ကျွန်တော်ပြောချင်နေခဲ့တဲ့ အကြောင်းအရာလေးတစ်ခုရှိပါတယ်။ ပြောဖို့စိတ်ကူးလိုက်၊ မပြောတော့ပါဘူးလို့ ဆုံးဖြတ်လိုက်နဲ့ နေလာတာ နှစ်တွေတောင် တော်တော်ကြာပါပြီ။ အခုတော့ ပြောလိုက်တော့မယ်ဗျာ။
အကြောင်းကတော့ ရန်ကုန်မြို့ကြီးနဲ့ ပတ်သက်လို့ပါ။ တခြားကမ္ဘာ့မြို့ကြီးတွေကို အပေါ်စီးက ကြည့်ရင် အရမ်းလှတာကို တွေ့ရမှာပါ။ Urban plan စနစ်တကျရှိတာရယ်၊ မြို့ပြဗိသုကာဆိုင်ရာ အလှအပတွေကို ထိန်းသိမ်းတာ၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ အမြဲတစေကြိုးစားနေကြတာတွေကြောင့် နေချင်စဖွယ်၊ သွားလည်ချင်စဖွယ်လည်း ဖြစ်ပါတယ်။
ကျွန်တော်တို့ ရန်ကုန်မြို့ကြီးကတော့ တော်တော်အကြည့်ရဆိုးနေပါပြီ။ မြို့နယ်တိုင်းမှာ လူနေတိုက်တာတွေ ပြည့်ကြပ်နေပြီးတော့ နေရာလွတ်မရှိတော့ပါဘူး။ Green Area လည်းတော်တော်နည်းလာပါတယ်။ မြို့ပြအိုးအိမ်ဆိုင်ရာ Plan မရှိတာရယ်၊ တာဝန်မဲ့တဲ့ ခွင့်ပြုချက်တွေနဲ့ မူလမြေကွက် ၄၀×၆၀ အကျယ်ကနေ ၂၀×၆၀၊ ၁၀×၆၀ လောက်အထိ ဖြစ်လာပြီးတော့ အဲဒီမြေကွက် ကျဉ်းကျဉ်းလေးတွေမှာ ဖြစ်သလို ကန်ထရိုက်တိုက်တွေ ဆောက်ရင်း မီးခြစ်ဆံဗူးလေးတွေ ထောင်တားသလို ပုံပျက်ပန်းပျက် တိုက်လေးတွေအများကြီး ထွက်ပေါ်လာတာပါပဲ။
အကျိုးဆက်က ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်းမှာ နေရာလွတ်တွေ မရှိတော့တာပါပဲ။ လမ်းတွေကျဉ်း၊ ကားရပ်နားဖို့ နေရာမရှိနဲ့ နောက်ထပ် ၅ နှစ်လောက်အတွင်းမှာ တကယ့်မြို့ပြပြဿနာ ကြီးကြီးမားမားကို ရင်ဆိုင်ရတော့မယ်။ Green Area အရမ်းနည်းသွားပြီးတော့ ရန်ကုန်မြို့ကြီးဟာ ကွန်ကရစ်သင်္ချိုင်းကြီးတစ်ခု ဖြစ်လာပါပြီ။ စင်္ကာပူမြို့ကြီးကို ကြည့်ပါ။
သူတို့ဆီမှာ နေရာလွတ် အကန့်အသတ်ကြားထဲကကို သစ်ကြီး၊ ၀ါးကြီးတွေကို ထိန်းသိမ်းတယ်။ အစိမ်းရောင်ဧရိယာ ပိုမိုတိုးလာဖို့လုပ်ကြတယ်။ မြို့တော်ကို ပန်းဥယျာဉ်ကြီးသဖွယ်ဖြစ်အောင် လုပ်နေကြပါတယ်။ Garden City လို့ ပြောနေပေမယ့် ကျွန်တော်ကတော့ City in the Garden လို့တောင် ဆိုချင်ပါတယ်။ ကျွန်တော်တို့ဆီမှာကတော့ အဆောက်အဦနဲ့ မလွတ်လို့၊ စီမံကိန်းနဲ့ မလွတ်လို့ဆိုပြီး ခုတ်လိုက်တာ သစ်ပင်ကြီးတွေတောင်မကျန်တော့ပါဘူး။ အခုနောက်ပိုင်း ဆယ်စုနှစ်လောက်မှာ ပိုပြီး သိသာလာပါတယ်။ အရင်က စိမ်းလန်းနေတဲ့နေရာတွေမှာ ကွန်ကရစ်တိုက်တာတွေ ပေါ်လာတယ်။ အပူချိန်လည်း သိသိသာသာ တက်လာပါတယ်။ ဒီတော့ ကျွန်တော်တို့ ရန်ကုန်မြို့တော်က တာဝန်ရှိသူတွေအနေနဲ့ မြေကွက်တွေ ခွဲစိတ်ရောင်းချတာကို ကန့်သတ်ဖို့လိုသလို လမ်းအကျယ်၊ မြေအကျယ်နဲ့မမျှ ကန်ထရိုက်တိုက်တွေ ဆောက်ခွင့်ပြုနေတာတွေကို အမျှော်အမြင်ရှိရှိနဲ့ တားဆီးဖို့ လိုနေပါပြီ။
လက်ရှိမှာ မြိုပြအင်္ဂါရပ်နဲ့ ညီဖို့၊ မြို့တော်ကို လှလှပပ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လမ်းတွေချဲ့ဖို့၊ ရေနှုတ်မြောင်းစနစ်တွေ လုပ်ဖို့၊ ရှုပ်ထွေးနေတဲ့ ဓာတ်တိုင်၊ ဓာတ်ကြိုးတွေ ရှင်းဖို့၊ ရေနဲ့ မိလ္လာစနစ်တွေ ထည့်သွင်းဖို့ စတဲ့ မြူနီစပယ်လုပ်ငန်းတွေ လုပ်ကိုင်ဖို့ တော်တော် ခက်ခဲတဲ့ အနေအထား ဖြစ်နေပါပြီ။ ဒီလိုသာ စည်းမရှိ၊ စနစ်မရှိ၊ Plan မရှိဘဲ ဆက်သွားနေမယ်ဆိုရင်တော့ နောက် ဆယ်စုနှစ်တစ်ခုအတွင်းမှာ ပြန်ပြင်ဖို့ တော်တော်ခက်သွားမယ့် အခြေအနေကို ရောက်သွားပါလိမ့်မယ်။ အဲဒီအခါကျမှ ဖြစ်သလိုဆောက်ထားတဲ့ တိုက်တွေကို ပြန်ဖျက်ဖို့လည်း ခက်သွားမှာဖြစ်ပြီး မြို့နေလူထုလည်း ဒုက္ခရောက်၊ မြို့တော်သာယာအောင်လုပ်ချင်တဲ့ တာဝန်ရှိသူတွေလည်း ခေါင်းစားရမှာ ဖြစ်ပါတယ်။
နောက်တစ်ချက်က လက်ရှိရန်ကုန်မှာ ကြုံတွေ့နေရတဲ့ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာပါ။ တိုးလာတဲ့ လူဦးရေ၊ ခေတ်စနစ်ရဲ့ လိုအပ်ချက်တွေနဲ့ Urban Planning ကို အလေးမထားဘဲ ဆောက်လိုက်တဲ့ တိုက်တာတွေကြောင့် လက်ရှိလမ်းတွေကလည်း ထပ်ချဲ့ဖို့ ကန့်သတ်ချက်တွေ ရှိလာပါတယ်။ တချို့လမ်းတွေက ထပ်ချဲ့ဖို့ လုံးဝ မဖြစ်နိုင်တော့ပါဘူး။
ဒီတော့ ယာဉ်စီးရေ တိုးလာတာနဲ့အမျှ လမ်းပိတ်ဆို့မှုတွေ ဖြစ်လာတော့တာပါပဲ။ ကျွန်တော်သတိထားမိသလောက် Eleven Media မှာ ၂၀၀၈-၂၀၀၉ ခုနှစ်လောက်က စပြီး ယနေ့အထိ ရန်ကုန်မြို့နေ လူဦးနေတိုးလာမှု၊ မြို့ဧရိယာချဲ့ထွင်မှု၊ အများပြည်သူသုံး မြို့ပြသယ်ယူပို့ဆောင်ရေး စနစ်မြင့်တင်ဖို့၊ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာတွေကို ဖြေရှင်းဖို့ အစဉ်တစိုက် ထောက်ပြရေးသားခဲ့တာကို တွေ့ရပါတယ်။ သက်တမ်းအားဖြင့် ၅ နှစ်ကျော် ၆ နှစ်လောက် ကြာခဲ့ပါပြီ။ ဒါပေမယ့် မြိုပြဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဒါကို အလေးထားပြီး စီမံကိန်းလုပ်တာ၊ ဒီမြို့ပြ ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားတာ တော်တော်အားနည်းပါတယ်။ နှစ် ၂၀၊ နှစ် ၃၀ မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းတွေ ရေးဆွဲမယ်လို့ ရံဖန်ရံခါ သတင်းတွေ ဖတ်ရတယ်၊ ဂျပန်အကူအညီနဲ့ Plan ဆွဲတယ်လို့လည်း ကြားရပေမယ့် လက်တွေ့မှာ အကောင်အထည်ဖော်နေတာ မတွေ့ရသေးပါဘူး။ ပြဿနာတွေကို လတ်တလော အဆင်ပြေမယ့် နည်းလမ်းတွေနဲ့ ဖြေရှင်းနေတာကိုပဲ တွေ့ရပါတယ်။ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ကို စဉ်းစားပြီး အမျှော်အမြင်ရှိရှိနဲ့ ဖြေရှင်းတာမျိုး မရှိသေးပါဘူး။
ဘဏ္ဍာရေးအခြေအနေကြောင့်လား၊ ပေါ်လစီကြောင့်လားဆိုတာ မသိရပေမယ့် ဒီပြဿနာတွေကို ဖြေရှင်းဖို့ နှောင့်နှေးမနေသင့်တော့ပါ။ အထူးအရေးကြီး ဦးစားပေး အစီအစဉ်နဲ့ ဖြေရှင်းမှာသာ နောင် ၁၀ နှစ်၊ http://yangon-Urban-Problem၁၅ နှစ်အတွင်းမှာ မီဂါစီးတီးဖြစ်လာမယ့် ရန်ကုန်မြို့အတွက် အခြေခံကောင်းတွေ ရှိလာမှာပါ။
နောက်တစ်ချက်ပြောချင်တာက ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတဲ့ နေရာတွေမှာ ဂုံးကျော်တံတားတွေထိုးပြီး ဖြေရှင်းတာဟာ နည်းလမ်းကောင်းမဟုတ်ပါ။
လတ်တလော ပြေလည်သွားပေမယ့် ရေရှည်မှာ ဘယ်ဘက်ကပဲကြည့်ကြည့် (Environmental, Aesthetic and Architectural, etc.) မကောင်းပါ။ တာဝန်ရှိသူတွေ၊ စီမံကိန်းရေးဆွဲသူတွေ စဉ်းစားတာ သမားရိုးကျဆန်လွန်းပါတယ်။ အဲဒီလို ဖြေရှင်းနည်းမျိုးက နိုင်ငံတကာမှာ ၁၉၇၀ နှစ်များလောက်က စဉ်းစားခဲ့၊ လုပ်ခဲ့တဲ့နည်းတွေပါ။ ပြောင်းလွယ်ပြင်လွယ်မရှိတဲ့ စီမံကိန်းမျိုးကို စဉ်းစားတော့မယ်ဆိုရင် ကမ္ဘာကြည့် ကြည့်ဖို့ (Think Globally) လိုပါတယ်။ နိုင်ငံတကာ အတွေ့အကြုံတွေကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ဒီလိုမြို့ပြ ပြဿနာတွေ၊ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာတွေကို ဒီနေ့ တိုးတက်နေတဲ့ ကမ္ဘာ့မြို့ကြီးတိုင်း ကြုံခဲ့ကြပါတယ်။ အခု ကျွန်တော်တို့ဆီမှာ ဂုံးကျော်တံတားထိုးပြီး ဖြေရှင်းခဲ့သလိုမျိုး သူတို့လည်း ဖြေရှင်းခဲ့ကြတာပါပဲ။ ဒါပေမယ့် ဒီနေ့အချိန်မှာတော့ အဲဒီဂုံးကျော်တံတား၊ မိုးပျံလမ်းတွေရဲ့ အကျိုးဆက်(ဆိုးကျိုး)တွေကို တွေ့မြင် ရင်ဆိုင်လာရပြီး ဖြေရှင်းဖို့နည်းလမ်းတွေကို စဉ်းစားလာကြပါပြီ။
ဂုံးကျော်တံတားတွေကို ဖြိုဖျက်ပြီး အဲဒီနေရာမှာ Green Area တွေ ဖန်တီးကာ မြေအောက်ဥမင်လမ်းများကို အစားထိုးလာကြပါတယ်။ ဂုံးကျော်တံတားထိုးခြင်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးလေးခုကာလတုန်းက အခြေအနေမျိုးဆိုရင်တော့ မှန်ပါတယ်။ ဒါပေမယ့် ဒီနေ့ အခြေအနေမှာ နိုင်ငံတကာ အတွေ့အကြုံများအရ မှန်တယ်လို့ ပြောလို့မရတော့ပါဘူး။
ကမ္ဘာ့မြို့ကြီးတွေမှာ ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေကို ယူရပါမယ်။ သူတို့တွေ မှားခဲ့တဲ့ သင်ခန်းစာကို ယူပြီး နည်းပညာတွေကို သုံးပြီး ခုန်ပျံကျော်လွှားဖို့ လိုပါတယ်။ သူများတွေ မှားခဲ့တဲ့ အမှားကို ဆက်မလုပ်သင့်ပါ။ လက်ရှိအချိန်မှာ မြို့တွင်းလမ်း၊ မြို့ပတ်လမ်း၊ မြို့ရှောင်လမ်းတွေကို ကောင်းကောင်းချိတ်ဆက်နိုင်မယ့် လမ်းကွန်ယက်စနစ်ကို မစဉ်းစားနိုင်သေးတာလည်း ယာဉ်ကြောပိတ်ဆို့မှုကို မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတစ်ရပ်လည်း ဖြစ်ပါတယ်။ လမ်းဆုံ၊ လမ်းခွ ယာဉ်ကြောပိတ်ဆို့မှုကို မြင်တိုင်း ဂုံးကျော်တံတားထိုးပြီး ဖြေရှင်းမယ်ဆိုတာ မှန်ကန်တဲ့ အဖြေတစ်ရပ် မဟုတ်ဘူးလို့ ကျွန်တော်ဆိုလိုချင်တာပါ။
တိုးပွားလာတဲ့ လူဦးရေကြောင့် မြို့သစ်များ၊ အိမ်ရာစီမံကိန်းများ ပြုလုပ်လာရတဲ့နည်းတူ တဖက်မှာလည်း မြို့တော်ရဲ့ သယ်ယူပို့ဆောင်ရေးအပိုင်းကို ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်ဖို့၊ upgrade လုပ်ဖို့ စဉ်းစားကြရပါတော့မယ်။ မြို့တစ်မြို့ရဲ့ သယ်ယူပို့ဆောင်ရေးကွန်ယက်ဟာ အခြားသော ပြည်နယ်၊ မြို့တော်များအကြား ဆက်သွယ်မှု ကွန်ယက်များနဲ့ ပုံစံချင်း၊ သဘောသဘာဝချင်း မတူညီပါဘူး။
