ယခုပို့စ်ကို ရေးဖို့ကို အတွက်ကို တာစူခဲ့တာ တော်တော် ကြာခဲ့ပါပြီ။ စာရေးပျင်းတဲ့ ကျွန်တော် အကျင့်အတိုင်း ရေးမယ်ဆိုတာ စိတ်ထဲမှာပဲရှိခဲ့တာပါ။ အခုရေးပြချင်တာ ပြန်မျှဝေချင်တာ ကျွန်တော် နောက်ဆုံးနှစ် Thesis စာတမ်းအတွက် လုပ်ခဲ့တာတွေ အတွက် အမှတ်တရနဲ့ တင်ချင်တာရယ်၊ နောက် စာဖတ်သူအနေနဲ့ ဥမင်နဲ့ ပတ်သတ်ပြီး ဗဟုသုတရစေဖို့အပြင်၊ တစိုက်မတ်မတ် လေ့လာသူများ အတွက်လည်း တဖက်တလမ်းက အထောက်အကူပြု စေချင်လို့ ဖြစ်ပါတယ်။ အရင်ပို့စ်မှာ ကျွန်တော်သူငယ်ချင်း မိုးပေါက်က စာတမ်းခေါင်းစဉ်တွေကို စာဖတ်သူကို မိတ်ဆက်ပေးပြီး ဖြစ်ပါတယ်။ ကျွန်တော်လေ့လာခဲ့တဲ့ ခေါင်းစဉ်က "Technological analysis of interstation tunnel construction of metropolitan in shallow depth" ဖြစ်ပါတယ်။ ကျွန်တော့် ခေါင်းစဉ်က မီထရိုကွန်ယက် တည်ဆောက်ရာမှာ တစိတ်တပိုင်း တစ်ခု အနေနဲ့ ပါဝင်ပါတယ်။ မီထရိုစနစ် တစ်ခုဖြစ်လာဖို့ အတွက် လိုအပ်တဲ့ အဓိက အစိတ်အပိုင်း နှစ်ခုထဲက တစ်ခုဖြစ်ပါတယ်။ ပထမတစ်ခုကတော့ မြေအောက်ဘူတာရုံဖြစ်ပြီးတော့ နောက်တစ်ခုကတော့ ကျွန်တော်လေ့လာခဲ့တဲ့ Interstation tunnel ပဲဖြစ်ပါတယ်။ အလွယ်ပြောရရင်တော့ Interstation tunnel ဆိုတာ ဘူတာနှစ်ခုကြားက ရထားဖြတ်သွားရာ လမ်းကြောင်း တစ်လျှောက် ဖောက်လုပ်ထားတဲ့ ဥမင် ဖြစ်ပါတယ်။
ရထားလမ်းကြောင်း ဖြစ်တဲ့ အတွက်ကြောင့် တစ်လမ်းသွား၊ နှစ်လမ်းသွား လိုအပ်သလို ဖောက်လုပ်ကြပါတယ်။ တစ်လမ်းသွား အတွက်လိုအပ်တဲ့ အတိုင်းအတာ သတ်မှတ်ချက်ရှိသလို နှစ်လမ်းသွား အတွက်ကိုလည်း သတ်မှတ်ထားပါတယ်။ လိုအပ်တဲ့ အတိုင်းအတာ ဆိုတာမှာ ဥမင်အတွင်း ရထားသွားလာမှုအတွက် လိုအပ်တဲ့ အတိုင်းအတာ အပြင် အခြား ထည့်သွင်း တပ်ဆင်ရမယ့် အရာတွေ ( အချက်ပြမီးများ၊ ဓာတ်အားလိုင်းများ၊ ) အတွက်ပါ လိုအပ်တဲ့ အတိုင်းအတာဖြစ်ပါတယ်။ ရုရှားသတ်မှတ်ချက် အနေနဲ့ တစ်လမ်းသွားအတွက် "C" နှင့် နှစ်လမ်းသွားအတွက် "2C" ဖြစ်ပါတယ်။
ပုံအကြီးကို ကြည့်ရန် ပုံများကို click လုပ်ပါ။
နှစ်လမ်းသွားအတွက် "2C"
အဲဒီ အတွက်ကို လွတ်လွတ်ကင်းကင်းထားပြီးတော့ ကျန်တဲ့ ဆောက်လုပ်ရေးဆိုင်ရာ အချက်အလက်များကို စဉ်းစားတာက ပထမအဆင့်ပါ။ ဥမင်ဖောက်လုပ်ရာမှာ ဘယ်လိုပုံစံဖောက်မယ်၊ ဘယ်လို material တွေကိုသုံးမယ် စတဲ့ အချက်အလက်တွေကို ဆက်လက်စဉ်းစား ဆုံးဖြတ်ရပါတယ်။ ဥမင်ပုံစံတွေ အနေနဲ့ကတော့ စက်ဝိုင်းပုံစံ၊ ထောင့်မှန်စတုဂံပုံစံ၊ အီလစ်ပုံစံ၊ မြင်းခွာပုံစံ စသည်ဖြင့် အမျိုးမျိုး ဖောက်လုပ်နိုင်ပါတယ်။ အသုံးပြုနိုင်တဲ့ material တွေကလည်း အမျိုးမျိုးရှိပါတယ်။ လူအများသိကြတဲ့ အတိုင်းပဲဖြစ်ပါတယ်။ ကွန်ကရစ်၊ သံကူကွန်ကရစ်၊ cast iron စတာတွေဖြစ်ပါတယ်။ နေရာမှာတင် form work ဆင်ပြီး ကွန်ကရစ် လောင်းတာတွေရှိသလို အသင့်ပြုလုပ်ပြီးသား Lining element တွေကို ဆက်ပြီး lining ဖောက်လုပ်တာတွေလည်း ရှိပါတယ်။ အဲဒါတွေ အားလုံးအတွက် (ဘယ်လိုပုံစံ၊ ဘယ်လို material) ရွေးချယ်ဖို့ရာ အဓိက ကျတဲ့ အချက်ကတော့ ဖောက်လုပ်မယ့် လမ်းကြောင်း တလျှောက်မှာ ရှိတဲ့ geological condition/Underground water level နှင့် ဥမင် တည်ရှိရာ အတိမ်အနက် စတာတွေဖြစ်ပါတယ်။
