* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

တနေ့တလံ ပုဂံဘယ်မရွေ့

စာရေးသူ © MyMetro |

MyMetroworld ၂ နှစ်ပြည့်

ဒီနေ့ဟာ MyMetroworld ဘလော့ဂ်ကို မွေးဖွားခဲ့တာ နှစ်နှစ်တိတိပြည့်တဲ့ နေ့လေးပါ။ အပြောကျယ်ပြီး အပြောင်းအလဲ များလှတဲ့ အင်တာနက် ရေစီးကြောင်းမှာ MyMetroworld’s contributors တွေနဲ့အတူ ကြိုးစားရုန်းကန်ရင်း၊ မိမိတို့ လေ့လာသိရှိသမျှကို အတူမျှဝေ ဖလှယ်ရင်းနဲ့ ဒုတိယ နှစ်ပတ်လည်သို့ တိုင်ခဲ့ပါပြီ။

မျိုးဆက်သစ် ဥမင်နဲ့ မီထရိုပိုလီတန် အင်ဂျင်နီယာတွေအတွက် ရည်ရွယ်ပြီး ပြုစုပျိုးထောင်ခဲ့တဲ့ ဘလော့ဂ်တစ်ခု အနေနဲ့ ဖြတ်သန်းခဲ့တဲ့ နှစ်နှစ်တာ ကာလအတွင်းမှာ New Generation of Metropolitan ဆိုတဲ့ ခေါင်းစဉ်နဲ့အညီ ဒီပညာရပ်နယ်ပယ်ကို လေ့လာ သင်ယူနေသူတွေအတွက် အသိပညာ တိုးစေမယ့်၊ (တနည်း) သင်ကြားရေးကို တဖက်တလမ်းက အထောက်အကူ ဖြစ်စေမယ့် သတင်း၊ နည်းပညာဆောင်းပါး၊ ဓာတ်ပုံ၊ ဗီဒီယို စသည်ဖြင့် ကဏ္ဍစုံလင်စွာ မြိုင်မြိုင်ဆိုင်ဆိုင် တင်ပြပေးနိုင်ခဲ့ပါတယ်။ MyMetroworld မှာ ပါဝင်ရေးသားနေကြတဲ့ သူတွေဟာ မိမိတို့ရဲ့ ကျောင်းစာ (သို့) လုပ်ငန်းခွင်ထဲက တာဝန်များနဲ့ လုံးပန်းနေရသူများ ဖြစ်တာကြောင့် ယခုနောက်ပိုင်းမှာ ပို့စ်များ ကျဲပါးလာတာကိုလည်း ဝန်ခံပါတယ်။

သို့ပေမယ့် တနေ့တလံ ပုဂံဘယ်မရွေ့ ဆိုတဲ့ စကားပုံလေးအတိုင်း ဒီဘလော့ရဲ့ ကနဦး ရည်ရွယ်ချက်တွေ ဖြစ်တဲ့
“Tunneling နဲ့ Metropolitan အင်ဂျင်နီယာ နယ်ပယ်၌ လေ့လာ သင်ကြား နေသူများအတွက် တဖက်တလမ်းမှ အထောက်အကူ ဖြစ်စေရန်၊ မိမိတို့ လေ့လာ တွေ့ရှိသည်များကို ပြန်လည်ဝေမျှ ပေးနိုင်စေရန်နှင့် အနာဂတ် မြန်မာဥမင် အင်ဂျင်နီယာများ အတွက် အားထား လေ့လာရမည့် ဘလော့ဂ်တစ်ခု ဖြစ်စေရန်”
ဆိုတဲ့ ရည်မှန်းချက်တွေကို တစိုက်မတ်မတ်နဲ့ ဆက်လက် အကောင်အထည်ဖော်သွားမှာပါ။

မြန်မာ ဘလော့ဂိုစဖီးယားကြီးထဲမှာ သိက္ခာရှိရှိ အဆင့်အတန်းရှိရှိ ရပ်တည်နိုင်ဖို့ ဝိုင်းဝန်းအားဖြည့် ကူညီပေးခဲ့ကြတဲ့ အနယ်နယ်၊ အရပ်ရပ်က မိတ်ဆွေများအားလုံး၊ ပို့စ်များကို အချိန်ပေးပြီး ရေးသားပေးပို့ခဲ့ကြတဲ့ ဘဝတူ အင်ဂျင်နီယာ ညီအစ်ကိုများ အားလုံးကို ဒီ ၂ နှစ်ပြည့်ပို့စ်လေးကနေ ကျေးဇူးဥပကာရ တင်ရှိပါကြောင်း ပြောချင်ပါတယ်။

မျိုးဆက်သစ် ဥမင်အင်ဂျင်နီယာများ အနေနဲ့လဲ မိမိတို့ရဲ့ အဖိုးတန်လှတဲ့ အချိန်များကို ရင်းနှီးပေးဆပ်ပြီး ဆည်းပူးခဲ့ရတဲ့ ပညာတွေကို မမေ့မလျော့ အသုံးချနိုင်ဖို့၊ စဉ်ဆက်မပြတ် သင်ယူလေ့လာနေဖို့၊ Life Long Learning ဆိုသလို လေ့လာရင်း၊ သင်ယူရင်း အင်ဂျင်နီယာကောင်းများအဖြစ် အဆင့်အတန်းမီမီ ရပ်တည်နိုင်ရေးဖို့ အရေးကြီးလှသလို မိမိ သင်ယူတတ်မြောက်ထားတဲ့ ပညာတွေကို အကျိုးရှိစွာ ပြန်လည် အသုံးချတတ်ဖို့လဲ လိုပါတယ်။

အနာဂတ် နိုင်ငံတော် တည်ဆောက်ရေးမှာ အင်ဂျင်နီယာကောင်းများအဖြစ် တာဝန်သိသိ၊ သစ္စာရှိရှိ ထမ်းရွက်နိုင်ဖို့အတွက် MyMetroworld ဘလော့ကနေ အုတ်တစ်ချပ်၊ သဲတစ်ပွင့်လောက် ပမာဏမျှ တစုံတရာ အကျိုးပြုပေးနိုင်၊ အထောက်အကူပြု ပေးနိုင်ခဲ့တယ်ဆိုရင်ပဲ ဒီဘလော့လေးကို ဖန်တီးရကျိုးနပ်ပါပြီလို့ ပြောကြားရင်း… ။
MyMetro

Think positive. Together we are building the future

စာရေးသူ © MyMetro |

နေ့ကမ္ဘာပေါ်၌ လူဦးရေ တစ်သန်းနှင့် အထက်နေထိုင်သော မြို့ကြီးပေါင်း ၄၀၀ ကျော်ရှိပြီးဖြစ်သလို ထိုကဲ့သိုသော မြို့ကြီးများ အရေအတွက် သည်လည်း အပြိုင်းအရိုင်းနှင့် လျင်မြန်စွာ တိုးတက်လာနေပြီ ဖြစ်ပါသည်။ ကုလသမဂ္ဂမှ ထုတ်ပြန်သော စာရင်းဇယား များအရ ကမ္ဘာ့လူဦးရေမှာ ၁၉၇၅ ခုနှစ်တွင် သန်းလေးထောင်ခန့်သာ ရှိရာမှ ၁၉၈၇ ခုနှစ်တွင် သန်းငါးထောင်၊ ၁၉၉၉ ခုနှစ်တွင် သန်း ခြောက်ထောင်အထိ တိုးတက်လာခဲ့ပြီး ထိုနှုန်းအတိုင်းသာ နှစ်စဉ်တိုးလာပါက ၂၀၂၉ ခုနှစ်အရောက်တွင် ကမ္ဘာ့လူဦးရေမှာ ၇.၅ ဘီလီယံ အထိ ရောက်ရှိလာမည် ဖြစ်သည်။


ထို့အတူ ကမ္ဘာ့မြို့ကြီးများ၏ လူဦးရေသည်လည်း အလွန် လျင်မြန်သော နှုန်းဖြင့် တိုးတက်လာခဲ့ပြီး မြို့ပြ ဧရိယာမှာလည်း တကမ္ဘာလုံး အတိုင်းအတာဖြင့် မရပ်မနား ကျယ်ပြန့် လာနေသည်ကို တွေ့ရပါသည်။ ၁၈၃၀ ခုနှစ်များက မြို့ကြီးများတွင် နေထိုင်သူဦးရေမှာ စုစုပေါင်း လူဦးရေ၏ ၃ ရာခိုင်နှုန်းကျော်သာ ရှိရာမှ ၁၉၆၀ ခုနှစ်တွင် မြို့နေလူဦးရေ ၃၄ ရာခိုင်နှုန်း၊ ၁၉၉၅ ခုနှစ်တွင် ၄၅ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။ ခန့်မှန်းချက်များအရ ၂၀၁၅ ခုနှစ်တွင် လူဦးရေ၏ ၅၅ ရာခိုင်နှုန်းမှာ မြို့ပေါ်တွင် နေထိုင်ကြမည် ဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် မြို့နေလူဦးရေမှာ ၅၇.၆ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်သည်။

မြို့နေလူဦးရေ တိုးပွားလာမှုနှင့်အတူ မြို့ပြဧရိယာ လိုအပ်ချက်ကလည်း ပိုမိုမြင့်မားလာပါသည်။ ဥပမာအားဖြင့် ၁၉၄၀ ခုနှစ်မှ ၁၉၉၀ ခုနှစ်အတွင်း မက္ကဆီကိုမြို့၏ ဧရိယာမှာ ၁၃၀ မှ ၁၂၅၀ စတုရန်းကီလိုမီတာ အထိ ကျယ်ပြန့်လာခဲ့သည်။ မော်စကိုမြို့၏ ဧရိယာမှာလည်း ၃၂၆ မှ ၉၉၄ စတုရန်း ကီလိုမီတာအထိ ကျယ်ပြန့်လာသည်။ သို့ဖြစ်၍ မြို့ပြဧရိယာ ကျယ်ပြန့်လာမှုကို ထိန်းချုပ်နိုင်ရန် ခေတ်မီမြို့ကြီးများ အနေဖြင့် မြေအောက် အဆောက်အအုံ (Underground facilities) များကို အကောင်အထည်ဖော် ဆောက်လုပ်လာခဲ့ခြင်းလည်း ဖြစ်ပါသည်။ ဤသည်မှာ မြို့ပြဖွံ့ဖြိုး ကြီးထွားမှုပုံစံသည် အလျားလိုက် ပြန့်ကားနေရာမှ ဒေါင်လိုက် ပုံသဏ္ဍာန်သို့ ပြောင်းလဲလာခြင်းလည်းဖြစ်၏

ယနေ့မျက်မှောက်ကာလ မြို့ပြအိုးအိမ် စီမံကိန်းများ ရေးဆွဲခြင်း၊ ဆောက်လုပ်ခြင်းတို့ ပြုလုပ်ရာတွင် အထူးသဖြင့် လူဦးရေ သန်းကျော် နေထိုင်သော မီဂါပိုလစ် (Mega polis) မြို့ကြီးများတွင် မြေအောက် ဧရိယာကို အသုံးချနိုင်မှု၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုနှင့် သဘာဝ အရင်းအမြစ်များကို ထုတ်ယူသုံးစွဲမှု ကာကွယ်ရေးဆိုင်ရာ အချက်များ၊ လက်ရှိမြို့ ဧရိယာအတွင်း အဆောက်အအုံများ ထပ်မံ ဆောက်လုပ်နိုင်မှု အလားအလာများ၊ မြို့ပြသယ်ယူ ပို့ဆောင်ရေးနှင့် အင်ဂျင်နီယာ စနစ်များ ပြောင်းလဲ တိုးတက်လာမှု၊ လူနေ/ မနေသော အဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် အခြားသော မြို့ပြဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်နိုင်မှု စသည့် အချက်များအပေါ်တွင် အဓိကထား စဉ်းစားလာကြသည်။

အပြည်ပြည်ဆိုင်ရာ ဥမင်နှင့် မြေအောက် အဆောက်အအုံ နည်းပညာဆိုင်ရာ အဖွဲ့ကြီး (ITA-AITES)၏ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သူ ပါမောက္ခ စီ၊ ပီလစ်ဇာ က ၂၁ ရာစု၏ ပထမ ဆယ်စုနှစ်အတွင်း မြေအောက်ကမ္ဘာကို အသုံးချမှုများ ပိုမိုတိုးတက်လာလိမ့်မည်ဟု အောက်ပါ အဓိက အချက်သုံးချက်ဖြင့် ရှုမြင်သုံးသပ်ထားပါသည်။

  • လူဦးရေထူထပ်သော မြို့ကြီးများ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်လာရန်နှင့် လူနေမှုအဆင့်အတန်း မြင့်တင်ရန် လိုအပ်လာခြင်း (မြန်ဆန်ထိရောက်သော သယ်ယူပို့ဆောင်ရေးစနစ်၊ ရေဆိုး စွန့်ထုတ်/သန့်စင်စနစ်များ မွမ်းမံရန် လိုအပ်မှု စသည်)။
  • မြို့လယ်ပိုင်းနှင့် ရေရှားသော မြို့နယ်များကို သောက်သုံးရေပမာဏ ပိုမိုပို့ဆောင်ပေးနိုင်ရန်နှင့် ၎င်းရေကို ရယူနိုင်ရန်နေရာများ လိုအပ်လာခြင်း။
  • ရထားနှင့် ကားကို အဓိက အသုံးပြုသော မြို့များတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ပိုမိုလုပ်ဆောင်ရန် လိုအပ်လာသည်နှင့်အမျှ သယ်ယူပို့ဆောင်ရေး စနစ်ကိုလည်း အဆင့်မြှင့်တင်ရန် လိုအပ်လာခြင်း စသည်တို့ ဖြစ်သည်။

မြေအောက် အဆောက်အအုံများသည် သဘာဝ ပတ်ဝန်းကျင်နှင့် ရှုခင်းများကို ထိန်းသိမ်းရာ ရောက်သည့်အပြင် အဆောက်အဦးများဖြင့် ပြည့်ကျပ်နေပြီး ဖြစ်သော ဒေသများတွင် နောက်ထပ် အဆောက်အဦးများကို မြေအောက်သို့ တိုးဝင် တည်ဆောက်ခြင်းဖြင့် မြေဧရိယာ လိုအပ်မှုကိုလည်း လျှော့ချနိုင်မည် ဖြစ်ပါသည်။ ဤသို့ဖြင့် မြေအောက် ကဏ္ဍကို ကောင်းစွာ အသုံးပြုနေပြီး ဖြစ်သော မြို့ကြီးများ နည်းတူ၊ ဖွံ့ဖြိုးနေဆဲဖြစ်သော မြို့ကြီးများတွင်လည်း မြို့ပြ မြေအောက်အိုးအိမ် စီမံချက်များကို ရေးဆွဲ အကောင်အထည် ဖော်လာကြသည်။

မြန်မာနိုင်ငံတွင်လည်း လူဦးရေ သန်းကျော် နေထိုင်ပြီး မြို့ပြဖွံ့ဖြိုး တိုးတက်လာနေပြီဖြစ်သော မြို့ကြီးများ၌ ကမ္ဘာ့မြို့ကြီးများနည်းတူ အထက်ဖော်ပြပါ မြို့ပြဆိုင်ရာ ပြဿနာများကို အနှေးနှင့် အမြန်ဆိုသလို ရင်ဆိုင်လာရတော့မည် ဖြစ်သည်။

ဤသို့ဖြင့် ကျွန်တော်တို့သည် ကမ္ဘာ့ပေါ်ရှိ မြို့ပြအိုးအိမ်ဆိုင်ရာ ပြောင်းလဲတိုးတက်မှုများ၊ ဥမင်နှင့် မြေအောက်ကဏ္ဍ နည်းပညာရပ်များကို လေ့လာသင်ယူရင်း လာမည့် ဆယ်စုနှစ်များအတွင်း ဖြစ်ပေါ်လာမည့် မိမိတို့မြို့ကြီးများ၏ မြို့ပြဆိုင်ရာ ပုံသဏ္ဍာန်များအတွက် ကြိုတင်ကြံဆ ပြင်ဆင်ထားရန် လိုအပ်လာပါသည်။

သို့သော် နိုင်ငံအနေဖြင့် ဤနည်းပညာရပ် နယ်ပယ်၌ ပညာရှင်၊ နည်းပညာနှင့် စက်မှုစွမ်းအား အရင်းအမြစ်များ လိုအပ်နေသေးသည် ဖြစ်ရာ လတ်တလော အကောင်အထည် မဖော်နိုင်သေးသော ကာလများတွင် မိမိတို့၏ သင်ယူလေ့လာမှုများ မမေ့မပျောက်စေရန် လည်းကောင်း၊ ပြောင်းလဲ တိုးတက်နေသော ကမ္ဘာ့ဥမင်နှင့် မြေအောက် အဆောက်အအုံ နည်းပညာကို မျက်ခြေမပျက်စေရန် လည်းကောင်း၊ နောင်ထွက်ပေါ်လာမည့် မျိုးဆက်သစ် အင်ဂျင်နီယာများအတွက် အထောက်အကူ ပြုနိုင်စေရန် လည်းကောင်း၊ အသိပညာများ၊ နည်းပညာများ မျှဝေဖလှယ်နိုင်ရန်မှာ လက်ရှိကာလ၏ လိုအပ်ချက်သဖွယ် ဖြစ်လာပြီး ၎င်းအချက်များသည် နည်းပညာ၊ အတတ်ပညာများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် စဉ်ဆက်မပြတ် ပညာသင်ကြားရေးတို့တွင် အရေးကြီးသော အချက်များ အဖြစ်လည်း မှတ်ယူမိပါသည်။

