မြေထုတုန်ခါမှု အခြေခံ သဘောတရားများ
မြေထုတုန်ခါမှု (Ground-borne Vibration) ဆိုသည်မှာ မြေထုအတွင်းရှိ တုန်ခါမှုကို ဖြစ်ပေါ်စေသော အရာတစ်ခုခုမှ ၎င်းမြေလွှာထုများကို ဖြတ်သန်း၍ အနီးပတ်ဝန်းကျင်ရှိ သက်ရှိ၊ သက်မဲ့များကို တုန်ခါစေခြင်းဖြစ်သည်။ (ဤနေရာတွင် မှတ်သားရ လွယ်ကူစေရန် Ground-borne Vibration ကို မြေထုတုန်ခါမှုဟုသာ ခေါ်ဆိုပါမည်) မြေအောက် ရထား လမ်းကြောင်းများနှင့် မြို့ပတ်ရထားလမ်းများ အနီးတွင် နေထိုင်ကြသော လူများအဖို့ အဆောက်အအုံကို တုန်ခါစေရုံမျှမက ၎င်းတုန်ခါမှုမှ ထွက်ပေါ်လာသော မြည်ဟည်းသံများကို နေ့စဉ်ရင်ဆိုင်နေရခြင်းမှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထူးအရေး ပေးနေသော ယနေ့အချိန်အခါတွင် ပြဿနာတစ်ရပ် ဖြစ်လာသည်။
လေထုအတွင်းမှလာသော ဆူညံသံများနှင့် နှိုင်းယှဉ်ပါက မြေထုတုန်ခါမှုမှာ အဓိကကျသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ရပ် မဟုတ်သော်လည်း ဘတ်စ်ကားများ၊ ထရပ်ကားများကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုများနှင့် ယာဉ်အသွားအလာများသော လမ်းမကြီးများအနီး နေရာများတွင်မူ တမူထူးခြားသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်သည်။ တုန်ခါမှုကို ဖြစ်ပေါ်စေသော မူလအရင်းအမြစ်များမှာ ရထားများ၊ လမ်းကြမ်းကြမ်းပေါ်တွင် သွားလာနေသော မော်တော်ယာဉ်များနှင့် ဖောက်ခွဲမှုများ၊ တွင်းတူးခြင်းလုပ်ငန်းများ အစရှိသည့် မြေလွှာပြောင်းလဲမှုကို ဖြစ်စေသော ဆောက်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ ဖြစ်သည်။
မြေထုတုန်ခါမှုကြောင့် ဖြစ်ပေါ်လာသော သက်ရောက်မှုများတွင် အဆောက်အအုံ ကြမ်းပြင်တုန်ခါမှုများ၊ ပြတင်းပေါက်တံခါး တုန်ခါမှုများ၊ စင်များပေါ်တွင် တင်ထားသော ပစ္စည်းများ (သို့မဟုတ်) နံရံတွင် ချိတ်ဆွဲထားသော လိုက်ကာ အစရှိသည့် အိမ်တွင်းပစ္စည်းများ လှုပ်ရှားမှုများနှင့် တုန်ခါမှုကြောင့် ဖြစ်ပေါ်လာသော မြည်ဟည်းသံများ စသည်တို့ ပါဝင်သည်။ ထို့ထက် ပိုမိုဆိုးဝါးသော အခါများတွင် တုန်ခါမှုကြောင့် အဆောက်အအုံများပါ ထိခိုက်ပျက်ဆီး စေနိုင်ပေသည်။
