* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

ကျွန်တော်တို့ဟာ မီးရထား တက္ကသိုလ်မှာ ပညာသင်ကြားခဲ့တာ အခုဆိုရင် ဒုတိယမြောက် အသုတ်အဖြစ် အဆင့်မြင့် ပညာရပ်များကို သင်ကြား တတ်မြောက်ခဲ့ ကြပါပြီ။ ကျွန်တော် တို့တွေ လေ့လာ သင်ယူခဲ့တဲ့ ပညာရပ်များဟာ အဓိကအားဖြင့် မီထရို ပိုလီတန် ဘာသာရပ်ကို အထူးပြု သင်ယူ ခဲ့ကြတာ ဖြစ်ပါတယ်။ သို့သော်လည်း ဒီနှစ်အတွင်းမှာပဲ ကျွန်တော်တို့ သင်ယူနေတဲ့ ဥမင်နှင့် မီထရို ပိုလီတန် အင်ဂျင်နီယာ ဌာနဟာ မြေအောက် အဆောက်အအုံ အင်ဂျင်နီယာဌာနလို့ အမည် ပြောင်းလဲခဲ့ပြီး ဥမင်နှင့် မီထရိုပိုလီတန် တည်ဆောက်ရေး လုပ်ငန်းများကို သာမက အခြားသော မြေအောက် တည်ဆောက်ရေး ပညာရပ်များကိုပါ တိုးချဲ့၍ ပညာရပ်များကို ဆက်လက် ပို့ချပေးနေပါတယ်။

ဒါကြောင့် ကျွန်တော်တို့ဟာ ယခုနှစ် စာတမ်းများ ပြုစုဖို့အတွက် ခေါင်းစဉ်များကို ရွေးချယ်ရာမှာ မီထရိုပိုလီတန် တည်ဆောက်ရေးနှင့် ပတ်သတ်သော စာတမ်း ခေါင်းစဉ်များအပြင် အခြားသော ဥမင်ဆိုင်ရာ တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်သော စာတမ်း ခေါင်းစဉ်များပြုစုဖို့အတွက် ရွေးချယ်ခွင့် ရရှိခဲ့ပါတယ်။



မနှစ်က စာတမ်းများကို ပြုလုပ်သွားကြတဲ့ နောင်တော်များ အားလုံးဟာ မီထရို ပိုလီတန် တည်ဆောက်ရေးနှင့် ပတ်သတ်သော စာတမ်းများကို ဖတ်ကြား တင်သွင်းခဲ့ကြပါတယ်။ ဒီနှစ်ပြုလုပ်ခဲ့တဲ့ စာတမ်းများမှာတော့ မီထရိုပိုလီတန်နှင့် ဆိုင်သော ဥမင်တည်ဆောက်ရေး စာတမ်းများအပြင် မီးရထားဥမင် စာတမ်းနှင့် မော်တော်ကားလမ်း ဥမင်စာတမ်းများကို ပြုစု တင်ပြခွင့် ရရှိခဲ့ပါတယ်။ စာတမ်းကြီးကြပ်သူ ဆရာ၊ ဆရာမများဟာ များသောအားဖြင့် လုပ်ငန်းခွင်ဆိုင်ရာ အတွေ့အကြုံ ရှိသူများ ဖြစ်ကြပါတယ်။ အကြမ်းအားဖြင့် သိရတာက ဆရာ၊ ဆရာမများဟာ လုပ်ငန်းခွင်နှင့် စာတွေ့သင်ကြားပို့ချမှုများကို အလှည့်ကျ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။ ဒါကြောင့် အတွေ့အကြုံရှိကြသူများ ပီသစွာဖြင့် စာတွေ့နှင့် လက်တွေ့ကို မိမိတို့တပည့်များ လုပ်ဆောင်ရမည့် အပိုင်းများနှင့် လိုအပ်သောအပိုင်းများကို ထောင့်စေ့အောင် ပြုလုပ်ပေးခဲ့ ကြပါတယ်။



ဒါ့အပြင် နောက်တစ်ခု လေ့လာမိတာက ပြင်ပ တည်ဆောက်ရေး ကုမ္ပဏီများ နှင့် အစိုးရဆိုင်ရာ တည်ဆောက်ရေး အဖွဲ့အစည်းများဟာ လုပ်ငန်းခွင်မှာ တွေ့ကြုံနေရတဲ့ အခက်အခဲများကို သက်ဆိုင်ရာ တက္ကသိုလ်ကျောင်းများတွင် လာရောက်ဆွေးနွေးပြီး အကြံပြုချက်ရယူခြင်း၊ မှတ်တမ်းများ ပြုလုပ်ထားခြင်းတို့ ပူးပေါင်း လုပ်ဆောင်ကြတာကို တွေ့ရပါတယ်။ ဒီလိုဆွေးနွေး ဆောင်ရွက်ကြတာကို စာတမ်းဖတ်ပွဲ အသွင်တစ်ခုလို လုပ်ဆောင်ကြပြီး စိတ်ပါဝင်စားသူ ကျောင်းသားများလည်း တက်ရောက် နားထောင် နိုင်ကြပါတယ်။ ဒီလိုပြုလုပ်တာဟာ ကောင်းသော အစဉ်အလာကောင်း တစ်ခုဖြစ်ပါတယ်။ အတုယူ သင့်ပါတယ်။ ကျောင်းများအတွက်လည်း အကျိုးရှိပြီး စာတွေ့လက်တွေ့ ပူးပေါင်း ဆောင်ရွက်ကြခြင်းဖြင့် လိုအပ်ချက်များ၊ ချို့ယွင်းချက်များကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် နည်းပညာဆိုင်ရာ ပြပွဲများ၊ နှီးနှောဖလှယ်ပွဲများကိုလည်း ကျောင်းများမှ ဦးဆောင်၍ ပြုလုပ်ကြတာကိုလည်း အားတက်ဖွယ်ရာ တွေ့မြင်ကြရပါတယ်။



ကျွန်တော်တို့ရဲ့ သက်ဆိုင်ရာ စာတမ်းများကို ပြုစုကြရာမှာ ကျွန်တော်တို့နိုင်ငံနဲ့ သင့်လျော်မယ့် အခြေအနေများကို ခန့်မှန်း တွက်ချက်ကာ ကြီးကြပ်သူ ဆရာများနှင့် ညှိနှိုင်းပြီး အတတ်နိုင်ဆုံး အနီးစပ်ဆုံးဖြစ်အောင် ပြုလုပ်ခဲ့ကြပါတယ်။ တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်တဲ့ အခြေခံ အချက်အလက်များကို စဉ်းစားတဲ့အခါ လူနေထူထပ်ပြီး သွားလာရေး ပြဿနာများ စတင် ကြုံတွေ့နေရပြီဖြစ်တဲ့ ရန်ကုန်မြို့ကို အခြေခံပြီး အများဆုံး ပြုလုပ်ခဲ့ကြပါတယ်။




ဒီနှစ်ပြုလုပ်တဲ့ စာတမ်းများကို တင်ပြရမယ်ဆိုရင် မီထရို တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်တဲ့ ခေါင်းစဉ် (၁၁)ခု ဖတ်ကြား တင်ပြခဲ့ပါတယ်။ အဲ့ဒီ ခေါင်းစဉ်များကို ထပ်ပြီးခွဲရမယ်ဆိုရင် မီထရိုဘူတာ တည်ဆောက်ရေးနှင့် ပတ်သက်တဲ့ ခေါင်းစဉ် (၅)ခု၊ မီထရလိုင်း လမ်းကြောင်းများ ဖောက်လုပ်ရေးနှင့် ပတ်သက်တဲ့ ခေါင်းစဉ် (၆) ခုကို ပြုစုခဲ့ကြပါတယ်။



ဒါ့အပြင် မီးရထားလမ်းဥမင်နှင့် ပတ်သက်ပြီး ခေါင်းစဉ် တစ်ခုကို ပြုစုနိုင် ခဲ့ပါတယ်။ တောင်ဖြတ် မီးရထားလမ်းဥမင် အမျိုးအစားဖြစ်ပြီးတော့ ရှမ်းပြည်နယ်၊ တောင်ကြီးနှင့် လားရှိုးလမ်း အပိုင်းကို အခြေခံထားပြီး ခန့်မှန်း ပြုစုထားပါတယ်။

ကျန်တဲ့ ခေါင်းစဉ်သုံးခုကတော့ မော်တော်ကား လမ်းဥမင်များဖြစ်ပြီး ခေါင်းစဉ် နှစ်ခုမှာ ရန်ကုန်မြို့တွင်း လူနေထူထပ်ပြီး မော်တော်ကား အသွားအလာ ရှုပ်ထွေးသော လမ်းဆုံများ၊ လမ်းခွများ၊ အဆောက်အအုံ ထူထပ်သော (လှည်းတန်းလမ်းဆုံ နှင့် မြေနီကုန်းလမ်းဆုံ) နေရာများကို အခြေခံပြီး စာတမ်းပြုစု ထားပါတယ်။ နောက်ခေါင်းစဉ် တစ်ခုကတော့ ရန်ကုန်မြစ်ဖြတ် မော်တော်ကားလမ်း ဥမင် တည်ဆောက်တဲ့ စာတမ်း တစ်ခုဖြစ်ပါတယ်။



ကျွန်တော်တို့ ပြုလုပ်ခဲ့တဲ့ ခေါင်းစဉ်များကို အောက်မှာ လေ့လာ ဖတ်ရှုနိုင်ဖို့အတွက် တင်ပြ ပေးထားပါတယ်။

မီထရို ဘူတာ ဆောက်လုပ်ရေးနှင့် ပတ်သက်၍ ပြုစုခဲ့သော စာတမ်း ခေါင်းစဉ်များမှာ -

1. Research on questions of technological construction of column type station of metropolitan
2. Choosing constructive decisions of metropolitan station in shallow depth soil
3. Research on questions of technological construction of column type station of metropolitan
4. Research on questions of technological construction of pier type stations of metropolitan
5. Technology analysis of station construction of metropolitan in shallow depth.

(မှတ်ချက်။ 1 နှင့် 3 မှာ ခေါင်းစဉ်တူသော်လည်း Engineering Data နှင့် ဒီဇိုင်းများ မတူညီကြပါ။)



မီထရိုလိုင်း လမ်းကြောင်းများ တည်ဆောက်ရေးနှင့် ပတ်သက်ပြီး ပြုစုခဲ့သော စာတမ်းခေါင်းစဉ်များမှာ -

1. Technological analysis of interstation tunnel construction of metropolitan in shallow depth
2. Research of construction techniques and methods of technological construction of interstation tunnels of metropolitan for soft and unstable soil
3. Research on construction methods of tunneling in plastic and clay soil
4. Project of interstation tunnel construction of metropolitan in shallow depth with vibroprotective design for truck superstructure
5. Analysis of technological construction of interstation tunnels of metropolitan in plastic and clay soil
6. Analysis of technological construction of interstation tunnels of metropolitan in plastic and clay soil.




မီးရထားလမ်း ဥမင် ဖောက်လုပ်သည့် စာတမ်းခေါင်းစဉ်မှာ-

1. Technological analysis of railway-tunnel construction in mountainous conditions



မော်တော်ကားလမ်းဥမင်နှင့် ပတ်သက်ပြီး ပြုစုခဲ့သော စာတမ်းခေါင်းစဉ်များမှာ-

1. Research on structure and technological construction of several arches of transportation tunnels making strengthening works in unstable soil
2. Research on structure and technological construction of transportation tunnels of large-scaled cross-section in weak water-saturated soil
3. Research on structure and technological construction of transportation tunnels with cut and cover method




ဒီခေါင်းစဉ်များနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ စာတမ်းပြုစုသူ သူငယ်ချင်းများကလည်း စိတ်ပါဝင်စားသူများ လေ့လာနိုင်အောင် ဘာသာပြန်ဆိုပြီးတော့ တည်ဆောက်ရေးဆိုင်ရာ ပညာရပ်များကို ကျန်ရှိနေတဲ့ အချိန်လေးမှာ မျှဝေပေးကြမယ် မျှော်လင့်ပါတယ်။



ကျွန်တော့် အရင်ပိုစ့်မှာ တစ်ခါရေးခဲ့ပြီးပါပြီ။ ကျွန်တော်တို့ဟာ မိမိတို့ ရရှိထားသော ပညာရပ်များကို လက်တွေ့ နယ်ပယ်မှာ အသုံးပြုနိုင်ခွင့် ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ။ နောက်လာမယ့် မျိုးဆက်များ ဒီပညာရပ်များကို ဆက်လက် လေ့လာတဲ့အခါမှာ အလွယ်တကူနဲ့ ရှေ့ဆက်ပြီး တက်လှမ်းနိုင်အောင် လှေကားထစ်လေး တစ်ခု အဖြစ် ပါဝင်ကြဖို့ပါပဲ။ နောက်ကျ ကျန်ရစ်နေတဲ့ နည်းပညာပိုင်းဆိုင်ရာကို အမှီလိုက်ဖို့ရာမှာ ဒီလိုပဲ သင်ယူ နားလည်ခဲ့တာတွေကို လက်ဆင့်ကမ်းခြင်းဖြင့် မဝေးတော့တဲ့ အနာဂါတ်မှာ အခြားနိုင်ငံများကို ရင်ဘောင်တန်း ရပ်တည်နိုင်မယ်လို့ မျှော်လင့်ရင်း ပို့စ်ကို အဆုံးသတ် လိုက်ပါတယ်။

မှတ်တိုင်တစ်ခုနှင့် မျှော်လင့်ချက်

စာရေးသူ © မိုးပေါက် |

ဒီနေ့(ဇွန်လ-၂၇) မှာတော့ အားလုံးသော ကျောင်းသားများဟာ အပြုံးကိုယ်စီနဲ့ မြင်ရသူတွေ အားလုံးအတွက် တက်ကြွစရာ ဖြစ်လို့ နေပါတယ်။ မော်စကိုမြို့ မီးရထား တက္ကသိုလ် ခန်းမ အဆောက်အဦး ရှေ့မှာ ရုရှကျောင်းသားများရော နိုင်ငံခြားသား ကျောင်းသားများ အားလုံးဟာ ဘွဲ့အပ်နှင်းပွဲ အခမ်းအနား မစမီကပင် နေရာယူကာ တစ်ဦးကို တစ်ဦး နှုတ်ဆက်ကြ အမှတ်တရ ဓါတ်ပုံများ ရိုက်ကူး နေကြတာကို မြင်ရသည်မှာ အလွန်ပဲ ကြည်နူးဖွယ်ရာ အတိ ဖြစ်ပါတော့တယ်။
ဒီနှစ်မှာတော့ မနှစ်ကလို နိုင်ငံခြားသား ကျောင်းသားများကို သီးသန့် ခွဲ၍ အပ်နှင်းခြင်း မပြုတော့ဘဲ တက္ကသိုလ်၏ ဌာနများ အလိုက် ခွဲပြီး စာသင်နှစ်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြသော ကျောင်းသားများ အားလုံးကို တစ်စုတစ်စည်းတည်း ဘွဲ့များ အပ်နှင်းမှာ ဖြစ်ပါတယ်။ဒေသခံတွေဖြစ်တဲ့ ရုရှကျောင်းသား၊ ကျောင်းသူများနှင့် အချို့သော နိုင်ငံခြားသား ကျောင်းသားတွေမှာတော့ မိဘတွေ၊ ဆွေမျိုးသူငယ်ချင်းတွေနဲ့ သိုက်သိုက်ဝန်းဝန်း ရှိနေပေမယ့်၊ ကျွန်တော်တို့လို့ မိဝေးဖဝေး မြန်မာ ကျောင်းသားတွေကတော့ ကိုယ့်ကိုကိုယ် အားပေးရင်းနဲ့ပဲ တက်ကြွ နေကြပါတယ်။ ကိုယ့်မြေကိုယ့်ရေမှာ မိဘဆွေမျိုး အစုံအလင်နဲ့ ဘွဲ့ယူခဲ့ကြတုန်းကလို မဟုတ်တော့ပေမယ့် အားလုံးရဲ့ မျက်နှာမှာတော့ အပြုံးပန်း ကိုယ်စီနဲ့ပါပဲ။ စာသင်နှစ်များကို အောင်မြင် ပေါက်မြောက်ပြီးလို့ မကြာခင်မှာ အိမ်ပြန်ကြရတော့မယ် ဆိုတဲ့စိတ်နဲ့ တက်ကြွလန်းဆန်း နေကြတာလည်း ဖြစ်မှာပါ။ သုံးနှစ်တာ ပညာသင်ယူခဲ့ကြတဲ့ ကျွန်တော်တို့ဟာ မကြာခင်မှာ အမိနိုင်ငံတော်ကို ပြန်ရတော့မှာ ဖြစ်တဲ့အတွက် ပျော်ရွှင်နေမိသလို ယခုလို အဆင့်မြင့်ပညာများကို သင်ယူခဲ့ရသော အမိကျောင်းတော်မှ ခွဲခွာရတော့မှာ ဖြစ်တဲ့အတွက် ဝမ်းနည်းဝမ်းသာ ခံစားမိပါတယ်။