မြို့ပြသယ်ယူပို့ဆောင်ရေးဟာ မြို့နေလူထုရဲ့ နေစဉ်လှုပ်ရှားမှုပုံစံနဲ့ တထပ်တည်းကျနေပါတယ်။ နေ့စဉ် ရုံးဆင်း၊ရုံးတက်၊ အလုပ်သွား၊ အလုပ်ပြန် စတဲ့လူမှုဖြစ်စဉ်များဟာ စီးပွားရေး ယန္တရား၊ အုပ်ချုပ်ရေး ယန္တရားများကို အထောက်အကူပြုနေတဲ့ အစိတ်အပိုင်းများ ဖြစ်တာမို့လို့ မြို့ပြသယ်ယူပို့ဆောင်ရေးကဏ္ဍကို အလေးပေးပြီး ဆောင်ရွက်ဖို့လိုပါတယ်။ သယ်ယူပို့ဆောင်ရေး ညံ့ဖျင်းမှုကြောင့် ဖြစ်လာမယ့် ဆုံးရှုံးမှုများဟာ တန်ဖိုးကြီးမားလှပါတယ်။ လူတိုင်းကားစီးနိုင်အောင် မူဝါဒချပြီး ကားစီးရေ များများတင်သွင်းတာထက် အများပြည်သူကို မြန်မြန်ဆန်ဆန်နဲ့ သယ်ယူပို့ဆောင်ပေးနိုင်တဲ့ Mass Rapid Transit စနစ်တစ်ခုကို အကောင်အထည်ဖော်တာကသာ ဒီနေ့မြို့ပြပြဿနာတွေကို မှန်ကန်စွာ ဖြေရှင်းနိုင်တဲ့ နည်းလမ်းလို့ ရှုမြင်ပါတယ်။
ပြဿနာတွေကို လတ်တလောပြေလည်ဖို့ ရေတိုကုစားနည်းတွေနဲ့ ဖြေရှင်းလိုက်တဲ့ ဒီဂုံးကျော်တံတားကြီးတွေဟာ နောင်မှာ မြို့ပြမြင်ကွင်းအတားအဆီးဖြစ်ပြီး၊ မြို့တော်ရဲ့ အလှအပကို အကျည်းတန်စေတာ၊ ဖြတ်သန်းသွားလာနေတဲ့ မော်တော်ယာဉ်တွေကြောင့် လေထုညစ်ညမ်းစေပြီး ဆူညံစေတာ၊ တံတားအနီးနားမှ နေထိုင်တဲ့ လူထုကို ထိခိုက်စေတာ စတဲ့အနှောင့်အယှက်တွေ၊ အကျိုးဆက်တွေဖြစ်လာပြီး နောင် နှစ် ၂၀ လောက်မှာ ပြန်ဖြိုဖျက်ကြဖို့ စဉ်းစားကြလိမ့်မယ်လို့ ကျွန်တော် ရဲရဲကြီး ပြောလိုက်ပါရစေ။ နောင် နှစ် ၂၀ လောက်လို့ပြောရတာက ကျွန်တော်တို့တွေ နိုင်ငံတကာကို အမှီလိုက်နိုင်ဖို့၊ ဒီနေ့နိုင်ငံတကာရဲ့ မြေအောက်ဥမင်နည်းပညာတွေ၊ အတွေ့အကြုံတွေကို ရယူနိုင်ဖို့ နှစ် ၂၀ လောက် နောက်ကျကျန်နေတယ်လို့ ယူဆမိလို့ပါ။ ယနေ့ခေတ် ကမ္ဘာ့မြို့ကြီးများရဲ့ လမ်းစီမံကိန်းအသစ်တွေကို လေ့လာကြည့်ပါ။ မြေအောက်နယ်ပယ် (Underground Space) ကို အသုံးချဖို့ စီမံနေကြပါပြီ။
မြန်မာနိုင်ငံရဲ့ ဥမင်အင်ဂျင်နီယာ ပညာရပ်နယ်ပယ်မှာ အားနည်းနေသေးတာကို လက်ခံပါတယ်။ ဒါပေမယ့် ဒီလိုကားလမ်းဥမင်စီမံကိန်းတွေကို မလုပ်နိုင်သေးဘူးဆိုတာတော့ လက်မခံနိုင်ပါ။ အခုဆောက်လုပ်နေတဲ့ ဂုံးကျော်တံတား စီမံကိန်းတွေမှာလည်း နိုင်ငံခြားကဒီဇိုင်းကို ၀ယ်ပြီးလုပ်နေရဆဲပါ။ ကိုယ်ပိုင်နည်းပညာ၊ ကိုယ်ပိုင်ဒီဇိုင်းနဲ့လုပ်ဖို့ ကန့်သတ်ချက်တွေ ရှိနေပါသေးတယ်။