ရထားလမ်းစနစ်တခုမှ ထွက်ပေါ်လာသော မြေထုတုန်ခါမှု အခြေခံသဘောတရားကို ပုံ(၁)တွင် ဖော်ပြထားသည်။ သံလမ်းများပေါ်တွင် ရထားဘီးများ လိမ့်သောအခါ တုန်ခါမှုစွမ်းအင် ထွက်ပေါ်လာပြီး ၎င်းသည် ရထားလမ်း အောက်ခံလွှာများမှတဆင့် မြေအောက် အဆောက်အအုံ (ဥမင်)သို့ ပျံ့နှံ့ရောက်ရှိသွားသည်။ ထိုကဲ့သို့ မြေအောက် အဆောက်အအုံပေါ်သို့ သက်ရောက်လာသော တုန်ခါမှု ပမာဏသည် ရထားဘီးများနှင့် သံလမ်းများ၏ ချောမွတ်နေမှု အချက်များ၊ ရထားကိုယ်ထည်နှင့် ဝင်ရိုးထိန်းစနစ်များ၏ ကောင်းမွန်မှုနှင့် ရထားလမ်း အောက်ခံလွှာ စနစ်များပေါ်တွင် အဓိက မှီတည်နေသည်။ ဤရထားလမ်းစနစ်နှင့် အလားတူ အခြားသော စက်ပိုင်းဆိုင်ရာ စနစ်တိုင်းတွင်လည်း သေချာသော ကြိမ်နှုန်းတစ်ရပ်တွင် ပဲ့တင်ရိုက်ခတ်မှုမှတဆင့် တုန်ခါမှုကို တိုးပွားဖြစ်ပေါ်စေတတ်ပေရာ ထိုကြိမ်နှုန်းများကို ပင်ကိုယ်သဘာဝ ကြိမ်နှုန်းများ (Natural frequencies) ဟုခေါ်သည်။
မြေအောက် မီးရထားလမ်း အဆောက်အအုံများမှ ထွက်ပေါ်လာသော တုန်ခါမှုများသည် ၎င်းပတ်ဝန်းကျင်ရှိ မြေသားထုကို လှုပ်ရှားစေပြီး တုန်ခါမှုလှိုင်းများ အဖြစ်ပြောင်းလဲကာ အမျိုးမျိုးသော မြေလွှာ၊ ကျောက်လွှာများကို ဖြတ်သန်း၍ အနီးနားရှိ အဆောက်အအုံများ၏ အောက်ခြေကို ဝင်ရောက် ရိုက်ခတ်သည်။ ထိုမှတဆင့် တုန်ခါမှုသည် အဆောက်အအုံ၏ ကျန်ရှိသော အစိတ်အပိုင်းများသို့ ပျံ့နှံ့ရောက်ရှိသွားသည်။ အဆောက်အအုံ အစိတ်အပိုင်း အမျိုးမျိုးတို့တွင် ဖြစ်ပေါ်နေသော ပဲ့တင်ရိုက်ခတ်မှု ကြိမ်နှုန်းများကြောင့် အဆောက်အအုံ ကြမ်းပြင်နှင့် နံရံများတွင် အများဆုံးသော တုန်ခါမှုလွှဲခွင်များ (Max. vibration amplitudes) မကြာခဏ ဖြစ်ပေါ်လာရသည်။
အဆောက်အအုံကြမ်းပြင်နှင့် နံရံများ၏ တုန်ခါမှုကြောင့် ပြတင်းပေါက်များ၊ စင်ပေါ်ရှိ ပန်းကန်ခွက်ယောက် အစရှိသည်များ အချင်းချင်း ရိုက်ခတ် လှုပ်ခါလာခြင်း၊ ဂျုန်းဂျုန်းဂျိုင်းဂျိုင်း ဆူညံသံများ ထွက်ပေါ်လာခြင်း စသည့် သိသာသော တုန်ခါမှုကို ဖြစ်ပေါ်လာစေသည်။ ထိုကဲ့သို့ အခန်းတွင်း မျက်နှာပြင်များ တုန်ခါမှုမှတဆင့် ထွက်ပေါ်လာသော ဆူညံသံများသည် အသံချဲ့စက် အကြီးစား ဖွင့်ထားသကဲ့သို့ ဖြစ်ပြီး ၎င်းဆူညံသံကို မြေထုတုန်ခါမှု ဆူညံသံ (Ground-borne noise) ဟုခေါ်သည်။
မြေထုတုန်ခါမှုသည် အဆောက်အအုံ ပြင်ပတွင်ရှိနေသော သူများကို အနှောင့်အယှက် မဖြစ်စေနိုင်ပေ။ မြေထုလှုပ်ရှားမှုကို ထိသိခံစားနိုင်သော်လည်း အဆောက်အအုံ တစ်ခုခုနှင့် ဆက်စပ်နေခြင်း မရှိပါက ၎င်းလှုပ်ရှားမှုမှာ စိတ်အနှောင့်အယှက် ဖြစ်စေသည်အထိ မဖြစ်ပေါ်နိုင်သည်ကို တွေ့ရသည်။ အဆောက်အအုံ အတွင်း၌သာ တုန်ခါမှုနှင့်အတူ ဆူညံသံကိုပါ ခံစားရနိုင်သည်။