လက်ရှိ မိမိတို့ လုပ်ဆောင်နိုင်သည့် အတိုင်းအတာအတွင်း အထက်ပါ အချက်များကို အကောင်အထည်ဖော်ရန်မှာ ကြားခံမီဒီယာတစ်ခုဖြစ်သော ဘလော့ဂ် (weblog) ကို အသုံးပြုခြင်းပင် ဖြစ်ပါသည်။ ဤကဲ့သို့ ရှည်လျားစွာ နိဒါန်းချီလာရသည်မှာ ကျွန်ုပ်တို့ကဲ့ နည်းပညာနယ်ပယ်မှ လူအများ ဘလော့ဂ်နှင့် စတင်ပတ်သက်လာခြင်း၏ အကြောင်းအရင်းများကို စေ့ငှစွာဖော်ပြလို၍ဖြစ်ပြီး အခြားနယ်ပယ်များတွင်လည်း ဘလော့ဂ်လုပ်ရခြင်း၏ အရင်းခံအချက်သည် ကျွန်တော်၏ ထင်မြင်ချက်များကဲ့သို့ ရည်ရွယ်ချက်အားဖြင့် များစွာ ကွာဟမှု မရှိနိုင်ပေ။

ဝဘ်ဆိုက် တည်ဆောက်ခြင်းဆိုင်ရာ နည်းပညာများ အထူးကျွမ်းကျင် တတ်မြောက်စရာမလိုသော၊ အချိန်နှင့် ငွေကြေး များစွာစိုက်ထုတ်စရာမလိုသော အလွယ်တကူ ဝင်ရောက်ရေးသားနိုင်သော ဘလော့ဂ်ပေါ်တွင် ကျွန်တော်တို့သည်-
  • မိမိတို့သင်ကြားခဲ့ရသော သင်ခန်းစာများကို ပြန်လည်ဝေငှခြင်း၊
  • လေ့လာမိသမျှ နည်းပညာဆိုင်ရာ ဆောင်းပါးများ ရေးသားခြင်း၊
  • နည်းပညာဆိုင်ရာ စာအုပ်စာတမ်း၊ အသုံးချဆော့ဖ်ဝဲများ ဝေငှခြင်း၊
  • အငြင်းပွားဖွယ်ရာ နည်းပညာဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခြင်း၊ ငြင်းခုံခြင်း (သို့မဟုတ်) ပူးပေါင်းညှိနှိုင်း အဖြေရှာခြင်း၊
  • ကမ္ဘာ့ နည်းပညာတိုးတက် ဖြစ်ပေါ်မှုများ၊ လက်ရှိ တည်ဆောက်ရေး လုပ်ငန်းများ၏ သတင်းများကို လေ့လာသူများအကြား ဖြန့်ဝေပေးခြင်း
စသည်များကို အလွယ်တကူ ပြုလုပ်လာနိုင်ပြီး မိမိတို့၏ အရည်အသွေးများ အစဉ်တိုးတက်နေအောင် လုပ်ဆောင်လာနိုင်ကြ၏။

အမေရိကန်၊ အင်္ဂလန် အစရှိသော ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများတွင်လည်း အလားတူ မြေအောက် အဆောက်အအုံနှင့် ဥမင်ဆိုင်ရာ ဘလော့ဂ်များ၊ ဝဘ်ဆိုက်များ ရေးသား လွှင့်တင်ထားကြပြီး နည်းပညာနှင့် သတင်းအချက်အလက်များ ဖလှယ်ကြသည်ကို လေ့လာမှတ်သား ရပါသည်။

ဥပမာအနေဖြင့် လန်ဒန်မြို့ အခြေစိုက် London Underground ဘလော့ဂ်သည် လန်ဒန်မြေအောက်ရထားနှင့် ပတ်သက်သော သတင်းများ၊ ထုတ်ပြန်ချက်များ၊ underground အတွင်းဖြစ်ရပ်များနှင့် လတ်တလော အဖြစ်အပျက်များကို အချိန်နဲ့တပြေးညီ တင်ပြရေးသားနေသော ဘလော့ဂ်တစ်ခုဖြစ်ပါသည်။ နေ့စဉ်နဲ့ အမျှ လူပေါင်းများစွာ ဝင်ရောက်ဖတ်ရှုနေကြပြီး အားကိုးအားထားပြုစရာ ဘလော့ဂ်ကောင်း တစ်ခုဖြစ်သည်ကိုလည်း တွေ့ရ၏။ သို့ကလို အခြားသော ဥမင်နဲ့ မီထရိုပိုလီတန်ဆိုင်ရာ ဘလော့ဂ်များစွာကိုလည်း အင်တာနက်တဝန်း ရှာဖွေတွေ့ရှိနိုင်သည်။

ဘလော့ဂ်၏ အခြားအသုံးဝင်ပုံများစွာ (ကောင်းကျိုး၊ ဆိုးကျိုးများ)ကို နယ်ပယ်အသီးသီးမှ ပညာရှင်အမျိုးမျိုးတို့က အဓိပ္ပာယ် ဖွင့်ဆိုပြီးဖြစ်သည့်အတွက် ကျွန်တော့်အနေဖြင့် ထပ်မံ မတင်ပြလိုတော့ပေ။

အခြေခံအချက်များ အနေဖြင့် ပညာရပ်ဆိုင်ရာ သင်ယူ လေ့လာခြင်း အဆင့်တွင် ဘလော့ဂ်ကို အသုံးပြုပြီး ကျွန်တော်တို့သည့် မိမိတို့၏ သင်ခန်းစာများ၊ ပညာရပ် စာတမ်း၊ ဆောင်းပါးများကို ရေးသားဝေငှခြင်း၊ ထင်မြင်ချက်များကို ဆွေးနွေးခြင်း၊ အမှားများကို ထောက်ပြ ဖြေရှင်းခြင်း စသည်တို့ကို ပြုလုပ်နိုင်သည့်အတွက် သင်ကြားမှု၊ သင်ယူမှု စွမ်းရည်ကို မြှင့်တင်ရာလည်း ရောက်ပါသည်။ သာမန်ဖတ်မှတ် လေ့လာရုံ အဆင့်မှသည် မိမိတို့ နားလည် သဘောပေါက်သည့်အတိုင်း ပြန်လည် ရေးသားခြင်းဖြစ်၍ မိမိကိုယ်တိုင်လည်း ပိုမိုမှတ်မိသွားကာ ထိုဘာသာရပ်နှင့် ပတ်သက်၍ တခြားလိုအပ်နေသေးသည်များ၊ သိသင့်သည်များကိုလည်း တခြားသူများက ပြန်လည်ဖြည့်စွက် ပြုပြင်ပေးနိုင်သောကြောင့် ဘာသာရပ်အပေါ် ရှင်းလင်းကြေညက် သွားသည်အထိ အကျိုးကျေးဇူးရပါ၏။

မိခင်ဘာသာစကားဖြင့် ရှင်းလင်း ရေးသားကြသောကြောင့် ဤဘာသာရပ်နှင့် စိမ်းသောသူများပင် တထိုင်တည်းနှင့် နားလည်သွားစေနိုင်ပြီး နောက်ထပ် မသိသေးသော အကြောင်းအရာများကို ပိုမိုစူးစမ်း လေ့လာလိုစိတ်လည်း ဖြစ်ပေါ်လာစေသည်။ တဖန် အခြားသော နည်းပညာဆိုင်ရာ ဘလော့ဂ်များနှင့် လင့်ခ်များ ချိတ်ဆက် ထားသောကြောင့်လည်း နည်းပညာဆိုင်ရာ ပြောင်းလဲမှုများ၊ အသစ်ဖြစ်ပေါ်တိုးတက်မှုများကို အချိန်နဲ့တပြေးညီ သိရှိမှတ်သားနိုင်ပေသည်။

ဤကဲ့သို့ သင်ယူလေ့လာမှုများသည် နောင်တချိန် ကျွန်တော်တို့နိုင်ငံအတွင်း တည်ဆောက်ရေး လုပ်ငန်းများ လက်တွေ့ အကောင်အထည်ဖော်တဲ့အခါ ကောင်းစွာ အသုံးဝင်လာမည်ဖြစ်ပြီး ယခုကဲ့သို့ ဘလော့ဂ်ပေါ်မှ ဆွေးနွေးမှုများသည် နောင်ဖြစ်ပေါ်လာမည့် စီမံကိန်း စားပွဲဝိုင်းများအတွက် အခြေခံအုတ်မြစ်သဖွယ်ဖြစ်သည်ဟု ယူဆပါသည်။

ထို့ပြင် လက်တွေ့ လုပ်ငန်းခွင်များမှ ပေါ်ပေါက်လာသော ပြဿနာများ၊ ရရှိလာသော အတွေ့အကြုံများ၊ တွေ့ရှိချက်များကိုလည်း ဘလော့ဂ်ပေါ်မှတဆင့် သင်ယူလေ့လာနေသူများထံ ပြန်လည် ဝေငှပေးနိုင်မည် ဖြစ်ရာ စာတွေ့နှင့် လက်တွေ့ ပေါင်းစပ်နိုင်သည့်အတွက် ပညာရှားမှီးသူများအဖို့ လွန်စွာ အကျိုးများစေနိုင်ပါသည်။ လုပ်ငန်းခွင်ထဲ ရောက်နေသူများသည်လည်း ဘလော့ဂ်ပေါ်မှတဆင့် ပညာရပ်နယ်ပယ်မှ အသစ်တွေ့ရှိချက်များ၊ နည်းပညာများနှင့် အစဉ်မပျက် ထိတွေ့နေစေမည်ဖြစ်သည်။ ဤအချက်သည် ကျွန်တော်တို့၏ နည်းပညာ တိုးတက်ဖွံ့ဖြိုးမှုကို ဘလော့ဂ်မှ အခမဲ့ အထောက်အကူပြုနေခြင်း (သို့မဟုတ်) အိုင်တီခေတ်၏ စွမ်းပကားဟူ၍ မှတ်ယူနိုင်ပါသည်။ ဘလော့ဂင်းသည် မိမိ၏ ဖတ်မှတ်လေ့လာလိုစိတ်၊ သိလိုစိတ်များကို နှိုးဆွပေးပြီး မိမိသိရှိသမျှကိုလည်း ပြန်လည်လက်ဆင့်ကမ်း မျှဝေလိုစိတ်ကို ဖြစ်ပေါ်လာစေသောကြောင့် ငြီးငွေ့ဖွယ် ကောင်းသော အစဉ်အလာ စာသင်ခန်းထဲမှ သင်ကြားမှု ပုံစံကို တော်လှန်ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

နိဂုံးချုပ် အနေဖြင့် ဆိုရသော် ကမ္ဘာ့နိုင်ငံ အများအပြားတွင် ဥမင်နှင့် မြေအောက် အဆောက်အအုံ နည်းပညာ ကဏ္ဍသည် ရာစုနှစ်တစ်ခုစာမျှ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ဖြစ်သော်လည်း ကျွန်တော်တို့ နိုင်ငံတွင်မူ အစိမ်းသက်သက်မျှသာ ရှိသေးသည်ဟု ရှုမြင်သုံးသပ်မိပါသည်။ မြေအောက်ကဏ္ဍကို ကောင်းစွာ အသုံးချနိုင်မှု မရှိသေးသည့်အပြင် ကြုံတွေ့လာရတော့မည့် မြို့ပြဆိုင်ရာ ပြဿနာများကိုလည်း ကိုယ်ပိုင်အစွမ်းဖြင့် ဖြေရှင်းနိုင်စွမ်း မရှိသေးချေ။ နိုင်ငံအတွင်း၌ ရေအားလျှပ်စစ်ဆိုင်ရာ ရေယူ/ရေထုတ် ဥမင်များနှင့် ၁.၈ ကီလိုမီတာနီးပါးရှိသော ပုံညာတောင် မီးရထားလမ်းဥမင်တို့ကို ဖောက်လုပ်ခဲ့သည့် အတွေ့အကြုံများ ရှိသည့်တိုင်အောင် ပညာရပ်နယ်ပယ်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မှု အားနည်းနေပါသေးသည်။

မြန်မာနိုင်ငံ၌ ဥမင်နှင့် မြေအောက် အဆောက်အအုံ ဆောက်လုပ်ခြင်းဆိုင်ရာ နည်းပညာများ ယခုထက်မက ပိုမိုပြန့်ပွား ထွန်းကားလာပြီး မြေအောက်ကဏ္ဍကို အကျိုးရှိစွာ အသုံးချနိုင်ရန် တနည်းအားဖြင့် ဤပညာရပ်နယ်ပယ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ သိမ်းပိုက်နိုင်ရန်အတွက် ပညာရှင်များ၊ အင်ဂျင်နီယာများ၊ ကုမ္ပဏီများ၊ စီမံကိန်း ရေးဆွဲသူများ၊ ရင်းနှီးမြှုပ်နှံသူများ၊ အစိုးရနဲ့ဌာနဆိုင်ရာ အဖွဲ့အစည်းများအကြား အချင်းချင်း အပြန်အလှန် ယုံကြည်စွာဖြင့် ပူးပေါင်းဆောင်ရွက်ကြပြီး ယခုထက် ပိုမိုကောင်းမွန်အောင် တီထွင်ကြံဆနိုင်ကြရန် လိုအပ်ပါသည်။ ဤအချက်များကသာ အောင်မြင်မှုဆီသို့ ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်မိပါကြောင်း “အကောင်းမြင်၍ တွဲလက်ညီ၊ အနာဂတ်ကို တည်ဆောက်မည်” ဆောင်ပုဒ်ဖြင့် ဘလော့ဂင်းလုပ်ရင်း ဤအဆိုကို တင်သွင်းလိုက်ပါသည်။


အကိုးအကား
В. П. Абрамчук, С. Н. Власов, В. М. Мостков - Подземные сооружения – М.: ТА Инжиниринг, 2005 – 464 с.

Related Posts
Congratulation for New Generation of Metropolitan
Engineers are Ingenious

ဥမင်ကဏ္ဍမိတ်ဆက်

စာရေးသူ © MyMetro |

မင်(Tunnel)ဆိုသည်မှာ မြေအောက် (သို့မဟုတ်) ရေအောက် ဖြတ်လမ်း တစ်မျိုးဖြစ်ပြီး ပုံမှန်အားဖြင့် ရေပြင်ညီ လမ်းကြောင်းများဖြစ်သည်။ ယေဘူယျအားဖြင့် ၎င်း၏ အလျားသည် အကျယ်ထက် အနည်းဆုံးနှစ်ဆ ရှိသော မြေအောက်လမ်းကို ဥမင်အဖြစ် ယူဆသတ်မှတ်ကြသည်။ ထို့ပြင် လမ်း၏ ဘေးဘက်နံရံအားလုံး အပိတ်ဖြစ်ရမည့်အပြင် အဆုံးများ၌ ဝင်/ထွက်ပေါက်များ ပါရှိရမည် ဖြစ်သည်။ အချို့သော မြို့ပြစီမံကိန်း ရေးဆွဲသူများက ဥမင်တစ်ခုသည် အနည်းဆုံး အလျား ၀.၁ မိုင်(၀.၁၆ ကီလိုမီတာ) ရှည်လျားရမည်ဟု အဓိပ္ပာယ် ဖွင့်ဆိုကြပြီး ထို့ထက် တိုတောင်းပါက မြေအောက် အခန်းငယ် အဖြစ်သာ ခေါ်ဝေါ်ကြသည်။ ဥပမာအားဖြင့် အချို့သော မြေအောက်ဘူတာရုံများ၊ မြေအောက် ဖြတ်လမ်းများသည် အလျားနှင့် အနံကွာဟချက် မကြီးမားပေ။[1]

ဥမင်များတွင် လမ်းသွားလမ်းလာနှင့် စက်ဘီးစီးသူများအတွက် လမ်းကူးလူသွားဥမင်များ၊ မော်တော်ကားလမ်း ဥမင်များ၊ ရထားလမ်းဥမင်များနှင့် ရေလမ်းဥမင်များ၊ ရေပေးဝေအတွက် ရေသွယ်ဥမင်များ၊ ရေအားလျှပ်စစ် ထုတ်ယူသော ဥမင်များနှင့် ရေဒီယို၊ ကြေးနန်း အစရှိသည့် ဆက်သွယ်ရေး ဆက်ကြောင်းဥမင်များ စသည်များလည်း ရှိသည်။ အချို့သော ဥမင်များသည် တနေရာမှ တနေရာသို့ သွားလာရန်သို့မဟုတ် ထွက်ပြေး လွတ်မြောက်ရန် ဖောက်လုပ်ထားသော လျှို့ဝှက်ဥမင်များ ဖြစ်ကြပြီး အထူးသဖြင့် ရှေးဟောင်းခံတပ်များတွင် အများဆုံးတွေ့ရသည်။

