(Dedicated to 6th Intake Civil and EP engineers)
ယ
နေ့ အချိန်အခါတွင် ကမ္ဘာတဝှမ်း၌ မြေအောက်ကဏ္ဍကို အသုံးချမှုများ ယခင် ဆယ်စုနှစ်၊ ရာစုနှစ်များကထက် အရေအတွက်သာမက အရည်အသွေးပိုင်းအရပါ အဆပေါင်းများစွာ ပိုမိုတိုးတက်လာသည်ကို တွေ့ရပေသည်။ သယ်ယူပို့ဆောင်ရေး၊ မြေအောက်မီးရထား ကွန်ယက် (Metropolitan)၊ မြို့ပြအင်ဂျင်နီယာဆိုင်ရာ၊ ကာကွယ်ရေးဆိုင်ရာ၊ ရေအားသုံး စွမ်းအင်ဆိုင်ရာ၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး အစရှိသည့် ကဏ္ဍပေါင်းစုံ၌ လိုအပ်ချက် အမျိုးမျိုးတို့ကြောင့် မြေအောက်ကမ္ဘာကို ချဲ့ထွင်တိုးဝင်လာကြသည်။
လက်ရှိအချိန်တွင်လည်း ဒူဘိုင်း၊ ဟိုချီမင်း၊ ရှန်ဟိုင်း အစရှိသော အာရှ၊ ဥရောပ၊ အမေရိက၊ အာဖရိကတို့ရှိ ကမ္ဘာ့မြို့ကြီးများ၌ မြေအောက်ရထားလမ်း ကွန်ယက်များ၊ မြေအောက် ဆောက်လုပ်ရေး စီမံကိန်းကြီးများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်နေကြသည်။ တိုးတက်လာသော ဥမင်တူးဖော်ရေး၊ ဆောက်လုပ်ရေး နည်းပညာနှင့် ပစ္စည်းကိရိယာများကြောင့်လည်း မြေအောက်ကဏ္ဍ ဖွံ့ဖြိုးမှုမှာ ပိုမိုမြန်ဆန်လာသည်။ ထို့အတူ ၎င်းစီမံကိန်း လုပ်ငန်းကြီးများကို တာဝန်ယူလုပ်ကိုင်သည့် မြေအောက်ဆောက်လုပ်ရေး ကုမ္ပဏီကြီးများ၊ တူးဖော်ရေး စက်ပစ္စည်း ကိရိယာများ ထုတ်လုပ်သည့် ကုမ္ပဏီကြီးများသည်လည်း နှစ်ရှည် အရင်းအနှီးကြီးမားစွာ မြှုပ်နှံ၍ ကမ္ဘာ့စီးပွားရေး ကွန်ယက်ထဲသို့ ဝင်ရောက်လာသလို တဖက်ကလည်း ၎င်းစီမံကိန်း လုပ်ငန်းကြီးများတွင် အရည်အသွေး ပြည့်ဝစွာဖြင့် ဝင်ရောက်လုပ်ကိုင်နိုင်မည့် စွမ်းဆောင်ရည် မြင့်မားသည့် အင်ဂျင်နီယာများ၊ ပညာရှင်များကိုလည်း နည်းပညာ တက္ကသိုလ်များနှင့် ချိတ်ဆက်၍ အများအပြား မွေးထုတ်လာသည်ကို တွေ့ရပေသည်။
မြန်မာနိုင်ငံတွင်လည်း လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားရေး ရည်မှန်းချက်များ ချမှတ် အကောင်အထည်ဖော်နေရာတွင် မြေအောက် အဆောက်အအုံ နည်းပညာနယ်ပယ်၌ အခြားကမ္ဘာ့နိုင်ငံများနည်းတူ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အဆင့်မြင့် နည်းပညာရှင်များ၊ ပညာရှင်များ၊ အင်ဂျင်နီယာများ အစရှိသည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ရေးသည်လည်း အစိတ်အပိုင်း တစ်ရပ်သဖွယ် ဖြစ်လာပါသည်။
ပြီးခဲ့သည့် မေလ (၂၈) ရက်နေ့က မီးရထားတက္ကသိုလ်၏ Department of Electric traction ဌာနတွင် လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ ၂ ဦးက သုံးနှစ်တာ မိမိတို့ သင်ကြားတတ်မြောက်ခဲ့သည့် ပညာရပ်များနှင့် ပတ်သက်၍ မဟာအင်ဂျင်နီယာ ဘွဲ့ယူစာတမ်းအား အကောင်းဆုံး ဖတ်ကြားခုခံချေပနိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ မီးရထားကဏ္ဍကို တိုးတက်အောင် စွမ်းဆောင်နိုင်မည့် အဆင့်မြင့် အင်ဂျင်နီယာများဖြစ်လာကြပြီ ဖြစ်ပါသည်။ ဇွန်လ (၁၆) ရက်နှင့် (၁၇) ရက်နေ့များတွင်လည်း Department of Underground construction (ယခင် Department of tunneling and metropolitan)တွင် မြို့ပြအင်ဂျင်နီယာ ၁၅ ဦးမှ မြေအောက် ဥမင်နှင့် အဆောက်အအုံအမျိုးမျိုး ဆောက်လုပ်ခြင်းဆိုင်ရာ စာတမ်းများကို ဖတ်ကြားတင်သွင်းကာ မြန်မာနိုင်ငံ ဥမင်နှင့် မြေအောက် အဆောက်အအုံများဆိုင်ရာ အင်ဂျင်နီယာလောကအတွက် မျိုးဆက်သစ် အင်ဂျင်နီယာများ ဖြစ်လာကြပေပြီ။
မဝေးတော့သော အနာဂတ်တွင် ခေတ်မီမြို့ပြဆိုင်ရာ လိုအပ်ချက်များအရ မြန်မာနိုင်ငံတွင်လည်း အလားတူ သယ်ယူပို့ဆောင်ရေး ဥမင်များ၊ မီထရိုပိုလီတန်များ၊ မြို့ပြနှင့် အခြားသော ကဏ္ဍစုံအတွက် မြေအောက် အဆောက်အအုံများကို ဆောက်လုပ်လာရမည်မှာ မလွဲဧကန်ဖြစ်ပေသည်။
ထိုကဲ့သို့ ဥမင်နှင့် မြေအောက် အဆောက်အအုံများ တည်ဆောက်ရာတွင် လိုအပ်သည့် စက်မှုနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု စသည့် နည်းပညာ အရင်းအမြစ်၊ ကျွမ်းကျင်ပညာရှင်များ၊ အင်ဂျင်နီယာများ အစရှိသည့် လူ့အရင်းအမြစ်များ လုံလောက်စွာ ရရှိနေမှုများသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေသည်ဖြစ်ရာ ယခုမျိုးဆက်သစ် ဥမင်နှင့် မြေအောက်အဆောက်အအုံ ဆောက်လုပ်ရေး အင်ဂျင်နီယာများ၊ လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာများ အနေဖြင့် နိုင်ငံအတွက် လိုအပ်နေသည့် နည်းပညာနှင့် လူ့စွမ်းအား အရင်းအမြစ် လိုအပ်ချက်များကို တထောင့်တနေရာမှ ဖြည့်စွမ်းနိုင်လိမ့်မည် ဖြစ်ကြောင်း ဂုဏ်ပြုရေးသားလိုက်ရပေသည်။
ကျေးဇူး အထူးတင်ပါတယ် အစ်ကို။ မပြန်ခင်မှာ ကိုယ်လေ့လာခဲ့တဲ့ အပိုင်းအလိုက်ကို ပြန်လည် မျှဝေပေးကြဖို့ သူငယ်ချင်းများ အားလုံးကိုလည်း တိုက်တွန်း လိုပါတယ်။
ကောင်းတယ်ဗျ ... အလုပ်လုပ် မယ့် ပညာရှင်တွေ တစ်ကယ် အသုံးချခွင့် ရကြပါစေ ခင်ဗျာ ... :)
Congratulations ပါ အစ်ကိုတို့ရေ..
ခုလို အောင်အောင်မြင်မြင်ပြီးဆုံးသွားတာ ၀မ်းသာပါတယ်.. နောင်လဲ ဒီပညာရပ်တွေကို အသုံးချနိုင်ပါစေ..
ဂုဏ်ယူပါတယ် အကိုရေ ကျွန်နော်တို့ နိုင်ငံမှာလည်း အနာဂတ်မှာ မြေအောက် ရထားလို လုပ်ငန်းတွေ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ Congratulation!!
ပြောသလို ဖြစ်ပါစေ...။
ဘာပဲဖြစ်ဖြစ် အောင်မြင်စွာပီးဆုံးနိုင်ခဲ့တာကိုတော့ ဂုဏ်ယူပါတယ်..။
အားလုံးအတွက် ဝမ်းသာဂုဏ်ယူ ပါတယ်။ မိမိတို့  အတွေ့ အကြုံ တွေကိုလဲ ယခု ကဲ့သို့ ဆက်လက်မျှဝေရင်း တိုင်းပြည်တာဝန်များကိုလဲ ကျေပွန်စွာထမ်းဆောင်နိုင်မည်ဟု ယုံကြည်ပါသည်။
BTW, Plaxis အကြောင်းလေးလဲ ရေးပါအုံး။