မြေအပျော့၊ အမာ၊ မြေအောက်ရေ၊ ဥမင်ပေါ်ကို ကျရောက်မယ့် ဖိအား စတာတွေကို တွက်ချက်ပြီး မိမိဖောက်လုပ်မယ့် ဥမင်ကို ဒီဇိုင်းအကြမ်း ပြုလုပ်ရပါတယ်။ မြေကြီးရဲ့ characteristic ကအများကြီး စကားပြောပါတယ်။ ဥမင်ပုံစံ၊ အသုံးပြုမယ့် material ၊ ဖောက်လုပ်မယ့် နည်းလမ်း၊ အသုံးပြုမယ့် စက်ကိရိယာ စတာတွေမှာ အများကြီးပြောင်းလဲသွားပါတယ်။ ဒါကြောင့်မို့ surveying ကို တိတိကျကျလုပ်ရင် အကောင်းဆုံးဖြစ်ပါတယ်။
ကျွန်တော့် စာတမ်းမှာတော့ ရန်ကုန်မြို့နဲ့ အနီးစပ်ဆုံး တူညီနိုင်အောင် စဉ်းစားခဲ့ပါတယ်။ မြေအနေအထားအရ အပျော့စားထဲမှာ ပါဝင်ပြီးတော့ မြေအောက်ရေလည်း ရှိမယ် လို့ ယူဆတွက်ချက်ခဲ့တာ ဖြစ်ပါတယ်။ မြေအောက်ရေ ဆိုတာ ဥမင်ကို ဖျက်ဖို့စောင့်နေသလိုပါပဲ။ နောက်တစ်ခုက တည်ဆောက်ရေးမှာလည်း အခက်အခဲတွေကို ဖြစ်စေပါတယ်။ တည်ဆောက်ပြီး နောက်ပိုင်းမှာလည်း အဲဒီမြေအောက်ရေကို ကောင်းကောင်းထိန်းနိုင်မှသာ ဥမင်သက်တမ်း ကောင်းကောင်းကို ရမှာဖြစ်ပါတယ်။ အဲဒီအတွက်ကိုလည်း ရေကာအလွှာတွေကို ဒီဇိုင်းမှာ ထည့်သွင်းစဉ်းစားရပါတယ်။ (ရှေ့ပို့စ်တစ်ခုမှာ အသေးစိတ် ဆွေးနွေးထားတာတွေ ရှိပါတယ်။) အဲဒီ အချက်တွေ အားလုံးကို စုစည်း စဉ်းစားပြီးတော့ တည်ဆောက်နိုင်တဲ့ varient တွေကို ချရေးပါတယ်။ Varient ပေါင်းများစွာ ထွက်လာတာပါ။ အဲဒီကနေမှ တဆင့် Techonological/ Economical အရ နှိုင်းယှဉ် စဉ်းစားရပါတယ်။ Technological မှာတော့ ဖောက်လုပ်ရာမှာ လွယ်ကူလျင်မြန်မှု၊ အသုံးပြုတဲ့ material ရဲ့ကောင်းကျိုး၊ ဆိုးကျိုး၊ အသုံးပြုရန်လိုအပ်တဲ့ စက်ကိရိယာ၊ နည်းပညာလိုအပ်ချက် စတာတွေကို စဉ်းစားပါတယ်။ Economical အရ နှိုင်းယှဉ်ရာမှာ ဥမင် တစ်မီတာ ဖောက်တိုင်းကုန်ကျမယ့် စရိတ်ကို တွက်ချက်ပါတယ်။ အသုံးပြုရတဲ့ material ၊ စက်ကိရိယာ၊ ယာဉ်၊ လုပ်သား စတဲ့ အခြေခံ အချက်အလက်များကို အဓိကထား တွက်ချက်ပါတယ်။
နောက်ဆုံးထွက်လာတဲ့ အဖြေတွေအရ အကောင်းဆုံး Varient ကို ဒီဇိုင်းအတွက် အတည်ယူပြီး ဖောက်လုပ်ရေးအတွက် ဆက်လက်စဉ်းစားတာ ဖြစ်ပါတယ်။ ကျွန်တော့် ဒီဇိုင်းကတော့ စက်ဝိုင်းပုံစံ ဖြစ်ပါတယ်။ စက်ဝိုင်းအတွင်း အချင်းက ၅၁၀၀ မီလီမီတာ ဖြစ်ပြီးတော့ Lining အထူက ၂၀၀ မီလီမီတာပါ။ အသုံးပြုထားတဲ့ material ကတော့ သံကူကွန်ကရစ်ကို အတွင်းကနေပြီးတော့ cast iron အထူ ၆ မီလီမီတာ အပြားကို ရေတားအလွှာ အနေနဲ့ ထည့်သွင်းပြုလုပ်ထားတဲ့ lining element တွေကို အသုံးပြုမှာဖြစ်ပါတယ်။

Selected design
Normal element and his reinforcement