မြေထုတုန်ခါမှုနှင့် ဆူညံမှုကို ဖော်ညွှန်းသည့် Descriptors များ
တုန်ခါမှု ရွေ့လျားခြင်း
တုန်ခါမှုသည် လှုပ်ရှားယမ်းခါနေသော ရွေ့လျားမှု တစ်ခုဖြစ်ပြီး ၎င်းကို အရွေ့ (displacement)၊ အလျင် (velocity)၊ အရှိန် (acceleration) ပုံစံများဖြင့် ဖော်ညွှန်းပြဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ထိုရွေ့လျားမှုသည် လှုပ်ရှားယမ်းခါမှု (oscillation) တစ်ခုသာဖြစ်ပြီး တုန်ခါနေသော အရာဝတ္ထု၏ အသားတင် ရွေ့လျားမှု (net movement) မရှိဘဲ၊ ရွေ့လျားမှုတိုင်း၏ ပျမ်းမျှ descriptors များမှာ သုညဖြစ်သည်။ အရွေ့ (displacement) ဖြင့် ဖော်ညွှန်းခြင်းသည် နားလည်ရ အလွယ်ဆုံးသော Descriptor ဖြစ်သည်။ ကြမ်းပြင်တစ်ခု၏ တုန်ခါမှုအတွက် အရွေ့သည် ထိုကြမ်းပြင်ပေါ်ရှိ အမှတ်တစ်ခု၏ မူလတည်ရှိရာ နေရာမှ ရွေ့လျားသွားသော အကွာအဝေး ဖြစ်သည်။ တုန်ခါမှုအလျင် ဆိုသည်မှာ ၎င်းကြမ်းပြင် ရွေ့လျားမှု၏ ရုတ်ခြည်း ဖြစ်ပေါ်လာသော အလျင်ဖြစ်ပြီး အရှိန်ဆိုသည်မှာ ထိုအလျင်၏ ပြောင်းလဲမှုနှုန်း ဖြစ်သည်။
အရွေ့ဖြင့် ဖော်ပြခြင်းသည် အလျင်နှင့် အရှိန်တို့ထက် ပိုမိုနားလည်ရ လွယ်ကူသော်လည်း မြေထုတုန်ခါမှုကို ဖော်ညွှန်းရာတွင်မူ ရံဖန်ရံခါမှသာ အသုံးပြုလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် မြေထုတုန်ခါမှုကို တိုင်းတာနိုင်သော စွမ်းအင် အသွင်ပြောင်း ကိရိယာ (transducers)1 များတွင် အလျင် သို့မဟုတ် အရှိန် ကိုသာ အများဆုံး အသုံးပြုကြပြီး ထို့ထက် ပိုမို အဓိကကျသော အချက်မှာ လူ၊ အဆောက်အအုံနှင့် ကိရိယာများ၏ တုန်ခါမှုကို ရယူရာတွင် အလျင်နှင့် အရှိန်တို့ကသာ ပိုမိုတိကျစွာ ဖော်ညွှန်းနိုင်သောကြောင့် ဖြစ်သည်။
တုန်ခါမှုလွှဲခွင် Descriptors များ
တုန်ခါမှုတွင် လျင်မြန်သော အဟုန်ဖြင့် တက်လိုက်ကျလိုက် ဖြစ်နေသော ရွေ့လျားမှုများ ပါရှိပြီး ၎င်းတို့၏ ပျမ်းမျှရွေ့လျားမှုမှာ သုည ဖြစ်သည်။ တုန်ခါမှုလွှဲခွင် (vibration amplitude) ကို တိုင်းတာရာတွင် အသုံးပြုသော နည်းလမ်း အမျိုးမျိုးကို ပုံ(၂) တွင် ဖော်ပြထားသည်။ အပေါ်ပုံတွင် တိုင်းတာရရှိသော အချက်ပြချက်များကို မျဉ်းကြောင်းအပါးဖြင့် ဖော်ပြထားသည်။ ထိုမျဉ်းသည် ရုတ်ခြည်း ဖြစ်ပေါ်လာသော အလျင်ဖြစ်ပြီး သုည အမှတ်၏ အထက်/အောက်တွင် တက်လိုက်ကျလိုက် ဖြစ်နေသည်။ တုန်ခါမှု အချက်ပြမျဉ်းများ၏ အပေါင်းဘက်ခြမ်း သို့မဟုတ် အနှုတ်ဘက်ခြမ်းတွင်ရှိသော အမြင့်ဆုံးသော ရုတ်ခြည်း အလျင်ကို အမြင့်ဆုံး အမှုန်အလျင် (peak particle velocity – PPV) ဟုခေါ်သည်။ PPV ကို ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုများကို တိုင်းတာရာတွင် အသုံးများသည်။