အခမ်းအနားကို နံနက် (၁၀း၃၀) စတင်ခဲ့ပါတယ်။ အခမ်းအနားကို တက္ကသိုလ်၏ ပါမောက္ခချုပ်ကြီး ကျန်းမာရေး အခြေအနေအရ တက်ရောက်နိုင်ခြင်း မရှိခဲ့ပေမယ့် ကျန်သောဌာန အသီးသီးမှ ဌာနမှူး ပါမောက္ခကြီးများ တက်ရောက်ခဲ့ကြပါတယ်။ ဘွဲ့ယူကြမည့် ဌာနအသီးသီးမှ ကျောင်းသူ ကျောင်းသားများ၊ မိဘ ဆွေမျိုးများ၊ သူငယ်ချင်း မိတ်သင်္ဂဟများ စသည်ဖြင့် စုံလင်စွာ အခမ်အနားကို တက်ရောက် လာကြပါတယ်။

ယနေ့ဘွဲ့အပ်နှင်းသည့် ဌာနများကတော့ မီးရထားလမ်း အင်ဂျင်နီယာ ဌာန၊ တံတား တည်ဆောက်ရေး အင်ဂျင်နီယာ ဌာန၊ မြေအောက် အဆောက်အအုံ အင်ဂျင်နီယာ ဌာန(ယခင် ဥမင်နှင့် မီထရိုပိုလီတန် အင်ဂျင်နီယာ ဌာန)၊ ပို့ဆောင် ဆက်သွယ်ရေး ဆိုင်ရာ စီမံခန့်ခွဲရေး အင်ဂျင်နီယာဌာန၊ အသုံးချသိပ္ပံနှင့် နည်းပညာ အင်ဂျင်နီယာ ဌာန၊ မြေတိုင်း အင်ဂျင်နီယာ ဌာန စသည်တို့ ဖြစ်ကြပါတယ်။ ကျန်တဲ့ ဌာနများ၏ ဘွဲ့နှင်း သဘင်ကိုတော့ ဇွန်လ (၃၀) ရက်နေ့မှာ ဆက်လက် ပြုလုပ်မယ်လို့ သိရပါတယ်။

အခမ်းအနားတွင် ပထမဦးစွာ ပါမောက္ခ ဆရာကြီးတစ်ဦးက အဖွင့် အမှာစကား ပြောကြားပါတယ်။ ဘွဲ့အပ်နှင်းတာနဲ့ ပတ်သတ်ပြီး အဆိုပါ ပါမောက္ခကြီးက ပြောကြားရာမှာ တက္ကသိုလ်မှာ ပညာသင်ယူ ပြီးမြောက်လို့ ဘွဲ့ပေးတယ် ဆိုတဲ့အမြင်ကို မှားယွင်းစွာ လက်ခံနေကြကြောင်း၊ တက္ကသိုလ်များမှာ ပညာသင်ယူ ပြီးမြောက်တယ် ဆိုတာ မရှိပါကြောင်း၊ ပညာသင်ယူပြီး အဆင့် တစ်ခုကို ရောက်ရှိတာကို အသိအမှတ်ပြုတာ ဖြစ်ကြောင်း၊ ပညာများရပ်များကို မမေ့မလျော့ဘဲ ဆက်လက် လေ့လာ သွားရန်လည်း လိုအပ်ပါကြောင်းကို ဘွဲ့များ အပ်နှင်းခံ ရတော့မယ့် ကျောင်းသား များအား မှာကြား လိုပါကြောင်း မှတ်သားဖွယ်ရာ စကား လက်ဆောင်ကို ပြောကြား သွားခဲ့ပါတယ်။

ဆက်လက်ပြီး အဆိုပါ ပါမောက္ခဆရာကြီးမှ ပညာကို ထူးချွန်စွာ သင်ယူခဲ့ကြသော ကျောင်းသားများကို အသိအမှတ်ပြုသည့် အနေဖြင့် တက်ရောက်လာကြသော ဌာနအသီးသီးမှ ဆရာကြီးများကို ခေတ္တ မတ်တပ်ရပ်ကာ ဂုဏ်ပြုစေပါတယ်။ ဆက်လက်ပြီး တက်ရောက်လာတဲ့ မိဘများကိုလည်း အဆိုပါအတိုင်း မိမိတို့၏ သားသမီးများ၏ ကြိုးစားအားထုတ်မှု အတွက် ခေတ္တရပ်ကာ ဂုဏ်ပြုစေပါတယ်။ ဘွဲ့ယူကြမည့် ကျောင်းသားများကိုလည်း မိဘများနှင့် ဆရာများ၏ သင်ကြားသွန်သင် ပေးခဲ့သည့် ကျေးဇူးများကို အသိအမှတ်ပြုသည့် အနေဖြင့် ခေတ္တရပ်ကာ ဂုဏ်ပြုစေပါတယ်။ နိဂုံးချုပ်အနေနဲ့ ဘွဲ့များရရှိပြီး လုပ်ငန်းဝင်ကို ဝင်ရောက်ကြတော့မည့် ကျောင်းသားများ အားလုံးကို ဆုမွန်ကောင်းများ ပေးကာ မိမိတို့ လုပ်ကိုင်ကြမည့် နယ်ပယ်အသီးသီးမှာ တာဝန်ကျေပွန်စွာ ဆောင်ရွက်ကြဖို့ တိုက်တွန်းသွားပါတယ်။ ဤသို့ သုံးဦးသုံးဖလှယ် ပညာရေး လုပ်ဆောင်ချက်များကို အသိအမှတ်ပြု လုပ်ဆောင်သွားတာဟာ မြင်ရသူ အားလုံးအတွက် ဝမ်းသာပီတိ ဖြစ်ကြရပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်က “မိဘ ဆရာပူးပေါင်း သားသမီး ပညာရေးကောင်း” ဆိုတဲ့ ဆောင်ပုဒ်လေးကို သတိရမိပါတယ်။

ဆက်လက်ပြီး ဌာနများအလိုက် ကျောင်းသားများကို အဖွဲ့အလိုက် ဘွဲ့များကို သက်ဆိုင်ရာ ဌာနမှူး ပါမောက္ခ ဆရာကြီး၊ ဆရာမကြီးများက စနစ်တကျ ပေးအပ်သွားပါတယ်။ ဘွဲ့များ အပ်နှင်းရာ မှာလည်း ရုရှနိုင်ငံ၏ ပညာရေးစနစ် အတိုင်း သာလွန် အဆင့် ထူးချွန်သူများကို ငွေရောင်၊ အနီရောင် ဘွဲ့များကို သီးသန့် ပေးအပ်ကြပါတယ်။ သက်ဆိုင်ရာဌာန အသီးသီးမှ ကျောင်းသား များကလည်း ဆရာများနှင့် မိဘများအား ကျေးဇူးတင် စကားများကို ကိုယ်စားလှယ် တစ်ဦးစီမှ အသီးသီး ပြောကြား သွားကြပါတယ်။ ဆက်လက်ပြီး နိုင်ငံခြားသား ကျောင်းသားများကို ဘွဲ့များ အပ်နှင်းရာတွင် ပထမဦးစွာ မြေအောက် အဆောက်အအုံ အင်ဂျင်နီယာ ဌာနမှ ဌာနမှူးကြီးက မြန်မာ ကျောင်းသားများကို စင်မြင့်ပေါ်သို့ ဖိတ်ခေါ်ပြီး တက်ရောက် လာကြတဲ့ ပရိသတ်ကို မိတ်ဆက်ပေးပါတယ်။ မြန်မာနိုင်ငံမှ မြေအောက် ဆောက်လုပ်ရေး လုပ်ငန်းများ အတွက် လာရောက် ပညာသင်ကြား ခဲ့ကြတာဖြစ်ပြီး ယမန်နှစ်က ကျောင်းသား (၁၁) ယောက်ကို ဘွဲ့များ အပ်နှင်းပေးခဲ့ပြီ ဖြစ်ကြောင်းနှင့် ယခုနှစ်မှာလည်း ကောင်းစွာ သင်ကြား အောင်မြင်ခဲ့ကြသော မြန်မာကျောင်းသား (၁၅) ယောက်ကို ဘွဲ့များ အပ်နှင်း ပေးတာဖြစ်ကြောင်း ပြောကြားရင်း ဘွဲ့များကို အသီးသီး ပေးအပ်ခဲ့ပါတယ်။

မြန်မာကျောင်းသားများ ကိုယ်စား ကျောင်းသား တစ်ဦးကလည်း ကျေးဇူးတင် စကား ပြန်လည် ပြောကြားရာတွင် ယနေ့ ကျွန်တော်တို့သည် အဆင့်မြင့် ပညာရပ်ဆိုင်ရာ ဘွဲ့တစ်ခုကို အသိအမှတ်ပြု အပ်နှင်းခြင်း ခံရတဲ့အတွက် အတိုင်းမသိ ဝမ်းသာ ကြည်နူးမိ ပါကြောင်း၊ ရုရှနိုင်ငံမှ ဖော်ရွေပျူငှာစွာ အတတ် ပညာများကို သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများ အားလုံး ကိုလည်း အလွန်ပင် ကျေးဇူး တင်ရှိပါကြောင်း၊ အမိ နိုင်ငံတော်ကို ပြန်လည် ရောက်ရှိသည့် အခါတွင်လည်း သင်ကြားခဲ့ရသော ပညာရပ်များကိုလည်း မမေ့မလျော့ဘဲ လုပ်ငန်းခွင်များတွင် အကျိုးရှိစွာ အသုံးချသွားမည်ဟု ကတိပြုပါကြောင်း၊ အထူးသဖြင့် အတတ်ပညာများကို ပေးဝေငှခဲ့ကြသော ဆရာများကို ကျေးဇူး ဥပါကာရ အထူးပင် တင်ရှိကြောင်းကို ထပ်လောင်း ပြောကြားလိုပါကြောင်း ပြောကြားခဲ့ရာ တက်ရောက်လာကြသည့် ပရိသတ်များမှ လက်ခုပ်သံများ တခဲနက် အားပေးကာ ဂုဏ်ပြုခဲ့ကြပါတယ်။

ကျွန်တော်တို့အနေနဲ့ မိမိနိုင်ငံအတွင်း ဖွံ့ဖြိုးမှု မရှိသေးသော ပညာရပ်များကို သင်ယူ အောင်မြင်ခဲ့ကြတဲ့အတွက် အတိုင်းမသိ ပျော်ရွှင်မိကြတာကတော့ အမှန်ပါ။ သုံးနှစ်တာ ကာလအတွင်း တွေ့ကြုံရင်ခဲ့ကြရတဲ့ အခက်အခဲများကို တစ်ဦးကို တစ်ဦး ဖေးမလက်တွဲပြီး တစ်ဦးလိုအပ်ချက်ကို တစ်ဦးက ဖြည့်ဆည်း ဆောင်ရွက်ခဲ့ကြတဲ့အတွက် ဒီနေ့မှာ ကျွန်တော်တို့ဟာ ရည်မှန်းချက်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ တွေးမိတာက အထက်က ပါမောက္ခကြီး ပြောကြားခဲ့သလိုပါပဲ။ နည်းပညာခေတ်ကို ရောက်ရှိနေပြီ ဖြစ်တဲ့အတွက် မိမိတို့ သင်ယူနေရတဲ့ ပညာရပ်များဟာ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ခေတ်နှင့်အညီ မျက်ခြေမပြတ် ရင်ဘောင်တန်းနိုင်ဖို့ အတွက် တတ်သိထားသော ပညာရပ်များကိုလည်း မမေ့မလျော့အောင် လေ့လာ ဆည်းပူးနေရမှာ ဖြစ်သလို ဆက်လက်ပြီး တိုးတက်လာတဲ့ ပညာရပ်ဆိုင်ရာ များကိုလည်း လေ့လာ ဆည်းပူးနိုင်အောင် အားထုတ်ကြရပါမယ်။ မိမိတို့ ရရှိထားသော ပညာရပ်များကိုလည်း နိုင်ငံတော်အတွင်းမှာ ဖြန့်ဝေပေးနိုင်အောင် ပြုလုပ်ကြဖို့လည်း လိုအပ်ပါတယ်။

၂၁ ရာစုမှာ နိုင်ငံအများစုဟာ နည်းပညာဆိုင်ရာများ အံ့မခန်းဖွံ့ဖြိုး တိုးတက်လာကြပါပြီ။တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရင်ဘောင်တန်းနိုင်ဖို့အတွက် အဓိက လိုအပ်တာက နိုင်ငံအတွင်း ပညာတတ် လူတန်းစားများ (တနည်းအားဖြင့် လူ့စွမ်းအား အရင်းအမြစ်) ပေါ်ထွက်လာရေးပင် ဖြစ်ပါတယ်။ အဲ့ဒီကမှတစ်ဆင့် ပြည်တွင်းပြည်ပမှ နည်းပညာများနှင့် အရင်အနှီးများကို ဖိတ်ခေါ်၍ နည်းပညာပိုင်း ဆိုင်ရာမှာ ဖလှယ်နှီးနှော ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်သော တည်ဆောက်ရေး လုပ်ငန်းများကို ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ကြမှာ ဖြစ်ပြီး လူနေမှု အဆင့်အတန်း မြင့်မားလာအောင် ဆောင်ရွက်နိုင်ကြမှာ ဖြစ်ပါတယ်။