အရှည်လျားဆုံးသော ရေလမ်းဥမင်မှာ ဗြိတိန်နိုင်ငံရှိ စတန်းအိတ်(ခ်ျ) ဥမင် (Standedge Tunnel) ဖြစ်ပြီး၊ သုံးမိုင်ကျော် (၅ ကီလိုမီတာ) ရှည်လျားသည်။ ရေလမ်းဥမင်များအနက် အရွယ်အစား အကြီးဆုံးဥမင်မှာ ပြင်သစ်နိုင်ငံ မာဆေးလ်နှင့် ရိုနေးတူးမြောင်း (Marseille-Rhône Canal) ၏ တောင်ဘက်ပိုင်း တွင်ရှိသော ရော့ဗ်ရေလမ်းဥမင်[2] ဖြစ်သည်။ ဥမင်အလျား ၇ ကီလိုမီတာ ရှည်လျားပြီး ဥမင် အမိုးခုံးထိအမြင့်မှာ ၁၅.၄ မီတာနှင့် အကျယ် ၂၂ မီတာရှိကာ ၁၉၂၇ ခုနှစ်က ဖွင့်လှစ်ခဲ့သည်။

ဗြိတိန်နိုင်ငံတွင် လမ်းကူးလူသွားဥမင်များနှင့် အခြားသော ကားလမ်းဖြတ်ဥမင်များကို မြေအောက်လမ်းကူးဥမင် (subway) ဟု သုံးနှုန်းကြပြီး ထိုအသုံးအနှုန်းမှာ အမေရိကန်နိုင်ငံတွင် မြေအောက် မီးရထားလမ်းစနစ် ကိုခေါ်ဆိုခြင်း ဖြစ်သည်။

ဥမင် အမျိုးအစားများ (လုပ်ငန်းသဘာဝအလိုက်)
ဥမင်များကို လုပ်ငန်းသဘာဝအလိုက် အမျိုးအစား ၅ မျိုး ခွဲခြားနိုင်သည်။ ၎င်းတို့မှာ-
  • သယ်ယူပို့ဆောင်ရေးဥမင်များ၊
  • ဆက်သွယ်ရေးဥမင်များ၊
  • သတ္တုတူးဖော်ရေးဥမင်များ၊
  • ရေအားသုံးနည်းပညာဆိုင်ရာ (Hydro technical) ဥမင်များနှင့်
  • သီးခြားရည်ရွယ်ချက်များအတွက် ဖောက်လုပ်သော ဥမင်များ ဟူ၍ဖြစ်သည်။
ထိုဥမင် အမျိုးအစားများတွင် ဥပမာအားဖြင့် သယ်ယူပို့ဆောင်ရေး ဥမင်များကို ကားလမ်းဥမင်များ၊ ရထားလမ်း ဥမင်များနှင့် မီထရိုပိုလီတန် ဥမင်များ စသည်ဖြင့် ထပ်မံ၍ အမျိုးအစား ခွဲခြားနိုင်သည်။ တည်နေရာ အနေအထား အားဖြင့်လည်း ကျောက်တောင်ဖောက် ဥမင်များ၊ ရေအောက် ဥမင်များ၊ မြို့ပြဥမင်များ စသည်ဖြင့် ခွဲခြားနိုင်သလို၊ မြေအောက် အနက်ပေ အားဖြင့်လည်း အနက်တိမ်သော ဥမင်များ၊ အနက်ပေများသော ဥမင်များ စသည်ဖြင့်လည်း ခွဲခြားနိုင်သေးသည်။


ဘူမိနည်းပညာဆိုင်ရာ စူးစမ်းလေ့လာခြင်း


ဥမင်တူးဖော်ရေး စီမံကိန်းတစ်ခု စတင်ရာတွင် မြေအနေအထားများကို ပြည့်စုံစွာ စူးစမ်းလေ့လာခြင်းသည် မဖြစ်မနေ လုပ်ဆောင်ရမည့် လုပ်ငန်းတစ်ရပ် ဖြစ်သည်။ လေ့လာတိုင်းတာချက်များမှ ရရှိသောအဖြေများပေါ် မူတည်၍ ဥမင်တူးဖော်ရမည့် နည်းလမ်း၊ စက်ပစ္စည်း အမျိုးအစားများနှင့် မြေသားကြံခိုင်မှုလုပ်ငန်း အမျိုးအစားများကို ရွေးချယ်နိုင်မည်ဖြစ်ပြီး ဥမင် တူးဖော်နေစဉ်အတွင်း ကြုံတွေ့လာနိုင်သည့် မြေအခြေအနေနှင့် ပတ်သက်သည့် လုပ်ငန်းခွင် အန္တရာယ်များကို ကောင်းစွာ လျော့ချနိုင်မည်ဖြစ်သည်။ ကနဦး လုပ်ငန်းအဆင့်များတွင် ဥမင်တည်ဆောက်ရန် သင့်လျော်သည့် မြေအနေအထားနှင့် မြေအောက်ရေ တည်ရှိမှု အခြေအနေများကို သိရှိခြင်းဖြင့် ဥမင်လမ်းကြောင်း၏ ရေပြင်ညီနှင့် ဒေါင်လိုက်ဖြတ်ပိုင်းပုံများကို အကဲဖြတ် အတည်ပြုနိုင်မည် ဖြစ်သည်။

အချို့သော အခြေအနေများတွင် သမရိုးကျ လေ့လာမှုများနှင့် လုပ်ငန်းခွင် တိုင်းတာမှုများသည် မြေထု/ကျောက်သားများ၏ သဘာဝဖွဲ့စည်းပုံ၊ ပြတ်ရွေ့ဇုန် (fault zone) များ၏ တည်နေရာ အတိအကျ၊ ပျော့ပြောင်းသော မြေလွှာများ၏ ပြောင်းလဲမှုများ စသည်တို့အပေါ် လုံလောက်သော အချက်အလက်များ ရယူနိုင်မှု မရှိပေ။ ထိုအချက်သည် ဖြတ်ပိုင်းပုံ အရွယ်အစားကြီးမားသော ဥမင်များဖောက်လုပ်ရာတွင် အထူးသတိပြုရမည့် အချက်ဖြစ်သည်။ ထိုသို့သော ပြဿနာများကို ကျော်လွှားရန် ဖောက်လုပ်မည့် ဥမင်၏ ဝင်ရိုးတလျှောက် (သို့) ဘေးဘယ်ညာမှ ရှေးဦးဥမင်ငယ် (Pilot tunnel)[3][4] သို့မဟုတ် စမ်းသပ်ဥမင်ငယ် (Leading adit) များကို ပင်မဥမင်ကြီး၏ ရှေ့မှ ၂ ကီလိုမီတာခန့် ကြိုတင်တူးဖော် စမ်းသပ်ခြင်းပင် ဖြစ်သည်။

ပင်မဥမင်ကြီး၏ ဖြတ်ပိုင်းပုံ အတွင်း (သို့) ၁၀ မှ ၅၀ မီတာအကွာမှ အပြိုင် ရှေးဦးဥမင်ငယ်များ တူးဖော်ခြင်းဖြင့် လုပ်ငန်းအတွက် မသင့်လျော်သော အခြေအနေများ၊ မြေအနေအထား မကောင်းသော အပိုင်းများကို အချိန်မီ ကြိုတင်သိရှိ ဖော်ထုတ်နိုင်ပြီး ပင်မဥမင်၏ အနားတလျှောက် မြေသားများကို ကြံ့ခိုင်မှုကောင်းစေရန် Cementation ကိုလည်း ကြိုတင် လုပ်ဆောင်ထားနိုင်သည်။ စမ်းသပ်တွင်း (Borehole) နှင့် pit opening တို့ကို အသုံးပြု၍ ကွင်းဆင်းတိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက်နိုင်သလို ဘူမိ-ရူပဗေဒနည်းလမ်းများ (Geophysical exploration methods)ကို အသုံးပြု၍လည်း မြေသားထုကို လေ့လာကြသည်။ ကွင်းဆင်း တိုင်းတာရေးလုပ်ငန်းတွင် အဓိက အသုံးပြုသောနည်းမှာ ဒေါင်လိုက်၊ ရေပြင်ညီနှင့် လျှောစောင်း သဏ္ဍာန် စမ်းသပ်တွင်းများ တူးဖော်ခြင်းပင်ဖြစ်သည်။


ဖောက်လုပ်ခြင်း


ဥမင်များကို ကုန်ကြမ်းပစ္စည်း အမျိုးမျိုးကို အသုံးပြု၍ သော်လည်းကောင်း၊ မြေပျော့မှသည် ကျောက်သားစသည့် မြေအမျိုးမျိုးတွင် လည်းကောင်း၊ မြေအခြေအနေပေါ်မူတည်၍ နည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ သော်လည်းကောင်း တူးဖော်ဆောက်လုပ်ကြသည်။

တူး-ဖို့ ဖောက်လုပ်နည်း (Cut-and-cover)

တူး-ဖို့ ဖောက်လုပ်နည်းသည် မြေအနက်တိမ်သော ဥမင်များ (shallow tunnels) များကို ဖောက်လုပ်ရာတွင် အရိုးရှင်းဆုံး နည်းလမ်းဖြစ်သည်။ ပထမဦးစွာ ဥမင်ဖောက်လုပ်မည့် လမ်းတလျှောက် မြေပေါ်မှ မြောင်းတူးထုတ်ပြီး ထိုမြောင်းအတွင်း ဥမင်ကို တည်ဆောက်ကာ အပေါ်မှ မြေပြန်ဖို့ခြင်း ဖြစ်သည်။ ဥမင်အမိုးခုံးသည် ၎င်းအပေါ်မှ ဖို့မြေနှင့် အခြားသော လမ်းအစရှိသည့် အဆောက်အအုံများမှ ကျရောက်လာမည့် ဝန်အားကို ကောင်းစွာခံနိုင်ရည် ရှိရန်လိုအပ်သည်။

တူး-ဖို့ နည်းလမ်းကို ဖောက်လုပ်ပုံ နည်းလမ်းများအရ နှစ်မျိုးခွဲခြားနိုင်သည်-
  • အောက်-အပေါ် ဖောက်လုပ်နည်း - ဖောက်လုပ်မည့် ဥမင်လမ်းကြောင်းတလျှောက် မြောင်းတူးဖော်ပြီး ထိုမြောင်းထဲတွင် ဥမင်ကို ဆောက်လုပ်နည်းဖြစ်သည်။ ဥမင်နံရံ (lining)ကို မိုနိုလစ်သစ် ကွန်ကရစ် (monolithic concrete) ခေါ် လုပ်ငန်းခွင်နေရာတွင် တိုက်ရိုက်သွန်းလောင်းခြင်းဖြင့် ဖြစ်စေ၊ ကြိုတင်အားဖြည့် ပုံသွန်းလောင်းထားသော ကွန်ကရစ် (Precast-concrete) နံရံဘလောက်တုံးများ၊ အမိုးခုံးများဖြင့် ဖြစ်စေ အခြားသော သံမဏိ အစရှိသည့် ပစ္စည်းများကို အသုံးပြု၍ ဖြစ်စေ ဆောက်လုပ်တပ်ဆင်သည်။ (ရှေးယခင် ကွန်ကရစ် မပေါ်သေးမှီက ကွန်ကရစ်အစား အုတ်များကို အသုံးပြု ဆောက်လုပ်ခဲ့သည်)။ ဥမင်ကို ဆောက်လုပ်ပြီးသောအခါ အပေါ်မှ မြေပြန်ဖို့သည်။
  • အပေါ်-အောက် ဖောက်လုပ်နည်း- ဤနည်းတွင် ပထမဦးစွာ ဥမင်၏ ဘေးနံရံများကို မြေမျက်နှာပြင်ထက်မှစတင်၍ မြေထိန်းနံရံ (Diaphragm wall[5], slurry walling) သို့မဟုတ်၊ တဆက်တည်းရှိသော ပိုင်တိုင်များ (continuous bore piles) နှင့် အခြားသော နည်းလမ်းများကို အသုံးပြု၍ ဆောက်လုပ်သည်။ ထို့နောက် ဥမင်အမိုးခုံး ဆောက်လုပ်ရန်အတွက် သတ်မှတ်ထားသော အနက်ထိရောက်အောင် မြေတူးထုတ်ပြီး ဥမင်အမိုးခုံးကို တိုက်ရိုက်သွန်းလောင်း၍ဖြစ်စေ၊ ကြိုတင်သွန်းလောင်းထားသော ကွန်ကရစ်တုံးများကို အသုံးပြု၍ ဖြစ်စေ အသုံးပြု ဆောက်လုပ်ပြီး ၎င်းအပေါ်မှ မြေပြန်ဖို့သည်။ ထိုနေရာတွင် ကားလမ်းနှင့် အခြားသော အဆောက်အအုံများကို ဆောက်လုပ်ကြသည်။ ထို့နောက် ဆောက်လုပ်ပြီး နံရံနှင့် အမိုးခုံးများအောက်မှ မြေကြီးကို ဆက်လက်တူးဖော်ပြီး ကျန်ရှိသော ဥမင်အစိတ်အပိုင်းများကို ဆောက်လုပ်တပ်ဆင်သည်။
မြေအနက်တိမ်သော ဥမင်များကို ဤနည်းလမ်းဖြင့် ဖောက်လုပ်ကြပြီး အများစုမှာ မြေအောက်ရထား ဘူတာရုံဥမင်များဖြစ်ကြသည်။


ဥမင်တူးဖောက်စက်များ (TBM)

ဥမင်တူးဖောက်စက် (Tunnel boring machine-TBM) သည် ဥမင်တူးသည့် လုပ်ငန်းစဉ်ကြီး တစ်ခုလုံးတွင် ပါဝင်သော လုပ်ငန်းအဆင့်များ အားလုံးကို အဆင့်မြင့် ထိန်းချုပ်စနစ်များ အသုံးပြု၍ ပေါင်းစပ် တပ်ဆင်ထားသော စက်ဖြစ်သည်။ မာကျောသော ကျောက်လွှာများမှသည် ပျော့ပြောင်းသော မြေအမျိုးမျိုးကို လိုက်၍ ဥမင်ဖောက်စက် အမျိုးမျိုးရှိသည်။ ၎င်းတို့၏ ပုံသဏ္ဍာန်မှာ များသောအားဖြင့် cylinder ပုံသဏ္ဍာန်ရှိပြီး အခြားပုံသဏ္ဍာန်များ (ဥပမာ- ဘဲဥပုံ၊ ထောင့်မှန်စတုဂံပုံ၊ စတုရန်းပုံ) လည်းရှိသည်။ TBM တွင် အဓိကပါဝင်သော စက်ပစ္စည်း အစိတ်ပိုင်းများမှာ rotating cutting wheel, chamber (TBM ပုံစံ အမျိုးအစား ပေါ်မူတည်၍ ပုံစံ၊ အရွယ်အစား ပြောင်းလဲသည်)၊ တူးဖော်ပြီး မြေစာများကို သယ်ထုတ်သော စနစ်၊ TBM ကို ရှေ့သို့တွန်းရွှေ့ပေးသော hydraulic jacks များ၊ ဥမင် အတွင်းသား နံရံများ (Lining) ကို တတ်ဆင်သော erector, လေ၀င်လေထွက် ပိုက်လိုင်းများ ပါရှိသည်။

အခြားသော စနစ်များမှာ Lining segment block များကို ဥမင်တူးဖော်ရာ လုပ်ငန်းခွင်သို့ သယ်ပို့ပေးသော စနစ်နှင့် လျှပ်စစ်ဆက်သွယ်မှု စနစ်များ ဖြစ်သည်။ ဥမင်ဖောက်စက် (TBM) ကို အသုံးပြုသော ဥမင်ဖောက်လုပ်နည်းကို Shield tunneling method ဟု ခေါ်ပြီး စက်စွမ်းအားအသုံးပြုတူးဖော်နည်း (Mechanized tunneling) တွင်ပါဝင်သည်။[6]

လက်ရှိ ကမ္ဘာ့အကြီးဆုံး TBM များမှာ တရုတ်နိုင်ငံ၊ ရှန်ဟဲမြို့တွင် ဖောက်လုပ်နေသော ချန်ဇင်း(Changxing) မြစ်ဖြတ်ဥမင် တည်ဆောက်ရေး၌ အသုံးပြုနေသည့် ဥမင်ဖောက်စက်များ ဖြစ်ကြပြီး ကမ္ဘာ့အကြီးဆုံး Mixshield များဖြစ်ကာ ဂျာမနီနိုင်ငံ အခြေစိုက် Herrenknecht ကုမ္ပဏီက ထုတ်လုပ်သည်။ အချင်း ၁၅.၄၃ မီတာ အရွယ်အစားရှိသည်။[7]


သြစတြီးယား ဥမင်တူး နည်းသစ် (NATM)