PPV သည် အဆောက်အအုံများ ပျက်စီး စေနိုင်သည့် အလားအလာများကို ခန့်မှန်း တွက်ချက်ရာတွင် သင့်တော် သော်လည်း လူတို့၏ တုန်ခါမှု အပေါ် တုံ့ပြန်ပုံကို တွက်ချက်ရန် အတွက်မူ မသင့်လျော်ပေ။ လူ့ခန္ဓာကိုယ်မှ တုန်ခါမှုကို တုံ့ပြန် လာသည်အထိ အချိန် အနည်းငယ် ယူရမည် ဖြစ်သည်။ သဘောတရားအရ လူ့ခန္ဓာကိုယ်သည် ပျမ်းမျှတုန်ခါမှု လွှဲခွင် တစ်ခု၌ တုံ့ပြန်မှု ပြုမူတတ်သည်ကို တွေ့ရသည်။ ပုံ(၂) ၏ အပေါ်ပုံတွင် ပြထားသည့်အတိုင်း တုန်ခါမှု အချက်ပြချက်များ၏ အသားတင် ပျမ်းမျှခြေသည် သုည ဖြစ်သည့်အတွက် ထို့ထက် ပိုမိုချောမွေ့သည့် တုန်ခါမှုလွှဲခွင်ကို ဖော်ပြနိုင်ရန် ပျမ်းမျှ နှစ်ထပ်ကိန်းရင်း လွှဲခွင် (Root mean square – RMS)2 ကို အသုံးပြုသည်။ RMS ဆိုသည်မှာ အချက်ပြချက် တစ်ခု၏ ပျမ်းမျှလွှဲခွင် နှစ်ထပ်ကိန်းကို နှစ်ထပ်ကိန်းရင်း ရှာထားခြင်း ဖြစ်သည်။ ပျမ်းမျှခြေကို ယေဘူယျအားဖြင့် တစ်စက္ကန့် အပိုင်းအခြား အတွင်း တွက်ချက် ရယူသည်။ ပုံ(၂)၏ အပေါ်ပုံတွင် RMS လွှဲခွင်ကို မျဉ်းကြောင်း အထူဖြင့် တွေ့မြင်နိုင်သည်။ RMS လွှဲခွင်သည် PPV ထက် အမြဲတစေ လျော့နည်းပြီး အမြဲတမ်း အပေါင်း လက္ခဏာ ဖြစ်သည်။3
PPV နှင့် RMS အလျင်များကို သာမန်အားဖြင့် လက်မ/စက္ကန့် (အမေရိက) နှင့် ကျန်နိုင်ငံများတွင် မီတာ/စက္ကန့် ဖြင့် ဖော်ပြလေ့ ရှိသည်။ သို့သော် ၎င်းဖော်ပြချက်များအစား တုန်ခါမှုအတွက် လက်ခံထားသော သင်္ကေတစနစ် ဒက်စီဘယ် (Decibel) ကိုသာ တုန်ခါမှုကို ဖော်ပြသည့် ယူနစ်အဖြစ် အများဆုံး အသုံးပြုကြသည်။ ပုံ(၂) ၏ အောက်ပုံတွင် အထက်ပုံ၌ ဖော်ပြထားသော RMS မျဉ်းကို ဒက်စီဘယ် ယူနစ်ဖြင့် ပြောင်းလဲ ဖော်ပြထားသည်။ တုန်ခါမှု အလျင်၏ ပမာဏကို ဒက်စီဘယ်ဖြင့် ပြောင်းလဲရာတွင် အောက်ပါ ပုံသေနည်းကို အသုံးပြုသည်။
ဤနေရာတွင် Lv မှာ ဒက်စီဘယ်ဖြင့် အလျင်ပမာဏ၊ v သည် RMS အလျင်လွှဲခွင် နှင့် vref သည် ရည်ညွှန်းအလျင်လွှဲခွင် ဖြစ်သည်။ ထိုအညွှန်း အလျင်လွှဲခွင် တန်ဖိုးကို 1x10-6 in/sec (အမေရိက) နှင့် ကျန်နိုင်ငံများတွင် 1x10-8 m/sec (သို့) 5x10-8 m/sec သတ်မှတ်ကြသည်။