အဲ့ဒီအတွက် နိုင်ငံတော်မှ ငွေကုန်ကြေးကျခံကာ ပညာတော်သင်များ စေလွှတ်ပြီး နယ်ပယ်အသီးသီးမှာ လူ့စွမ်းအား အရင်းအမြစ်များ ရရှိအောင် လုပ်ဆောင်ပေးနေတာကို သတိပြုကြဖို့ လိုအပ်ပါတယ်။ အရင်းအနှီးများစွာ ပေးဆပ်ထားတဲ့ နိုင်ငံတော်အတွက် အဓိကလိုအပ်ချက်ဟာ ဘွဲ့လက်မှတ် မဟုတ်ပါဘူး။ နယ်ပယ် အသီးသီးအတွက် တတ်သိ ကျွမ်းကျင်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပါဝင် ဆောင်ရွက်နိုင်မယ့် ပညာရှင်တွေသာ ဖြစ်တယ်ဆိုတာကို သတိချပ် စေလိုပါတယ်။ ဘွဲ့လက်မှတ်သည် အဓိကမဟုတ်။ နိုင်ငံတော်အတွက် အကျိုးပြုနိုင်မယ့် တတ်ကျွမ်းသော ပညာရှင်တွေ ပေါ်ထွက်ဖို့သာ အဓိက ဖြစ်တယ်ဆိုတာကို သဘောပေါက်နားလည် ကြဖို့လိုအပ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံဟာ ခေတ်အဆက်ဆက်မှာ နည်းပညာဖွံ့ဖြိုးမှု အားနည်းခြင်း၊ ရရှိထားသော နည်းပညာများကို ထိန်းသိမ်းထားနိုင်မှု၊ ဖြန့်ဝေပေးနိုင်မှု အားနည်းခဲ့ခြင်းတို့ကြောင့် ယခုအချိန်အထိ နိုင်ငံတကာကို ရင်ဘောင်တန်းနိုင်ဖို့ ရုန်းကန်ကြိုးစား နေရဆဲ ဖြစ်ပါတယ်။ ကျွန်တော် တွေးမိတာတစ်ခုက ပညာရပ် တစ်ခုဆိုတာဟာ လေ့လာစဉ် အစမှာ ခက်ခဲပါတယ်။ နားလည်နိုင်ဖို့ အားထုတ်ရတယ်။ အဲ့ဒါကို နားလည်ပြီး သူများမှ လမ်းစ ထုတ်ပေးခြင်း၊ နည်းလမ်းများ ချပေးခြင်းအားဖြင့် ဒီအဆင့် အခက်အခဲကို ကျော်ဖြတ်နိုင်ပြီး ပညာရပ်အပေါ်ကို ပိုမို စိတ်ပါဝင်စားစွာ လေ့လာနိုင်ကြမှာ ဖြစ်ပါတယ်။ ဒီဘက်နိုင်ငံများ (ဥရောပ)မှာ နိုင်ငံများအားလုံးမှာ ပညာရေးနဲ့ ပတ်သတ်လို့ လေ့လာလိုတဲ့ ဘာသာရပ်များ အားလုံးကို မိမိတို့ ဘာသာရပ် (Mother Language) နှင့် လေ့လာနိုင်တဲ့ အခွင့်အရေးကို ရရှိတဲ့အတွက် ပညာရပ်တစ်ခုကို စိတ်ဝင်စားတဲ့ ကျောင်းသားတစ်ယောက်ဟာ အဲ့ဒီပညာရပ်ကို အချိန်များစွာ အားစိုက်စရာမလိုဘဲ တတ်ကျွမ်းအောင် လေ့လာသင်ယူ နိုင်ပါတယ်။

သာဓက အားဖြင့် ကျွန်တော်တို့ ဒီမှာ ပညာသင်ရတာ ခက်ခဲတယ်ဆိုတာက ရုရှ မြန်မာ အဘိဓါန် (နည်းပညာပိုင်းဆိုင်ရာ) ကောင်းကောင်း မရှိတဲ့အတွက် ဦးစွာ ရုရှ-အင်္ဂလိပ် အဘိဓါန် ၊ ထိုမှ တဆင့် အင်္ဂလိပ်-မြန်မာ အဘိဓါန် စသည်ဖြင့် အချိန်ပေးကာ လေ့လာကြခဲ့ရတဲ့ အတွက် ဘာသာရပ်ဆိုင်ရာ အခက်အခဲကို ရင်ဆိုင်ရပါတယ်။ (ယခုအခါမှာ ကို ဘီလူးဖီးနစ်မှ ကြီးမှူး၍ အဘိဓါန်တစ်ခု ပြုလုပ်နေပြီ ဖြစ်ပါတယ်။) ကျွန်တော် ဆိုလိုချင်တာက ပညာရပ်တစ်ခုကို ရရှိပြီးတဲ့နောက်မှာ ထိုပညာရပ်ကို နိုင်ငံအတွင်း အသုံးပြုနိုင်ခြင်း မရှိသေးခင်မှာဖြစ်စေ၊ အသုံးပြု နေဆဲဖြစ်စေ အဆိုပါပညာရပ် ဖွံ့ဖြိုးများ တိုးတက်ဖို့ အတွက်နှင့် နောက်လာမည့် မျိုးဆက်သစ်များ အလွယ်တကူ လေ့လာနိုင်ဖို့ အတွက် မြန်မာ ဘာသာရပ် (Myanmar Language) များဖြင့် ပြန်ဆိုရေးသား သင့်ပါတယ်။ ကျွန်တော်ယူဆချက်ပါ။ ဒီထက်ကောင်းမွန်တဲ့ အကြံဥာဏ်များကိုလည်း ဝေဖန် အကြံပြုကြပါလို့ လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။

ဆက်လက်ပြီး မျှော်လင့်မိတဲ့ တစ်ခုကတော့ ကျွန်တော်တို့ဟာ မြို့ပြအင်ဂျင်နီယာများ ဖြစ်သည့် အားလျော်စွာ ကျွန်တော်တို့ နိုင်ငံတော်အတွက် လိုအပ်သော မြို့ပြဆိုင်ရာ တည်ဆောက်ရေး လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးလိုခြင်းက အဓိက ဖြစ်ပါတယ်။ တိုးတက်လာသော လူဦးရေ၊ မြို့ပြဧရိယာ ကျယ်ဝန်းလာမှု၊ စက်မှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာမှုနှင့် လုပ်သားများ များပြားလာခြင်းကြောင့် မြို့ပြသွားလာမှု ဆိုင်ရာ အခက်အခဲ ပြဿနာများကို ဖြေရှင်းနိုင်ဖို့ အတွက် ဥမင်နှင့် မီထရို တည်ဆောက်ရေး လုပ်ငန်းလိုအပ်ချက်အရ တစ်နေ့မှာ မလွဲမသွေ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ မြို့ပြ၏ အနာဂါတ် သွားလာမှုဆိုင်ရာ ပြဿနာများကို ဖြေရှင်းတဲ့အခါမှာ မိမိတို့ သင်ကြားခဲ့သော ဘာသာရပ်များကို လက်တွေ့ အသုံးချခွင့် ရရှိနိုင်ဖို့ မျှော်လင့်မိပါတယ်။

မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့သည် ပထမ ရည်မှန်းချက်ဖြစ်သော အဆင့်မြင့် ပညာရပ်များကို ဆည်းပူးလေ့လာ နိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် မဝေးတော့တဲ့ အနာဂတ်မှာလည်း ကျွန်တော်တို့၏ မျှော်လင့်ချက်များ ပြည့်ဝစွာ အကောင်အထည် ဖော်ဆောင် နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။

ကျွန်တော်တို့ အဖွဲ့ ဘွဲ့အပ်နှင်းခံရပြီးတဲ့ နောက်မှာတော့ ဆက်လက်ပြီး နိုင်ငံခြားသား ကျောင်းသားများဖြစ်တဲ့ ဗီယက်နမ် ကျောင်းသားများကို ဘွဲ့များ ဆက်လက် အပ်နှင်းပြီး ကျန်ရှိနေသေးသော ရုရှ ကျောင်းသား များကို ဘွဲ့များ ဆက်လက် အပ်နှင်း ခဲ့ပါတယ်။

ဘွဲ့အပ်နှင်းပွဲ အခမ်းအနားများ ပြီးသွားတဲ့နောက်များ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကျောင်းသား များဟာ အမိတက္ကသိုလ် ကျောင်းတော် ပရဝုဏ် အတွင်းမှာ ဆရာ၊ ဆရာများ၊ မိဘဆွေမျိုး မိတ်သင်္ဂဟများ၊ သူငယ်ချင်းများနှင့် အတူ အမှတ်တရ ဓါတ်ပုံများကို ရိုက်ကူးကာ အမှတ်တရ မှတ်တမ်း တင်ခဲ့ကြပါတယ်။

အချုပ်အားဖြင့် ဆိုရသော် ဒီနေ့ဟာ ကျွန်တော်တို့ အတွက် တန်ဖိုး မဖြတ်နိုင်တဲ့ မေ့မရနိုင်တဲ့ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ တတ်ပြီးပညာ မလေ့လာ မကြာမရှည် ပျောက်တတ်သည် ဆိုသည်ကို သတိ ပြုကြပါ။ ကျွန်တော်တို့ ရရှိခဲ့တဲ့ ပညာရပ်များကို မမေ့မလျော့ဘဲ ဆက်လက် လေ့လာ သွားကြဖို့လည်း သူငယ်ချင်း ရောင်းရင်းများကို တိုက်တွန်းရင်း နိုင်ငံတော် အတွက် ကျရာတာဝန်များကို အောင်မြင်စွာ ထမ်းဆောင် နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ဆက်လက်ပြီး ရဲဘော်ရဲဘက်စိတ် အပြည့်နဲ့ တစ်ဦးကိုတစ်ဦး ဖေးကူခဲ့ကြတဲ့ ရောင်းရင်း သူငယ်ချင်းများကို ဒီပို့စ်ဖြင့် ဂုဏ်ပြုရင်း မိဘများနှင့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ၏ ကျေးဇူးဂုဏ်ကို ဦးညွတ်အပ်ပါတယ်။

Related Posts
ကြည်လင်ကောင်းကင်

The Interesting Blog Award

စာရေးသူ © MyMetro |

The Interesting Blog Award

INTERESTING BLOG AWARD ဆုကို လက်ခံရရှိတဲ့ အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါသည်။ ဆုကို ပေးပို့ ချီးမြှင့်ပေးသော ကိုမင်းကျော် အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

လုပ်ငန်းခွင် လေ့လာရေး(၂)

စာရေးသူ © MyMetro |

ဒီ

နေ့ ဇူလိုင်လ ၅ ရက်နေ့မှာ ကျွန်တော်တို့ သွားခဲ့ရတဲ့ လုပ်ငန်းခွင်ကတော့ မော်စကိုမြို့ အနောက်မြောက် ဘက်ပိုင်းမှာ တည်ရှိတဲ့ မြေအောက်ရထားလမ်း ဥမင်တည်ဆောက်ရေး လုပ်ငန်းခွင်ပဲ ဖြစ်ပါတယ်။ မနက် ၉ နာရီမှာ ကျောင်းရှေ့ကနေ ဌာနက စီစဉ်ပေးတဲ့ မီနီဘတ်စ်ကားလေးနဲ့ စတင်ထွက်ခွာခဲ့ပါတယ်။ မိနစ် ၄၀ လောက်ကြာအောင် ကားစီးပြီးတဲ့ နောက်မှာ ကျွန်တော်တို့ လေ့လာမယ့် လုပ်ငန်းခွင် ရှိရာကို ရောက်ရှိခဲ့ပါတယ်။




ဒီလုပ်ငန်းခွင်ကတော့ Filevskaya လိုင်းလို့ခေါ်တဲ့ မော်စကိုမြို့ အနောက်မြောက်ဘက် ဒေသများနဲ့ မြို့တွင်းကို ဆက်သွယ်ပေးထားတဲ့ လိုင်းကို တိုးချဲ့ဖောက်လုပ်နေတဲ့ မြေအောက်ရထားလမ်း ဥမင်တူးဖော်ရေး လုပ်ငန်းခွင် ဖြစ်ပါတယ်။ Krylatskoe ဘူတာနဲ့ Myakininskaya ဘူတာနှစ်ခုကြားကို ချိတ်ဆက်ပေးမဲ့ မြေအောက် ရထားလမ်း လိုဏ်ခေါင်း ဖြစ်ပါတယ်။ ဒီဥမင်ကို တာဝန်ယူ ဖောက်လုပ်နေတဲ့ အဖွဲ့အစည်းကတော့ ဥမင်လိုဏ်ခေါင်း အထူးအဖွဲ့လို့ ခေါ်တဲ့ TO-6 အဖွဲ့ဖြစ်ပါတယ်။ ယခုအချိန်မှာ ဖောက်လုပ်ပြီး ဥမင်လိုဏ်ခေါင်း အရှည် ၁ ကီလိုမီတာခွဲ ကျော်ကျော် ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဥမင်ကို Krylatskoe ဘူတာအနီးရှိ Starting shaft မှ LOVAT ကုမ္မဏီထုတ် Earth pressure balance shield နဲ့ တူးဖော်နေတာ ဖြစ်ပါတယ်။ တူးဖော်ပြီး မြေစာများကိုတော့ Herrenknecht ကုမ္မဏီထုတ် conveyor နဲ့ သယ်ယူတာ ဖြစ်ပြီး Starting shaft မှတဆင့် မြေသယ်ကားများနဲ့ သယ်ထုတ်တာကို တွေ့ရပါတယ်။ လက်ဝဲဘက် ဥမင်ကိုကတော့ ဖောက်လုပ်ရေး လုပ်ငန်းများ အားလုံးပြီးစီးနေပြီး ဖြစ်ပြီး လက်ယာဘက်ဥမင်ကတော့ ဖောက်လုပ်ဆဲ ဖြစ်ပါတယ်။ ရေလုံ သံကူကွန်ကရစ် ဘလောက်တုံး lining ကို အသုံးပြုတပ်ဆင်ထား အသုံးပြုထားပါတယ်။ စက်စွမ်းအားပြည့် လည်ပတ်နိုင်ပေမဲ့ လုံလောက်တဲ့ ကွန်ကရစ် ဘလောက်တုံးများကို စက်ရုံမှ အသင့် မထုတ်ပေးနိုင်တာကြောင့် တစ်လလျှင် ဥမင်တူးဖော်ပြီးစီးမှု ၂၉၀ မီတာကျော်ပဲ ရောက်ရှိတယ်လို့ ဆိုပါတယ်။

ကျွန်တော်တို့ အဖွဲ့ ဥမင်လုပ်ငန်း စတင်ရာ Starting shaft ကိုရောက်ရှိတဲ့ အခါမှာ အဆိုပါ လုပ်ငန်းခွင်မှာ တာဝန်ရှိသူများက ကြိုဆိုပြီး ဥမင် ဖောက်လုပ်ရေး မြေပေါ်လုပ်ငန်းခွင်၊ ကွန်ကရစ် ဘလောက်တုံး ထုတ်လုပ်ရေး စက်ရုံနဲ့ အခြား အဆောက်အဦးများကို လိုက်လံရှင်းလင်း ပြသပါတယ်။ ထို့နောက်မှာ ဥမင်တူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်နေတဲ့ Starting shaft ထဲကို ဆင်းပြီး ဖောက်လုပ်ပြီး လက်ဝဲဘက် ဥမင်ကို ဦးစွာ လေ့လာကြည့်ရှု ကြပါတယ်။ ဥမင်အတွင်းပိုင်း လုပ်ငန်းများ ရာနှုန်းပြည့်နီးပါပြီးစီးနေပြီး ရထားပြေးဆွဲရန် အတွက် လိုအပ်သော လျှပ်စစ်လွှတ်ထားမည့် လိုင်း (Third rail) နှင့် အခြား cable pipe များသာ တပ်ဆင်ရန် ကျန်ရှိပါတော့တယ်။ ဥမင်အတွင်း တပ်ဆင်ထားသော ကွန်ကရစ် ဘလောက်တုံးများကို အဓိက လေ့လာကြည့်ရှုခွင့် ရရှိပြီး လုပ်ငန်းခွင် တာဝန်ရှိသူများမှ ပြည့်စုံစွာ ရှင်းလင်း ပြောကြားပေးပါတယ်။