NATM- (New Austrian Tunneling Method) သည် ၁၉၅၇ ခုနှစ်မှ ၁၉၆၇ ခုနှစ်ကြား ကာလများတွင် သြစတြီးယား နိုင်ငံ၌ ပေါ်ပေါက်ခဲ့ပြီး ယခင်ရှိပြီးဖြစ်သော ဥမင်လိုဏ်ခေါင်း တူးဖော်မှု နည်းလမ်းနှင့် ကွဲပြားစေရန် ထိုအမည်ကို ၁၉၆၂ ခုနှစ်တွင် Salzburg မြို့၌ ပေးခဲ့ခြင်းဖြစ်သည်။ ဤနည်းလမ်းကို စတင်ဖော်ထုတ်ခဲ့သူများမှာ Ladislaus von Rabcewicz၊ Leopold Muller နှင့် Franz Pacher တို့ ဖြစ်ကြသည်။ NATM ၏ အဓိကရည်ရွယ်ချက်မှာ ဥမင်လိုဏ်ခေါင်းတစ်ခု၏ ဘေးပတ်ပတ်လည်တွင်ရှိသော ကျောက်သား (မြေလွှာ) တို့မှ သက်ရောက်လာမည့် Geological stress များကို ထိုဥမင်လိုဏ်ခေါင်း၏ Stability အား ထိန်းသိမ်းရာတွင် ပြန်အသုံးချနိုင်စေရန် ဖြစ်သည်။

NATM ဆိုသည်မှာ loading သက်ရောက်မှုခံနေရစဉ်အတွင်း ဖြစ်ပေါ်လာသော ကျောက်သား(မြေလွှာ) တို့၏ ပြုမူပုံ သဘော၊ သဘာဝများနှင့် ဥမင်တစ်ခုကို တူးဖော်နေစဉ်အတွင်း မြေအောက် ဆောက်လုပ်ရေး လုပ်ငန်း တစ်ခု၏ သဘော သဘာဝများနှင့် ဖြစ်ပျက်ပုံများကို စောင့်ကြည့်အကဲဖြတ်သော ချဉ်းကပ်မှုပုံစံ တစ်ရပ်ဖြစ်သည်။[8]

Related Posts
ဥမင်နှင့်မြေအောက်ရထားမိတ်ဆက်
မီးရထားကဏ္ဍမိတ်ဆက်

အကိုးအကား
1. Tunnel
2. Rove Tunnel
3. Pilot tunnel
4. Pilot tunneling method
5. Diaphragm wall
6. Tunnel Boring Machine
7. Crossing Yangtze in Shanghai
8. NATM

ဤပို့စ်က မြန်မာဝီကီအဘိဓာန်မှာ ကျွန်တော်ရေးထားတဲ့ပို့စ်ပါ။ ဥမင်အကြောင်း မိတ်ဆက်အနေနဲ့ ဘလော့ဂ်မှာလည်း မရေးရသေးတာမို့ ပြန်တင်ထားတာ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ မီးရထား တက္ကသိုလ်မှာ ပညာသင်ကြားခဲ့တာ အခုဆိုရင် ဒုတိယမြောက် အသုတ်အဖြစ် အဆင့်မြင့် ပညာရပ်များကို သင်ကြား တတ်မြောက်ခဲ့ ကြပါပြီ။ ကျွန်တော် တို့တွေ လေ့လာ သင်ယူခဲ့တဲ့ ပညာရပ်များဟာ အဓိကအားဖြင့် မီထရို ပိုလီတန် ဘာသာရပ်ကို အထူးပြု သင်ယူ ခဲ့ကြတာ ဖြစ်ပါတယ်။ သို့သော်လည်း ဒီနှစ်အတွင်းမှာပဲ ကျွန်တော်တို့ သင်ယူနေတဲ့ ဥမင်နှင့် မီထရို ပိုလီတန် အင်ဂျင်နီယာ ဌာနဟာ မြေအောက် အဆောက်အအုံ အင်ဂျင်နီယာဌာနလို့ အမည် ပြောင်းလဲခဲ့ပြီး ဥမင်နှင့် မီထရိုပိုလီတန် တည်ဆောက်ရေး လုပ်ငန်းများကို သာမက အခြားသော မြေအောက် တည်ဆောက်ရေး ပညာရပ်များကိုပါ တိုးချဲ့၍ ပညာရပ်များကို ဆက်လက် ပို့ချပေးနေပါတယ်။

ဒါကြောင့် ကျွန်တော်တို့ဟာ ယခုနှစ် စာတမ်းများ ပြုစုဖို့အတွက် ခေါင်းစဉ်များကို ရွေးချယ်ရာမှာ မီထရိုပိုလီတန် တည်ဆောက်ရေးနှင့် ပတ်သတ်သော စာတမ်း ခေါင်းစဉ်များအပြင် အခြားသော ဥမင်ဆိုင်ရာ တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်သော စာတမ်း ခေါင်းစဉ်များပြုစုဖို့အတွက် ရွေးချယ်ခွင့် ရရှိခဲ့ပါတယ်။



မနှစ်က စာတမ်းများကို ပြုလုပ်သွားကြတဲ့ နောင်တော်များ အားလုံးဟာ မီထရို ပိုလီတန် တည်ဆောက်ရေးနှင့် ပတ်သတ်သော စာတမ်းများကို ဖတ်ကြား တင်သွင်းခဲ့ကြပါတယ်။ ဒီနှစ်ပြုလုပ်ခဲ့တဲ့ စာတမ်းများမှာတော့ မီထရိုပိုလီတန်နှင့် ဆိုင်သော ဥမင်တည်ဆောက်ရေး စာတမ်းများအပြင် မီးရထားဥမင် စာတမ်းနှင့် မော်တော်ကားလမ်း ဥမင်စာတမ်းများကို ပြုစု တင်ပြခွင့် ရရှိခဲ့ပါတယ်။ စာတမ်းကြီးကြပ်သူ ဆရာ၊ ဆရာမများဟာ များသောအားဖြင့် လုပ်ငန်းခွင်ဆိုင်ရာ အတွေ့အကြုံ ရှိသူများ ဖြစ်ကြပါတယ်။ အကြမ်းအားဖြင့် သိရတာက ဆရာ၊ ဆရာမများဟာ လုပ်ငန်းခွင်နှင့် စာတွေ့သင်ကြားပို့ချမှုများကို အလှည့်ကျ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။ ဒါကြောင့် အတွေ့အကြုံရှိကြသူများ ပီသစွာဖြင့် စာတွေ့နှင့် လက်တွေ့ကို မိမိတို့တပည့်များ လုပ်ဆောင်ရမည့် အပိုင်းများနှင့် လိုအပ်သောအပိုင်းများကို ထောင့်စေ့အောင် ပြုလုပ်ပေးခဲ့ ကြပါတယ်။



ဒါ့အပြင် နောက်တစ်ခု လေ့လာမိတာက ပြင်ပ တည်ဆောက်ရေး ကုမ္ပဏီများ နှင့် အစိုးရဆိုင်ရာ တည်ဆောက်ရေး အဖွဲ့အစည်းများဟာ လုပ်ငန်းခွင်မှာ တွေ့ကြုံနေရတဲ့ အခက်အခဲများကို သက်ဆိုင်ရာ တက္ကသိုလ်ကျောင်းများတွင် လာရောက်ဆွေးနွေးပြီး အကြံပြုချက်ရယူခြင်း၊ မှတ်တမ်းများ ပြုလုပ်ထားခြင်းတို့ ပူးပေါင်း လုပ်ဆောင်ကြတာကို တွေ့ရပါတယ်။ ဒီလိုဆွေးနွေး ဆောင်ရွက်ကြတာကို စာတမ်းဖတ်ပွဲ အသွင်တစ်ခုလို လုပ်ဆောင်ကြပြီး စိတ်ပါဝင်စားသူ ကျောင်းသားများလည်း တက်ရောက် နားထောင် နိုင်ကြပါတယ်။ ဒီလိုပြုလုပ်တာဟာ ကောင်းသော အစဉ်အလာကောင်း တစ်ခုဖြစ်ပါတယ်။ အတုယူ သင့်ပါတယ်။ ကျောင်းများအတွက်လည်း အကျိုးရှိပြီး စာတွေ့လက်တွေ့ ပူးပေါင်း ဆောင်ရွက်ကြခြင်းဖြင့် လိုအပ်ချက်များ၊ ချို့ယွင်းချက်များကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် နည်းပညာဆိုင်ရာ ပြပွဲများ၊ နှီးနှောဖလှယ်ပွဲများကိုလည်း ကျောင်းများမှ ဦးဆောင်၍ ပြုလုပ်ကြတာကိုလည်း အားတက်ဖွယ်ရာ တွေ့မြင်ကြရပါတယ်။



ကျွန်တော်တို့ရဲ့ သက်ဆိုင်ရာ စာတမ်းများကို ပြုစုကြရာမှာ ကျွန်တော်တို့နိုင်ငံနဲ့ သင့်လျော်မယ့် အခြေအနေများကို ခန့်မှန်း တွက်ချက်ကာ ကြီးကြပ်သူ ဆရာများနှင့် ညှိနှိုင်းပြီး အတတ်နိုင်ဆုံး အနီးစပ်ဆုံးဖြစ်အောင် ပြုလုပ်ခဲ့ကြပါတယ်။ တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်တဲ့ အခြေခံ အချက်အလက်များကို စဉ်းစားတဲ့အခါ လူနေထူထပ်ပြီး သွားလာရေး ပြဿနာများ စတင် ကြုံတွေ့နေရပြီဖြစ်တဲ့ ရန်ကုန်မြို့ကို အခြေခံပြီး အများဆုံး ပြုလုပ်ခဲ့ကြပါတယ်။




ဒီနှစ်ပြုလုပ်တဲ့ စာတမ်းများကို တင်ပြရမယ်ဆိုရင် မီထရို တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်တဲ့ ခေါင်းစဉ် (၁၁)ခု ဖတ်ကြား တင်ပြခဲ့ပါတယ်။ အဲ့ဒီ ခေါင်းစဉ်များကို ထပ်ပြီးခွဲရမယ်ဆိုရင် မီထရိုဘူတာ တည်ဆောက်ရေးနှင့် ပတ်သက်တဲ့ ခေါင်းစဉ် (၅)ခု၊ မီထရလိုင်း လမ်းကြောင်းများ ဖောက်လုပ်ရေးနှင့် ပတ်သက်တဲ့ ခေါင်းစဉ် (၆) ခုကို ပြုစုခဲ့ကြပါတယ်။



ဒါ့အပြင် မီးရထားလမ်းဥမင်နှင့် ပတ်သက်ပြီး ခေါင်းစဉ် တစ်ခုကို ပြုစုနိုင် ခဲ့ပါတယ်။ တောင်ဖြတ် မီးရထားလမ်းဥမင် အမျိုးအစားဖြစ်ပြီးတော့ ရှမ်းပြည်နယ်၊ တောင်ကြီးနှင့် လားရှိုးလမ်း အပိုင်းကို အခြေခံထားပြီး ခန့်မှန်း ပြုစုထားပါတယ်။

ကျန်တဲ့ ခေါင်းစဉ်သုံးခုကတော့ မော်တော်ကား လမ်းဥမင်များဖြစ်ပြီး ခေါင်းစဉ် နှစ်ခုမှာ ရန်ကုန်မြို့တွင်း လူနေထူထပ်ပြီး မော်တော်ကား အသွားအလာ ရှုပ်ထွေးသော လမ်းဆုံများ၊ လမ်းခွများ၊ အဆောက်အအုံ ထူထပ်သော (လှည်းတန်းလမ်းဆုံ နှင့် မြေနီကုန်းလမ်းဆုံ) နေရာများကို အခြေခံပြီး စာတမ်းပြုစု ထားပါတယ်။ နောက်ခေါင်းစဉ် တစ်ခုကတော့ ရန်ကုန်မြစ်ဖြတ် မော်တော်ကားလမ်း ဥမင် တည်ဆောက်တဲ့ စာတမ်း တစ်ခုဖြစ်ပါတယ်။



ကျွန်တော်တို့ ပြုလုပ်ခဲ့တဲ့ ခေါင်းစဉ်များကို အောက်မှာ လေ့လာ ဖတ်ရှုနိုင်ဖို့အတွက် တင်ပြ ပေးထားပါတယ်။

မီထရို ဘူတာ ဆောက်လုပ်ရေးနှင့် ပတ်သက်၍ ပြုစုခဲ့သော စာတမ်း ခေါင်းစဉ်များမှာ -

1. Research on questions of technological construction of column type station of metropolitan
2. Choosing constructive decisions of metropolitan station in shallow depth soil
3. Research on questions of technological construction of column type station of metropolitan
4. Research on questions of technological construction of pier type stations of metropolitan
5. Technology analysis of station construction of metropolitan in shallow depth.

(မှတ်ချက်။ 1 နှင့် 3 မှာ ခေါင်းစဉ်တူသော်လည်း Engineering Data နှင့် ဒီဇိုင်းများ မတူညီကြပါ။)



မီထရိုလိုင်း လမ်းကြောင်းများ တည်ဆောက်ရေးနှင့် ပတ်သက်ပြီး ပြုစုခဲ့သော စာတမ်းခေါင်းစဉ်များမှာ -

1. Technological analysis of interstation tunnel construction of metropolitan in shallow depth
2. Research of construction techniques and methods of technological construction of interstation tunnels of metropolitan for soft and unstable soil
3. Research on construction methods of tunneling in plastic and clay soil
4. Project of interstation tunnel construction of metropolitan in shallow depth with vibroprotective design for truck superstructure
5. Analysis of technological construction of interstation tunnels of metropolitan in plastic and clay soil
6. Analysis of technological construction of interstation tunnels of metropolitan in plastic and clay soil.




မီးရထားလမ်း ဥမင် ဖောက်လုပ်သည့် စာတမ်းခေါင်းစဉ်မှာ-

1. Technological analysis of railway-tunnel construction in mountainous conditions



မော်တော်ကားလမ်းဥမင်နှင့် ပတ်သက်ပြီး ပြုစုခဲ့သော စာတမ်းခေါင်းစဉ်များမှာ-

1. Research on structure and technological construction of several arches of transportation tunnels making strengthening works in unstable soil
2. Research on structure and technological construction of transportation tunnels of large-scaled cross-section in weak water-saturated soil
3. Research on structure and technological construction of transportation tunnels with cut and cover method




ဒီခေါင်းစဉ်များနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ စာတမ်းပြုစုသူ သူငယ်ချင်းများကလည်း စိတ်ပါဝင်စားသူများ လေ့လာနိုင်အောင် ဘာသာပြန်ဆိုပြီးတော့ တည်ဆောက်ရေးဆိုင်ရာ ပညာရပ်များကို ကျန်ရှိနေတဲ့ အချိန်လေးမှာ မျှဝေပေးကြမယ် မျှော်လင့်ပါတယ်။



ကျွန်တော့် အရင်ပိုစ့်မှာ တစ်ခါရေးခဲ့ပြီးပါပြီ။ ကျွန်တော်တို့ဟာ မိမိတို့ ရရှိထားသော ပညာရပ်များကို လက်တွေ့ နယ်ပယ်မှာ အသုံးပြုနိုင်ခွင့် ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ။ နောက်လာမယ့် မျိုးဆက်များ ဒီပညာရပ်များကို ဆက်လက် လေ့လာတဲ့အခါမှာ အလွယ်တကူနဲ့ ရှေ့ဆက်ပြီး တက်လှမ်းနိုင်အောင် လှေကားထစ်လေး တစ်ခု အဖြစ် ပါဝင်ကြဖို့ပါပဲ။ နောက်ကျ ကျန်ရစ်နေတဲ့ နည်းပညာပိုင်းဆိုင်ရာကို အမှီလိုက်ဖို့ရာမှာ ဒီလိုပဲ သင်ယူ နားလည်ခဲ့တာတွေကို လက်ဆင့်ကမ်းခြင်းဖြင့် မဝေးတော့တဲ့ အနာဂါတ်မှာ အခြားနိုင်ငံများကို ရင်ဘောင်တန်း ရပ်တည်နိုင်မယ်လို့ မျှော်လင့်ရင်း ပို့စ်ကို အဆုံးသတ် လိုက်ပါတယ်။

Congratulation for New Generation of Metropolitan

စာရေးသူ © MyMetro |

(Dedicated to 6th Intake Civil and EP engineers)

နေ့ အချိန်အခါတွင် ကမ္ဘာတဝှမ်း၌ မြေအောက်ကဏ္ဍကို အသုံးချမှုများ ယခင် ဆယ်စုနှစ်၊ ရာစုနှစ်များကထက် အရေအတွက်သာမက အရည်အသွေးပိုင်းအရပါ အဆပေါင်းများစွာ ပိုမိုတိုးတက်လာသည်ကို တွေ့ရပေသည်။ သယ်ယူပို့ဆောင်ရေး၊ မြေအောက်မီးရထား ကွန်ယက် (Metropolitan)၊ မြို့ပြအင်ဂျင်နီယာဆိုင်ရာ၊ ကာကွယ်ရေးဆိုင်ရာ၊ ရေအားသုံး စွမ်းအင်ဆိုင်ရာ၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး အစရှိသည့် ကဏ္ဍပေါင်းစုံ၌ လိုအပ်ချက် အမျိုးမျိုးတို့ကြောင့် မြေအောက်ကမ္ဘာကို ချဲ့ထွင်တိုးဝင်လာကြသည်။