Element အနေနဲ့ကတော့ လေးမျိုးပါဝင်ပါတယ်။ normal၊base၊ key နှင့် half element တွေ ဖြစ်ပါတယ်။ စာဖတ်သူ မြင်အောင် ပြောရမယ် ဆိုရင်တော့ စက်ဝိုင်းပုံ tube တစ်ခုကို အပိုင်းတွေခွဲပြီး အပြင်မှာ ပြုလုပ်ထားပြီးတော့ ဖောက်လုပ်တဲ့နေရာ မှာ ပြန်တပ်ဆင်တာ ဖြစ်ပါတယ်။ အဆက်တွေကလည်း မျိုးစုံရှိပါတယ်။ ၀က်အူ၊ သပ်၊ တေ့ဆက် စသည်ဖြင့် element ကြားမှာရော၊ အဖြတ်တစ်ခုချင်း (ring) ကြားမှာပါထားရှိရပါတယ်။ အဖြတ်တစ်ခုချင်းစီရဲ့ အလျားကိုတော့ တစ်မီတာ ထားပါတယ်။ တစ်မီတာပေါင်းများစွာ ဆက်လိုက်ရင်တော့ ကျွန်တော်တို့လိုအပ်တဲ့ ဥမင်ဖြစ်လာပါပြီ။ အခုဆွေးနွေးခဲ့တာက lining and material အပိုင်းပါ။
အခုဆက်ဆွေးနွေးမှာက အဲဒီ Lining တပ်ဆင်ဖို့အတွက် အရင်ဆုံး မြေကြီးတွေကို တူးထုတ်ရပါမယ်။ ဘယ်လိုတူးထုတ်မလဲ ဆက်စဉ်းစား ကြည့်ရအောင်။ နည်းလမ်းအနေနဲ့ open type နှင့် close type ဆိုပြီး နှစ်မျိုးရှိပါတယ်။ open type အနေနှင့် cut and cover method ကို အသုံးပြု ဖောက်လုပ်နိုင်ပါတယ်။ မြေကြီးတွေကို လိုချင်တဲ့ depth အထိတူးထုတ်ပြီးတော့ lining ဆင်ပြီး ပြန်ဖုံးတဲ့ နည်းလမ်းဖြစ်ပါတယ်။ close type မှာတော့ mountainous method (drilling and blasting) ၊ shield method နှင့် pressing method တွေကို အသုံးပြုနိုင်ပါတယ်။
ဒီဇိုင်းလုပ်ထားတဲ့ ဥမင်က မြေအောက် ၁၅ မီတာ အနက်မှာ တည်ရှိပြီး အလျား အနေနှင့် ၂၃၀၀ မီတာ အရှည်ရှိပါတယ်။ နောက်တစ်ခုက လူနေထူထပ်တဲ့ နေရာ ဖြစ်လို့ သာမန်မြို့ပြစနစ်ကို ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် စဉ်းစားရမှာ ဖြစ်ပါတယ်။ အထက်ပါ အချက်များ အပြင် တူးထုတ်ရမယ့် မြေကြီး ပမာဏကိုလည်း လျှော့ချ ချင်တဲ့ အတွက်ကြောင့် close type နှင့် တူးထုတ်ဖို့ အတွက် လျာထားပါတယ်။
မြေကြီးတူးထုတ်ဖို့အတွက်ကို စက်ပစ္စည်းကိရိယာ လိုအပ်လာပါပြီ။ အရင်တုန်းကတော့ manual တူးကြပါတယ်။ pneumatic hammer တွေကိုလည်း သုံးကြပါတယ်။ လူလုပ်အားနဲ့တူးမယ်ဆိုရင်တော့ တစ်ရက်မှာ တစ်မီတာကျဖို့တောင် မလွယ်လှပါဘူး။ မြေအောက်ရေ ရှိနေရင်တော့ စက်ပစ္စည်းမပါပဲ တူးဖို့မလွယ်ပါဘူး။ တောင်တွေမှာ ဥမင်ဖောက်တယ်ဆိုရင်တော့ ကျောက်မာဖြစ်တဲ့ အတွက်ကြောင့် drilling and blasting method ကို အသုံးပြုကြပါတယ်။ အရင်ဆုံး ကိုယ်လိုချင်တဲ့ section အတိုင်း အပေါက်တွေဖောက်မယ်၊ ပြီးရင် dynamite ထည့်ပြီးခွဲ၊ နောက်မြေကြီးသယ်ထုတ်၊ Lining လောင်း အဲလိုလုပ်ကြပါတယ်။ အချိန်ပေးရပါတယ်။
နောက်နည်းလမ်းတစ်ခုက အခုနောက်ပိုင်း အသုံးတွင်ကျယ်လာတဲ့ TBM (tunnel boring machine) တွေကို အသုံးပြုပြီးတူးဖော်တာ ဖြစ်ပါတယ်။ shield တွေကို အသုံးပြုပြီး တူးဖော်မယ်ဆိုရင်တော့ လွယ်ကူလျင်မြန်စေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဲဒီ အားသာချက်လေးကို အသုံးချပါမယ်။ shield method မှာလည်း အများကြီး ရှိပါတယ်။ တူးဖော်တဲ့ ပုံစံကတော့ မိမိလိုချင်တဲ့ section အတိုင်း shield ကိုဆင် ထားပါတယ်။ shield တစ်ခုမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေကတော့ အများကြီးပါ။ အဓိက အစိတ်အပိုင်းတွေအနေနဲ့ မြေတူးဖော်ရာ အပိုင်း၊ (စက်ပစ္စည်း အနေနဲ့ကြည့်မယ် ဆိုရင် ခေါင်းပေါ့ဗျာ)၊ တူးဖော်ပြီးသား မြေကြီးကို သယ်ထုတ်မှုအပိုင်း နှင့် lining တပ်ဆင်ရာ အပိုင်းတို့ဖြစ်ပါတယ်။