ထို့နောက် ကျွန်တော်တို့ အဖွဲ့ဟာ လက်ယာဘက် တူးဖော်နေသော ဥမင် လိုဏ်ခေါင်းထဲကို ၀င်ရောက် ခဲ့ပါတယ်။ ဥမင်အလျား ၁.၅ ကီလိုမီတာကျော် တူးဖော်ပြီးစီးနေပြီ ဖြစ်လို့ ဥမင်တူးဖော်ရာ မျက်နှာပြင် (လုပ်ငန်းခွင်) အထိရောက်အောင် တော်တော်လေး လမ်းလျှောက် ကြရပါတယ်။ ဥမင်အတွင်း လေ၀င်လေထွက် ကောင်းအောင် ပြုလုပ်ထားသော်လည်း ကွန်ကရစ် ဥမင်ဖြစ်သည့်အတွက် အသက်ရှုရတာ မကောင်းလှပါ။ ဥမင်တလျှောက် ရေစိမ့်ဝင်မှုမှ ကာကွယ်ရန်အတွက် နောက်ဆုံးအဆင့် ဘိလပ်မြေ မှုတ်သွင်းခြင်းလုပ်ငန်း (injection) လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ နာရီဝက်ခန့် လှမ်းလျှောက်ပြီးတဲ့ နောက်မှာ ဥမင်တူးဖော်နေတဲ့ လုပ်ငန်းခွင် မျက်နှာပြင်ကို ရောက်ရှိပါတယ်။ Mechanized complex တစ်ခုလုံးကတော့ LOVAT ကုမ္မဏီထုတ် complex ဖြစ်ပြီး Shield နဲ့ တဆက်တည်း ပါရှိပါတယ်။ ကွန်ကရစ် lining ဘလောက်တုံးများကို စက်ဝိုင်းပုံ ဘလောက် erector နဲ့ တပ်ဆင်ပါတယ်။ ကျွန်တော်တို့ ရောက်သွားတဲ့ အချိန်မှာတော့ ကွန်ကရစ်ဘလောက်တုံးများ တပ်ဆင်ပြီးစီးလို့ complex နဲ့ shield ကို ရှေ့ကိုတိုးဖို့ ဆောင်ရွက်နေချိန်ဖြစ်ပါတယ်။ အဆိုပါ တူးဖော်ရေးနဲ့ တပ်ဆင်ရေး လုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ အလုပ်သမား ၅/၆ ယောက်ခန့်ကို တွေ့ရပါတယ်။ EPB shield ရှေ့ကို ရောက်တဲ့ အချိန်မှာတော့ လုပ်ငန်းခွင်တာဝန်ရှိသူများက Shield နဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြား ပေးပါတယ်။

ဒီနေ့ ခရီးစဉ်မှာတော့ ကျွန်တော်တို့ အဖွဲ့ဟာ မြေအောက် ရထားလမ်း ဥမင်လိုဏ်ခေါင်း တူးဖော်ရေးနဲ့ ပတ်သက်လို့ အတွေ့အကြုံများစွာ ရရှိလိုက် ပါတယ်။ ဥမင်လိုဏ်ခေါင်း တူးဖော်ရေး လုပ်ငန်း အဆင့်ဆင့်ကိုလည်း ယခင်ကထက် ပိုမို သဘောက်ပေါက် နားလည်ခဲ့ကြပါတယ်။ အပြန် ခရီးမှာတော့ ကျွန်တော်တို့ အဖွဲ့ဟာ စုပေါင်းဓာတ်ပုံတွေ ရိုက်ခဲ့ကြပြီး မီနီဘတ်စ်ကားနဲ့ပဲ အဆောင်ကို ပြန်ခဲ့ပါတယ်။ လိုက်ပါ ပို့ဆောင်ပေးတဲ့ ဆရာ၊ ဆရာမများနဲ့ လုပ်ငန်းခွင် အတွင်း စေတနာပါပါနဲ့ လိုက်လံ ရှင်းလင်း ပြသပေးတဲ့ တာဝန်ရှိသူများကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ဒီပို့စ်နဲ့ ရေးသား ဖော်ပြလိုက်ရပါတယ်။

ဗီဒီယိုဖိုင်


Related Posts
လုပ်ငန်းခွင် လေ့လာရေး(၁)

လုပ်ငန်းခွင် လေ့လာရေး(၁)

စာရေးသူ © MyMetro |

ဇူ

လိုင်လ ၃ ရက်နေ့က ဘွဲ့ယူပြီးတာနဲ့ မနားဘဲ ချက်ခြင်းဆိုသလို ဒီနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ ကျွန်တော်တို့ Tunnel and metropolitan engineer အဖွဲ့ CNC-611 ဟာ လက်ရှိတည်ဆောက်နေတဲ့ မီထရို ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ ရှိရာကို လုပ်ငန်းခွင် လေ့လာရေး ခရီးထွက်ခဲ့ပါတယ်။ အရင် ကျောင်းသား ဘ၀တုန်းက လုပ်ငန်းခွင် လေ့လာရေးခရီးများကို မကြာခဏ ထွက်ခဲ့ရပေမယ့် ဒီတစ်ခါကတော့ အရင်အခေါက်များနဲ့ မတူအောင် အတွေ့အကြုံများစွာ ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ မီထရိုနဲ့ ဥမင် အင်ဂျင်နီယာ အသစ်စက်စက်လေးများ အတွက် အဖိုးမဖြတ်နိုင်တဲ့ ပထမဆုံးသော အတွေ့အကြုံတစ်ခုလည်း ဖြစ်ပါတယ်။ စာသင်ခန်းထဲမှာ သင်ကြားခဲ့ရတဲ့ စာများ၊ နည်းစနစ်များကို တကယ့် မီထရို ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲမှာ နဖူးတွေ့၊ ဒူးတွေ့ ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ရတာဖြစ်လို့ အထူးကို ၀မ်းသာဂုဏ်ယူကြရပါတယ်။ ဘာနဲ့မှ တန်ဖိုးမဖြတ် နိုင်အောင်လည်း ခံစားရပါတယ်။ တကယ်တော့ ဒီလို လုပ်ငန်းခွင်မျိုးကို ၀င်ရောက် လေ့လာခွင့်ရဖို့ဆိုတာ ကြုံတောင့်ကြုံခဲ မဟာ အခွင့်အရေး တစ်ရပ်ဖြစ်နေလို့ပါပဲ။ ဘယ်လောက်ပဲ လေ့လာချင်စေအုံးတော့ ဆောက်နေတဲ့ လုပ်ငန်းကလည်း ရှိအုံးမှ ဒါမျိုးကဖြစ်မှာပါ။





နံနက် ၉ နာရီမှာ တက္ကသိုလ်ရှေ့မှာ လူစုပြီးတော့ လိုက်ပါပို့ဆောင်မယ့် ဌာနမှ ဆရာများနဲ့တကွ မီထရို ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိရာကို ခြေကျင်ပဲ သွားရောက်ခဲ့ကြပါတယ်။ ၁၅ မိနစ်သာသာခန့် လမ်းလျှောက်ခဲ့ကြ ပြီးနောက် လုပ်ငန်းခွင်ရှိရာကို ရောက်ရှိခဲ့ပါတယ်။ ဒီနေ့ ကျွန်တော်တို့ သွားရောက် လေ့လာရတဲ့ လုပ်ငန်းခွင်ကတော့ မော်စကို မီထရိုတို့ချဲ့ရေး စီမံကိန်းထဲက Lyublinsko- Dmitrovskaya Line ပေါ်မှာ တည်ဆောက်နေတဲ့ Dostoevskaya မြေအောက် ဘူတာရုံ ဆောက်လုပ်ရေး စီမံကိန်းဖြစ်ပါတယ်။ Syvarov square နဲ့ ရုရှားတပ်မတော် ကဇာတ်ရုံ ကြားမှာ တည်ရှိပြီး အ၀ိုင်းပတ် မြေအောက် ရထားလိုင်းနဲ့ Syvarov Square မြေအောက်ဘူတာ (မတည်ဆောက်ရသေး)မှာ ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ အဆိုပါ မြေအောက်ဘူတာမှာ မြေအောက် အဆောက်အအုံ တစ်ခုပါဝင်မှာ ဖြစ်ပြီး Dostoevskaya လမ်းနဲ့ Seleznevskaya လမ်းထောင့်မှာ တည်ရှိပါတယ်။ ဒီကားလမ်းမများရဲ့ တဖက်တချက်စီမှာ underground passage များနဲ့ မြေပေါ်ထွက်ပေါက်များ ထားရှိမှာ ဖြစ်ပြီး စုစုပေါင်းထွက်ပေါက် လေးခုရှိမှာ ဖြစ်ပါတယ်။

မြေအောက် ဘူတာရုံ အမျိုးအစားကတော့ Column-wall type station အမျိုးအစားဖြစ်ပြီး လက်ရှိအချိန်မှာ မြေအောက်ရထားလမ်း ဥမင်များ (interstation tunnels) နဲ့ လိုအပ်တဲ့ မြေအောက် ချဉ်းကပ်ဥမင်များကို တည်ဆောက်ပြီး ဖြစ်ပါတယ်။ အဆိုပါ မြေအောက်ဘူတာရုံကို ၁၉၈၈ ခုနှစ်ကတည်းက စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပြီး ၁၉၉၆ ခုနှစ်မှာ ဘဏ္ဍာရေး အခြေအနေများကြောင့် ရပ်နားထားခဲ့ရမှ ၂၀၀၆ ခုနှစ် နှစ်ဦးပိုင်းကျမှ ဆောက်လုပ်ရေး လုပ်ငန်းများ ပြန်လည် စတင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဘူတာရုံ ဆောက်လုပ်ရေး လုပ်ငန်း တစ်ခုလုံးကို SMU-6 (Construction and Assembling Administration) မှတာဝန်ယူ ဖောက်လုပ်နေခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါအဖွဲ့မှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ တံတား/လမ်း အထူးအဖွဲ့များလို့ အဖွဲ့မျိုးဖြစ်ပြီး ထိုကဲ့သို့ မီထရို ဆောက်လုပ်ရေးအဖွဲ့များ များစွာ ရှိကြောင်းလည်း သိရပါတယ်။

ကျွန်တော်တို့ လေ့လာရေး အဖွဲ့မှာ ကျောင်းသားများနဲ့ ဆရာများ စုစုပေါင်း ၁၆ ဦးပါဝင်ပါတယ်။ မြေအောက်ဘူတာရုံ ဖောက်လုပ်ရေး လုပ်ငန်းခွင်အတွင်းနဲ့ မြေအောက် တူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်ရာ နေရာများကို SMU-6 အဖွဲ့မှာ အင်ဂျင်နီယာမှူးကြီး ကိုယ်တိုင် လိုက်လံရှင်းလင်း ပြသပေးပါတယ်။ ကျွန်တော့်ရဲ့ မဟာဘွဲ့ယူ စာတမ်းကို အတည်ပြု လက်မှတ်ရေးထိုး ပေးခဲ့သူမှာလည်း အဆိုပါ အင်ဂျင်နီယာမှူးကြီးပဲ ဖြစ်ပါတယ်။

မြေပေါ်မှာ ရှိတဲ့ လုပ်ငန်းခွင်ဧရိယာကတော့ မီတာ ၁၀၀၊ ၁၅၀ သာသာ ကျယ်ဝန်းပြီး အဆောက်အဦးများ၊ ဆောက်လုပ်ရေး ပစ္စည်းများကို ကျစ်လစ်စွာ ဖွဲ့စည်းထားရှိတာကို တွေ့ရပါတယ်။ လုပ်ငန်းခွင်ထဲကို ရောက်လာတဲ့ ကျွန်တော်တို့ လေ့လာရေး အဖွဲ့ဟာ ရောက်တာနဲ့ လုပ်ငန်းခွင် ၀တ်စုံများကို လဲလှယ် ၀တ်ဆင်ရပါတယ်။ အဲဒီနောက် အင်ဂျင်နီယာမှူးကြီးမှ ဦးဆောင်ပြီး မြေအောက် လုပ်ငန်းခွင်များ ရှိရာကို Vertical shaft မှတဆင့် ဓာတ်လှေကားနဲ့ ဆင်းကြရပါတယ်။ လမ်းတလျှောက်မှာ အင်ဂျင်နီယာမှူးကြီးက Construction site ရဲ့ဖွဲ့စည်းပုံ၊ လုပ်ဆောင်ပုံတွေကို ရှင်းလင်း ပြောပြသွားပါတယ်။ အခုဆောက်လုပ်နေတဲ့ မြေအောက်ဘူတာရုံဟာ မြေအောက် အနက် မီတာ ၆၀ မှာ တည်ရှိတယ်လို့ သိရပါတယ်။ ဓာတ်လှေကားက ထွက်လိုက်တော့ မြေအောက်ဥမင် လိုဏ်ခေါင်းထဲကို ရောက်ရှိသွားပါတယ်။ ဒီဥမင်လိုဏ်ခေါင်းက မြေအောက်ဘူတာရုံဥမင် ဖောက်လုပ်ရာမှာ လိုအပ်တဲ့ ကနဦး လုပ်ငန်းများ လုပ်ဆောင်ဖို့ တနည်းအားဖြင့် တူးပြီးသား မြေစာများ မြေပေါ်ကို တင်ပို့ခြင်း၊ မြေပေါ်မှ ဥမင်ဖောက်လုပ်ရေး ပစ္စည်းများ၊ lining segments များကို မြေအောက်သို့ ပို့ဆောင်ပေးခြင်း စသည်တို့ကို လုပ်ဆောင်တဲ့ ဧရိယာ တစ်ခုဖြစ်ပါတယ်။ ၅.၅ မီတာ အချင်းရှိတဲ့ ဒီလိုဏ်ခေါင်းမှာ မြေသယ်တွဲများ၊ စက်ခေါင်းများ၊ အခြား ဥမင်ဖောက် ကိရိယာများနဲ့ ရှုပ်နေပါတယ်။

ဥမင်အတွင်းမှာ လေ၀င်လေထွက် ကောင်းမွန်အောင် အထူးပြုလုပ်ထားပြီး မြေပေါ်မှာထက် ပိုမိုအေးစိမ့်နေတာကို သတိပြုမိပါတယ်။ လျှပ်စစ်မီးလုံးများကိုလည်း ဥမင်တလျှောက် တန်းစီထွန်းထားပြီး အလင်းရောင်လည်း ကောင်းစွာရရှိပါတယ်။ မြေအောက်ထဲမှာ လုပ်ကိုင်ရတဲ့ အခြေအနေများ၊ လုပ်ငန်းလုပ်ဆောင်ပုံများကို အင်ဂျင်နီယာမှူးကြီးက ရှင်းပြပေးပါတယ်။ စာသင်ခန်းထဲမှာ သင်ခဲ့ရတဲ့ lectures များအတိုင်း မကွာခြားတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ ဆရာများကလည်း သင်ခန်းစာများနဲ့တကွ လက်တွေ့မှာ မြင်ရပုံများကို ရှင်းပြပေးပြီး တလက်စတည်း စာတွေလည်း ပြန်မေးပါသေးတယ်။

