်္ဂလားဒေ့ရှ်မှ အရှေ့ဘက်ဗီယက်နမ်နှင့် တောင်ဘက်အစွန်း မလေးကျွန်းဆွယ်အထိ (၁၀၀၀) မီလီမီတာ[၃ ပေ၊ ၃.၄ လက်မ]၊ အင်ဒိုနီးရှားနှင့် ဂျပန်တွင် ၁၀၆၇ မီလီမီတာ အသီးသီးရှိကြသည်။ ထိုပြဿနာကြောင့် လမ်းကြောင်းအဆက်ပြတ် နေရာများတွင် ကွန်ယက်တခုလုံးနှင့် ဆက်မိရန်အတွက် အချိန်သုံးစွဲရမည်ကို ထည့်သွင်း တွက်ချက်ရမည်ဖြစ်သည်။

 ကမ္ဘာပေါ်တွင် အသုံးပြုလျက်ရှိသော Rail gauge များ

ထည့်သွင်းစဉ်းစားရမည့် အခြားအချက်များမှာ -
  • လျှပ်စစ်ဓါတ်အား ဖြည့်တင်းပေးရန် လိုအပ်မှု၊ (Railway Electrification) – 25 kV (Alternating Current) - ရှည်လျားသော လမ်းကြောင်းများနှင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှုများသော လမ်းကြောင်းများအတွက် ၁၉၅၀ ခုနှစ်ကတည်းက သတ်မှတ်ခဲ့သော ကမ္ဘာ့စံသတ်မှတ်ချက်။
  • ရထား၏ အချိတ်အဆက် (Couplings) - ရထားတွဲများကြားရှိ Buffers နှင့် Chains များ၊ အချိတ်အဆက် SA2 အမျိုးအစားများ။ နှစ်မျိုးသုံး Dual fitment အချိတ်အဆက်များမှာ ချိတ်ဆက်အသုံးပြုရန် အဆင်ပြေသည်။
  • ဘရိတ် (Breaks) များ၊ လေဘရိတ် (သို့) ECP (Electronically controlled pneumatic brakes) လျှပ်စစ်ဖြင့် ထိန်းချုပ် ဘရိတ်အုပ်သော စနစ်များ။
  • ဥမင်နှင့် တံတားများကို ဖြတ်သန်းသွားလာရာတွင် ၎င်းတို့၏ အမြင့်နှင့် လမ်းအကျယ်ပေါ် မူတည်၍ နိုင်ငံအလိုက် သတ်မှတ်ထားသည့် ရထားလမ်းအကျယ်ဆုံး Loading Gauge များ၊ အနည်းဆုံး သတ်မှတ်ထားသည့် Structure Gauge များ၊
  • အချက်ပြစနစ်များ (Signals) - အချို့သော အချက်ပြစနစ်များမှာ စက်ခေါင်းမှူးမှ မမြင်နိုင်သော်လည်း စက်ခေါင်းမှ အလိုအလျောက် ဖတ်သောစနစ်များ၊ နိုင်ငံအလိုက် အချက်ပြစနစ် ကွာခြားမှုများ၊ အော်တိုမက်တစ် ပိတ်ဆို့စနစ်(Automatic Blocking Systems) ကွာခြားမှုများ၊ အလိုအလျောက် အချက်ပြစနစ် (Automatic Signaling Systems) ကွာခြားမှုများ။
  • လျှပ်စစ်ကြိမ်နှုန်း ကန့်သတ်ချက် (Electromagnetic interference) (သို့မဟုတ်) ရေဒီယိုကြိမ်နှုန်း (Radio Frequency Interference RFI) ခြားနားမှုများကြောင့် ခြားနားသော အချက်ပြစနစ်များ။
  • နိုင်ငံအလိုက် စည်းမျဉ်းနှင့် စံသတ်မှတ်ချက်များ (Rules and Regulations)။
  • ဘာသာစကား ကွာခြားမှုများ။
ပါဝင်လက်မှတ်ရေးထိုးပြီးသော နိုင်ငံများ
၂၀၀၅ ခုနှစ်၊ နိုဝင်ဘာ ၂၈ မှ ၃၀ ရက်နေ့ထိ တောင်ကိုရီးယားနိုင်ငံ၊ ဖူဆန်မြို့၌ ကျင်းပသော သယ်ယူ ပို့ဆောင်ရေးဆိုင်ရာ ၀န်ကြီးများအဆင့် ညီလာခံတွင် နိုင်ငံပေါင်း ၄၁ နိုင်ငံမှ ၀န်ကြီးများ တတ်ရောက်ခဲ့ကြပြီး သဘောတူညီမှုကို ဖော်ထုတ်ခဲ့ကြသည်။ ရည်မှန်းထားသော လမ်းအရှည် ၈၀၉၀၀ ကီလိုမီတာကို အာရှ၏ ပစိဖိတ် ပင်လယ်ကမ်းခြေမှ စတင်ပြီး ဥရောပ အနောက်နယ်စပ်တွင် အဆုံးသတ်မည်ဖြစ်သည်။ သဘောတူစာချုပ် လက်မှတ် ရေးထိုးရာတွင် အောက်ပါနိုင်ငံများ ပါဝင်ခဲ့သည်။

အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရန်၊ ကာဇတ်စတန်၊ လာအို၊ မွန်ဂိုလီးယား၊ နီပေါ၊ ပါကစ္စတန်၊ တရုတ်၊ တောင်ကိုရီးယား၊ ရုရှား၊ သီရိလင်္ကာ၊ တာဂျစ်ကစ္စတန်၊ ထိုင်း၊ တူရကီ၊ ဥဇဘက်ကစ္စတန်နှင့် ဗီယက်နမ် နိုင်ငံတို့ဖြစ်သည်။