ခေါင်းပိုင်းမှာလည်း အများကြီးရှိပါတယ်။ Cutting edge ကို disc ပုံစံ၊ excavator ပုံစံ အမျိုးမျိုး တပ်ဆင် အသုံးပြု နိုင်ပါတယ်။ မြေကြီး အမျိုးအစားပေါ် မူတည်ပြီးတော့ အသုံးပြုတာတွေ လည်းကွာခြားသွား ပါတယ်။ မြေတူးဖော်ရာ အပိုင်းမှာ တွေ့ရတာ အဓိကထား စဉ်းစားရတာက မြေကြီးကြောင့် ဖြစ်ပေါ်လာတဲ့ ဖိအားနဲ့ မြေအောက်ရေကြောင့် ဖြစ်ပေါ်လာတဲ့ ဖိအားတွေကို တူးထုတ်နေတဲ့ အချိန်မှာ ဘက်မျှနေအောင် ပြုလုပ်ဖို့ အတွက်ဖြစ်ပါတယ်။ Cutting wheel ကနေ တူးထုတ်လိုက်တာနဲ့ အတူ shield ကိုလည်း ရှေ့ကိုရွှေ့စေရပါမယ်။ ထို့အတူပဲ မတူးထုတ်ရသေးတဲ့ မြေကြီးကလည်း နဂိုမူလ အခြေအနေမှာပဲ ရှိနေရပါမယ်။ အဲလိုမှ မဟုတ်ပဲ တူးသမျှ နောက်ကလိုက် ထွက်လာမယ်ဆိုရင် မြေပေါ်တစ်နေရာမှာ အဲဒီ မြေကြီးတွေ အတွက် နိမ့်ဝင်တာတွေ ဖြစ်နိုင်ပါတယ်။ အဲဒီ့အခါမှာရှိပြီးသား အဆောက်အအုံတွေရဲ့ stability ကိုထိခိုက်စေမှာ ဖြစ်ပါတယ်။
အဲဒါတွေကို ကာကွယ်ဖို့အတွက် pressure ပြန်ထိန်းဖို့ စဉ်းစားရပါတယ်။ အသုံးပြုနိုင်တဲ့ ပုံစံတွေကတော့ bentonite suspension ကို အသုံးပြုထိန်းခြင်း၊ compressed air ကို အသုံးပြုထိန်းခြင်းနှင့် တူးထုတ်ပြီးသား မြေကြီးနဲ့ ပြန်ထိန်းခြင်း စတာတွေပဲ ဖြစ်ပါတယ်။ mix shield တွေမှာတော့ bentonite suspension နှင့် compressed air နှစ်ခုလုံးကို အသုံးပြုတာကို တွေ့ရပါတယ်။ mix shield ရဲ့ အားသာချက်ကတော့ လိုအပ်တဲ့ pressure ကို material နှစ်ခုလုံးနှင့် မျှဝေ ထမ်းဆောင်တာ ဖြစ်လို့ မြေအနေအထား အမျိုးမျိုးမှာ အသုံးပြုနိုင်ပါတယ်။
မြေကြီးသယ်ထုတ်မှု အပိုင်းမှာလည်း ပြောင်းလဲနိုင်တာတွေ အများကြီးရှိပါတယ်။ conveyor တွေ၊ dumping busket တွေနဲ့ ထုတ်ယူနိုင်သလို တူးပြီးသားတွေကို bentonite suspension နဲ့ ဖျော်ပြီး tube မှတဆင့် pump နဲ့ စုပ်ထုတ်တာတွေလည်း ရှိပါတယ်။ bentonite suspension ဆိုတာကတော့ ရွှံ့တစ်မျိုးပါပဲ၊ ရေထက် density များပါတယ်။ နောက် ကွန်ကရစ်နဲ့လည်း ဓာတ်မပြုပါဘူး။ သဲဆန်တဲ့ မြေမျိုးမှာ ဆိုရင် မြေကြီးကို မာသွားစေပြီး တူးဖော်ရာမှာ လွယ်ကူစေပါတယ်။ သာမန် conveyor တွေ dumping busket တွေနဲ့ သယ်ထုတ်ဖို့ အတွက် ဆိုရင် track တွေ လျှပ်စစ်စက်ခေါင်းတွဲတွေ လိုအပ်ပါတယ်။ အားသာချက်၊ အားနည်းချက် အနေနဲ့ကတော့ နည်းစနစ်တိုင်းမှာရှိပါတယ်။
lining တပ်ဆင်တဲ့ အပိုင်းမှာတော့ lining block တွေကို သူ့နေရာနဲ့သူ တပ်ဆင်ဖို့အတွက် လိုအပ်တဲ့ ကရိန်းတွေ၊ pressure jack တွေပါဝင်ပါတယ်။ ဥမင်ပုံစံကို လိုက်ပြီး အသုံးပြုနိုင်တဲ့ ပုံစံတွေလည်း အမျိုးမျိုးရှိပါတယ်။
ကျွန်တော် စာတမ်းကိုက analysis ဖြစ်တာကြောင့် လိုအပ်ချက်အတွက်ကို အသုံးပြုနိုင်တဲ့ နည်းလမ်း အားလုံးကို ခွဲခြမ်းစိတ်ဖြာလေ့လာရတာပါ။ အသုံးပြုမယ့် shield ကိုလည်း အားသာချက်၊ အားနည်းချက်များနှင့် နှိုင်းယှဉ်သုံးသပ်ခဲ့ပါတယ်။ ကျွန်တော် ရွေးချယ်ခဲ့တဲ့ shield ကတော့ mix shield ဖြစ်ပါတယ်။