လက်ရှိအချိန်တွင်လည်း ဒူဘိုင်း၊ ဟိုချီမင်း၊ ရှန်ဟိုင်း အစရှိသော အာရှ၊ ဥရောပ၊ အမေရိက၊ အာဖရိကတို့ရှိ ကမ္ဘာ့မြို့ကြီးများ၌ မြေအောက်ရထားလမ်း ကွန်ယက်များ၊ မြေအောက် ဆောက်လုပ်ရေး စီမံကိန်းကြီးများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်နေကြသည်။ တိုးတက်လာသော ဥမင်တူးဖော်ရေး၊ ဆောက်လုပ်ရေး နည်းပညာနှင့် ပစ္စည်းကိရိယာများကြောင့်လည်း မြေအောက်ကဏ္ဍ ဖွံ့ဖြိုးမှုမှာ ပိုမိုမြန်ဆန်လာသည်။ ထို့အတူ ၎င်းစီမံကိန်း လုပ်ငန်းကြီးများကို တာဝန်ယူလုပ်ကိုင်သည့် မြေအောက်ဆောက်လုပ်ရေး ကုမ္ပဏီကြီးများ၊ တူးဖော်ရေး စက်ပစ္စည်း ကိရိယာများ ထုတ်လုပ်သည့် ကုမ္ပဏီကြီးများသည်လည်း နှစ်ရှည် အရင်းအနှီးကြီးမားစွာ မြှုပ်နှံ၍ ကမ္ဘာ့စီးပွားရေး ကွန်ယက်ထဲသို့ ဝင်ရောက်လာသလို တဖက်ကလည်း ၎င်းစီမံကိန်း လုပ်ငန်းကြီးများတွင် အရည်အသွေး ပြည့်ဝစွာဖြင့် ဝင်ရောက်လုပ်ကိုင်နိုင်မည့် စွမ်းဆောင်ရည် မြင့်မားသည့် အင်ဂျင်နီယာများ၊ ပညာရှင်များကိုလည်း နည်းပညာ တက္ကသိုလ်များနှင့် ချိတ်ဆက်၍ အများအပြား မွေးထုတ်လာသည်ကို တွေ့ရပေသည်။

မြန်မာနိုင်ငံတွင်လည်း လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားရေး ရည်မှန်းချက်များ ချမှတ် အကောင်အထည်ဖော်နေရာတွင် မြေအောက် အဆောက်အအုံ နည်းပညာနယ်ပယ်၌ အခြားကမ္ဘာ့နိုင်ငံများနည်းတူ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အဆင့်မြင့် နည်းပညာရှင်များ၊ ပညာရှင်များ၊ အင်ဂျင်နီယာများ အစရှိသည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ရေးသည်လည်း အစိတ်အပိုင်း တစ်ရပ်သဖွယ် ဖြစ်လာပါသည်။

သို့ဖြစ်၍ ရုရှားနိုင်ငံ၊ မော်စကို မီးရထားတက္ကသိုလ် (Moscow State University of Railway Engineering)သို့ မြို့ပြ၊ စက်မှုနှင့် လျှပ်စစ်စွမ်းအား အင်ဂျင်နီယာများကို ပညာတော်သင် ပို့လွှတ်၍ မြေအောက် အဆောက်အအုံများ ဆောက်လုပ်ရေး၊ ဥမင်နှင့် မြေအောက် မီးရထားကွန်ယက် (Tunneling and Metropolitan)၊ လျှပ်စစ်ရထား (Electric traction) တည်ဆောက်ရေးဆိုင်ရာ နည်းပညာ ကဏ္ဍများတွင် အဆင့်မြင့် မဟာအင်ဂျင်နီယာ ဘွဲ့လွန်သင်တန်းများကို နိုင်ငံတော် အစိုးရ၏ အစီအမံဖြင့် တက်ရောက်စေခဲ့ပါသည်။

ပြီးခဲ့သည့် မေလ (၂၈) ရက်နေ့က မီးရထားတက္ကသိုလ်၏ Department of Electric traction ဌာနတွင် လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ ၂ ဦးက သုံးနှစ်တာ မိမိတို့ သင်ကြားတတ်မြောက်ခဲ့သည့် ပညာရပ်များနှင့် ပတ်သက်၍ မဟာအင်ဂျင်နီယာ ဘွဲ့ယူစာတမ်းအား အကောင်းဆုံး ဖတ်ကြားခုခံချေပနိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ မီးရထားကဏ္ဍကို တိုးတက်အောင် စွမ်းဆောင်နိုင်မည့် အဆင့်မြင့် အင်ဂျင်နီယာများဖြစ်လာကြပြီ ဖြစ်ပါသည်။ ဇွန်လ (၁၆) ရက်နှင့် (၁၇) ရက်နေ့များတွင်လည်း Department of Underground construction (ယခင် Department of tunneling and metropolitan)တွင် မြို့ပြအင်ဂျင်နီယာ ၁၅ ဦးမှ မြေအောက် ဥမင်နှင့် အဆောက်အအုံအမျိုးမျိုး ဆောက်လုပ်ခြင်းဆိုင်ရာ စာတမ်းများကို ဖတ်ကြားတင်သွင်းကာ မြန်မာနိုင်ငံ ဥမင်နှင့် မြေအောက် အဆောက်အအုံများဆိုင်ရာ အင်ဂျင်နီယာလောကအတွက် မျိုးဆက်သစ် အင်ဂျင်နီယာများ ဖြစ်လာကြပေပြီ။


မဝေးတော့သော အနာဂတ်တွင် ခေတ်မီမြို့ပြဆိုင်ရာ လိုအပ်ချက်များအရ မြန်မာနိုင်ငံတွင်လည်း အလားတူ သယ်ယူပို့ဆောင်ရေး ဥမင်များ၊ မီထရိုပိုလီတန်များ၊ မြို့ပြနှင့် အခြားသော ကဏ္ဍစုံအတွက် မြေအောက် အဆောက်အအုံများကို ဆောက်လုပ်လာရမည်မှာ မလွဲဧကန်ဖြစ်ပေသည်။

ထိုကဲ့သို့ ဥမင်နှင့် မြေအောက် အဆောက်အအုံများ တည်ဆောက်ရာတွင် လိုအပ်သည့် စက်မှုနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု စသည့် နည်းပညာ အရင်းအမြစ်၊ ကျွမ်းကျင်ပညာရှင်များ၊ အင်ဂျင်နီယာများ အစရှိသည့် လူ့အရင်းအမြစ်များ လုံလောက်စွာ ရရှိနေမှုများသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေသည်ဖြစ်ရာ ယခုမျိုးဆက်သစ် ဥမင်နှင့် မြေအောက်အဆောက်အအုံ ဆောက်လုပ်ရေး အင်ဂျင်နီယာများ၊ လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာများ အနေဖြင့် နိုင်ငံအတွက် လိုအပ်နေသည့် နည်းပညာနှင့် လူ့စွမ်းအား အရင်းအမြစ် လိုအပ်ချက်များကို တထောင့်တနေရာမှ ဖြည့်စွမ်းနိုင်လိမ့်မည် ဖြစ်ကြောင်း ဂုဏ်ပြုရေးသားလိုက်ရပေသည်။


Engineers are Ingenious

စာရေးသူ © MyMetro |



မှတ်မှတ်ရရ ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှစပြီး အင်တာနက် စာမျက်နှာများထဲ တိုးဝင်ခဲ့တဲ့ ဒီဘလော့ဂ်လေးဟာ တစ်နှစ်ဆိုတဲ့ အချိန်ကာလ တစ်ခုကို ဖြတ်သန်းခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၀၄/၀၅ ခုနှစ်မှ ယနေ့အထိ ကြိုးပမ်း အားထုတ်မှုတို့ရဲ့ အသီးအပွင့်များကို ဘလော့ဂ်ထက် အက္ခရာ တင်နိုင်ခဲ့သည့် အတွက်လည်း ဝမ်းသာပီတိလည်း ဖြစ်မိပါတယ်။

ဤဘလော့ဂ်ကို ဖန်တီးခဲ့ရာမှာ

“ Tunneling နဲ့ Metropolitan အင်ဂျင်နီယာ နယ်ပယ်၌ လေ့လာ သင်ကြား နေသူများအတွက် တဖက်တလမ်းမှ အထောက်အကူ ဖြစ်စေရန်၊ မိမိတို့ လေ့လာ တွေ့ရှိသည်များကို ပြန်လည်ဝေမျှ ပေးနိုင်စေရန်နှင့် အနာဂတ် မြန်မာဥမင် အင်ဂျင်နီယာများ အတွက် အားထား လေ့လာရမည့် ဘလော့ဂ်တစ်ခု ဖြစ်စေရန် ”

ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်ရေးသားခဲ့ပြီး စိတ်ပါဝင်စားသူများကိုလည်း ပါဝင်ရေးသားဖို့ တိုက်တွန်း ဖိတ်ခေါ်ခဲ့ပါတယ်။ ယနေ့ တစ်နှစ်ပြည့် အခါသမယမှာတော့ MyMetroworld Contributors များရဲ့ အားထုတ်မှုတို့နဲ့ ပို့စ်များကို မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ကာ Blog anniversary ကိုပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

New generation of Metropolitan လို့ အမည်ပေးခဲ့တဲ့အတိုင်း လက်ရှိ ဥမင်နဲ့ မီထရိုပိုလီတန် ဘာသာရပ်များကို သင်ကြားနေတဲ့ အင်ဂျင်နီယာများဟာ မြန်မာနိုင်ငံ ဥမင်အင်ဂျင်နီယာ နယ်ပယ်မှာ မျိုးဆက်သစ် အင်ဂျင်နီယာများ ဖြစ်လာကြမှာပါ။ တနည်းအားဖြင့် မရှိမဖြစ် လိုအပ်လာတဲ့ လူသား အရင်းအမြစ်တွေပါပဲ။ နောင်တချိန် မိမိတို့နိုင်ငံမှာ မလွဲမသွေ အကောင်အထည် ဖော်လာရမယ့် ဥမင်နဲ့ မြေအောက် အဆောက်အဦးများ ဆိုင်ရာ လုပ်ငန်းများဟာ ယခု Tunnel Engineer များအတွက် အဓိက စိန်ခေါ်မှုကြီးတွေ ဖြစ်လာမှာပါ။ အဲဒီအခါမှာ မိမိတို့ အပတ်တကုတ် သင်ကြားသင်ယူခဲ့ရတဲ့ ဒီနည်းပညာရပ်များနဲ့ နိုင်ငံရဲ့ လူနေမှုဘဝကို မြှင့်တင်နိုင်ရပါမယ်။

မိမိတို့နိုင်ငံနဲ့ အလှမ်းဝေးနေဆဲဖြစ်တဲ့ ဒီ tunneling နဲ့ underground space နည်းပညာကဏ္ဍဟာ အခြား ပတ်ဝန်းကျင် နိုင်ငံများနဲ့ ယှဉ်ရင်တောင် ဘယ်လောက်ထိ အဆက်ပြတ် ကျန်ခဲ့ပြီလဲဆိုတာ လက်ရှိသင်ယူနေတဲ့ သူတွေ အသိဆုံးဖြစ်မှာပါ။ ဒီတော့ တန်ဖိုးကြီးစွာ ရင်းနှီးပြီး သူများနိုင်ငံမှာ လာသင်ထားရတဲ့ ဒီနည်းပညာများကို ဆက်လက်ပြီး တိုးတက်နေအောင်၊ မမေ့မလျော့အောင် စဉ်ဆက်မပြတ် လေ့လာနေကြဖို့လည်း လိုပါတယ်။ မိမိတို့ကနေတဆင့် နောင်လာမယ့် မျိုးဆက်များကိုလည်း ဒီပညာတွေကို ကိုယ့်နိုင်ငံတွင်းမှာပဲ သင်ယူနိုင်အောင် လက်ဆင့်ကမ်းပေးရပါမယ်။ ယနေ့ ပစ္စက္ခ မိမိတို့နိုင်ငံရဲ့ အနေအထား၊ မိမိတို့ရဲ့ အနေအထား အပေါ်မှာ မှန်ကန်စွာ သုံးသပ်ပြီး စိတ်မပျက်၊ အားမလျှော့ကြပဲ အခြေအနေပေးတုန်း၊ အခွင့်သာတုန်းမှာ ကြိုးစားကြဖို့ ပြောချင်ပါတယ်။

Engineers are ingenious ဆိုတဲ့ စကားနဲ့အညီ ကိုယ့်ရဲ့ ပရောဖက်ရှင်နယ်ကို ကိုယ်တန်ဖိုးထားပြီး ရပ်တည်ချက် ခိုင်မာနေရပါမယ်။ လတ်တလော အကျိုးကို မျှော်ကိုးပြီး နှစ်ရှည်လများ သင်ယူခဲ့တဲ့ ပညာတွေကို အချည်းနှီး မဖြစ်ပါစေနဲ့။ မိမိတို့ရဲ့ နည်းပညာအစွမ်းနဲ့ နိုင်ငံတော်ရဲ့ လစ်ဟာနေတဲ့ အုတ်တစ်ချပ်ကို ဖြည့်ဆည်းပြီး အင်ဂျင်နီယာ ပီသစွာ ရပ်တည်ကြပါစို့လို့ တိုက်တွန်း ရေးသားလိုက်ရပါတယ်။

အချိန်ပေး၍ လာရောက်လည်ပတ် ဖတ်ရှုသော စာဖတ်ပရိသတ်များအား The MyMetroworld ၏ Contributors များအားလုံးမှ ကျေးဇူး အထူးတင်ရှိပါကြောင်း....။

မြို့ပြ အင်ဂျင်နီယာ

စာရေးသူ © Emily |

မြို့

ပြအင်ဂျင်နီယာဆိုသည်မှာ ဆောက်လုပ်ရေး လုပ်ငန်းအမျိုးမျိုးနှင့် ယင်းတို့အား ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်း (ဥပမာ-အဆောက်အဦးများ၊ လမ်းများ၊ တံတားများ၊ ဥမင်လှိုဏ်ခေါင်းများ၊ လေယာဉ်ကွင်း၊ လေယာဉ်ပြေးလမ်းများ၊ ဆည်မြောင်း တာတမံများ၊ တူးမြောင်းများ၊ မိလ္လာမြောင်းများ၊ ဆိပ်ကမ်းများ) စသည်တို့အား အဓိက ဘာသာရပ် တစ်ခုအနေဖြင့် လုပ်ကိုင်နေကြသော အင်ဂျင်နီယာများ ဖြစ်သည်။

မြို့ပြလုပ်ငန်းခွင်တစ်ခုတွင် စီမံကိန်းချမှတ်ခြင်း (Planning)၊ ဆောက်လုပ်ခြင်း (Construction)၊ ပြုပြင်ထိန်းသိမ်းခြင်း (Maintenance) စသည့် အခြေခံ အချက်များ ပါဝင်သည်။ မြို့ပြ အင်ဂျင်နီယာများသည် နည်းပညာကိုသာမက စီမံခန့်ခွဲမှုနှင့် ကြီးကြပ် ဆောင်ရွက်မှုများကိုလဲ နိုင်နင်းစွာ လုပ်ကိုင်တတ်ရန် လိုအပ်ပါသည်။

လုပ်ငန်းခွင်တခုအား စီမံကိန်းချရန်နှင့် ဒီဇိုင်းလုပ်ရန်အတွက် အင်ဂျင်နီယာသည် လုပ်ငန်းခွင်နေရာကို လက်တွေ့လေ့လာဖို့လိုသည် (ဥပမာ-လုပ်ငန်း ဆောက်လုပ်မည့်နေရာ၏ မြေအမျိုးအစား၊ ဆောက်လုပ်မည့် လုပ်ငန်းအတွက် လိုအပ်သော အရင်းအမြစ်၊ အသုံးပြုမည့် ပစ္စည်းများ ရရှိနိုင်မည့် နေရာ၊ စသည်..)။ ယင်းလေ့လာချက်များအပေါ် မူတည်ပြီး စီမံကိန်းကို မှန်ကန်လျင်မြန်စွာ အတည်ပြု ဆုံးဖြတ်ချက် ချရမည်။ သို့မှသာ လုပ်ငန်းလိုအပ်ချက်များနှင့် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးအတွက် အကောင်းဆုံး ပြင်ဆင် ဆောင်ရွက်နိုင်ပေမည်။ ထို့အပြင် အရေးပါသော အခြားလိုအပ်ချက်တစ်ခုမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်တို့၏ ညွှန်ကြားချက်ကို လိုက်နာရန်ဖြစ်ပြီး စီမံကိန်း ခွင့်ပြုချက် ရယူထားရမည်။ ၄င်းအပြင် စီမံကိန်း ကုန်ကျစရိတ် ခန့်မှန်းတွက်ချက်မှုနှင့် လုပ်ငန်းခွင် ရည်မှန်းချက်၊ ပြီးစီးမှု အခြေအနေများအား ဂရုပြု မှတ်တမ်းတင်ရမည်။