မြေထုတုန်ခါမှုနှင့် ဆူညံသံအဆင့်များ
လေထုအတွင်းမှ လာသော ဆူညံသံများနှင့် နှိုင်းယှဉ်ပါက မြေထုတုန်ခါမှုကြောင့် ဖြစ်ပေါ်လာသော ဆူညံမှုများမှာ လူအများစု နေ့စဉ်ကြုံတွေ့ ခံစားနေရသည်များ မဟုတ်ပေ။ လူနေအိမ်ရာများ တည်ရှိရာ ဒေသများတွင် ဖြစ်ပေါ်လေ့ရှိသော တုန်ခါမှုမှာ သာမန်အားဖြင့် ၅၀ ဒက်စီဘယ်နှင့် အောက်တွင်သာ ရှိပြီး ထိုပမာဏသည် လူအများ တုန်ခါမှုကို သတိထား ခံစားနိုင်သည့် ပမာဏဖြစ်သော ၆၅ ဒက်စီဘယ်ထက် များစွာ လျော့နည်းသည်ဟု ဆိုနိုင်သည်။ အဆောက်အအုံများတွင် သိရှိခံစားရနိုင်သည့် တုန်ခါမှု အများစုမှာ အဆောက်အအုံတွင်း စက်ပစ္စည်းများ မောင်းနှင်ခြင်း ဖြစ်စေ၊ လူများ လှုပ်ရှားသွားလာမှုနှင့် တံခါးအဖွင့်အပိတ် ပြုလုပ်ခြင်း စသည်တို့မှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ပြင်ပတွင် သိရှိခံစားရသည့် တုန်ခါမှုများမှာ အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း ဆောက်လုပ်ရေး လုပ်ငန်းသုံး စက်ကိရိယာများ မောင်းနှင်ခြင်း၊ ရထားနှင့် ရထားသံလမ်းများမှ ထွက်ပေါ်လာခြင်းနှင့် လမ်းကြမ်းပေါ်တွင် သွားလာနေသော ယာဉ်များမှ ထွက်ပေါ်လာခြင်း စသည်တို့ ဖြစ်ကြသည်။ ချောမွေ့ညီညာသော ကားလမ်းမများတွင်မူ ယာဉ်သွားလာမှုကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုများ လွန်စွာ နည်းပါသည်ကို တွေ့ရသည်။
ပုံ(၃) တွင် တုန်ခါမှု ဖြစ်ပေါ်ရသော အကြောင်းရင်း အမျိုးမျိုးနှင့် လူနှင့် အဆောက်အအုံများ၏ မြေထုတုန်ခါမှုအပေါ် တုံ့ပြန်မှုများကို ဖော်ပြထားသည်။ ဂရုပြုလေ့လာရမည့် တုန်ခါမှု အပိုင်းအခြားမှာ ၅၀ ဒက်စီဘယ်မှ ၁၀၀ ဒက်စီဘယ် အတွင်း ဖြစ်သည်။
လေ့လာချက်များအရ လူတို့၏ တုန်ခါမှုကို သတိပြုခံစားနိုင်သည့် ပမာဏမှာ ၆၅ ဒက်စီဘယ်တွင် ဖြစ်သော်လည်း တုန်ခါမှု ပမာဏ ၇၀ ဒက်စီဘယ် မကျော်သည်အထိ လူတို့၏ တုံ့ပြန်မှုမှာ မသိသာသေးပေ။ မြေအောက်ရထား လမ်းကြောင်းများနှင့် အပေါ့စား ရထားလမ်းကြောင်းများမှ ထွက်ပေါ်လာသော တုန်ခါမှုမှာ ယေဘူယျအားဖြင့် ၇၀ ဒက်စီဘယ်ခန့် ရှိပြီး လမ်းကြောင်းများနှင့် ပိုနီးကပ်ပါက ယင်းပမာဏထက် ပိုလေ့ရှိသည်။ ကားလမ်းများတွင် သွားလာနေသော ဘတ်စ်ကား၊ ကုန်တင်ကားများမှ တုန်ခါမှုသည် ယာဉ်တိုက်မိသည့် အခါများမှလွဲ၍ ပုံမှန် အနေအထားအတွင် ၇၀ ဒက်စီဘယ် မကျော်ပေ။ ဒီဇယ်စက်ခေါင်းသုံး ရထားလမ်းများမှ ထွက်ပေါ်လာသော တုန်ခါမှုသည် မြေအောက် ရထားလမ်းများထက် ၅ ဒက်စီဘယ်မှ ၁၀ ဒက်စီဘယ်ထိ ပိုမိုလေ့ရှိသည်။