Mix shield
မိမိပြုလုပ်ထားတဲ့ ဥမင်ဒီဇိုင်း အတွက် လိုအပ်တဲ့ static calculation ကိုလည်း အခန်းတစ်ခန်း အနေနှင့် ဆက်လက်လေ့လာရပါတယ်။ ဥမင်ပေါ်ကို ကျရောက်နေတဲ့ loading အားလုံး (မြေကြီးအလွှာအားလုံးကြောင့် ဖြစ်ပေါ်လာတဲ့ vertical and horizontal loading၊ မြေအောက်ရေကြောင့် ဖြစ်လာတဲ့ loading နှင့် own weight) ကိုတွက်ချက်ရပါတယ်။ ရရှိလာတဲ့ loading တွေကို finite element method၊ force method စတာတွေနဲ့ structural analysis ဆက်လက်လုပ်ဆောင်ရပါတယ်။ အခုဒီကျောင်းမှာကတော့ ဒီအဆင့် အတွက်ကို program တစ်ခုကို ရေးထားပါတယ်။ လက်နဲ့ချတွက်တာ ထက် အများကြီး သက်သာသလို အချိန်ကုန်လည်း အများကြီး သက်သာစေပါတယ်။
မိမိတွက်ချက်လိုတဲ့ structure ကို AutoCAD မှာ ဆွဲထားပြီး လိုအပ်တဲ့ အချက်အလက်များ ( vertical and horizontal loading၊ cross section shape & area၊ material၊ support type၊ no. of segment၊ group of soil၊ coefficient of bearing capacity of soil စသည်) ကိုထည့်သွင်းတွက်ချက်ရပါတယ်။ အဲဒီ့နောက်မှာတော့ structural analysis လုပ်ဖို့အတွက်ကို result တွေကို ထုတ်ပေးပါတယ်။ Deformation shape၊ bending moment၊ axial force၊ shear force စတာတွေရဲ့ ပုံကြမ်းနဲ့ တန်ဖိုးတွေကို ထုတ်ပေးပါတယ်။ ရရှိလာတဲ့ တန်ဖိုးတွေကို recommend ပေးထားတဲ့ တန်ဖိုးတွေနဲ့ နှိုင်းယှဉ်ပြီး safe ဖြစ်မဖြစ် check ရပါတယ်။
နောက်တစ်ခုကတော့ Reinforced concrete သုံးတဲ့ structure တွေအတွက် cross sectional area တစ်ခုမှာ လိုအပ်တဲ့ အနည်းဆုံး သံချောင်း cross sectional area ကိုလည်း တွက်ချက်ပေးပါတယ်။ အဲဒါကိုကြည့်ပြီးတော့ ထည့်သွင်းရမယ့် သံချောင်း အရေအတွက်နဲ့ diameter ကိုရွေးချယ်နိုင်ပါတယ်။ အကယ်၍ checking လုပ်ရာမှာ recommend ပေးထားတာ ထက်များနေတဲ့ အခြေအနေမျိုးမှာ ဆိုရင် သံချောင်းကိုပိုထည့်ပြီး ဖြစ်စေ၊ lining thickness ကို ပိုကြီးပြီး ဖြစ်စေ၊ material ကို ပိုကောင်းတာကို သုံးပြီးဖြစ်စေ ဖြေရှင်းနိုင်ပါတယ်။ အထက်ပါပြုလုပ်ချက်များကို ပြုလုပ်ပြီးသော်လည်း မပြေလည်တဲ့ အခြေအနေမျိုးမှာ ဆိုရင်တော့ ဥမင် lining ပုံစံကို ပြန်ပြောင်းပြီး ဒီဇိုင်းပြုလုပ်ရမှာဖြစ်ပါတယ်။ Then we had to go back to the drawing board. :)
ပုံအကြီးကို ကြည့်ရန် ပုံများကို click လုပ်ပါ။
Calculation result
အခုဆက်လက်ဆွေးနွေးမှာကတော့ ဒီဇိုင်းပိုင်းပြီးတဲ့အတွက်ကြောင့် အခြားလိုအပ်တဲ့ တည်ဆောက်မှုတွေ အကြောင်းဖြစ်ပါတယ်။ ပထမဆုံး ဆွေးနွေးမှာက construction site ဖြစ်ပါတယ်။ လိုအပ်တဲ့ material တွေကို dumping လုပ်နိုင်ဖို့၊ မြေအောက်ထဲကို ၀င်ရောက်နိုင်ဖို့ အတွက် လိုအပ်တဲ့ trench သို့မဟုတ် bore shaft တူးဖော်နိုင်ဖို့ မြေနေရာတွေ လိုအပ်ပါတယ်။ ထို့အပြင် construction site တစ်ခုမှာ လိုအပ်တဲ့ အခြေခံ အဆောက်အအုံများ (ဂိုထောင်၊ ထရန်ဖော်မာ၊ မီးတိုင်များ၊ admin & medical first