မြေအောက်ဘူတာရုံ တည်ရှိရာ မြေအမျိုးအစားကတော့ ခံနိုင်ဝန်အား အဆင့်သတ်မှတ်ချက် ၄ ရှိတဲ့ ရွံ့ကျောက်ဆန်တဲ့ မြေမျိုးဖြစ်ပါတယ်။ Drilling and blasting method ကိုအသုံးပြုကာ တူးဖော်ပြီး ဥမင် lining segment များကို Erector ရဲ့ အကူအညီနဲ့ တပ်ဆင်ပါတယ်။ မြေအောက်ဘူတာရုံ ဖောက်လုပ်မယ့် ဥမင်ရှိရာကို သွားတဲ့ ချဉ်းကပ်ဥမင်ငယ်များ ကို ဘူတာရုံ ထိပ်တဖက် တချက်စီကနေ vertical shaft နဲ့ ဆက်သွယ် ဖောက်လုပ်ထားပါတယ်။ ချဉ်းကပ်ဥမင်ငယ် နှစ်ခုမှာ တစ်ခုကိုတော့ ဥမင်အတွင် လေပေးစနစ် Ventilation အတွက် အသုံးပြုမှာ ဖြစ်ပြီးတော့ အချင်း ၅.၅ မီတာရှိတဲ့ စက်ဝိုင်းခြမ်းပုံ ဥမင်ဖြစ်ပါတယ်။ ကျန် ချဉ်းကပ်ဥမင်ကတော့ ထိပ်ပိုင်းကျဉ်းသွားတဲ့ လေးထောင့် ဥမင်ငယ်ဖြစ်ပြီး ကွန်ကရစ် lining နဲ့ ပြုလုပ်ထားကာ ဘူတာရုံ ဆောက်လုပ်ရေး လုပ်ငန်းပြီးပါက မြေပြန်ဖို့ပစ်မှာ ဖြစ်ကြောင်းသိရပါတယ်။

ကျွန်တော်တို့ အဖွဲ့ဟာ ဘူတာရုံ Lateral tunnel ဖောက်လုပ်နေတဲ့ လုပ်ငန်းခွင်နေရာကို ရောက်ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ရောက်သွားတဲ့ အချိန်မှာတော့ မိုင်းခွဲခြင်း လုပ်ငန်းများပြီးစီးလို့ မြေသားများ သယ်ထုတ်နေတဲ့ အချိန်ဖြစ်ပါတယ်။ လုပ်ငန်းကို ခဏရပ်နားခိုင်းပြီးတော့ အင်ဂျင်နီယာမှူးကြီးက လုပ်ငန်းနဲ့ ပတ်သတ်တာတွေကို အသေးစိတ် ရှင်းပြပေးပါတယ်။ ကျောင်းသားများမှ မေးမြန်းသည်များကိုလည်း စိတ်ရှည်ရှည်နဲ့ ပြန်လည် ဖြေကြားပေးပါတယ်။ အသုံးပြုနေတဲ့ စက်များမှာလည်း စာအုပ်ထဲ၊ ဓာတ်ပုံထဲမှာသာ တွေ့မြင်ခဲ့ဖူးတာမို့လို့ အခုလို မျက်မြင်တွေ့ရှိရတဲ့ အခါမှာ အလွန်ကို အံ့သြ၀မ်းသာရပါတယ်။ ကျွန်တော်တို့ စက်ပုံစံတွေကို Drawing ဆွဲခဲ့တုန်းက မှန်းဆွဲခဲ့တာတွေလည်း ပါတော့ အခုတကယ့်အစစ်ကို တွေ့ရတော့မှ အချင်းချင်း ပြန်ပြောပြီး ရီရပါသေးတယ်။

အခုအချိန်မှာတော့ ပင်မဘူတာရုံကြီးရဲ ဘေးဘက်ဥမင်ကို စတင်ဖောက်လုပ် နေချိန်ဖြစ်ပြီး ဥမင် ထိပ်နှစ်ဖက်စလုံးမှ တူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဥမင်တစ်ခုလုံးမှာ အဓိက အသုံးပြုတဲ့ lining အမျိုးအစားကတော့ Cast iron segment များဖြစ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့ဟာ တူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်နေတဲ့ ဥမင်ထိပ် နှစ်ဖက်စလုံးကို သွားရောက် လေ့လာခဲ့ပါတယ်။ မြေအောက် အတွင်းပိုင်း လုပ်ငန်းများကို မြင်တွေ့ရတာ အလွန်ကို စိတ်ဝင်စားစရာ ကောင်းပြီး ပထမဆုံးအကြိမ် လေ့လာခွင့်ရလို့လည်း ၀မ်းသာကြည်နူး အားတက်မှုကိုပါ တပြိုင်တည်း ခံစားခဲ့ရပါတယ်။ မြေအောက်မှ ပြန်တက်လာတဲ့ အချိန်မှာတော့ မြေပေါ်မှာ ရှိတဲ့ လုပ်ငန်းတချို့ကိုပါ လေ့လာခွင့်ရခဲ့ပါတယ်။

အဲဒီနောက်မှာ အင်ဂျင်နီယာမှူးကြီးက ယနေ့လေ့လာခဲ့တဲ့၊ ရောက်ခဲ့တဲ့ နေရာများနဲ့ လုပ်ငန်းစဉ်များကို အကျဉ်းချုပ် ပြန်လည်ပြောကြားပေးပြီး ကျောင်းသားများနဲ့ ဆရာများက စီမံကိန်းနဲ့ ပတ်သက်တဲ့ သိလိုသည်များကို မေးမြန်းကြပါတယ်။ အင်ဂျင်နီယာမှူးကြီးက သဘောကောင်းကောင်းနဲ့ ပြန်လည် ဖြေကြားပေးပြီး ပထမနေ့ လေ့လာရေး ခရီးစဉ်ကို နိဂုံးချုပ်လိုက်ပါတယ်။

အခုလို လုပ်ငန်းခွင် လေ့လာရေး ခရီးများကို ဖြစ်မြောက်အောင် စီစဉ်ပေးတဲ့ တက္ကသိုလ်မှာ တာဝန်ရှိသူများ၊ Tunnels and metropolitans ဌာနမှာ ပါမောက္ခနဲ့ ဆရာများကို ကျေးဇူးဥပကာရ အထူးတင်ရှိပါကြောင်း ဒီပို့စ်လေးနဲ့ ပြောကြားလိုပါတယ်။ မြေအောက်လုပ်ငန်းခွင် အတွင်းပိုင်းပုံများကို မှတ်တမ်းတင် ဓာတ်ပုံများနဲ့တကွ ဗီဒီယိုဖိုင်များကိုလည်း ဖော်ပြပေးထားပါတယ်။ ဓာတ်ပုံတွေက ပုံ ၁၀၀ နီးပါး ရှိတာကြောင့် loading လုပ်တာ နည်းနည်းကြာပါလိမ့်မယ်။ သည်းခံပြီး ကြည့်ရှုပေးပါခင်ဗျား။ သူငယ်ချင်းများ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

ဗီဒီယိုဖိုင်များ


Related Posts
လုပ်ငန်းခွင် လေ့လာရေး(၂)

ကြည်လင်ကောင်းကင်

စာရေးသူ © MyMetro |

ဒီ

နေ့တော့ မိုးက အုံ့တုံ့တုံ့နဲ့။ ရွာမယ့်ပုံတော့ မရှိပါဘူး။ မနက်ခင်းလေးက မြန်မာပြည်က မိုးတွင်းကာလ မနက်ခင်းလေး အတိုင်းပါပဲလို့ တွေးမိရင်း ဖျတ်ခနဲ မြန်မာပြည်ကို လွမ်းလိုက်မိ ပါသေးတယ်။ ကျောင်းပိတ်ရက်တွေဆို လူသွားလူလာ မရှိတတ်အောင်ဘဲ ဆိတ်ငြိမ်တဲ့ လမ်းလေးပေါ်မှာ လူတွေ၊ ကားတွေ ဥဒဟို သွားလာနေကြပါပြီ။ ဒီနေ့ဟာ ဇူလိုင်လ ၃ ရက်နေ့၊ အင်္ဂါနေ့ပါ။ မြန်မာပြည်မှာတော့ မြန်မာအမျိုးသမီးများနေ့ပေါ့။ ကျွန်တော်တို့အတွက်တော့ ပညာရေး ခရီးမှာ ဒုတိယမှတ်တိုင် အဖြစ်စိုက်ထူလိုက်တဲ့ နေ့လို့ ပြောရမှာပါ။ ဒီမှတ်တိုင်လေးကနေ လမ်းခွဲသွားကြမယ့် သူတွေလည်း ရှိရဲ့။ ရှေ့ဆက်တိုးမယ့် သူတွေကလည်း အားမာန် အပြည့်နဲ့လေ။

တက္ကသိုလ် ပင်မဆောင် ဘွဲ့နှင်းသဘင် ခန်းမရှေ့မှာတော့ ဘွဲ့ယူမယ့် ကျောင်းသားတွေ၊ သူငယ်ချင်း မိတ်ဆွေတွေ၊ ကျောင်းသား မိဘတွေနဲ့ ရုံးစုရုံးစု ဖြစ်နေပါပြီ။ တက္ကသိုလ်ရဲ့ နိုင်ငံခြားကျောင်းသားများ အတွက် ကျင်းပတဲ့ ဘွဲ့နှင်းသဘင်ပါ။ တခြားနိုင်ငံတွေကလာတဲ့ ကျောင်းသားတွေမှာတော့ မိဘတွေ၊ ဆွေမျိုးသူငယ်ချင်းတွေနဲ့ သိုက်သိုက်ဝန်းဝန်း ရှိနေပေမဲ့၊ ကျွန်တော်တို့လို့ မိဝေးဖဝေး မြန်မာကျောင်းသားတွေကတော့ ကိုယ့်ကိုကိုယ် အားပေးရင်းနဲ့ပဲ တက်ကြွနေကြပါတယ်။ ကိုယ့်မြေကိုယ့်ရေမှာ မိဘဆွေမျိုး အစုံအလင်နဲ့ ဘွဲ့ယူခဲ့ကြတုန်းကလို မဟုတ်တော့ပေမဲ့ အားလုံးရဲ့ မျက်နှာမှာတော့ အပြုံးပန်း ကိုယ်စီနဲ့ပါပဲ။ စာသင်နှစ်များကို အောင်မြင် ပေါက်မြောက်ပြီးလို့ မကြာခင်မှာ အိမ်ပြန်ကြရတော့မယ် ဆိုတဲ့စိတ်နဲ့ တက်ကြွလန်းဆန်း နေကြတာလည်း ဖြစ်မှာပါ။

နံနက် ၁၁ နာရီမှာ ဘွဲ့နှင်းသဘင် အခမ်းအနားကို စတင်ခဲ့ပါတယ်။ ခန်းမထဲကို ပါမောက္ခချုပ်ဝင်လာတဲ့ အချိန်မှာတော့ ခန်းမထဲမှာ ရှိနေတဲ့ ဧည့်ပရိသာတ် အားလုံးက မတ်တပ်ထရပ် အရိုအသေ ပေးလိုက်ကြပါတယ်။ အခု အခမ်းအနားမှာ ထူးခြားတာကတော့ ရထားပို့ဆောင်ရေး အေဂျင်စီ ဒါရိုက်တာကိုယ်တိုင် တက်ရောက် ချီးမြှင့်ပေးတာပဲ ဖြစ်ပါတယ်။ အခမ်းအနား စတင်ချိန်မှာတော့ ပါမောက္ခချုပ်က အမှာစကား ပြောကြားပေးပါတယ်။ မြန်မာကျောင်းသားများ အနေနဲ့ နှစ်နှစ်ဆိုတဲ့ အချိန်တို အတွင်းမှာ ထင်မှတ်မထားအောင် ထူးချွန်စွာ အောင်မြင်ပြီးမြောက်ခဲ့ကြလို့ အထူးပဲ ဂုဏ်ယူ ၀မ်းမြောက်ရကြောင်းလည်း ထည့်သွင်း ပြောကြားသွားပါတယ်။ သူ့နောက်မှာတော့ ရထားပို့ဆောင်ရေး ဒါရိုက်တာက စကားပြောပါတယ်။ ထို့နောက်မှာ မြန်မာနိုင်ငံကိုယ်စား သံမှူးကြီးက အမှတ်တရ စကား ပြောကြားပေးပါတယ်။ အဲဒီနောက်မှာတော့ နိုင်ငံခြား ကျောင်းသားများ ကိုယ်စား ဗီယက်နမ်နိုင်ငံမှ ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကိုယ်စား ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားပြီးတဲ့ နောက်မှာ ဘွဲ့လက်မှတ်များ အပ်နှင်းခြင်း အစီအစဉ် စတင်ပါတယ်။

ထူးချွန်ကျောင်းသားများကို ရထားပို့ဆောင်ရေး ဒါရိုက်တာနဲ့ ပါမောက္ခချုပ်တို့က ဘွဲ့များ ချီးမြှင့်ပေးပြီး ကျန်ကျောင်းသားများကို သက်ဆိုင်ရာ ပါမောက္ခများက ချီးမြှင့်ပေးကြပါတယ်။ တက္ကသိုလ်အတွက် ဒီဘွဲ့နှင်းသဘင်ဟာ မြန်မာကျောင်းသားတွေ ပထမဆုံးပါဝင်တဲ့ ဘွဲ့နှင်းသဘင်ပါ။ တက္ကသိုလ်အတွက်လည်း ပထမဆုံးအနေနဲ့ မှတ်တမ်းတစ်ခု တင်သွားပြီ ဖြစ်သလို နိုင်ငံအနေနဲ့လည်း သက်ဆိုင်ရာ ကဏ္ဍလေးရပ်အတွက် ပထမဆုံးသော လူ့အရင်းအမြစ်များကို ရရှိလိုက်ပြီ ဖြစ်ပါတယ်။ မိမိတို့ သင်ကြားခဲ့ရတဲ့ ပညာရပ်နယ်ပယ်မှာ ကောင်းစွာ အောင်မြင် ပေါက်မြောက်ခဲ့ပြီးဖြစ်လို့ လက်တွေ့နယ်ပယ်မှာ နိုင်ငံကို အကျိုးပြုနိုင်ဖို့ ကိုယ်စွမ်း၊ ဥာဏ်စွမ်း ရှိသရွေ့ ကြိုးစားကြရပါတော့မယ်။ နည်းပညာအရ နောက်ကျ ကျန်နေခဲ့တဲ့ နိုင်ငံကို မိမိတို့ သင်ကြားခဲ့တဲ့ အဆင့်မြင့်ပညာများနဲ့ ပြန်လည် အလုပ်အကျွေးပြုဖို့ ပထမဆုံး ခြေလှမ်းတစ်ရပ်ကို လှမ်းလိုက်ကြပြီလို့ မြင်မိပါတယ်။

တဆက်စပ်တည်း ခေါင်းထဲကို အတွေးလေးတချို့ ၀င်လာပါတယ်။ ၂၁ ရာစုဟာ ပညာခေတ်လို့ ဆိုကြတယ်မဟုတ်လား။ ပညာရပ် နယ်ပယ်အသီးသီးမှာ အသစ်အသစ်သော တီထွင်မှုတွေ၊ နည်းပညာတွေဟာ စဉ်ဆက်မပြတ် ဖြစ်ပေါ်လျက် ရှိနေတာ အံ့မခန်း မြင်တွေနေရတဲ့ အချိန်ပါ။ ဒါကြောင့်မို့လို့ အမိတက္ကသိုလ်က သင်ကြားပေးလိုက်တဲ့ ပညာများကို မေ့လျော့မသွားဘဲ၊ လက်ရှိ အနေအထားမှာတင် ရပ်တန့်မနေဘဲနဲ့ ဆက်လက်ပြီး ဆထက်တပိုး တိုးတက်နေအောင် တီထွင်ကြံဆ လေ့လာဆည်းပူး နေကြဖို့က အရေးကြီးဆုံး အချက် ဖြစ်လာပါပြီ။