ဒီတော့ ဥမင်ဖောက်လုပ်ဖို့မှာလည်း နိုင်ငံတကာ အတွေ့အကြုံရှိ ကုမ္ပဏီကြီးတွေနဲ့ ချိတ်ဆက်ပြီး အကောင်အထည်ဖော်ရင် ဖြစ်နိုင်ပါတယ်။ ဂုံးကျော်တံတား တစ်စင်းနေရာမှာ မြေအောက်ကားလမ်းဥမင်တစ်ခုရဲ့ ကုန်ကျစရိတ်က သုံးလေးဆမက ပိုများသွားနိုင်တယ်ဆိုတာထက် ပြန်ရလာမယ့် ရေရှည်အကျိုးအမြတ်မှာကျတော့ ဥမင်လမ်းနဲ့ နှိုင်းယှဉ်မရအောင် အကျိုးကျေးဇူးများပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ဘန်ကောက်မှာကျင်းပခဲ့တဲ့ World Tunnel Congress မှာလည်း ဒီနေ့မြို့ကြီးတွေမှာ ဆောက်လုပ်ပြီးခဲ့တဲ့ ဂုံးကျော်တံတားတွေရဲ့ ဆိုးကျိုးတွေ၊ ရိုက်ခတ်မှုတွေနဲ့ မြေအောက်ဥမင်နဲ့ အစားထိုးပြီး ပြန်လည်ကုစားနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးသွားကြတဲ့ စာတမ်းတွေကို လေ့လာရပါတယ်။
ကျွန်တော်တို့ ရန်ကုန်မြို့မှာလည်း ကျပ်ဘီလီယံ ၁၅ လောက်ကုန်ကျခဲ့တဲ့ ဂုံးကျော်တံတားတစ်စင်းရဲ့ အကျိုးအမြတ်က ထူးထူးခြားခြား ပြောင်းလဲမှုမရှိတာကို တွေ့မြင်နေရပါပြီ။ ဒီတော့ တံတားထိုးမလား၊ ဥမင်တူးမလားဆိုတဲ့ နှိုင်းယှဉ်သုံးသပ်ချက်တွေကို ပြုလုပ်ဖို့၊ ရေရှည်မြို့ပြလမ်းကွန်ယက် စီမံကိန်း ဖော်ဆောင်ဖို့လိုအပ်ပါတယ်။
လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံရဲ့ ဥမင်အင်ဂျင်နီယာ ပညာရပ်နယ်ပယ်မှာ အားနည်းသေးတာရယ်၊ နိုင်ငံတကာက မြေအောက်နယ်ပယ်ကို အသုံးချမှု အတွေ့အကြုံတွေကို မရယူနိုင်သေးတာကြောင့် ဥမင်ဖောက်လုပ်ပြီး ကျော်လွှားနိုင်မယ့် နည်းလမ်းကို မစဉ်းစားမိသေးတာလို့လည်း ယူဆပါတယ်။ ဒီလိုမြို့ပြစီမံကိန်းမျိုးကို အကောင်အထည်ဖော်ဖို့ ကုန်ကျစရိတ်ကို ကြောက်ပြီး တိုင်းပြည်ချမ်းသာလာတဲ့နေ့ကို စောင့်နေရင်တော့ အခုလက်ရှိပြဿနာတွေထက် ဆိုးတဲ့ မြို့ပြပြဿနာတွေကို နောက်ထပ် အနှစ် ၂၀ လောက် ခံနေကြရအုံးမှာ ဖြစ်ပါတယ်။ နောင်မှာ လူဦးရေလည်း ပိုတိုးလာပြီး၊ ကားစီးရေကလည်း ဒီထက် ပိုလာမှာပါ။ ရေတိုဖြေရှင်းနည်းတွေနဲ့ လက်ရှိမြို့ပြ ပြဿနာတွေကို ပြေလည်စေနိုင်မှာ မဟုတ်ပါဘူးခင်ဗျာ။