aid၊ canteen၊ security) တည်ဆောက်ရန်လည်း လိုအပ်ပါတယ်။ ၀င်လမ်း၊ ထွက်လမ်းများကို ၀င်ပေါက်၊ ထွက်ပေါက်များနှင့် တကွ နေရာချ ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။ mix shield ကို အသုံးပြုတာ ဖြစ်တဲ့အတွက် စုပ်ထုတ်ထားတဲ့ bentonite solution မှာပါဝင်တဲ့ မြေကြီးတွေကို ဖယ်ထုတ်ပြီး purification လုပ်ရန် လိုအပ်တဲ့ စက်ကိရိယာများ၊ filter များ၊ conveyor များကိုလည်း တည်ဆောက်ထားရမှာဖြစ်ပါတယ်။ close type ဖြစ်တဲ့ အတွက်ကြောင့် လိုအပ်တဲ့ အနက်ရောက်အောင် ပထမဦးဆုံး trench သို့မဟုတ် bore shaft တစ်ခုကို အရင်တည်ဆောက်ရပါတယ်။ အဲဒီကနေမှ တဆင့် အသုံးပြုမယ့် shield ကို ထည့်သွင်းတပ်ဆင်ပြီး တူးဖော်ရမှာ ဖြစ်ပါတယ်။
Trench အကျယ်နှင့် bore shaft ရဲ့diameter တွေကတော့ သက်ဆိုင်ရာ ဖောက်လုပ်မယ့် ဥမင်အလိုက် လိုအပ်တဲ့ အတိုင်းအတာ တစ်ခုကို ဖောက်လုပ်ရမှာ ဖြစ်ပါတယ်။ working space တစ်ခုရအောင် မြေအောက်မှာ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အဆိုပါတည်ဆောက်မှုတွင်လည်း drainage system ကိုထည့်သွင်း စဉ်းစားရမှာပါ။ အပေါ်ပိုင်းအပွင့်ပိုင်းမှ မိုးရာသီ မိုးကျတဲ့ အခါဝင်လာတဲ့ရေတွေ သာမက ထွက်လာနိုင်တဲ့ မြေအောက်ရေ အတွက်ပါ ကြိုတင် ပြင်ဆင်ထားဖို့လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီ trench သို့မဟုတ် bore shaft ကနေ shield ကိုထည့်သွင်းတပ်ဆင်ရမှာ ဖြစ်ပါတယ်။ ဒါတွေ အပြင် ဥမင်ဖောက်လုပ်ရာမျာ safety ဖြစ်စေဖို့အတွက်ကိုလည်း စဉ်းစားရပါတယ်။ မြေအောက်မှာ အလုပ်လုပ်ရတာ ဖြစ်တဲ့ အတွက်ကြောင့် Ventilation system တွေကိုလည်း ထည့်သွင်း တပ်ဆင်ရမှာဖြစ်ပါတယ်။ drilling and blasting ဆိုရင်တော့ dangerous gas တွေထွက်လာနိုင်တဲ့ အတွက် ပိုမိုတပ်ဆင်ဖို့ လိုအပ်ပါတယ်။

Bore shaft
shield method ကို အသုံးပြု ဖောက်လုပ်တာ ဖြစ်တဲ့ အတွက်ကြောင့် ထို shield အတွက် လိုအပ်တဲ့ complex ကိုလည်း ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ complex တစ်ခုလုံးအတွက် trolley cart ၄ခုလိုအပ်ပါတယ်။ ပထမ trolley cart မှာ မြေကြီးပျော်ဝင်နေတဲ့ bentonite solution တွေကို စုပ်ထုတ်ဖို့ pump ကိုတပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ဒုတိယ မှာတော့ lining block crane၊ ဆီပုံး၊ ထရန်စဖော်မာ၊ compressed air reciever စတာတွေကို တပ်ဆင်ထားရန် လိုအပ်ပါတယ်။ တတိယ cart မှာ ပိုက်အပိုများဖြင့် feeding line နှင့် transporting line တွေကို လိုအပ်တဲ့ အရှည်ရအောင် တိုးဆက်ပေးပါတယ်။ shield ကရှေ့ကိုတိုးသွားတိုင်း အဲဒီ့ပိုက်လိုင်းတွေကလည်း လိုက်ရှည်လာဖို့လိုပါတယ်။