လူချင်းအတူတူ ကိုယ်က အသုံးမကျလို့၊ အဖက်ဖက်က နိမ့်ကျခဲ့လို့ သူများဆီမှာ အောက်ကျို့ရတဲ့အခါ ဘယ်လောက် မျက်နှာငယ်ရသလဲဆိုတာကို အားလုံးလဲ သိရှိပြီး ဖြစ်မှာပါ။ ဒီလို နည်းပညာမျိုးတွေ ကိုယ့်ဆီမှာ မရှိလို့ နိုင်ငံတော်က ငွေကုန်ကြေးကျ များစွာခံပြီးတော့ လူအရင်းအမြစ်တွေကို မွေးထုတ်ပေးနေတာ ဖြစ်ပါတယ်။ အရင်းအနှီးများစွာ ပေးဆပ်ထားရတဲ့ နိုင်ငံတော်အတွက် တကယ်လိုအပ်တာဟာ ဘွဲ့လက်မှတ်မဟုတ်ဘဲ တတ်သိကျွမ်းကျင်တဲ့ ပညာရှင်တွေသာ ဖြစ်တယ်ဆိုတာကို သတိချပ်စေလိုပါတယ်။ မိမိတို့ သင်ယူခဲ့ရတဲ့ ပညာရပ်များကို အမိမြေမှာ လက်ဆင့်ကမ်းနိုင်အောင် သို့မဟုတ် ကျရာနေရာမှာ ကျေပွန်စွာ ထမ်းဆောင်မယ်ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်ချက် စိတ်ဓာတ် အပြည့်ထားရှိဖို့လည်း လိုပါတယ်။ ဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်ပေါ်မှာ မှန်ကန်တဲ့ အမြင်၊ တည်ကြည်တဲ့ သဘောထား၊ ဖြောင့်မတ်တဲ့ ခံယူချက်၊ မယိမ်းမယိုင်တဲ့ ယုံကြည်ချက်များနဲ့ သုံးသပ်တတ်ပြီး နိုင်ငံကို အလုပ်အကျွေး ပြုနိုင်ကြပါစေလို့ အလေးအနက် ဆုတောင်းလိုက်ပါတယ်။

ဘွဲ့နှင်းသဘင် အခမ်းအနား အပြီးမှာတော့ ကျောင်းသားတွေ၊ ဆရာမိဘတွေနဲ့ ခန်းမထဲ၊ ကျောင်းဝန်းထဲမှာ အမှတ်တရ စုပေါင်းဓာတ်ပုံတွေ ရိုက်ကြ၊ ကျေးဇူးတင် စကားတွေပြောကြ၊ ဂုဏ်ပြုကြ၊ နှုတ်ဆက်ကြနဲ့ အပြုံးပန်းတွေ ဝေနေကြပါတယ်။ မနက်ပိုင်းတုန်းက အုံ့မှိုင်းနေတဲ့ မိုးကောင်ကင်ကလည်း ကျောင်းသားတွေရဲ့ အပျော်တွေ၊ ကြည်နူးဝမ်းသာမှု အပြုံးတွေ၊ ကင်မရာဖလက်ရှ်က ထွက်လာတဲ့ မီးရောင်ပျိုးပြက်တို့နဲ့အတူ လှပနွေးထွေးစွာ ကြည်လင် တောက်ပနေလေရဲ့။

Related Posts
မှတ်တိုင်တစ်ခုနှင့် မျှော်လင့်ချက်

လတ်တလော မေးခွန်းများ

စာရေးသူ © MyMetro |

ခုတလော စာတမ်းအတွက် ပြင်ဆင်နေတဲ့အတွက် ဘလော့ဂ်ကို ခြေဦးမလှည့်နိုင်တာ ကြာပါပြီ။ ဒီနေ့မှာ ဘလော့ဂ်ကို ၀င်ကြည့်တုန်း ကျွန်တော်တို့ရဲ့ ဘလော့ဂါစာအုပ် ထုတ်ဝေရေးကို ဦးဆောင်နေတဲ့ သတင်းထောက်ကြီး ကိုစိုးဇေယျထွန်းက မြေအောက် ရထားနဲ့ ပတ်သက်ပြီး မေးမြန်းလာတဲ့ အခါမှာတော့ မနေနိုင်တော့ပဲ ၀င်ရေးရ ပါတော့တယ်။ အမေးရှိက အဖြေလည်းရှိရမယ် မဟုတ်ပါလား။ အပြည့်အစုံကို အောက်မှာ ဆက်လက်ဖတ်ရှု ကြပါခင်ဗျား။

စိုးဇေယျထွန်း: ရန်ကုန်မြို့ကို မြေအောက် ရထားလမ်းဖောက်မယ် ဆိုရင် ကုန်ကျစရိတ် ဘယ် လောက်ရှိနိုင်မလဲ ။
MyMetro: ဟုတ်ကဲ့…။ မြေအောက် ရထားလမ်းဖောက်ရင် ဘယ်လောက် ကုန်ကျနိုင်မလဲ ဆိုတဲ့မေးခွန်းကတော့ မိမိတို့ ဖောက်လုပ်မယ့် မြေအောက် ရထားလမ်းကြောင်း အရှည်၊ ရထားလိုင်း အရေအတွက်၊ ထားရှိမယ့် ဘူတာရုံအရေအတွက်၊ ဆောက်လုပ်ရမယ့် လျှပ်စစ်စက်ခေါင်းပြင် စက်ရုံများစတဲ့ အရေအတွက်တွေ ပေါ်မှာ အခြေခံတွက်ချက်ရမှာ ဖြစ်ပြီးတော့ အသုံးပြုမယ့် materials၊ စက်ပစ္စည်းများအတွက် ကုန်ကျစရိတ်များ၊ ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ကုန်ကျစရိတ်များ အပါအ၀င် ကနဦးဆောက်လုပ်ရေး လုပ်ငန်းများ( တိုင်းတာရေး လုပ်ငန်းများ၊ လုပ်ငန်းခွင် ပြင်ဆင်ရေးလုပ်ငန်းများ၊ ကွန်ကရစ်ဖျော် စက်ရုံ၊ ကွန်ကရစ် ဘလောက်တုံးများ ထုတ်လုပ်ရေးစက်ရုံ၊စသည်) လုပ်ငန်းအပိုင်းလိုက်၊ အသေးစား၊ အကြီးစားလုပ်ငန်းများ စသည်ဖြင့် တည့်သွင်း တွက်ချက်ရမှာ ဖြစ်ပါတယ်။ မြေအောက်ရထားလမ်း ကွန်ရက်ကြီးတစ်ခုလုံး လည်ပတ်ဖို့ ဆိုသည်မှာ ဆောက်လုပ်ချိန်မှစလို့ ပြေးဆွဲသည်အထိ ကြီးမားရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်ကြီး တစ်ခုဖြစ်တယ် ဆိုတာကို ဦးစွာ ရှင်းပြလိုပါတယ်။ အကြမ်းဖျဉ်း အနေနဲ့ မြေအောက် ရထားလမ်း ကွန်ရက် တစ်ခုလုံးရဲ့ ကုန်ကျစရိတ် များကို မတွက်ချက်သေးခင် မြေအောက် ရထားလမ်းဥမင် တစ်ခုအတွက် တစ်မီတာမှာ ကုန်ကျနိုင်မယ့် စရိတ်ကို ယနေ့လက်ရှိ နိုင်ငံတကာ ဈေးနှုန်းများနဲ့ ပြောပြလို့ရပါတယ်။ ဥမင်လိုဏ်ခေါင်း နံရံကို အသင့်ပြုလုပ်ပြီး ကွန်ကရစ် ဘလောက်တုံးများနဲ့ အသုံးပြုတပ်ဆင်တဲ့ ရထားလမ်းဥမင်မျိုးမှာ တစ်မီတာအတွက် အမေရိကန်ဒေါ်လာ ၃၀၀၀၀ ကျော်ကုန်ကျပါတယ်။ စက်ပစ္စည်းဖိုးမပါ၊ တခြားစရိတ်မပါ၊ အသုံးပြုတဲ့ Material ဖိုးချည်း သက်သက်ပါပဲ။ ဒီဈေးနှုန်းက အချင်း ၅.၅ မီတာရှိတဲ့ ဥမင်လိုဏ်ခေါင်း အတွက်ပါ။ ဒီထက်ပိုမို အရွယ်အစားကြီးမားမဲ့ မြေအောက် ဘူတာရုံ ဥမင်တွေမှာ ဆိုရင်တော့ ပိုမိုကုန်ကျပါလိမ့်မယ်။ အခုလက်ရှိ ရန်ကုန်မြို့တော်မှာ အဓိက သွားလာတဲ့ လမ်းကြောင်းများကို လေ့လြာ ကည့်ရသလောက် ဆိုရင် အနည်းဆုံး မြေအောက်ရထားလိုင်း ၂ လိုင်း၊ စုစုပေါင်း ကီလိုမီတာ ၅၀ နီးပါးရှိပါမယ်။ ခုနက ကျွန်တော်တင်ပြခဲ့တဲ့ နှုန်းထားများနဲ့ဆိုရင် အမေရိကန် ဒေါ်လာ နှစ်ဘီလီယံ ထက်မနည်း ကုန်ကျမယ်လို့ ခန့်မှန်းမိပါတယ်။ အတိအကျတော့ ကျွန်တော်မပြောရဲသေးပါဘူး။ ဖောက်လုပ်မယ့် နည်းလမ်းများအပေါ်မှာ မူတည်ပြီးတော့လည်း ကုန်ကျစရိတ် ကွဲပြားနိုင်ပါသေးတယ်။
စိုးဇေယျထွန်း: မေးခွန်း ၂။ အဲလို မြေအောက် ရထားလမ်းဖောက်တဲ့ အခါမှာ အဆေက်အအုံတွေ မထိခိုက်အောင် ဘယ်လို ဖောက်ရမလဲ။
MyMetro: ကျွန်တော်တို့ ရန်ကုန်မြို့ရဲ့ အနေအထားအရ မြို့ဧရိယာအတွင်းမှာ အဆောက်အအုံများ တည်ရှိပြီးတဲ့ အနေအထားမှာ တည်ဆောက်ရမှာ ဖြစ်လို့ ဥမင်လိုဏ်ခေါင်းဖောက်လုပ်ရာမှာ ဒီပြဿနာကို အဓိက စဉ်းစားရမှာ ဖြစ်ပါတယ်။ မြေအောက်ရေ တည်ရှိမှု အနေအထား၊ အဆောက်အအုံများရဲ့ အခြေနဲ့ လွတ်မယ့် အနက်ပေ အတိမ်၊အနက်ပေါ် မူတည်ပြီး မြေအောက် ရထားလမ်း ဥမင်လိုဏ်ခေါင်းများ၊ ဘူတာရုံများကို ဘယ်နေရာမှာ ထားရှိမလဲဆိုတာ အရင် ဆုံးဖြတ် ရပါတယ်။ ဆိုလိုတာက မြေအောက် ခပ်နက်နက်မှာ တူးမယ်ဆိုရင် မြေပေါ်မှာ ရှိတဲ့ အဆောက်အအုံ တွေပေါ်မှာ သက်ရောက်မှု နည်းပါးမှာ ဖြစ်ပြီးတော့၊ အနက်တိမ်မယ်ဆိုရင် အပေါ်က အဆောက်အအုံတွေ ပေါ်မှာ သက်ရောက်မှု အနည်းအများရှိပါမယ်။ အဓိက သက်ရောက်လာမယ့် အရာကတော့ ရထားသွားလာရာမှာ ဖြစ်ပေါ်လာမယ့် Vibration ပါပဲ။ ဒီ တုန်ခါမှုဒဏ်ကို ကာကွယ်နိုင်အောင် ရှိပြီးသား အဆောက်အအုံတွေမှာ၊ ဥမင်လိုဏ်ခေါင်းနံရံတွေမှာ၊ နောက် ရထားသံလမ်း အောက်ခြေမှာ တုန်ခါမှုကို ကာကွယ်နိုင်မယ့် Polymer လိုပစ္စည်းမျိုးကို ထည့်သွင်း တည်ဆောက်ကြပါတယ်။ ဒါက အဆောက်အအုံတွေမှာ ဖြစ်လာနိုင်မယ့် ပြဿနာကို ပြောတာပါ။ နောက်တစ်ခုက ဖောက်လုပ်တဲ့နည်းလမ်းပေါ့။ မြို့အနေအထားအရ တချို့နေရာတွေမှာ (ဆင်ခြေဖုံးဒေသ မြို့နယ်များ) အခြား အဆောက်အအြုံ ကီးကြီးမားမား မရှိသေးတဲ့အတွက် ဥမင်အနက်ကို ခပ်တိမ်တိမ်နဲ့ ဆောက်လုပ်နိုင်ပြီး။ မြို့လယ်လို နေရာတွေမှာတော့ ခပ်နက်နက်တူးမှ အပေါ်က အဆောက်အအုံများနဲ့ လွတ်ပါလိမ့်မယ်။ ဥမင်အနက်တိမ်တဲ့အခါ ဖောက်လုပ်မဲ့ ဥမင်လမ်းကြောင်း တလျှောက် အပေါ်က တူးထုတ်ကာ ဥမင်ကို ဆောက်လုပ်ပြီးမှ မြေပြန်ဖို့တဲ့ နည်းလမ်းကို အသုံးပြုပါတယ်။ ဒီနည်းလမ်းမှာတော့ ရှိပြီးသား လမ်း၊ အဆောက်အအုံတစ်ချို့ကို ဖယ်ထုတ်ရမှာ ဖြစ်တဲ့အတွက် ဆင်ခြေဖုံးဒေသ လမ်းပိုင်းများနဲ့ သင့်လျော်ပြီး မြို့လယ်အပိုင်းများနဲ့ မသင့်တော်ပါဘူး။ မြေအောက် အနက်ပေများတဲ့ ဥမင်များမှာတော့ လမ်းကြောင်းအစနဲ့ အဆုံးနေရာများမှာ vertical shaft လို့ခေါ်တဲ့ ထောင်လိုက် ဥမင်များကို တူးဖော်ပြီး ဥမင်အစအဆုံး မြေအောက်ကပဲ Tunnel boring machine သို့မဟုတ် အခြားစက်တမျိုးမျိုးနဲ့ အသုံးပြု တူးဖော်ပါတယ်။ ဒီနည်းလမ်းကတော့ မြေအောက်ကပဲ အစအဆုံး တူးဖော်သွားတာ ဖြစ်လို့ မြို့လယ်ဒေသ အဆောက်အအုံ ပြည့်ကျပ်နေတဲ့ နေရာမျိုးတွေမှာ မြေပေါ်အဆောက် အအုံများကို ထိခိုက်ခြင်း မရှိပဲ တူးဖော် သွားနိုင်ပါတယ်။ နောက်တစ်ခု စဉ်းစားရမဲ့အချက်ကတော့ ဥမင်ဖောက်ဖို့ Vertical shaft (Launching shaft လို့လည်း ခေါ်ပါတယ်) စတင်ဖောက်မယ့် နေရာပါပဲ။
မြေအောက်ဘူတာရုံများ ဆောက်လုပ်ဖို့ အတွက်ပါ။ ဘူတာများကို အချက်အခြာကျတဲ့၊ သွားလာမှု အဆင်ပြေတဲ့ နေရာများမှာ တည်ဆောက်ရတာ ဖြစ်လို့ ၎င်းနေရာများမှာ အများအားဖြင့် ရှိပြီးသား အဆောက်အအုံ တွေနဲ့ ပြည့်ကျပ် နေပါတယ်။ ဥပမာ အနေနဲ့ စဉ်းစား ကြည့်မယ်ဆိုရင် ရန်ကုန်မြို့တွင်း၊ မဟာဗန္ဓုလလမ်း၊ သိမ်ကြီးဈေးရှေ့မှာ မြေအောက်ဘူတာ ဆောက်မယ် ဆိုပါတော့ ကနဦးလုပ်ငန်းခွင် အတွက် မြေနေရာနဲ့ Vertical shaft တူးဖော်ဖို့ မြေနေရာ လိုပါတယ်။ ဒီတော့ အဆောက်အဦး တစ်ချို့ကို ဖျက်ပစ်ရပါလိမ့်မယ်။ ဒါပေမဲ့ ဥမင်လုပ်ငန်းများ ပြီးစီးသွားတဲ့အခါမှာတော့ အဆိုပါ နေရာမှာ အဆောက်အအုံ ပြန်ဆောက်လို့ရပါတယ်။