လမ်းများမညီညာခြင်း၊ ရထားလမ်း အောက်ခံခုံများ မကောင်းခြင်း၊ ရထားဘီးနှင့် ဝင်ရိုးတွဲစပ် ပစ္စည်းများ မကောင်းခြင်းနှင့် တုန်ခါမှု ပျံ့နှံ့ရာ ဘူမိမြေအခြေအနေများပေါ် မူတည်၍ တုန်ခါမှု အဆင့်မှာ ပုံမှန်ထက် ၁၀ ဒက်စီဘယ်မှ ပိုမိုများပြားလေ့ရှိသည်။ တိုင်းတာချက်များအရ မြေအောက် ရထားလမ်းများမှ ပေ ၅၀ အကွာတွင် အမြင့်ဆုံး တုန်ခါမှုမှာ ၈၀ ဒက်စီဘယ်အထိ ရောက်ရှိ၍၊ ဒီဇယ်ခေါင်းသုံး မြေပေါ်ရထားလမ်းများတွင် ထိုအကွာအဝေး၌ ၈၅ ဒက်စီဘယ်အထိ ရောက်ရှိသည်ကို တွေ့ရသည်။ အကယ်၍ ၈၅ ဒက်စီဘယ် တုန်ခါမှုသာ အဆောက်အအုံ အတွင်းသို့ ရောက်ရှိပါက လူအများစုမှာ တုန်ခါမှုကြောင့် အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်ကြမည် ဖြစ်သည်။
မြေထုတုန်ခါမှုနှင့် ၎င်းကြောင့် ဖြစ်ပေါ်လာသော ဆူညံမှုတို့အကြား ဆက်သွယ်ချက်မှာ တုန်ခါမှုအတွင်း ကြိမ်နှုန်းပါဝင်မှုနှင့် တုန်ခါမှုကို လက်ခံရရှိသော အခန်း၏ အသံစုပ်ယူနိုင်မှုတို့အပေါ်တွင် မူတည်နေသည်။ အခန်း၏ အသံစုပ်ယူနိုင်မှု အားကောင်းသည်နှင့်အမျှ ဆူညံမှုလည်း လျော့နည်းသွားမည် ဖြစ်သည်။ သာမန် အသံစုပ်ယူနိုင်စွမ်း ရှိသော အခန်း၏ အလေးချိန်မပါသော အသံဖိအားသည် ထိုအခန်း မျက်နှာပြင်များတွင် ဖြစ်ပေါ်နေသော တုန်ခါမှုအလျင်နှင့် ခန့်မှန်းခြေအားဖြင့် ညီမျှသည်။4 သို့ဖြင့် တုန်ခါမှု အလျင်လှိုင်းများကို A-weighting ပမာဏဖြင့် အသုံးပြုကာ Ground borne noise ၏ A-weighted အသံပမာဏကို ခန့်မှန်း တွက်ချက်နိုင်မည် ဖြစ်သည်။
အောက်ဖော်ပြပါ ဇယားတွင် မြေထုတုန်ခါမှုနှင့် ဆူညံမှုအဆင့် အမျိုးမျိုးတို့အပေါ် လူတို့၏ တုံ့ပြန်မှု အခြေအနေများကို ဖော်ပြထားသည်။ ဇယား၏ ပထမကော်လံတွင် တုန်ခါမှု အလျင်များကို ဖော်ပြထားပြီး ဒုတိယနှင့် တတိယ ကော်လံများတွင်း တုန်ခါမှုအလျင်လှိုင်း ၃၀ ဟက်ဇ်နှင့် ၆၀ ဟက်ဇ်တွင် ရှိသော ဆူညံမှု အဆင့်များကို ပြထားသည်။
မြေထုတုန်ခါမှုဖြစ်ပေါ်ရာ သယ်ယူပို့ဆောင်ရေး အမျိုးအစားများ
မြေထုတုန်ခါမှုနှင့် ဆူညံမှုကို ဖြစ်ပေါ်စေသော သယ်ယူပို့ဆောင်ရေး အမျိုးအစားများမှာ -
မြေထုတုန်ခါမှုအပေါ် ရိုက်ခတ်နေသော အဓိကအချက်များကို အမျိုးအစား ၄ မျိုးခွဲခြားနိုင်သည်။