နောက်ဆုံး trolley မှာတော့ lining နှင့် မြေသားကြားမှာရှိတဲ့ အလွတ်အလပ်ဖြစ်နေတဲ့ နေရာတွေကို concrete မှုတ်ထည့်ရန် အတွက် လိုအပ်တဲ့ စက်ကိရိယာများကို တပ်ဆင်ထားပါတယ်။ concrete injection ကို နှစ်ဆင့်ပြုလုပ်ရတာ ဖြစ်ပြီး ပထမအဆင့်မှာ ဘိလပ်မြေနှင့်သဲ အရောကို မှုတ်ထည့်ပါတယ်။ ဒုတိယ အဆင့်ကတော့ ဘိလပ်မြေသပ်သပ်ကို သာ အသုံးပြုရပါတယ်။ ယခုကဲ့သို့ ပြုလုပ်ခြင်းဖြင့် lining နှင့် မြေသားကို တစ်သားတည်း ဖြစ်စေပြီး ဥမင်ရဲ့ခံနိုင်အားကို တက်စေပါတယ်။ ဒါ့အပြင် မြေအောက်ရေ ကိုလည်းကာကွယ်ပေးပြီး lining ရှိ သံများ သံချေးတက်မှုမှလည်း ကာကွယ်ပေးပါတယ်။

shield တစ်ခုအလုပ်လုပ်ပုံကို ကျွန်တော်ပြန်ရေးပြပါမယ်။ tunneling process ပေါ့။ ပထမ cutting wheel က တူးထုတ်ပါမယ်။ ထွက်လာတဲ့ မြေကြီး အနှစ်တွေကို transporting line ကနေပြီးတော့ မြေမျက်နှာပြင်ပေါ်ကို စုပ်ထုတ်နေသလို feeding line ကလည်း excavation chamber ကို bentonite suspension တွေကို ပို့လွှတ်ပေးနေပါတယ်။ အဲဒီလို တူးထုတ်နေတဲ့ အချိန်မှာပဲ shield ကရှေ့ကိုတိုးသွားပါတယ်။ နောက်က လွတ်ကျန်ခဲ့တဲ့နေရာမှာ lining ကို lining block crane အကူအညီနဲ့တပ်ဆင်ပါတယ်။ ထို့နောက် လိုအပ်တဲ့ လမ်းကြောင်း(lining block တွေကိုပို့ဖို့ အတွက်လိုအပ်တဲ့ ရထားလမ်းသေး) နဲ့ ပိုက်လိုင်းများကို တိုးဆက်ပါတယ်။ အဲဒီနောက်မှာ lining တွေကို မြေသားနှင့် တစ်ထပ်ထည်း ဖြစ်အောင် ကွန်ကရစ်ကို မှုတ်ထည့်ပါတယ်။ အဲဒါအားလုံးက 1 cycle ပါ။
အဲဒါကို တစ်ရက် ၂၄ နာရီမှာ ဘယ်လို လုပ်မယ်၊ အဆိုင်း ဘယ်နှစ်ဆိုင်း ခွဲလုပ်မယ် စတာတွေကတော့ Management နှင့် ပတ်သက်သွားပါပြီ။ Construction Management ဖြစ်တာကြောင့်မို့ Civil engineer တွေအတွက် အစိမ်းသက်သက်တော့ မဟုတ်ပါဘူး။ စာတမ်းမှာတော့ အဲဒီ့အတွက် လိုအပ်တဲ့ bar chart ကိုရေးဆွဲတင်ပြထားပါတယ်။ အဆိုင်း ၄ ဆိုင်း ၊ တစ်ဆိုင်းကို ၆ နာရီနှင့် တစ်ရက်ကို ၂၄ နာရီ အလုပ်လုပ်ခိုင်းထားပါတယ်း အလုပ်သမားလိုအပ်ချက် အနေနဲ့ ၁၄ ယောက်ဖြစ်ပါတယ်။ ဒါကတူးဖော်နေတဲ့ အစိတ်အပိုင်းအတွက်ပဲဖြစ်ပါတယ်။
ပုံအကြီးကို ကြည့်ရန် ပုံများကို click လုပ်ပါ။အဲဒါကို တစ်ရက် ၂၄ နာရီမှာ ဘယ်လို လုပ်မယ်၊ အဆိုင်း ဘယ်နှစ်ဆိုင်း ခွဲလုပ်မယ် စတာတွေကတော့ Management နှင့် ပတ်သက်သွားပါပြီ။ Construction Management ဖြစ်တာကြောင့်မို့ Civil engineer တွေအတွက် အစိမ်းသက်သက်တော့ မဟုတ်ပါဘူး။ စာတမ်းမှာတော့ အဲဒီ့အတွက် လိုအပ်တဲ့ bar chart ကိုရေးဆွဲတင်ပြထားပါတယ်။ အဆိုင်း ၄ ဆိုင်း ၊ တစ်ဆိုင်းကို ၆ နာရီနှင့် တစ်ရက်ကို ၂၄ နာရီ အလုပ်လုပ်ခိုင်းထားပါတယ်း အလုပ်သမားလိုအပ်ချက် အနေနဲ့ ၁၄ ယောက်ဖြစ်ပါတယ်။ ဒါကတူးဖော်နေတဲ့ အစိတ်အပိုင်းအတွက်ပဲဖြစ်ပါတယ်။
Bar chart diagram
Bar chart ကို working day တစ်ရက်စာ အတွက်ကိုပဲ ရေးဆွဲထားတာ ဖြစ်ပြီး သာမန် အများပြည်သူရုံးပိတ်ရက်တွေ အတွက်ကိုတော့ နှစ်ရှည် အလိုက်ဆွဲရတဲ့ ပြက္ခဒိန် ဂရက်ဖ် မှာ ထည့်သွင်းတွက်ချက်ထားပါတယ်။ အဲဒီ့ graph မှာထည့်သွင်းရေးဆွဲထားတဲ့ အချက်တွေကတော့ ကြိုတင်ပြင်ဆင်မှုအပိုင်း၊ construction site တည်ဆောက်မှုအပိုင်း၊ bore shaft တည်ဆောက်မှုအပိုင်း၊ shield complex တပ်ဆင်မှုအပိုင်း၊ တူးဖော်မှုနှင့် lining