စီမံကိန်း လုပ်ငန်းခွင်များအား အကောင်အထည်ဖော် လုပ်ဆောင်ရာတွင် မြို့ပြအင်ဂျင်နီယာများသည် မြို့ပြ အင်ဂျင်နီယာခွဲများဖြစ်သည့် ဒီဇိုင်းအင်ဂျင်နီယာများ၊ ဆောက်လုပ်ရေး အင်ဂျင်နီယာများ၊ ရေအရင်းအမြစ် ဆိုင်ရာ အင်ဂျင်နီယာများ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းဆိုင်ရာ အင်ဂျင်နီယာများ၊ ဘူမိဗေဒဆိုင်ရာ အင်ဂျင်နီယာများ ကဏ္ဍအလိုက် စုဖွဲ့ပြီး ဆောင်ရွက်သကဲ့သို့၊ အခြား သက်ဆိုင်ရာ နယ်ပယ် အသီးသီးမှ အင်ဂျင်နီယာများ၊ ပညာရှင်များနှင့်လည်း ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရပါသည်။

မြို့ပြလုပ်ငန်းခွင်သည် လူထုအတွက် သက်သာချောင်ချိစေရန်နှင့် ဘေးအန္တရာယ် ကင်းဝေးစေရန် အလုံးစုံတာဝန်ယူမှု ရှိရမည်။ မြို့ပြအင်ဂျင်နီယာများ၏ လက်ဆွဲထားသည့် လုပ်ငန်းခွင် ဆောင်ပုဒ်မှာ အန္တရာယ် ကင်းရှင်းရေးသည် ပထမ (safety first) ဖြစ်သည်။ မြို့ပြလုပ်ငန်းခွင်တိုင်းတွင် လိုအပ်သော ကြိုတင် ကာကွယ်မှုများနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိရမည် (လူနေအဆောက်အဦး ဆောက်လုပ်ရေးအတွက် လိုအပ်သော စည်းကမ်းများ၊ လမ်းဖောက်လုပ်ရေးတွင် လိုအပ်သော စည်းကမ်းများ၊ ဆည်လုပ်ငန်းအတွက် လိုအပ်သော စည်းကမ်းများ စသည်....)။

မြို့ပြ အင်ဂျင်နီယာများအနေဖြင့် ပတ်ဝန်းကျင် အတားအဆီးများ၊ လုပ်ငန်းခွင် အခက်အခဲများ၊ ဖြစ်ပေါ်လာမည့် ဆိုးကျိုးများအတွက် ကြိုတင်စဉ်းစား ကာကွယ်ထားရမည်။ ထို့အပြင် မထင်မှတ်သော သဘာဝ အန္တရာယ်များကိုလည်း မျှော်မှန်း ကာကွယ်ထားရမည် ( ဥပမာ-မိုးသည်းထန်မှု၊ လေမုန်တိုင်း၊ ငလျင်စသည်)

မြို့ပြ အင်ဂျင်နီယာတိုင်းသည် မည်သည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်ပင်ဖြစ်စေ အန္တရာယ် ကင်းရှင်းရေး ဦးစားပေး လုပ်ဆောင်ရမည့် အပြင် လုပ်ငန်းခွင် အဆင်ပြေချောမွေ့စေရေး၊ ရေရှည်ခိုင်ခံ့ရေး၊ ကုန်ကျစရိတ် သက်သာရေး စသည့်တို့အားလည်း အလေးပေး ဆောင်ရွက်ရမည်။ သို့မှာသာ အင်ဂျင်နီယာကောင်း တစ်ယောက်ပီသ နိုင်ပေမည်။
မြို့ပြ အင်ဂျင်နီယာများ၏ တွဲလက်ဖြင့် လူနေမှု အဆင့်အတန်းအား မြှင့်တင်ကြပါစို့။

စာဖတ်သူများ မှလည်း မိမိတို့၏ ထင်မြင်ချက်၊ အတွေ့အကြုံ၊ အကြံပြုချက်များ ဝေမျှ ဆွေးနွေးပေးပါရန် ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

The 100th post of MyMetroworld

စာရေးသူ © MyMetro |

လးစားရပါသော စာဖတ်ပရိတ်သတ်များ ခင်ဗျား......

ဒီပို့စ်ဟာ The MyMetroworld blog ရဲ့ ၁၀၀ မြောက် ပို့စ်ဖြစ်ပါတယ်။ ယခုနှစ် အစောပိုင်း၊ ဖေဖော်ဝါရီလ ကတည်းက စတင်မွေးဖွား လာခဲ့တဲ့ ဘလော့ဂ် အနေနဲ့ ကြည့်မယ်ဆိုရင် ၁၀ လဆိုတဲ့ အချိန်ကာလကို ဖြတ်သန်း လာခဲ့ပြီလို့ ပြောရမှာပါ။ ဤဘလော့ဂ်ကို စတင်ဖန်တီးခဲ့သူ တစ်ဦးအနေနဲ့ “ Tunneling နဲ့ Metropolitan အင်ဂျင်နီယာ နယ်ပယ်၌ လေ့လာ သင်ကြား နေသူများအတွက် တဖက်တလမ်းမှ အထောက်အကူ ဖြစ်စေရန်၊ မိမိတို့ လေ့လာ တွေ့ရှိသည်များကို အကောင်းဆုံး ဝေမျှ ပေးနိုင်စေရန်နှင့် အနာဂတ် မြန်မာ ဥမင် အင်ဂျင်နီယာများ အတွက် အားထား လေ့လာရမည့် ဘလော့ဂ်တစ်ခု ဖြစ်စေရန် ” ဆိုတဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ ရေးသားခဲ့ခြင်းလည်း ဖြစ်ပါတယ်။
မိမိတို့ နိုင်ငံအတွက် များစွာအကျိုး ရှိစေမယ့် ပညာရပ်တွေကို လေ့လာ သင်ယူရင်း တဖက်ကလည်း လေ့လာနေသူ များအကြား အတွေ့အကြုံ၊ ဗဟုသုတများကို ပြန်လည် ဝေငှနိုင်စေဖို့ အတွက် ရေးသား ပေးနိုင်မယ့် သူများကို ဖိတ်ခေါ်ခဲ့ပြီး အားလုံး ကလည်း တက်တက်ကြွကြွ ဝင်ရောက် ရေးသားပေးပို့ ခဲ့ကြပါတယ်။ အခုဆိုရင် ဒီဘလော့ဂ်မှာ ပုံမှန် ဝင်ရောက် ရေးသားသူ ၇ ယောက်ထိ ရှိလာပြီ ဖြစ်ပြီး အခြား ၂ ဦးမှလည်း ဆောင်းပါးများ ပေးပို့ခဲ့ပါတယ်။ ထို့ပြင် လုပ်ငန်းခွင် အတွေ့အကြုံ ရှိသူများ၊ စိတ်ဝင်စားသူများ မှလည်း သတင်းများ၊ ဓာတ်ပုံများ ပေးပို့ ဆက်သွယ်ကြလို့ ကမ္ဘာ့ ဥမင်၊ မီထရို သတင်းများ၊ နည်းပညာရပ်များ၊ ဆောင်းပါးများကို အချိန်နဲ့ တပြေးညီ စာဖတ်သူများ ရှေ့မှောက် ရေးသားတင်ပြနိုင်ခဲ့ပါတယ်။

ဤဘလော့ဂ်မှာ ဥမင်နဲ့ မြေအောက် ရထား အင်ဂျင်နီယာ ဆိုင်ရာ သတင်းများ၊ နည်းပညာ ဆောင်းပါးများ၊ မှတ်စုများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ စသည်ဖြင့် ကဏ္ဍစုံလင်စွာ ဖတ်ရှုနိုင်မှာ ဖြစ်သလို အင်ဂျင်နီယာ ဘာသာရပ် ဆိုင်ရာ စာအုပ်များ၊ ဆော့ဖ်ဝဲများ ကိုလည်း အခမဲ့ ကူးယူနိုင်ကြ ပါတယ်။ တခြား လေ့လာရမယ့် Tunneling နဲ့ Metro ဝဘ်ဆိုက်များ၊ ဘလော့ဂ်များကိုလည်း အလွယ်တကူ သွားရောက်နိုင်ရန် စုစည်းဖော်ပြ ပေးထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ရှေ့ဆက်လက်ပြီးလည်း ဘလော့ဂ်ကို ဝင်ရောက် ဖတ်ရှု လေ့လာသူများ အတွက် အကျိုးများစေဖို့၊ ဗဟုသုတ တိုးပွားစေဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

ဘလော့ဂ် ရေးသူများ၏ ထုံးစံအတိုင်း ဘလော့ရေးရန် မောင်းနှင်အားသည် ဝေဖန်၊ အကြုံပြုချက်များမှ လာသည် ဖြစ်ရာ စာဖတ်သူ များထံမှ ဝေဖန်မှုများ၊ အကြံပြုချက်များ၊ ရေးသားထားသော ပို့စ်တစုံတရာနှင့် ပတ်သက်၍ မေးမြန်း ချက်များကို ဝမ်းသာအားရ ကြိုဆို လက်ခံပါကြောင်းနှင့် မိမိတို့တွင် ဥမင် အင်ဂျင်နီယာ နည်းပညာများနှင့် ပတ်သက်ပြီး ဝေငှရန် ရှိပါက The MyMetroworld သို့ ဆက်သွယ် ပေးပို့ နိုင်ပါကြောင်း၊ ထို့အတွက် The MyMetroworld မှ ကျေးဇူး ဥပကာရ အထူး တင်ရှိမည် ဖြစ်ပါကြောင်း ပြောကြားရင်း နိဂုံး ချုပ်လိုက်ပါတယ်။


နေ့မျက်မှောက်ကာလ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်နေသော ကမ္ဘာ့မြို့တော်ကြီး များ၏ အဓိကအကျ ဆုံးပြဿနာမှာ မြို့တော်၏ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍပင်ဖြစ်သည်။ မြို့ပြသို့ ပြောင်းရွှေ့ အခြေချမှု များပြာလာမှုနှင့် အတူ တနေ့တခြား တိုးပွားလာနေသော မြို့လူဦးရေ၊ တိုးတက်လာသော မော်တော်ယာဉ် စီးရေတို့ကြောင့် မြို့ပြ၏နေ့စဉ် လှုပ်ရှားမှုပုံစံသည်လည်း တဖြည်းဖြည်း ကျပ်တည်း ကျဉ်းမြောင်းလာသည်။ စိတ်ပျက်ဖွယ် ကောင်းလောက်အောင် ပိတ်ဆို့နေသော လမ်းမကြီးများ၊ တမေ့တမော စောင့်ဆိုင်းနေကြသော ကားတန်းရှည်များဖြင့် ကမ္ဘာ့မြို့တော်ကြီးများ၏ နေ့စဉ်မြင်ကွင်းများကို တွေ့မြင်ဖူးကြမည် ဖြစ်သည်။ အချိန်နှင့် တပြေးညီ လှုပ်ရှားပြေးလွှား နေရသော မြို့ပြလူနေမှုပုံစံကို အသားကျ ဖြည့်ဆည်းပေးနိုင်ရန် နှင့် တိုးတက်နေသော စီးပွားရေးဒီရေကို ကောင်းမွန်စွာ အထောက်အကူ ပြုနိုင်ရန်အတွက် မြို့ပြ၏ အသက် သွေးကြောကြီးများသဖွယ် ဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ တနည်း သယ်ယူပို့ဆောင်ရေးကို အထူး အလေးပေး စဉ်းစားရန် လိုအပ်လာသည်။
လူဦးရေ ထူထပ်များပြားသော မြို့ကြီးများတွင် မြို့တော်၏ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍကို ကား၊ ရထား၊ ထရော်လီဘတ်စ်၊ ထရန်ရထားများ (street car)၊ မြေအောက် ရထားလမ်း (metro) အစရှိသည့် တတ်နိုင်သမျှသော နည်းလမ်း ပေါင်းစုံဖြင့် ဖြည့်ဆည်းကြသည်။ သမရိုးကျ ကားလမ်းများ၊ ရထားလမ်းများဖြင့် လက်ရှိ လူဦးရေအပေါ် ကောင်းမွန်စွာ ၀န်ဆောင်မှု မပေးနိုင်သောကြောင့် လည်းကောင်း၊ မြို့ပြ၏ယဉ်ကျေးမှု၊ စီးပွားရေးနှင့် ပထ၀ီဆိုင်ရာ အနေအထားများ ကြောင့်လည်းကောင်း၊ မြို့တော်၏ သယ်ယူပို့ဆောင်ရေး အဆင့်အတန်းကို ခေတ်မှီမြို့တော် အင်္ဂါရပ်များနှင့်အညီ အဆင့်မြှင့်တင်ရန်အတွက် လည်းကောင်း မြေအောက် ရထားလမ်း ကွန်ယက်စနစ် (၀ါ) လူအများအပြားကို အချိန်တိုအတွင်း သယ်ယူပို့ဆောင် ပေးနိုင်သော စနစ် (Mass rapid transit system – MRT) ကိုအကောင်းဆုံးသော ဆက်သွယ်ရေး ကွန်ယက်တစ်ခုအဖြစ် ဖောက်လုပ် အသုံးပြုလာကြသည်။

လျင်မြန်မှုရှိခြင်း၊ လုံခြုံမှုရှိခြင်း၊ သွားလာမှု အဆင်ပြေ ချောမွေ့ခြင်း၊ လူအများအပြားကို အချိန်တိုအတွင်းပို့ ဆောင်ပေးနိုင်ခြင်း၊ ခရီးသွားလာမှုစရိတ် များစွာသက်သာခြင်း၊ သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှု လျော့နည်းခြင်း စသည့် အားသာချက်များကြောင့် မြေအောက် ရထားသည် မြို့ပြ၏ သယ်ယူပို့ဆောင်ရေး ကွန်ယက်ကို ကြီးမားစွာ အထောက်အကူ ပြုသော ဆက်သွယ်ရေးစနစ် တစ်ခုဖြစ်သည်။ မြို့ပြ၏ သမိုင်းနှင့် ယဉ်ကျေးမှု ဆိုင်ရာနေရာများ၊ ဗိသုကာဆိုင်ရာ အဆောက်အအုံများနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အနေအထား တို့ကိုလည်း ထိခိုက်မှုမရှိပေ။ ဆောက်လုပ်ရေး ကုန်ကျစရိတ် များပြားခြင်းနှင့် ဆောက်လုပ်ချိန် ကြာမြင့်တတ်သော်လည်း ၎င်းမှ ပြန်လည်ရရှိသော အကျိုးအမြတ်က လွန်စွာမှ ကြီးမားလှသည်ကို တွေ့ရှိ ရသည်။

ကမ္ဘာ့ မြို့တော်ကြီးများတွင် မြေအောက် ရထားကို အားအထားရ ဆုံးသော မြို့ပြသယ်ယူ ပို့ဆောင်ရေး ကွန်ယက်အဖြစ် လက်ခံ အသုံးပြုနေကြပြီ ဖြစ်သည်။ ဆောက်လုပ်ရေးဆိုင်ရာ နည်းပညာများ၊ ဥမင်တူးဖော်ရေး နည်းစနစ်များ၊ စက်ယန္တရား ပစ္စည်းများ ခေတ်မီတိုးတက် လာသောကြောင့်လည်း မြေအောက်ဥမင်၊ ရေအောက်ဥမင် တူးဖော်ရေး စသော လုပ်ငန်းများတွင် အခက်အခဲများကို နည်းပါးလာစေပြီး တည်ဆောက်ရေး လုပ်ငန်းများလည်း ပိုမိုလျင်မြန် လာသည်။ မိမိတို့ မြို့တော်များ၏ လိုအပ်ချက်များအရ မြေအောက် ရထားလမ်းများ အသစ်တည်ဆောက်ခြင်း၊ ရှိပြီးသားလမ်းပိုင်းများကို တိုးချဲ့ဆောက်လုပ်ခြင်းဖြင့် မြေအောက် ရထားပို့ဆောင်ရေး ကွန်ယက်သည် ယနေ့အခါတွင် ကမ္ဘာ့မြို့ကြီးများ အချင်းချင်း ထိစပ်သည့် အနေအထားသို့ပင် ရောက်ရှိလာပြီ ဖြစ်သည်။

အဆင့်ဆင့်ဖွံ့ဖြိုး တိုးတက်လာသော မြေအောက်ဥမင် တည်ဆောက်ရေးလုပ်ငန်းများနှင့် မြေအောက်ရထားဖြစ် ပေါ်လာပုံသမိုင်းကြောင်းကို အနည်းငယ်တင်ပြလိုပါသည်။ ၁၉ ရာစုတွင် မီးရထားလမ်းများ စတင်ပေါ်ပေါက် လာမှု နှင့်အတူ မြေအောက်ဥမင် ဖောက်လုပ်ရေး လုပ်ငန်းများလည်း တပြိုင်နက်ဖွံ့ဖြိုးလာခဲ့သည်။ ဥမင်များကို ရှေးယခင် ကတည်းကပင် စစ်ဘက်နှင့် အရပ်ဘက်ဆိုင်ရာများတွင် ရည်ရွယ်ချက် အမျိုးမျိုးဖြင့် တူးဖော်အသုံးပြုခဲ့ ကြသည်။ သယ်ယူပို့ဆောင်ရေး ဆိုင်ရာဥမင်များကိုမူ ၁၉ ရာစုနောက်ပိုင်းမှ တူးဖော်လာကြခြင်းဖြစ်သည်။ ၁၈၃၀ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၌ ပထမဆုံး ရထားလမ်းဥမင်ကို ဖောက်လုပ်ခဲ့သည်။ ၎င်းဥမင်မှာ ၁၁၉၀ မီတာရှည်လျားပြီး မန်ချက်စတာမြို့နှင့် လီဗာပူးမြို့တို့ကို ဆက်သွယ်ထားသော ရထားလမ်းပေါ်တွင် တည်ရှိသည်။