နိုင်ငံတော်တော်များများမှာတော့ မြေအောက်ရထားလမ်း ဥမင်များကို အဆောက်အအုံများနဲ့ လွတ်အောင် လက်ရှိ အသုံးပြုနေတဲ့ ကားလမ်းမှ တလျှောက် အောက်ကပဲ ဖောက်လုပ်တာကို တွေ့ရှိရပါတယ်။ ဥပမာ လန်ဒန်မြို့ မီထရိုလမ်းကြောင်းများဟာ အများအားဖြင့် ကားလမ်းမများရဲ့ အောက်ခြေမှာ တည်ရှိပြီး ဖောက်လုပ်ခဲ့စဉ်က Cut and cover method မြေပေါ်မှတူးဖော်ပြီး ပြန်ဖို့တဲ့နည်းကို အသုံးပြုခဲ့တာကို လေ့လာတွေ့ရှိရပါတယ်။

စိုးဇေယျထွန်း: မေးခွန်း ၃ ရန်ကုန်မြို့သည် မြေအောက်ရထားလမ်း ဖောက်ဖို့ လိုအပ်နေပြီလား။
MyMetro: ဟုတ်ကဲ့။ ရန်ကုန်မြို့မှာ မြေအောက်ရထားလမ်း၊ သိုမဟုတ်၊ လက်ရှိ ဘတ်စ်ကားပေါ်မှာ မူတည်နေတဲ့ သယ်ယူပို့ဆောင်ရေး စနစ်ကို ပြောင်းလဲပေးနိုင်မယ့် Mass rapid transit စနစ်တစ်ခု မရှိမဖြစ်လိုအပ်နေပါပြီ။ လက်ရှိလူဦးရေ ခြောက်သန်း နီးပါးလောက်အတွက် လက်ရှိ ပြေးဆွဲနေတဲ့ ယာဉ်အချိုးအစား မလုံလောက်ဘူး ဆိုတာ မြင်တွေ့နိုင်ပါတယ်။ သက်ဆိုင်ရာ စာရင်းဇယားများကို အတိအကျ မသိရပေမဲ့ စာနယ်ဇင်းတွေက ဖော်ပြနေတဲ့ အခြေအနေအရ နေ့စဉ် လူဦးရေ နှစ်သန်းနီးပါးလောက်ကိုပဲ ဘတ်စ်ကားနဲ့ ၀န်ဆောင်မှုပေးနိုင်ပြီး ကျန်လူဦးရေ သုံးသန်းကျော်ဟာ ကိုယ်ပိုင်ကား၊ ကူးတို့သင်္ဘော၊ အငှားယာဉ်နဲ့ အခြားနည်းလမ်းများကို အသုံးပြု သွားလာနေရတယ်လို့ ဆိုပါတယ်။ နောက်တစ်ချက်ကတော့ တိုးပွားလာဦးမယ့် မြို့တော်ရဲ့ လူဦးရေကြောင့်ပါ။ လက်ရှိလူဦးရေ တိုးနှုန်းအတိုင်းဆိုရင် လာမယ့်ဆယ်စုနှစ် အတွင်းမှာ လူဦးရေ ၁၀ သန်းကျော်ဖြစ်လာပါတော့မယ်။ ဒါကြောင့် မြို့တော်ရဲ့ လိုအပ်နေတဲ့ သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုကို ဖြည့်ဆည်းပေးဖို့ Metropolitan စနစ်တစ်ခု လိုအပ်နေပြီလို့ ဆိုချင်ပါတယ်။ ဒါဟာ ခေတ်မှီမြို့တော်တစ်ခုရဲ့ အင်္ဂါရပ်တစ်ခုလည်း ဖြစ်ပါတယ်။

နောက်ထပ် နည်းလမ်းတစ်ခုကတော့ Mass rapid transit တစ်ခုဖောက်လုပ်ရာမှာ စဉ်းစားကြတဲ့ နည်းလမ်းတစ်ခုပါ။ အဲဒါကတော့ မိုးပေါ် ရထားလမ်းကြောင်းများ (Sky train or elevated) ဖြစ်ပါတယ်။ ကမ္ဘာ့မြို့ကြီး တော်တော်များများမှာ မြေပေါ်နဲ့ မြေအောက် လမ်းကြောင်းများကို ပေါင်းစပ်ပြီး မီထရိုပိုလီတန် ကွန်ယက်တစ်ခု အဖြစ်တည်ဆောက်ကြပါတယ်။ မြေအောက်မှာပဲ လုံးလုံးတည်ဆောက်မလား၊ မြေပေါ်ကပဲ Sky train လုပ်မလား၊ နှစ်မျိုးလုံးကို ပေါင်းစပ် ဖော်ဆောင်မလားဆိုတာ စီမံကိန်းကို အဆုံးအဖြတ်ပေးမယ့် သူတွေရဲ့ ရွေးချယ်မှု အပေါ်မှာ မူတည်ပါတယ်။

စိုးဇေယျထွန်း: နိုင်ငံတကာမှာ တစ်စတုရန်း မီတာ ပျမ်းမျှ လူဘယ်လောက်ရှိမှ မြေအောက် ရထားလမ်းကို ဖောက်တာလဲ။
MyMetro: မြေအောက် ရထားဟာ လူဦးရေပေါ်ကို မှီခိုနေတာမှန်ပေမဲ့ အခြားသော သယ်ယူပို့ဆောင်ရေး စနစ်များနဲ့ လုံလောက်မယ်ဆိုရင် ဖောက်လုပ်ဖို့ မလိုတာကြောင့် ဒီလိုမျိုးတွက်ဆလို့ မရပါဘူး။ ဥပမာအနေနဲ့ တောင်ပေါ်ဒေသလိုနေရာမျိုးမှာ လူဦးရေ များပေမယ့် အခြားသော သယ်ယူပို့ဆောင်ရေး နည်းလမ်းတွေက စရိတ်စက သက်သာတဲ့ အခါမှာ မြေအောက်ရထားကို အသုံးမပြုသလို လူဦးရေ နည်းပေမယ့်လည်း သယ်ယူပို့ဆောင်ရေးစနစ်ကို မြှင့်တင်ဖို့၊ မြို့ရဲ့ ခေတ်မှီအင်္ဂါရပ်နဲ့ အညီဖြစ်စေဖို့ ဆောက်လုပ်ကြတာကို တွေ့ရပါတယ်။ ယေဘူယျအားဖြင့် လူဦးရေ တစ်သန်းအထက် မြို့ကြီးများမှာ ဆောက်လုပ်အသုံးပြုကြတာကို တွေ့ရပါတယ်။ ယခုလောလောဆယ် ဖောက်လုပ်နေတဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုက ဒူဘိုင်းမြို့ဆိုရင် လူဦးရေ ၈ သိန်းကျော်သာရှိပေမဲ့ မီထရို ဖောက်လုပ်နေတာကို တွေ့ရပါတယ်။

စိုးဇေယျထွန်း: မြန်မာရဲ့ လက်ရှိ နည်းပညာအရ မြေအောက်ရထားလမ်း ဖောက်နိုင်ပါ့မလား။
MyMetro: ကျွန်တော့် အမြင်အရ လက်ရှိ ကျွန်တော်တို့ဆီမှာ လူ့အရင်းအမြစ်ကော၊ နည်းပညာပိုင်းပါ အားနည်းသေး တဲ့အတွက် မိမိဘာသာ ဒီလိုစီမံကိန်းမျိုးကို အကောင်အထည် ဖော်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သေးပါဘူး။ ပြည်ပက ငွေကြေး၊ နည်းပညာ အထောက်အပံ့ အကူအညီတွေ ရမှ ဖြစ်လာနိုင်မယ့် အနေအထားပါလို့ ပြောချင်ပါတယ်။ နောက်တစ်ချက်က လျှပ်စစ်ဓာတ်အားပါပဲ။ ဒီဇယ်ရထားကို ဥမင်ထဲမှာ ပြေးဆွဲလို့ မဖြစ်နိုင်ပါဘူး။

စိုးဇေယျထွန်း: မေးခွန်း ၆။ နိုင်ငံတကာ မြို့ကြီးတွေမှာ မြေအောက် ရထားလမ်းရဲ့ အမိုးပေါ်က မြေသားကို ကွက်လပ်ကြီး ထားပါသလား၊ ကားလမ်းလုပ်ထားပါလား၊ သို့တည်းမဟုတ် အိမ်ဆောက်လို့ကော ရပါသလား။
MyMetro: မြေအောက် အနက်ပေ တိမ်တဲ့ (shallow depth tunnel) မြေအောက်ရထားလမ်းရဲ့ အပေါ်မှာ အများအားဖြင့် အဆောက်အအုံတွေ မထားပါဘူး။ ကားလမ်းအဖြစ် အပေါ်ကထပ်ပိုး ဖောက်လုပ်ထားတာကို တွေ့ရပါတယ်။ မြေအောက် အနက်ပေများမယ် ဆိုရင်တော့ ကိစ္စမရှိပါဘူး။ အခြားအဆောက်အအုံတွေ အပေါ်က ထပ်ဆောက်လို့ရပါတယ်။ မြေအောက်အနက် မီတာ ၂၀ ထက်များရင် Deep location လို့သတ်မှတ်ပါတယ်။

စိုးဇေယျထွန်း: ကျေးဇူးတင်ပါတယ်။ ဖြစ်နိုင်ရင် ရန်ကုန်မြို့တော်ကို မြေအောက် ရထားလမ်း တည်ဆောက် ကြည့်ခြင်း အကြောင်း ရေးသားပေးစေလိုပါတယ်။
MyMetro: ဟုတ်ကဲ့။ အခုလက်ရှိ ကျွန်တော်တို့ ရေးသားနေတဲ့ ဘွဲ့ယူ စာတမ်းများမှာ ရန်ကုန်မြို့ အနေအထားကို အခြေတည်ပြီး မီထရို ဆောက်လုပ်ရေးကို တွက်ချက် ရေးသားထားကြပါတယ်။ စီမံကိန်းတစ်ခုလုံး အနေအထားမျိုး မဟုတ်ဘဲ လမ်းအပိုင်းလိုက်၊ ဘူတာရုံအလိုက် တည်ဆောက်ခြင်းတွေကိုပဲ အဓိကထား ရေးသားတာပါ။ Project ကြီးတစ်ခုလုံးကိုတော့ ကျွန်တော်တို့ မရေးသားနိုင်သေးပါဘူး။ ပြီးပြည့်စုံတဲ့ Project တစ်ခုဖြစ်ဖို့ အချက်အလက်များ ပြည့်စုံဖို့နဲ့ အချိန်ပါ ယူရဦးပါမယ်။ အကြမ်းဖျင်း နမူနာပုံစံ တစ်ခုတော့ ရအောင် ကျွန်တော်ကြိုးစားကြည့်ပါမယ်။

စိုးဇေယျထွန်း: ရန်ကုန်မြို့မှာ နှစ်စဉ် ရေလျှံနေတော့ မြေအောက် ရထားလမ်း ဆောက်ရင် ရေနစ်မသွားနိုင်ဘူးလား နိုင်ငံတကာမှရော ရေမနှစ်အောင် ဘယ်လို ကာကွယ်ထားသလဲ။
MyMetro: ကျွန်တော်တို့ဆီက ရေလျှံတဲ့ပုံမျိုးနဲ့ဆိုရင်တော့ သေချာပေါက် ရေနစ်သွားပါလိမ့်မယ်။ မင်ဟက်တန်ကျွန်းပေါ်မှာ တည်ဆောက် ထားတဲ့ နယူးယောက်မြို့ မီထရိုဟာလည်း ဒီလိုဘဲ ရေဘေးကို ကြုံတွေ့ရလေ့ ရှိတယ်လို့ ဆိုပါတယ်။ ဒီလို မဖြစ်အောင်တော့ မြို့တော့်ရဲ့ ရေနှုတ်မြောင်းစနစ်ကို ဒီထက်ပိုမိုကောင်းမွန်အောင်နဲ့ ရန်ကုန်မြစ်တွင်း နှုန်းများပိုမို ပို့ချလာမှုကို လျော့နည်းသွားအောင် လုပ်ရပါလိမ့်မယ်။ အလွယ်ဆုံး ပြောရရင်တော့ မိုးသည်းထန်စွာ ရွာလို့ ရေများ ၀ပ်မကျန်ခဲ့ဘဲ၊ ပိတ်ဆို့မနေဘဲ တခါတည်း စီးဆင်း သွားနိုင်အောင် အရင်ဆုံး လုပ်ဖို့လိုပါမယ်။ မြေအောက် ရထားလမ်း ဥမင်များထဲကို ရေ၀င်လာနိုင်မယ့် အဓိက လမ်းကြောင်းများကတော့ မြေအောက် ဘူတာရုံ ၀င်ပေါက်တွေနဲ့ လေ၀င်လေထွက် ဥမင်တွေ၊ စက်ခေါင်းပြင် စက်ရုံအထွက် ဥမင်တွေမှာပါ။ ဒီနေရာတွေကနေ ရေမ၀င်နိုင်အောင် ရေနှုတ်မြောင်းများ ဖောက်လုပ်ခြင်း၊ ၀င်ပေါက် အဆောက်အအုံကို ခပ်မြင့်မြင့် ဆောက်လုပ် ထားခြင်း စသည်ဖြင့် ကြိုတင် ကာကွယ်ထားတာကို တွေ့ရပါတယ်။ အများအားဖြင့် စတင်ဆောက်လုပ် ကတည်းက ဖြစ်လာနိုင်မယ့် အခြေအနေများကို ကြိုတင် တွက်ချက်ခဲ့တာ ဖြစ်လို့ ဆိုးဆိုးဝါးဝါး ဖြစ်ရပ်မျိုးတော့ ကျွန်တော် မတွေ့ဘူးပါဘူး။ ရေကြီးစဉ် ကာလမှာမှ မဟုတ်ပဲ သာမန် အခြေအနေမှာလည်း မြေအောက်ရေက ဥမင်အတွင်း စီးဝင်နေတာမို့လို့ မြေအောက် ဘူတာရုံများ၊ သို့မဟုတ် အခြားဥမင် လမ်းကြောင်းအတွင်း သင့်တော်တဲ့ နေရာတွေမှာ ရေကိုလက်ခံယူမယ့် water intake အဆောက်အအုံကို ဆောက်လုပ်ပြီး မြေပေါ်ကို စုပ်ထုပ်ယူပါတယ်။ ဒါက သမရိုးကျ အခြေအနေမှာပါ။ တကယ်လို့ သဘာဝ ဘေးဒဏ်ကြောင့် ရေကြီးလာတော့လည်း မြေအောက် ရထားလမ်းကို ပိတ်ပြီး ရေစုပ်ထုတ်ရမှာပါပဲ။ ဒီပြင်နည်းလမ်းတော့ ကျွန်တော် မသိသေးပါဘူး။ အခုလောလောဆယ်တော့ မလေးရှား ကွာလာလမ်ပူမှာ ရေကြီးနေပါတယ်။ ကိုကျော်ဇေယျ ကို မေးကြည့်နိုင်ပါတယ်။