တပ်ဆင်မှုအပိုင်း၊ ရထားလမ်းပိုင်းတည်ဆောက်မှုအပိုင်း၊ shield ပြန်လည်ဖြုတ်မှုအပိုင်း၊ စက်ကိရိယာများ ပြန်လည် သိမ်းဆည်းမှု အပိုင်းနှင့် အပြီးသတ်လုပ်ဆောင်မှု အပိုင်းဆိုပြီး အပိုင်းတွေခွဲပြီး ရေးဆွဲထားပါတယ်။ တစ်ပြိုင်တည်း ပြုလုပ်ရတဲ့ အလုပ်တွေရှိသလို တစ်ခုပြီး မှတစ်ခု လုပ်ဆောင်ရတဲ့ အလုပ်တွေလည်း ရှိပါတယ်။ အလုပ်သမား အင်အားအနေနှင့် အများဆုံး ၃၄ယောက် နှင့် အနည်းဆုံး ၆ ယောက် အသုံးပြုထားပါတယ်။ ဥမင်တစ်ခုလုံး တည်ဆောက်ရန် ကြာချိန်ကို ၂ နှစ် သတ်မှတ်ရေးဆွဲထားပါတယ်။
အခုလောက်ဆိုရင် စာဖတ်သူအနေနဲ့ ဥမင်လမ်းကြောင်းတစ်ခု ဖောက်လုပ်ရတဲ့ process တစ်ခုကို သိလောက်ပါပြီ။ ကျွန်တော်လုပ်ခဲ့တဲ့ စာတမ်းနဲ့ ပတ်သက်ပြီး ခြုံငုံဆွေးနွေးခွင့်ပေးတဲ့ Mymetro နှင့်တကွ အစစအရာရာ ကူညီခဲ့ကြတဲ့ အတန်းတူတက် သူငယ်ချင်း ၁၄ ယောက်တို့ကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ထို့အတူပဲ ကျွန်တော်ရေးထားတာတွေကို စိတ်ဝင်တစားဖတ်ရှုပေးကြတဲ့ စာဖတ်သူအပေါင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ မကြာခင်မှာ ကျွန်တော်တို့ အဖွဲ့သားတွေ အမိမြန်မာနိုင်ငံကို ပြန်ရတော့မှာ ဖြစ်တဲ့ အတွက် အခုကတည်းက နှုတ်ဆက်စကားဆိုထားတာ ဖြစ်ပါတယ်။ အားလုံးပဲ ရွှင်လန်း ချမ်းမြေ့ကြပါစေ။ ကျွန်တော်ရေးထားတာနဲ့ ပတ်သက်ပြီး ဆွေးနွေး အကြံပေးချက်များကို ကျွန်တော် မပြန်ခင် အချိန်အတွင်း ပြန်လည်ဆွေးနွေးသွားပါမယ်။
ပရင့်ထုတ်ရန်
နောင်လည်း အချိန်ရတဲ့အခါပဲဖြစ်ဖြစ်၊ စာဖတ်လို့ ရေးတဲ့အခါပဲဖြစ်ဖြစ်၊ ရေးဖြစ်တဲ့ အခါမှာ မေးလ်ကနေတဆင့် ပို့ပေးပါ။ စာရေးကောင်းတဲ့ contributor တစ်ယောက်တော့ မဆုံးရှုံးချင်ပါဘူး။ ရေးဖို့ အနူးအညွှတ် တိုက်တွန်းပါတယ်။ ရေးဖြစ်မယ်လို့လည်း မျှော်လင့်ပါတယ်။
ဒီပို့စ်က နောက်ဆုံးရေးတဲ့ပို့စ်တော့ မဖြစ်စေချင်ပါဘူးနော်။ စာတွေ့တွေအားလုံးကို လက်တွေ့နဲ့ပေါင်းစပ်နိုင်ပါစေ . . . .
tunnel linning ၇ဲ့ shear force တွေ, bending moment တွေ ကို ဘယ် software သံုးပြီး ရှာထားတာလဲ ဆိုတာလေး သိချင်လို့ပါ။
Musson ဆိုတဲ့ ဥမင်ဒီဇိုင်းတွက်တဲ့ ဆော့ဖ်ဝဲကို သုံးပြီး တွက်ထားတာပါ။ ကျောင်းက ရေးထားတဲ့ဆော့ဖ်ဝဲပါ။
အခုလို ချက်ချင်းပြန်ဖြေပေးလို့ အ၇မ်းကျေးဇူးတင်ပါတယ်။ အခုလက်ရှိ အလုပ်မှာတော့ tunnel linning design ကို spread sheet နဲ့ တွက်သလို PLAXIS ကိုလဲ သုးံပါတယ်။
Spread sheet ကိုတော့ မသိပါဘူး။ Plaxis နဲ့ တွက်တာကိုတော့ စိတ်ဝင်စားပါတယ်ခင်ဗျာ။ ဖြစ်နိုင်ရင် နမူနာတွက်ထားတာ ဖြစ်ဖြစ် ပို့ပေးနိုင်မလားခင်ဗျာ။ အခုလို လုပ်ငန်းခွင်အတွေ့အကြုံရှိသူအနေနဲ့ ဒီဘလော့ဂ်မှာ contribute လုပ်ပေးဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ။
Tunnel linning ရဲ့ Reinforcement တွေကိုတွက်ဖို့ လိုအပ်တဲ့ Bending moment နဲ့ axial force ကို PLAXIS သုံးပြီး ရှာထားတဲ့ PLAXIS file ပါ။
http://ifile.it/h1wyvfj
ကျေးဇူးအများကြီး တင်ပါတယ် sis ရေ...။