ယာဉ်နှင့် ယာဉ်ပြေးဆွဲမှုမှ သက်ရောက်မှုများ - မြေထုတုန်ခါမှုကို ဖြစ်ပေါ်စေသည့် ရထား၏ စက်ပိုင်းဆိုင်ရာနှင့် ပြေးဆွဲစဉ် အကြောင်းရင်းများ၊ အချက်အလက်များ ဖြစ်သည်။
လမ်းတည်ဆောက်ပုံစနစ် - သံလမ်းအမျိုးအစား၊ သွားလာမှု စနစ်၊ သံလမ်း အောက်ခံစနစ်နှင့် မြေထုတုန်ခါမှုကို ပိုမိုတိုးပွားစေသည့် ရထားလမ်း အဆောက်အအုံ၏ ထုနှင့် မာကြောမှုစသည်တို့ ပါဝင်သည်။ မြေပေါ် (elevated train) လမ်းများသည့် ယေဘူယျအားဖြင့် မြေထုတုန်ခါမှုကို မဖြစ်စေနိုင်သော်လည်း ၎င်းလမ်းများနှင့် ပေ ၅၀ အတွင်းရှိသော အဆောက်အအုံများကိုမှု မြေထုတုန်ခါမှု သက်ရောက်စေနိုင်သည်။ မြေပြင် (at-grade) ရှိ ရထားလမ်းများတွင် ဆူညံမူမှာ အဓိကကျသော ပြဿနာတစ်ရပ်ဖြစ်ပြီး တုန်ခါမှုသည်လည်း ပြဿနာတစ်ရပ် ဖြစ်နိုင်သည်။ မြေအောက် ရထားလမ်းများအတွက်မူ မြေထုတုန်ခါမှု ပြဿနာမှာ အဓိကအကျဆုံးသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ တစ်ရပ်ဖြစ်သည်။ ရာဘာတာယာ စနစ်သုံး ရထားလမ်းများသည် တုန်ခါမှု အနည်းဆုံးဖြစ်သည်။
ဘူမိအနေအထား - မြေကြီးနှင့် အပေါ်ယံမြေလွှာ အခြေအနေများသည်လည်း မြေထုတုန်ခါမှုအပေါ် သက်ရောက်နေသော အချက်များဖြစ်သည်။ အဓိက အချက်များမှာ မြေသား၏ သိပ်သည်းမာကြောမှု၊ တုန်ခါမှုကို လျော့ချနိုင်မှုနှင့် အောက်ခံကျောက်လွှာသို့ အနက်ပေ စသည်တို့ ဖြစ်သည်။ ရွှံ့မြေ အမျိုးအစားများနှင့် အောက်ခံကျောက်လွှာ တိမ်သည့် မြေအခြေအနေမျိုးတွင် တုန်ခါမှု ပိုမိုပျံ့နှံ့နိုင်သည်ကို တွေ့ရသည်။ မြေလွှာများနှင့် မြေအောက်ရေ တည်ရှိပုံများသည်လည်း တုန်ခါမှုအပေါ် သက်ရောက်နေသော အချက်များ ဖြစ်သည်။
လက်ခံ အဆောက်အအုံ - မြေထုတုန်ခါမှုကို လက်ခံရသော အဆောက်အအုံသည် မြေထုတုန်ခါမှု ဖြစ်စဉ်တွင် အဓိက သော့ချက် အစိတ်အပိုင်းဖြစ်သည်။ အဆောက်အအုံရှိ တုန်ခါမှု အဆင့်သည် ထိုအဆောက်အအုံ၏ အောက်ခြေ အုတ်မြစ် (foundation) သို့ ရောက်ရှိလာသော တုန်ခါမှု စွမ်းအင်၊ foundation နှင့် မြေသားတို့ ထိစပ်နေမှုနှင့် တုန်ခါမှု ပျံ့နှံ့ပုံ စသည်တို့ပေါ်တွင် မူတည်သည်။ တုန်ခါမှု လျော့နည်းစေမည့် ယေဘူယျအချက်မှာ အဆောက်အအုံ ကြီးမားသည်နှင့်အမျှ တုန်ခါမှုလည်း လျော့နည်းသွားခြင်း ဖြစ်သည်။ အောက်ဖော်ပြပါ ဇယားများတွင် တုန်ခါမှုနှင့် ဆူညံမှုအပေါ် သက်ရောက်နေသော အကြောင်းရင်းများကို လေ့လာနိုင်သည်။
အောက်ခြေမှတ်စု။