မြို့တွင်းပို့ဆောင်ရေး ပြဿနာများကို ဖြေရှင်းဖို့အတွက် သယ်ယူပို့ဆောင်ရေး ကွန်ယက်အသစ် (New mass rapid transit system) ကို ရန်ကုန်မြို့အနေနဲ့ အနှေးနဲ့အမြန် အကောင်အထည် ဖော်ရပါတော့မယ်။ လက်ရှိ ဘတ်စ်ကား ဝန်ဆောင်မှု အပေါ်မှီခိုနေရတဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို မြေအောက်ရထား ကွန်ယက်စနစ်နဲ့ အစားထိုး ဖြေရှင်းနိုင်ဖို့ နည်းလမ်းများကို ရှာဖွေကြံဆကြရပါမယ်။ ခုံးကျော်တံတားတွေ တည်ဆောက်တာဟာ မြေနေရာများစွာတဲ့အပြင် ရေရှည်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ယာဉ်စီးရေနဲ့ လမ်းလိုအပ်ချက်တွေကို ပြေလည်အောင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိလို့ ဂုံးကျော်တံတားထိုးပြီး ဖြေရှင်းမယ့် စီမံကိန်းတွေကို ပြန်လည် စဉ်းစားသုံးသပ်ဖို့ လိုအပ်ပါတယ်။ မြို့ပြအိုးအိမ်စီမံကိန်းနဲ့ ပတ်သက်ပြီးလည်း နောင်ဖြစ်လာမည့် အခြေအနေတွေကို တွက်ဆပြီး ရန်ကုန်မြို့တော်ရဲ့ အခြေခံအဆောက်အအုံများနဲ့ ပတ်သက်တဲ့ General capital plan ကို ရေးဆွဲထားနိုင်ဖို့ လိုပါတယ်။
မြို့တော်ဧရိယာအတွင်းမှာ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို နောင်လာမယ့် ၁၅ နှစ်၊ နှစ် ၂၀ အတွင်း ဖော်ဆောင်ရမယ့် လုပ်ငန်းများနဲ့တကွ ကြိုတင်တွက်ချက် ရေးဆွဲထားမှသာ ရင်ဆိုင်လာရမယ့် စိန်ခေါ်မှုများကို အလွယ်တကူ ဖြေရှင်းနိုင်မယ်လို့ ယူဆပါတယ်။ ရန်ကုန်မြို့တော်ကို လှလှပပနဲ့ စနစ်တကျ ခေတ်မီတိုးတက်လာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့နဲ့ လက်ရှိကွန်ကရစ်တောကြီးကို Green Area များများနဲ့ ပြန်လည်ထိန်းသိမ်းဖို့အမြင်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အာမခံနိုင်မယ့် အစီအမံတွေနဲ့ ကျွန်တော်တို့ ရန်ကုန်မြို့တော်ကို မြို့ပြစီမံကိန်းကောင်းကောင်းနဲ့ ကုစားဖို့ လိုအပ်နေပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

နိဂုံးချုပ်ရရင်

ဒီဆိုက်လေးက ဗဟုသုတရလို့ အမြဲလိုလိုဝင်ကြည့်ဖြစ်ပေမယ့်...ပို့စ်အသစ်တွေမတင်တာ
အတော်ကြာနေတော့ မရေးတော့ဘူးလို့ထင်နေတာ... ခုလိုဆက်ရေးတာတွေရတော့
ဝမ်းသာပါတယ်ဗျာ.. အများဗဟုသတရတာပေါ့... ဆက်ရေးနိုင်ပါစေလို့...
ကိုကြီး Mymetro ဒီwebsite လေး က အခုထိ အကျိုးရှိတုန်းပါပဲ ခင်ဗျ whanseven ပါ