စိုးဇေယျထွန်း: မြေအောက်မှာ ရထားလမ်း ဖောက်တာနဲ့ ရေအောက်မှာ ဖောက်တာ ဘယ်ဟာက ပိုခက်သလဲ ကုန်ကျ စရိတ် ဘယ်ဟာက ပိုကုန်သလဲ။
MyMetro: မြေအောက်မှာ ရထားလမ်းဖောက်တာ ထက်စာရင် ရေအောက်မှာ ဖောက်တာက ပိုမိုခက်ခဲပြီး ကုန်ကျစရိတ်လည်း ပိုများပါတယ်။ ရေအောက်ကြမ်းပြင်မှာ ဆောက်မယ်ဆိုရင် မြေအောက်မှာ ဆောက်သလိုမျိုး သမရိုးကျနည်းတွေနဲ့ ဖောက်လုပ်ဖို့ရာ မဖြစ်နိုင်ပါဘူး။ ရေလမ်းကြောင်းကို ပိတ်ပြီး Dock များဆောက်လုပ်ကာ သို့မဟုတ်၊ အသင့်ဆောက်လုပ်ပြီး Tunnel segment တွေကို ရေအောက်ကြမ်းပြင်ကို ချပြီး ဆောက်လုပ်ရတာ ဖြစ်လို့ နည်းပညာအရကော၊ ကုန်ကျစရိတ်အရပါ ခက်ခဲပြီး ကုန်ကျစရိတ် အထူးများပြားပါတယ်။ ကျွန်တော်တို့ဆီမှာဆိုရင် ဒလမြို့နဲ့ ရန်ကုန်ဘက်ခြမ်းဆက်သွယ်ဖို့ တံတားထိုးဖို့ မဖြစ်နိုင်တဲ့ အနေအထားပါ။ ဘာဖြစ်လို့လဲဆိုတော့ မြစ်အတွင်းမှာ သင်္ဘောသွားလာမှု ကို ထိခိုက်နိုင်လို့ပါပဲ။ ဒီနေရာမှာ ရေအောက်ကြမ်းပြင်မှာ သို့မဟုတ်၊ ရေအောက် ကြမ်းပြင်အောက်ကနေ ဥမင်တူးဖော်တာက အကောင်းဆုံးနည်းလမ်းပါပဲ။ လှိုင်မြစ်မှာတော့ တံတားနဲ့က ပိုအဆင်ပြေတယ်လို့ ထင်ပါတယ်။ ဒါက စပ်ဆက်မိလို့ ပြောတာပါ။

အခုလို မေးမြန်းတဲ့အတွက်လည်း ကိုစိုးဇေယျထွန်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ နောက်ထပ်လည်း သိချင်တာများရှိရင် မေးဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်သိသလောက် အတတ်နိုင်ဆုံး ဖြေကြားသွားဖို့ အဆင်သင့်ပါခင်ဗျာ။

Related Posts
Metro FAQ

ဖတ်လိုက်ရသော သတင်းနှစ်ပုဒ်

စာရေးသူ © MyMetro |

ခုနောက်ပိုင်း မြန်မာဂျာနယ်များတွင် အပတ်စဉ်လိုလို ရန်ကုန်မြို့တော်၏ သယ်ယူပို့ဆောင်ရေး ပြဿနာများနှင့် ပတ်သက်သည့် သတင်းများကို ဖတ်ရှုရပါသည်။ ယခု မြန်မာတိုင်းမ်ဂျာနယ် (အတွဲ ၁၆၊အမှတ်-၃၁၃) တွင် ဖတ်လိုက်ရသော သတင်းမှာလည်း မြို့တော်တွင် တိုးပွားလာသော ခရီးသည်နှင့် ယာဉ်စီးရေ မလုံလောက် ဖြစ်နေသည့် အကြောင်းပင်ဖြစ်သည်။ လက်ရှိ မြို့တော်အတွင်း ခရီးသွားလာသူပေါင်း တနေ့လျှင် ၄ သန်းရှိရာ ၂ သန်းမှာ မထသလိုင်းများကို မှီခိုနေပြီး ကျန်နှစ်သန်းမှာ ကိုယ်ပိုင်ကား၊ အငှားယာဉ်နှင့် လမ်းလျှောက်သူများ ဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။ ဒီလိုသတင်းမျိုးကို ဖတ်ရှုနေရသည်မှာ များစွာ စိတ်မကောင်းလှပါ။ မချင့်မရဲ ဖြစ်မိသည့်အတူ စိန်ခေါ်မှုများ ဖြစ်လာသည်ဟုလည်း ခံစားရပါသည်။ အကောင်းဆုံး နည်းလမ်း တစ်ရပ်ကို ရှာဖွေကြံဆ စေချင်သလို မိမိတတ်နိုင်သည့်ဘက်မှ ကြိုးပမ်းလုပ်ဆောင် လိုစိတ်လည်း ဖြစ်မိပါသည်။

ရန်ကုန်မြို့နေ ပြည်သူများ ရင်ဆိုင် ကြုံတွေ့နေရသော ပြဿနာများအနက် မြို့တွင်း ခရီးသွားလာမှု အခက်အခဲမှာ အဓိက ပြဿနာတစ်ရပ် ဖြစ်နေပါသည်။ အဆိုပါပြဿနာကို ရေတိုနည်းလမ်းများ ဖြစ်သည့် ယာဉ်စီးရေများ တို့ချဲ့ခြင်း၊ မော်တော်ယာဉ် လိုင်းအသစ်များ၊ လမ်းကြောင်း အသစ်များဖြင့် ပြေးဆွဲကာ လတ်တလော ကုစား၍ ရနိုင်သော်လည်း ရေရှည်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုဖြစ်ပေါ်လာခြင်း၊ ယာဉ်တိုက်မှုများ ဖြစ်ပေါ်လာခြင်း၊ ထပ်မံတိုးပွားလာမည့် လူဦးရေနှင့် မလုံလောက်ခြင်း စသည့် ပြဿနာများနှင့် ထပ်မံ ကြုံတွေ့လာနိုင်ကာ မဆုံးနိုင်သော ပြဿနာများအဖြစ် အဖန်တလဲလဲ ရင်ဆိုင်နေရပေမည်။

အခြားသောနိုင်ငံများတွင် ရှိနေပြီဖြစ်သော သယ်ယူပို့ဆောင်ရေး စနစ်များကို လေ့လာသုံးသပ်၍ ကောင်းမွန်သော ပို့ဆောင်ရေး ၀န်ဆောင်မှု စနစ်များကို ပြောင်းလဲကျင့်သုံးရန် လက်ရှိအခြေအနေများက တောင်းဆိုနေပါပြီ။ ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေး ပြဿနာနှင့် ပတ်သက်၍ ယခင်ပို့စ်များတွင် ဆွေးနွေးခဲ့ပြီးသည့် အတိုင်း သင့်တော်သည့် စနစ်တစ်ခုဖြင့် အစားထိုးပေးနိုင်မည် ဆိုပါက ခေတ်မီမြို့တော် အင်္ဂါရပ်နှင့် လျော်ညီစွာ ခရီးသွား ပြည်သူများကို အဆင်ပြေ ချောမွေ့သော သယ်ယူ ပို့ဆောင်ရေး ၀န်ဆောင်မှုကို ပေးနိုင်မည် ဖြစ်ပြီး၊ မြို့တော်၏ စီးပွားရေး၊ လူမှုရေး အဆင့်အတန်းလည်း ယခုထက် ပိုမို တိုးတက်လာမှာ ဖြစ်သည်ဟု ထင်မြင်မိ ပါသည်။

နောက်ထပ်သတင်းတစ်ပုဒ်မှာ ၎င်းမြန်မာတိုင်းမ် ဂျာနယ်တွင်ပင် ပါရှိသော ရန်ကုန်မြို့တော်ဝန်းကျင် ရေရှည် ဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲသည့် သတင်းဖြစ်ပါသည်။ ရန်ကုန်မြို့တော် မဟာဗျူဟာမြောက် ဖွံ့ဖြိုးရေး စီမံချက်ကို မလေးရှားနိုင်ငံမှ MIGHT group၊ Institute Sultan Inkandar (ISI) နှင့် ပြည်တွင်းရှိ ၀န်ကြီးဌာနများ ပူးပေါင်း ရေးဆွဲခဲ့ကြသည့် သတင်းဖြစ်ပါသည်။ အဆိုပါစီမံချက်တွင် ပါဝင်သည့် အဓိက စီမံကိန်းများမှာ လမ်းအခြေခံ အဆောက်အအုံများ မြှင့်တင်ရန်၊ ၂၀၂၀ ပြည့်နှစ်တွင် ရှိလာမည့် လူဦးရေအတွက် ချောမွေ့ မြန်ဆန်သော ပို့ဆောင်ရေး စနစ်များ အကောင်အထည် ဖော်ရန်၊ မြို့ကို စနစ်တကျ တိုးချဲ့နိုင်မည့် မြို့ပြစီမံကိန်းများ ရေးဆွဲလုပ်ဆောင်ရန် စသည်တို့ ဖြစ်သည်။ သတင်း အသေးစိတ်ကို မြန်မာတိုင်းမ် ဂျာနယ်ဝဘ်ဆိုက်မှာ ၀င်ရောက် ဖတ်ရှုနိုင်ပါသည်။

ဒီသတင်းလေးကတော့ ကျွန်တော့်ကို အတော်လေး စိတ်ဝင်စားစေပါသည်။ ဒီလို မဟာဗျူဟာ စီမံချက်တွေ ပေါ်လာတာကိုလည်း ၀မ်းသာအားရ ကြိုဆိုမိသည်။ အဲဒီအထဲကမှ ၂၀၂၀ ပြည့်နှစ်တွင် ရှိလာမည့် လူဦးရေအတွက် ချောမွေ့မြန်ဆန်သော ပို့ဆောင်ရေး စနစ်များ အကောင်အထည် ဖော်ရန် ဆိုသော အချက်ကို ပိုမိုစိတ်ဝင်စားမိပါ၏။ ဘယ်လိုမျိုးလဲ။ ကျွန်တော်တို့ဆီမှာလည်း အခြား အာဆီယံနိုင်ငံများ နည်းတူ မီထရိုပိုလီတန် ကွန်ယက်တွေ ဖြစ်လာတော့မှာလား။ ကျွန်တော်တို့ မြို့တော်ကို ခေတ်မီမြို့တော်ကြီးအဖြစ် မြင်ချင်မိတာတော့ အမှန်ပင်။ လူအများအပြား နေထိုင်၍၊ စီးပွားရေး အချက်အခြာကျ၍ မြို့ဖြစ်လာရခြင်းမှ တကယ့်မြို့ပြ အင်္ဂါရပ်များနှင့် ညီညွတ်သော၊ အခြေခံ အဆောက်အအုံများနှင့် ပြည့်စုံသော မြို့တော်ကြီး ဖြစ်လာဖို့လိုပါသည်။ ဖြစ်နိုင်လျင် အခုအချိန်ကစပြီးတော့ ကနဦး လုပ်ငန်းများ အကောင်အထည် ဖော်သင့်နေပါပြီ။ တစ်ဖက်မှ စဉ်းစားကြည့် ပြန်တော့လည်း အဆိုပါ စီမံကိန်းကြီးများမှာ လုပ်ငန်းသဘောအရ ရှုပ်ထွေးပြီး ငွေကုန်ကြေးကျ များပြားလွန်းသည့် အပြင် တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်း တစ်ခုတည်းမှာ လုပ်ဆောင်နိုင်ဖို့မလွယ်ပဲ ဌာနဆိုင်ရာ အဖွဲ့အစည်း အများအပြား ပူးပေါင်း လုပ်ဆောင် သွားရမှာ ဖြစ်သည့်အတွက် အချိန် အတိုင်းအတာ တစ်ခုတော့ ယူရအုံးမည် ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ ထိုကဲ့သို စီမံချက်များ ဖြစ်ပေါ်လာသည်ကပင် ကျွန်တော်တို့ မျှော်လင့်နေသော အိပ်မက်များ အကောင်အထည် ဖော်နိုင်ဖို့ နီးစပ်လာသည်ဟု ဆိုရပါတော့မည်။

One of the Great Challenges for Tunnel Construction

စာရေးသူ © MyMetro |

ခု

လိုမျိုးဆိုရင်တော့ ကျွန်တော့် မီထရိုလည်း ရေအောက်ကို ရောက်နေပြီ။ မီထရိုထဲမှာ လူတွေလည်း အားလုံး ဓာတ်လိုက်ပြီး သေကုန်မှာပဲ။ ဘာလုပ်ရမလဲ။ မီထရိုကို ပိတ်လိုက်ရုံပဲ ရှိတော့တာပေါ့။ ဒါကြီးက ကျွန်တော်တို့ အတွက် အကြီးမားဆုံး စိန်ခေါ်မှုကြီး ဖြစ်လာတော့မှာ။ ဘယ်လို ဖြေရှင်းကြမလဲ၊ ဘယ်လို ကျော်လွှားကြမလဲ။ ၀ိုင်းဝန်း အဖြေရှာ ကြဖို့တော့ လိုပြီ။ ဟိုး…အမြင့်ကြီးကို မသွားခင် အခြေခံ လိုအပ်ချက်တွေကို ပြည့်စုံအောင် လုပ်ရမယ်။ မဟုတ်ရင်တော့ ဒီနေ့လုပ်ပြီး နက်ဖြန်ပျက် ဆိုတာမျိုးပဲ ဖြစ်မှာ။ ဒီလိုဆိုရင် နစ်နာမှုတွေ၊ ဆုံးရှုံးမှုတွေ တပြုံတခေါင်းကို ရင်ဆိုင်ကြရလိမ့်မယ်။ များသောအားဖြင့် ကျွန်တော်တို့တွေက အသေးအဖွဲ ကိစ္စတွေကို ဂရုမစိုက်တာ များတယ်။ ပေါ့လျော့ကြတယ်။ တကယ်တော့ ဘာပဲလုပ်လုပ် အားလုံးကို ဘက်ပေါင်းစုံ၊ ထောင့်ပေါင်းစုံကနေ ဖြစ်လာမယ့် ပြဿနာတွေကို အလေးအနက်ထားပြီး စဉ်းစဉ်း စားစား လုပ်ဖို့ လိုမယ်ဆိုတာ ဒီကနေ့ ဖြစ်နေတဲ့ ဖြစ်ရပ်တွေက လက်တွေ့ ပြသလိုက်တာပါပဲ။



































































































CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.