1. A transducer is a device, usually electrical, electronic, electro-mechanical, electromagnetic, photonic, or photovoltaic that converts one type of energy to another for various purposes including measurement or information transfer.
2. In mathematics, root mean square (abbreviated RMS or rms), also known as the quadratic mean, is a statistical measure of the magnitude of a varying quantity. It is especially useful when variates are positive and negative, e.g. waves.
3. The ratio of PPV to maximum RMS amplitude is defined as the crest factor for the signal. The crest factor is always greater than 1.71, although a crest factor of 8 or more is not unusual for impulsive signals. For ground borne vibration from trains, the crest factor is usually 4 to 5.
4. The sound level approximately equals the average vibration velocity level only when the velocity level is referenced to 1 micro-inch/second. When velocity level is expressed using the international standard of 1x10-8 m/sec, the sound level is approximately 8 decibels lower than the average velocity level.
ရည်ညွှန်းကိုးကား။
1. U. S. Department of Transportation Federal Railroad Administration, Office of Railroad Development,
High-Speed Ground Transportation Noise and Vibration Impact Assessment 1998/2005, Ch-6/7.
ဆက်စပ်အကြောင်းအရာများ။
1. Vibration mitigation.
2. Vibration.
3. Sound pressure level.
4. A-weighted noise.
5. How Taiwan did it?
ပရင့်ထုတ်ရန်

- သံဘီးတပ် မြေအောက်ရထားလမ်းများ၊
- ခရီးတိုနှင့် မြို့ပတ်ရထားများ၊
- ခရီးသည်တင် အမြန်ရထားများ၊
- ဝန်တင်ရထားများ၊
- အလိုအလျောက်ထိန်းချုပ်စနစ်သုံး ရထားများ၊
- ခရီးသည်တင် ဘတ်စ်ကားများ၊

ဆောင်းပါးကောင်းလေး တွေ တဖြည်းဖြည်း များလာတဲ့ အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ နောင်တစ်ချိန် ကိုးကားရမယ့် ဝဘ်ဆိုဒ် တစ်ခု ဖြစ်လာမှာကို မြင်ယောင်မိပါတယ်။
[...]Related Article : (ဂူဂယ်လ်လိုက်တော့ ထွက်လာတာ)
MyMetro : မြေထုတုန်ခါမှု အခြေခံ သဘောတရားများ[...]