ထို့နောက်ပိုင်းတွင် ဥရောပ၌ မီးရထားသည် ကုန်းတွင်း သယ်ယူပို့ဆောင်ရေး အတွက် အရေးပါဆုံးသော ဆက်သွယ်ရေး ကွန်ယက် ဖြစ်လာပြီး မီးရထားလမ်းများ၏ အရှည်မိုင်မှာလည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။ သို့တိုင်အောင် ဥရောပမြောက်ပိုင်းနှင့် တောင်ပိုင်းတို့အကြား ကုန်စည်ကူးသန်း ရောင်းဝယ်ရေးတွင်မူ သဘာဝပထ၀ီဆိုင်ရာ အခက်အခဲ၊ အတားအဆီးများကြောင့် မီးရထားလမ်းများဖြင့် ဆက်သွယ်နိုင်မှုမှာ အဟန့်အတား တစ်ခုသဖွယ် ဖြစ်နေခဲ့သည်။ ဤသို့ဖြင့် သဘာဝအတားအဆီးများ၊ တောင်တန်းများကို ဖြတ်ကျော်နိုင်ရန်အတွက် ဥမင်များ ဖောက်လုပ်၍ အသုံးပြုကြရန် စဉ်းစားလာကြသည်။







ဆင်ပလွန်ဥမင်(၁၉၁၃)

စိန့်ဂို့သ်ဟတ်ဥမင်(၁၈၈၁)


ထိုအချိန်က ဥမင်ဖောက်လုပ်ရာတွင် သမရိုးကျ လူအားဖြင့် တူးဖော်သည့် နည်းလမ်းဖြင့်သာ လုပ်ကိုင်နိုင် သေးသည်သာဖြစ်ရာ ဥမင်၏အလျားမှာ လည်းအများဆုံး ၃.၅ ကီလိုမီတာ ထက်မပိုပေ။ ထိုစဉ်ရှိခဲ့သော နည်းပညာ ကလည်း ရှည်လျားသောဥမင်များ ဖောက်လုပ်နိုင်ရေး အတွက် အကန့်အသတ် များစွာရှိခဲ့ သည်။ ၁၈၅၁ ခုနှစ်တွင် ကျောက်တောင်များကို တူးဖော်နိုင်သော လွန်တူးစက်များ တီထွင်လာနိုင်ခြင်း၊ ဒိုင်းနမိုက်နှင့် ဖောက်ခွဲရေးဆိုင်ရာ နည်းပညာများ ပေါ်ပေါက်လာခြင်း စသောနည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အလှည့်အပြောင်းကြောင့် အလွန် ကြီးမားသော အယ်လပိုင်း ကျောက်တောင်များ ကိုဖြတ်ပြီး ဥမင်များဆက်သွယ် ဖောက်လုပ်နိုင်ရန် အခွင့်အလမ်းများ ဖြစ်ပေါ်လာခဲ့သည်။

၁၈၅၇ ခုနှစ်တွင် မောင့်ဆီးနစ်ဥမင်ကို စတင်ဖောက်လုပ်ခဲ့ကြသည်။ ဥမင်ဖောက်လုပ်မှုမှာ ၁၈၇၇ ခုနှစ်အ ထိကြာမြင့်ခဲ့ပြီး ဥမင်အရှည်မှာ ၁၂.၈ ကီလိုမီတာရှိသည်။ အတ္တလန္တိတ်သမုဒ္ဒရာ(ပြင်သစ်)၊ မြေထဲပင်လယ် (အီတလီ) နှင့် ဘောလ်တစ်ပင်လယ် (ဂျာမနီ) တို့ကို ဆက်သွယ်သော မီးရထားလမ်းကြောင်းကို ချိတ်ဆက်ပေးသည်။ နောက်ထပ်(၂)နှစ်အကြာ ၁၈၇၂ ခုနှစ်တွင် စိန့်ဂို့သ်ဟတ် ဥမင်ကိုဖောက်လုပ်သည်။ ထိုဥမင်ကို ၁၈၈၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး (၁၅) ကီလိုမီတာ ရှည်လျားကာ အီတလီနှင့် ဆွစ်ဇာလန်တို့ကို ဆက်သွယ်ထားသည်။ ပထမကမ္ဘာစစ် မတိုင်မီအထိ (၅) ကီလိုမီတာ အထက်ရှိသော ဥမင်ပေါင်း ၂၀ ကျော်ကို တိုးတက်ဖောက်လုပ်ခဲ့ပြီး အရှည် (၁၀.၃) ကီလိုမီတာရှိသော အာရယ်ဘက်ဥမင် (၁၈၈၀-၁၈၈၄)၊ အရှည် (၁၄.၅) ကီလိုမီတာရှိသော လိခ်ျဘက်ဥမင် (ဆွစ်ဇာလန်၊၁၉၀၆-၁၉၁၃) နှင့် အရှည် (၂၀) ကီလိုမီတာရှိသော ဆင်ပလွန်ဥမင် (ဆွစ်ဇာလန်-အီတလီ) တို့မှာထင်ရှားသည်။

နောက်ပိုင်းတွင် မော်တော်ကား လမ်းဥမင်များကိုပါ ဖောက်လုပ်ခဲ့ကြသည်။ ရေအားလျှပ်စစ် ထုတ်လုပ်ရန် ဖောက်လုပ်သော ဥမင်များ၊ သတ္တုတူးဖော် ရေးအတွက် တူးဖော်သော ဥမင်များ၊ အခြားသော ဆက်သွယ်ရေး ဆိုင်ရာ ဥမင်များ အစရှိသည်ဖြင့် ရည်ရွယ်ချက် အမျိုးမျိုးဖြင့် ဖောက်လုပ်ကြသော်လည်း သယ်ယူပို့ဆောင်ရေး အတွက် အသုံးပြုသောဥမင်များမှာ ဒေသတွင်း ကုန်စည်စီးဆင်းမှုနှင့် စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုသည်ကို တွေ့ရှိရသည်။

ယခင်က မြေအောက်ဥမင်အတွင်းပိုင်း တည်ဆောက်ရေးလုပ်ငန်းတွင် အခြေခံအကျဆုံး ဆောက်လုပ်ရေး ပစ္စည်းအဖြစ် ခွဲကျောက်နှင့်ထုံး ရောစပ်ထားသော မဆလာကိုသာ အသုံးပြူခဲ့ရသည်။ ၁၈၈၉ ခုနှစ်နောက်ပိုင်း ပြန်လည် တည်ဆောက်ထားသော ဥမင်များတွင်မူ သံကူကွန်ကရစ်ကို ပထမဦးဆုံး စတင်အသုံးပြု လာနိုင်ခဲ့သည်။ ၎င်းမှာ (၂၀) ရာစုအစောပိုင်း မြေအောက်ဥမင်များ တည်ဆောက်ရေးကို များစွာ အထောက်အကူ ပြုခဲ့သည်။

ပထမကမ္ဘာစစ်အပြီးတွင် မြေအောက်ဥမင်များ ဖောက်လုပ်မှုအနည်းငယ် ကျဆင်းခဲ့သော်လည်း ဥရောပမြို့တော် များတွင် မီးရထားလမ်း ကွန်ယက်များမှာ ထင်ရှားစွာဖွံ့ဖြိုး တိုးတက်လာခဲ့သည်။ စစ်ပြီးခေတ် အထင်ရှားဆုံး မြေအောက်ဥမင် ဖောက်လုပ်မှုမှာ အီတလီနိုင်ငံ ဖလော်ရင့်မြို့နှင့် ဘိုလော့ဂ်နာမြို့တို့ကို ဆက်သွယ်ထား သော အာပင်နိုင်းဥမင် (၁၉၂၀-၁၉၃၁) ဖြစ်သည်။ အလျား (၁၈) ကီလိုမီတာကျော် ရှည်လျား၍ မြေအောက်ဘူတာရုံ လည်းပါဝင်သည်။

တပြိုင်တည်းမှာပင် မော်တော်ကားလမ်းများလည်း လျင်မြန်စွာ ဖွံဖြိုးတိုးတက်လာပြီး ကားလမ်း ဥမင်များလည်း ဖောက်လုပ်လာကြသည်။ အထင်ရှားဆုံးသော ကားလမ်းဥမင်မှာ စိန့်ဂို့သ်ဟတ်ဥမင် (ဆွစ်ဇာလန်) ဖြစ်ပြီး ရထားလမ်းဥမင် နှင့်အပြိုင် ၁၉၈၀ ခုနှစ်တွင် ဖောက်လုပ်ခဲ့သည်။ ၁၆.၃ ကီလိုမီတာ ရှည်လျားသည်။ တောင်ကြောများကိုဖြတ်သန်း ဖောက်လုပ်သော ဥမင်များလည်း ဆက်လက်ဖွံ့ဖြိုး တိုးတက်လာသည်။ ဂျပန်နိုင်ငံတွင် ၁၉၈၁ ခုနှစ် တွင်ဖောက်လုပ် ခဲ့သော ဒါအိ-ရှင်မိဇုဥမင်မှာ (၂၂.၂) ကီလိုမီတာ ရှည်လျားပြီး နှစ်မွှာဥမင် အမျိုးအစားဖြစ်သည်။

မြေအောက်ဥမင် ဖောက်လုပ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အတူ ရေအောက်ဥမင် ဖောက်လုပ်ရေး နည်းပညာများလည်း တပြိုင်တည်း ဖွံ့ဖြိုး တိုးတက်လာသည်။ လွန်သွားစက် (Shield Tunneling Method) ဖြင့်တူးဖော်သော နည်းပညာကို အသုံးပြု လာနိုင်၍လည်း ရေအောက်ဥမင် လမ်းကြောင်းများ ပေါ်ပေါက်လာသည်။ အထင်ရှားဆုံးမှာ အင်္ဂလန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့ကြား အင်္ဂလိပ် ရေလက်ကြားကို ဖြတ်၍ဖောက်လုပ်ခဲ့သော ရေအောက်ဥမင် (channel tunnel) ဖြစ်ပြီး ၃၁.၁ မိုင်ရှည်လျားကာ ၁၉၉၄ ခုနှစ်က ဖွင့်လှစ်ခဲ့သည်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ မြေအောက်ရထားလမ်း တစ်ခုတည်းတွင်ပင် ထိုကဲ့သို့ ရေအောက်ဖြတ် ဥမင်ပေါင်း (၂၀) ကျော်ခန့်ရှိသည်။ ထိုဥမင်များထဲမှ အထင်ရှားဆုံးမှာ ဂုဇုန်မြစ်ကိုဖြတ်၍ ဖောက်လုပ်ထားသော လင်ကွန်းဥမင်ဖြစ်ပြီး (၁၃.၅) ကီလိုမီတာ ရှည်လျားသည်။ ၁၉၈၅ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ ဟွန်းရှုးကျွန်းနှင့် ဟော့ကိုင်းဒိုးကျွန်းကို ဆက်သွယ်ပေးသည့် အရှည် (၅၄) ကီလိုမီတာရှိသော ကမ္ဘာ့အရှည်လျားဆုံး ရေအောက်ရထားလမ်းဥမင်ကို တည်ဆောက်ခဲ့သည်။ ပင်လယ် ရေအောက်တွင်ရှိသော အပိုင်းမှာ (၂၃.၃) ကီလိုမီတာ ရှိသည်။ ထိုကဲ့သို့ လွန်သွားစက်ဖြင့် ရေအောက်ဖြတ်ဥမင် တည်ဆောက်ခြင်း နည်းပညာများ တိုးတက်လာသည် နှင့်အမျှ တည်ဆောက်ရေးကာလ၊ ကုန်ကျစရိတ် များကိုလည်း တတ်နိုင်သမျှ နည်းပါးအောင် ဆောင်ရွက်လာနိုင် ခဲ့ကြသည်။

ယနေ့ကာလတွင် ယာဉ်ကြောများစွာပါရှိသော အရွယ်အစား ကြီးမားသော ဥမင်များဖောက်လုပ်လာနိုင်ပြီ ဖြစ်သည်။ ဂျာမနီနိုင်ငံတွင် အယ်လဘာမြစ်ကို ဖြတ်၍ဖောက်လုပ်သော ဥမင်မှာ အကန့် (၈) ခုနှင့် ဥမင်အရွယ် အစားမှာ (၄၂.၅ _၈.၅) မီတာရှိပြီး အလျားမှာ (၁၃၂) မီတာရှိသည်။ ၁၉၇၅ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ဖွင့်လှစ်ခဲ့သော တိုကီဥမင်မှာ (၃၇.၄ _၈.၈) မီတာအရွယ်အစားရှိပြီး (၁၁၅) မီတာရှည်လျားကာ အကန့် (၉) ကန့်ပါသည်။

၁၈၆၃ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၌ လန်ဒန်မြို့တော် မြေအောက် ရထားလမ်းများကို စတင် ဖောက်လုပ်ခဲ့ပြီးနောက် ကမ္ဘာ့ မြို့တော်ကြီးများတွင် အလွန်ရှုပ်ထွေး ကြီးမားသော မြေအောက် မီးရထားလမ်းများ အလျှိုလျှို ပေါ်ပေါက်လာခဲ့ သည်။ ကမ္ဘာ့ အထင်ရှားဆုံး မြေအောက် ရထားလမ်း ကွန်ယက်များသည် မြို့တော်၏ဧရိယာ ကြီးမားကျယ်ပြန့်သည် နှင့်အမျှ အလွန်ကြီးမားပြီး ရှုပ်ထွေးသလို မြေအောက် ရထားလိုင်း များလည်း များပြားသည်။ အမေရိကန်နိုင်ငံ နယူး ယောက်မြို့ရှိ မြေအောက် ရထားလမ်းများ၏ စုစုပေါင်းအရှည်မှာ (၃၉၂) ကီလိုမီတာရှိသည်။ မြေအောက် ရထားလိုင်း ပေါင်း (၂၇) လိုင်းရှိ၍ မြေအောက် ဘူတာရုံပေါင်း (၄၇၁) ခုရှိသည်။ လန်ဒန်မြို့ မြေအောက် ရထားလမ်းမှာ (၄၁၅) ကီလိုမီတာ ရှည်လျားကာ ရထားလိုင်း (၁၂) လိုင်းနှင့် မြေအောက်ဘူတာရုံ (၃၈၂) ခုရှိသည်။ ပြင်သစ်နိုင်ငံပါရီမြို့ ၏မြေအောက်ရထား လမ်းများမှာ စုစုပေါင်း (၂၁၂.၅) ကီလိုမီတာရှည်လျားပြီး ရထားလိုင်း (၁၄) လိုင်းနှင့် မြေအောက် ဘူတာရုံ (၃၄၀) ခုရှိသည်။ ရုရှားနိုင်ငံ မော်စကိုမြို့ မြေအောက် ရထားလမ်းမှာ (၂၇၈.၃) ကီလိုမီတာ ရှည်လျားပြီး ရထားလိုင်းပေါင်း (၁၁) လိုင်းရှိကာ မြေအောက်ဘူတာရုံပေါင်း (၁၇၂) ခုရှိသည်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ မြေအောက် ရထားလမ်းများမှာ (၂၁၀) ကီလိုမီတာ ရှည်လျားပြီး ရထားလိုင်းပေါင်း (၁၀) လိုင်းရှိကာ ဘူတာရုံပေါင်း (၁၉၄) ခုရှိသည်။

မျက်မှောက်ကာလတွင် ကမ္ဘာ့မြို့ကြီးပေါင်း (၁၅၀) ကျော်၌ မြေအောက်ရထားလမ်းများ ရှိနေပြီဖြစ်သည်။ ဆောက်လုပ်ဆဲ မြေအောက်ရထားလမ်း စီမံကိန်း (၅၀) ကျော်ရှိသည်။ မြေအောက်ရထားတပိုင်း အခြားသော ဆက်သွယ်ရေးလမ်းများလည်း ဖောက်လုပ်နေကြသည်။ အာဆီယံနိုင်ငံများထဲမှ ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူနှင့် မနီလာမြို့တော်များတွင် မြေအောက်ရထားလမ်း ကွန်ယက်များရှိနေပြီ ဖြစ်သည်။ ထို့အတူ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့နှင့် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင်လည်း မြေအောက်ရထား စီမံကိန်းများကို စတင် အကောင်အထည်ဖော်နေပြီ ဖြစ်သည်။