အခြားကျန်သော ၂၄ နိုင်ငံမှာ ၂၀၀၇၊ ဒီဇင်ဘာ ၃၁ ရက်နေ့ထိ လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးပေ။ ၂၀၀၇ ခုနှစ်၊ မေလ ၅ ရက်နေ့ နောက်တကြိမ် နယူးယောက်တွင် ပြုလုပ်မည့် ညီလာခံမတိုင်မီ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံမှ ပါဝင် လက်မှတ်ရေးထိုးမည်ဟု တရားဝင်ကြေငြာခဲ့သည်။ ၎င်းစီမံကိန်း ကွန်ယက်အတွက် အိန္ဒိယနှင့် မြန်မာနိုင်ငံမှတဆင့် ဘင်္ဂလားဒေ့ရှ်ကို ဖြတ်မည့် အရေးကြီးလမ်းကြောင်း တစ်ခုရှိသည်။ ထိုလမ်းကြောင်း တည်ဆောက်ရန်အတွက် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ၊ ကလေး-တမူးကြား ပြတ်တောက်နေသော ရထားလမ်း တည်ဆောက်ရန်အတွက် ခန့်မှန်းခြေ အိန္ဒိယရူပီး ၂၄.၉၁ ဘီလီယံ [အမေရိကန်ဒေါ်လာ - သန်း ၇၃၀]ခန့် ကျခံသုံးစွဲရမည် ဖြစ်သည်။ ၂၀၀၇ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားဝင် လက်မှတ်ရေးထိုးခဲ့သည်။
တရုတ်နိုင်ငံနှင့် ဆက်သွယ်ဖောက်လုပ်နိုင်မည့် အနေအထား စီမံကိန်းလမ်းကြောင်းပြပုံ

TAR စီမံကိန်းသည် ပြီးပြည့်စုံရန်အတွက် လိုအပ်ချက်များစွာ ရှိနေသေးသည်။ သို့သော် အပြုသဘော ရှုမြင်သုံးသပ်ရပါက နည်းပညာများ အစဉ်တိုးတက်ပြောင်းလဲနေသော ခေတ်ဖြစ်ရာ အရည်အသွေးမှီ စက်ပစ္စည်းကိရိယာ တန်ဆာပလာများ၊ ကျွမ်းကျင်ပညာရှင်များ၊ လိုအပ်သော ငွေကြေးအထောက်အပံ့များ စသည်ဖြင့် နိုင်ငံအလိုက် ပေါင်းစပ်ပါဝင်နိုင်ပါက တနေ့တချိန်တွင် ဤစီမံကိန်းမှာ အကောင်အထည်ဖော် ရုပ်လုံးကြွလာမည်ဖြစ်သည်။ ထိုသို့ ဖြစ်ရန်အတွက်လည်း နိုင်ငံပေါင်းစုံမှ ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်သည်။

အကျိုးရလာဒ်ကောင်းများအဖြစ် နိုင်ငံများအကြား မတူညီသည့် ကုန်စည်များ အပြန်အလှန် စီးဆင်းနိုင်ခြင်း၊ နိုင်ငံများအကြား နိုင်ငံခြားဝင်ငွေ ရရှိစေခြင်း၊ အချိန်ကုန်သက်သာစေပြီး များပြားသော ကုန်ချိန်ပမာဏများ၊ ဥပမာ လေယာဉ်ဖြင့် သယ်ဆောင်ရန် မလွယ်ကူသည့် ကျောက်မီးသွေး၊ ကျွန်းသစ်နှင့် အခြားသစ်တောထွက် ပစ္စည်းများ၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေနှင့်ရေထွက် ပစ္စည်းများ လွယ်ကူမြန်ဆန်စွာ ပို့ဆောင်ပေးနိုင်ခြင်း၊ မိမိတို့နိုင်ငံအတွက် အခြားနိုင်ငံမှ လိုအပ်သော နည်းပညာ အထောက်အပံ့ပစ္စည်း စက်ကိရိယာများကို မိမိနိုင်ငံမှတင်ပို့သည့် ကုန်ပစ္စည်းနှင့် ငွေကြေးတန်ဖိုး တွက်ချက်ပြီး ပြန်လည်မှာယူနိုင်ခြင်း စသော အကျိုးကျေးဇူးများ ဖြစ်ပေါ်စေမည်ဖြစ်သည်။ ထိုအကျိုးရလာဒ်ကောင်းများကြောင့် ဥရောပ - အာရှ ရထားလမ်းကွန်ယက် (TAR – Trans-Asian Railways) သည် နိုင်ငံတိုင်း၏ စီးပွားရေး အခြေခံအဆောက်အအုံကို လျှင်မြန်စွာ ဖွံဖြိးတိုးတက်စေပြီး နိုင်ငံသားတိုင်း၏ လူနေမှုဘ၀ကို မြင့်မားလာစေမည်ဟု ယုံကြည်မိပါသည်။

မှီငြမ်းကိုးကား
1. http://www.unescap.org/ttdw/common/TIS/TAR/tar_home.asp
2. http://en.wikipedia.org/wiki/Trans-Asian_Railway
3. http://www.un.org/Depts/rcnyo/newsletter/NL20/actescap.htm
4. http://en.wikipedia.org/wiki/Transcontinental_railway
5. http://en.wikipedia.org/wiki/Trans-Siberian_Railway

Download this post

Print ပရင့်ထုတ်ရန်
0 ထင်မြင်ချက်၊

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.