ဥရောပတိုက်၏မြေအောက်ရထားလမ်းများရှိသောမြို့ကြီး ၄၉ မြို့။

ယနေ့မြို့တော်များတွင် သယ်ယူပို့ဆောင်ရေး ကွန်ယက်မှာ ကြီးမားရှုပ်ထွေးလှသလို ၎င်းကို အဆင်ပြေ ချောမွေ့စွာ လည်ပတ်နိုင်ရေးမှာလည်း မြို့တော်၏တည်နေရာ၊ မြို့ကွက် အနေအထားနှင့် ပထ၀ီဝင်ဆိုင်ရာ အချက်အလက်များ အပေါ်တွင်များစွာ မူတည်နေသည်။ မြို့ပြများ၏ မြေအောက် ရထားလမ်းများကို မိမိတို့မြို့တော်၏ လိုအပ်ချက် အပေါ်ကိုလိုက်၍ တည်ဆောက် ကြသည်ကို တွေ့ရပြီး အများအားဖြင့် မြို့တော်၏ လူနေထူထပ်ရာ၊ စီးပွားရေး အချက်အချာ နေရာများကို ချိတ်ဆက် တည်ဆောက် ထားကြသည်ကို တွေ့ရှိရပါသည်။

အမေရိကတိုက်၏မြေအောက်ရထားလမ်းများရှိသောမြို့ကြီး ၄၉ မြို့။

မြို့တော်ဧရိယာအတွင်းရှိ မြစ်၊ ချောင်း၊ တောင်ကုန်း၊ ချိုင့်စသည့် သဘာဝ အနေအထား၊ အခြားကားလမ်း၊ ရထားလမ်း ကွန်ယက်များ၏ ချိတ်ဆက်မှု အနေအထားနှင့် မြို့တော်ဧရိယာ တစ်ခုလုံးကို တတ်နိုင်သမျှ ဖြန့်ကျက်နိုင်မှု၊ မြို့နေလူထု၏ အများဆုံးသွားလာသော လမ်းကြောင်း၊ လူဦးရေပမာဏ၊ တစ်နေ့တာ (သို့) တစ်နာရီတွင် သွားလာသော ခရီးသည်ဦးရေနှုန်း၊ မြေအောက်ရထား၏ သယ်ယူပို့ဆောင်နိုင်မှု ပမာဏ၊ အခြား မော်တော်ယာဉ်၊ ဘတ်စ်ကား၊ ရထားတို့၏ သယ်ယူပို့ဆောင်နိုင်မှု ပမာဏ စသည်တို့ကို အခြေခံ၍ ဖောက်လုပ်ကြသည်ကို တွေ့ရသည်။ အများအားဖြင့် လူဦးရေ တစ်သန်း အထက်ရှိသော မြို့ကြီးများတွင် မြေအောက်ရထားကို ဖောက်လုပ် အသုံးပြုကြပါသည်။

ဤနေရာတွင် မြေအောက်ရထားလမ်း (Metro) အကြောင်းကို ပိုမိုသဘောပေါက် နားလည်စေရန် ရှင်းပြပါမည်။ Metro ဆိုသည်မှာ မြေအောက် ရထားလိုင်း ကွန်ယက်တစ်ခု ဖြစ်ပြီး လူအမြောက်အများကို တပြိုင်တည်း သယ်ယူပို့ဆောင် ပေးနိုင်သော ခေတ်မီမြို့ပြ သယ်ယူ ပို့ဆောင်ရေး ၀န်ဆောင်မှု တစ်ခုဖြစ်သည်။ များသောအားဖြင့် မြေအောက်အတွင်း၌ ဖောက်လုပ်ထားပြီး တချို့နိုင်ငံများတွင်မူ မြေပေါ် လမ်းပိုင်းများဖြင့် ချိတ်ဆက် အသုံးပြုကြကာ တပိုင်း မြေအောက်ရထား ကွန်ယက် သဖွယ်ဖြစ်ပါသည်။ Metro ဟူသော စကားလုံးသည် Metropolitan မှခွဲထွက်လာခြင်းဖြစ်ပြီး မူရင်းစကားလုံးမှာ ပြင်သစ်ဘာသာဖြင့် ရှေးက Capital ဟုအဓိပ္ပာယ် ဖွင့်ဆိုကြသည်။ Subway ဟုလည်း ခေါ်ကြသည်။ Metro (သို့) Subway ကို အင်္ဂလိပ်ဘာသာဖြင့် အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
“A rapid transit, underground, subway, tube, elevated, or metro(politan) system is a railway system, usually in an urban area, with a high capacity and frequency of service, and grade separation from other traffic”
မြေအောက် ရထားလမ်းများမှာ အများအားဖြင့် မြို့တော်၏ မြေအောက်တွင် ဥမင်များဖြင့်ဆက်သွယ် ဖောက်လုပ်ထားသော လမ်းကြောင်းများဖြစ်သည်။ မြေအောက် ရထားလမ်း ဟုဆိုသော်လည်း အမြဲတစေ မြေအောက်တွင်ရှိမည် မဟုတ်ပေ။ အချို့နေရာများတွင် မြေပေါ်မှ ဖြတ်သန်းသွား သည်လည်းရှိသည်။ ဥပမာ မြစ်ချောင်းများ အောက်မှ ဥမင်ဖြတ်တူးရန် မဖြစ်နိုင်သော နေရာများတွင် လည်းကောင်း၊ အခြားကားလမ်းများ၊ ရထားလမ်းများနှင့် ဆုံသော နေရာများတွင် လည်းကောင်း၊ မြို့တော်၏သမိုင်းနှင့် ဗိသုကာဆိုင်ရာ အဆောက်အဦးများကို ထိခိုက်စေနိုင်သည့် နေရာများတွင် လည်းကောင်း မြေပေါ်တွင်ဖြစ်စေ၊ တံတားများဖြင့် ဖြစ်စေ ဆက်သွယ် ဖောက်လုပ်ကြရသည်။ ၎င်းလမ်းပိုင်းများကို Sky way (သို့) Elevated ဟုလည်း ခေါ်သည်။

ထို့ကြောင့် အချို့သော မြို့ကြီးများတွင် မြေအောက် ရထားလမ်းများ၏ တစိတ်တပိုင်းမှာ မြေပေါ်တွင် တံတားများဖြင့် တည်ရှိကြခြင်း ဖြစ်သည်။ ဘန်ကောက်၊ ကွာလာလမ်ပူနှင့် စင်္ကာပူမြို့တို့၏ မြေအောက် ရထားလမ်း ကွန်ယက်များတွင် အဆိုပါ Sky train လမ်းပိုင်းများကို တွေ့ရှိနိုင်ပေသည်။ ၎င်းလမ်းများသည် မြေပေါ်တွင် ဖြစ်လင့်ကစား မြေအောက် ရထားလမ်းများနှင့် ချိတ်ဆက် နေသောကြောင့် မြို့တော်၏ မြေအောက် ရထားလမ်း ကွန်ယက် (Metropolitan network) တွင်ထည့်သွင်း ထားရခြင်းဖြစ်သည်။

မြေအောက်ဥမင်များ ဖောက်လုပ်ရာတွင်လည်း အောက်ခံမြေ အမျိုးအစားကိုလိုက်၍ နည်းအမျိုးမျိုး အသုံးပြု ဖောက်လုပ်ကြသည်။ မြေအောက် ဘူတာရုံများကိုမူ ရထားလမ်းကြောင်းများနှင့် ချိတ်ဆက်၍ မြေပေါ်တွင် ထားရှိရမည့် ဘူတာဝင်ပေါက် အဆောက်အအုံအတွက် လိုအပ်သော မြေဧရိယာ အနေအထားအရ ဆောက်လုပ်ကြသည်။ လမ်းကြောင်းများ တည်ရှိမှု၊ မြေအမျိုးအစားနှင့် ခံနိုင်ရည်တို့ကိုမူတည်၍ မြေအောက် ဘူတာများ၏ အနက်မှာ အနည်းနှင့်အများ ကွာခြားချက်ရှိသည်။

မြေအောက်ရထားလမ်း ဖောက်လုပ်ရေးစီမံကိန်းများသည် အလွန်ကြီးမားသလို ကုန်ကျစရိတ်လည်း အလွန်များပြားသည်။ ကနဦး စီမံကိန်းရေးဆွဲရာတွင် မီထရိုပိုလီတန် တည်ဆောက်မည့်မြို့တော်၏ တည်နေရာနှင့် ပထ၀ီအနေအထား၊ စီးပွားရေးနှင့် ကုန်စည်စီးဆင်းမှု၊ မြို့တော်၏လူဦးရေ၊ နေ့စဉ်သွားလာမှု လမ်းကြောင်းများ၊ အခြားမော်တော်ယာဉ်၊ ရထားများ၏ သယ်ယူပို့ဆောင်နိုင်မှု ပမာဏနှင့် မြေအောက်ရထား ဖောက်လုပ်ရန် အမှန်တကယ် လိုအပ်ခြင်းရှိ၊ မရှိ။ ဖောက်လုပ်မည့် မြေအောက်ရထား အမျိုးအစားနှင့် ကုန်ကျမည့်စရိတ်၊ ၎င်းမှပြန်လည်၍ ရရှိမည့် အကျိုးအမြတ် စသည်တို့ကို ဦးစွာစဉ်းစား သုံးသပ်ရန် လိုပေမည်။

လက်ရှိ ရင်ဆိုင်နေရသော ယာဉ်ကြောပိတ်ဆို့မှု၊ လူဦးရေးများပြားလာမှုနှင့် ယာဉ်စီးရေ မလုံလောက်မှု၊ သဘာဝပတ်ဝန်းကျင် လေထုညစ်ညမ်းလာမှု စသော ပြဿနာများကို ဖြေရှင်းရန်နှင့် ခေတ်မှီမြို့တော် တစ်ခု၏ အင်္ဂါရပ်နှင့် ညီညွတ်သော သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုတစ်ရပ်ကို ဖော်ဆောင်ရန်အတွက် မြေအောက် ရထားလမ်း ကွန်ယက်စနစ်သည် အဖက်ဖက်က ပြည့်စုံကောင်းမွန်သော စနစ်တစ်ခုဖြစ်သည်ကို လေ့လာတွေ့ရှိ ရပါသည်။ သို့သော်လည်း လက်ရှိကာလ မိမိတို့နိုင်ငံ၏ နည်းပညာ၊ ငွေကြေးနှင့် လူ့အရင်းအမြစ် အခြေအနေအရ ၎င်းစနစ်မျိုးကို အကောင်အထည်ဖော်ရန်မှာ ခက်ခဲနေပေရာ မြို့ပြသယ်ယူပို့ဆောင်ရေး စနစ်အတွက် အသင့်တော်ဆုံးသော Mass rapid transit စနစ်တစ်ခုကို ရွေးချယ်ရာတွင် မြေအောက်ရထားလမ်းအပြင် နောက်ထပ် နည်းလမ်းတစ်ခုကိုလည်း ထည့်သွင်း စဉ်းစားနိုင်ပါသေးသည်။ ၎င်းမှာ မြေပေါ်မြှင့်ပြီး မိုးပျံလိုင်းများ Sky train (သို့) elevated line များဖြင့် မြို့တော်၏ အခြားသော သယ်ယူပို့ဆောင်ရေး ကွန်ယက်များနှင့် ချိတ်ဆက် အသုံးပြုနိုင်ခြင်း ဖြစ်သည်။

အာရှတိုက်၏မြေအောက်ရထားလမ်းများရှိသောမြို့ကြီး ၄၇ မြို့။

ဥရောပ၊ အာရှ၊ အမေရိက၊ သြစတြေးလျနှင့် အာဖရိကတိုက်များရှိ မြေအောက်ရထားလမ်း စနစ်များရှိသောမြို့ကြီးများကို လေ့လာကြည့်လျှင် လူဦးရေ သန်းကျော် နေထိုင်သော မြို့ကြီးများဖြစ်ခြင်း၊ စီးပွားရေးနှင့် ကုန်စည်ကူး သန်းရောင်းဝယ်မှု၊ စက်မှုလုပ်ငန်း အချက်အချာကျသော မြို့ကြီးများ၊ တနည်းအားဖြင့် မြို့တော်ကြီးများ ဖြစ်သည်ကို တွေ့ရသည်။ သို့ဖြစ်ရာ ၎င်းမြို့ကြီးများ၏ စီးပွားရေး၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့တော်၏ သယ်ယူ ပို့ဆောင်ရေးတွင် မြေအောက် ရထားလမ်း (Metro) သည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ မြေအောက်ရထားသည် (၂၁) ရာစု ခေတ်မှီမြို့တော်ကြီးများ၏ မရှိမဖြစ် လိုအပ်လာသော သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုတစ်ရပ် လည်းဖြစ်၏။ ကမ္ဘာ့မြေမျက်နှာပြင် တစ်ခုလုံး၏ ဧရိယာမှာ သန်းပေါင်း (၅၁၀) စတုရန်း ကီလိုမီတာရှိသည်။ သို့သော် တနေ့တခြား များပြားလာသော လူဦးရေနှင့်အညီ ကြီးမားလာသော ယနေ့ မီဂါပိုလစ် မြို့တော်ကြီးများ၏ ဧရိယာမှာ အမြဲလိုလို ကျပ်တည်းနေသည်ဖြစ်ရာ လူများနှင့် ကုန်စည်များကို လုံခြုံလျင်မြန် ချောမွေ့စွာ သယ်ယူပို့ဆောင် ပေးရန်အတွက် အခြေခံ အဆောက်အအုံတစ်ခု ဖြစ်သော မြေအောက် ရထားလမ်းများကို တိုးတက် ဖောက်လုပ် နေကြခြင်း ဖြစ်သည်။

လူဦးရေ ခြောက်သန်း နီးပါးရှိသော ရန်ကုန်မြို့တော်တွင်လည်း လက်ရှိ ပြေးဆွဲနေသော ယာဉ်အရေအတွက်နှင့် ခရီးသွားဦးရေတို့ အချိုးအစား မညီမျှ သောကြောင့် မြို့နေလူထုအနေဖြင့် ခရီးသွားလာရာတွင် ယာဉ်ရှားပါးခြင်း၊ ယာဉ်စီးနင်းခ ကြီးမြင့်လွန်းခြင်း၊ တနေရာမှ တနေရာသို သွားလာချိန် ကြာမြင့်၍ မလိုလားအပ်ပဲ အချိန်များ ဆုံးရှုံးနေရခြင်း၊ လက်ရှိပြေးဆွဲနေသော မော်တော်ယာဉ်များ၊ ဘတ်စ်ကားများ၏ ကြံ့ခိုင်မှု အားနည်း သောကြောင့် ယာဉ်မတော်တဆမှုများ ကြုံတွေ့နေရခြင်း စသည့် သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုစနစ် ညံ့ဖျင်းမှု၏ ဆိုးကျိုးများကို နေ့စဉ်ကြုံတွေ့ ရင်ဆိုင်နေရပြီ ဖြစ်ပါသည်။ ယခုလက်ရှိ ရှိနှင့်ပြီး မြို့နေလူဦးရေ အတွက် ယာယီအစီအမံများဖြင့် အစားထိုး ဖြေရှင်းထားနိုင်သော်လည်း လာမည့် ဆယ်စုနှစ်များတွင် တိုးပွားလာမည့် မြို့တော်၏လူဦးရေကို အဆင်ပြေစွာ ဖြည့်ဆည်းပေးနိုင်မည့် သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုတစ်ခုကို ဖော်ဆောင်ရန် မဖြစ်မနေ စဉ်းစားကြရတော့မည် ဖြစ်ပါသည်။ ခေတ်မှီမြို့တော်တစ်ခုရဲ့ အင်္ဂါရပ်တစ်ခုလည်း ဖြစ်ပြီး အဓိကကျသော မြို့ပြ အခြေခံ အဆောက်အအုံ တစ်ခုလည်း ဖြစ်ပါသည်။

သို့ဖြစ်ရာ နေ့စဉ်ကြုံတွေ့နေရသော မြို့နေလူထု၏ ခရီးသွားလာမှုပြဿနာကို အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေး၊ တိုးတက်များပြားလာသော မော်တော်ယာဉ်စီးရေကို ထိန်းချုပ်နိုင်ရေး၊ မြို့တော်၏ သဘာဝပတ်ဝန်းကျင်ကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ရေး၊ လောင်စာဆီသုံးစွဲမှုကို လျော့ချနိုင်ရေးနှင့် ကုန်စည်စီးဆင်းမှု ပိုမိုလျင်မြန်လာစေရေးတို့ကို အထောက်အကူ ဖြစ်စေသောငှာ မြေအောက် ရထားလမ်း စနစ် သို့မဟုတ် Mass rapid transit system တစ်ခုကို အလျင်အမြန် အကောင်အထည် ဖော်သင့်ပြီဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။

မှီငြမ်းကိုးကား။
၁။ Tunnels and metropolitan, V.G.Harapop, Y.A.Demeshko, C.N.Naumov , 1989.
၂။ Manual for tunnel engineers, Y.A.Limanov. 1976.
၃။ Transportation tunnels and metropolitan, O.N.Makarov, V.E.Merkin, 1991.
၎။ www.urbanrail.net

၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်း၏ ဘလော့ဂ် ဒိုင်ဂျက်ကဏ္ဍ၌ ဤဆောင်းပါးအား ပုံနှိပ်ဖော်ပြခဲ့ပြီး။

Download this article as PDF

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.