လူ
သားတို့သည် သမိုင်းမတင်မီ ခေတ်ကာလများကတည်းက မြေအောက် ကမ္ဘာကို တူးဆွခဲ့ကြသည်။ ရာသီဥတုဒဏ်၊ သားရဲတိရိစ္ဆာန်များနှင့် အခြားသော လူမျိုးနွယ်စုတို့၏ တိုက်ခိုက်မှု အန္တရာယ်များမှ ကာကွယ်နိုင်ရန် သဘာဝလိုဏ်ဂူများတွင် နေထိုင်ခဲ့သည့် ဘဝမှအစပြု၍ မိမိတို့၏ အကျိုးစီးပွားအလို့ငှာ မြေအောက်ကဏ္ဍကို ကောင်းစွာ အသုံးချလာ နိုင်ခဲ့ကြသည်အထိ အဆင့်ဆင့် တိုးတက်လာခဲ့သည်။ ပထမဦးဆုံး မြေအောက်တူးဖော်ရေး လုပ်ငန်းများကို ဘီစီ ၃၅ နှင့် ၃၀ ရာစုနှစ်ကာလများက ဆူမာဒေသ (Sumer - ယခု အီရတ်နိုင်ငံ တောင်ပိုင်းဒေသ) နှင့် ဆင်နိုင်းကျွန်းဆွယ် (Sinai peninsula - အာရှတိုက်နှင့် အာဖရိကတိုက်ကြား) တို့တွင် ကြေး အစရှိသော သတ္တုများတူးဖော်ရာမှ အစပြုခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။
ထို့နောက်ပိုင်းတွင် တခေတ်ထက် တခေတ် မြေအောက် ဓာတ်သတ္တုရှာဖွေရေး လုပ်ငန်းများ၊ ရေသိုလှောင်ရေးနှင့် ရေပေးဝေရေးဆိုင်ရာ အဆောက်အအုံများ၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံများနှင့် ကာကွယ်ရေးဆိုင်ရာ အဆောက်အအုံများ စသည်ဖြင့် မြေအောက် တူးဖော် ဆောက်လုပ်ရေး လုပ်ငန်းများ ပိုမိုများပြားလာခဲ့သည်။ ၁၈ ရာစုမှ ၁၉ ရာစုအတွင်း အင်္ဂလန်၊ ပြင်သစ်၊ ဂျပန်နှင့် အမေရိကန်နိုင်ငံများတွင် သယ်ယူ ပို့ဆောင်ရေးအတွက် ရေလမ်းဥမင်များကို ဖောက်လုပ် အသုံးပြုခဲ့ကြသည်။ ၁၉ ရာစုအစောပိုင်းတွင် မီးရထားလမ်းများစတင် ပေါ်ပေါက်လာမှု နှင့်အတူ ဥရောပ နိုင်ငံများ ဖြစ်ကြသော ပြင်သစ်၊ အင်္ဂလန်၊ ဆွစ်ဇာလန်၊ အီတလီ၊ ဂျာမဏီ၊ ဆွီဒင်နှင့် အမေရိကန်နိုင်ငံတို့တွင် ရထားလမ်းဥမင်များကိုပါ တပြိုင်နက်တည်းလိုလို ဖောက်လုပ် လာခဲ့ကြသည်။
၁၉ ရာစုနှောင်းပိုင်း ကာလများတွင် လန်ဒန်၊ ဂလပ်စကို၊ ပါရီနှင့် ဘာလင်မြို့များတွင် မြေအောက် ရထားလမ်း (Metro) များ စတင်ဖောက်လုပ် လာခဲ့ကြသည်။ ပထမဆုံး မြေအောက် ရထားလမ်း (Metro) ကို ၁၈၆၃ ခုနှစ်၌ လန်ဒန်မြို့တွင် စတင်ဖောက်လုပ်ခဲ့သည့် နောက်တွင် ကမ္ဘာ့ မြို့တော်ကြီးများ၌ အလွန်ရှုပ်ထွေး ကြီးမားသော မြေအောက် မီးရထားလမ်းများ အလျှိုလျှို ပေါ်ပေါက် လာခဲ့သည်။ ယခုအခါတွင် ကမ္ဘာ့ပေါ်တွင် မြေအောက် မီးရထားလမ်း ကွန်ယက်စနစ် (Metropolitan) ရှိသော မြို့ကြီးပေါင်း ၁၆၇ မြို့ထိရှိလာပြီဖြစ်ပြီး မြေအောက် မီးရထားလမ်းများကို ဖောက်လုပ်နေကြဆဲ ဖြစ်သော ခေတ်မီမြို့ကြီးများလည်း လျင်မြန်စွာ တိုးပွားလာနေပြီ ဖြစ်သည်။
၂၀ ရာစုအလယ်ပိုင်း ကာလမှစ၍ ယနေ့မျက်မှောက် ကာလအထိ မြေအောက် အဆောက်အအုံများ၊ ကားလမ်း၊ ရထားလမ်း ဥမင်များ၊ မြေအောက် ရထားလမ်း ကွန်ယက်များ၊ ကားလမ်း - ရထားလမ်းဖြတ် လူကူးဥမင်များ၊ ရေ၊ လျှပ်စစ်၊ ကေဘယ်လ်နှင့် ဓာတ်ငွေ့လိုင်း အစရှိသည့် ဥမင်များ၊ ရေအားလျှပ်စစ် ဥမင်များနှင့် အခြားသော မြေအောက် အဆောက်အအုံ များစွာကို အရှိန်အဟုန်ဖြင့် တိုးတက် ဆောက်လုပ် လာခဲ့ကြသည်ကို တွေ့ရသည်။ သမိုင်းမတင်မီ ခေတ်ကတည်းက စခဲ့သော လူသားတို့၏ မြေအောက်ကမ္ဘာသို့ တိုးဝင်ရေး စိတ်ကူးများသည် နောင်ရာစုနှစ်၊ ထောင်စုနှစ် များစွာအထိ ဆက်လက် ဖွံ့ဖြိုးတိုးတက်နေမည်ဟု ယူဆရပါသည်။
၂။ တိုးတက်ပြောင်းလဲလာသော မြေအောက် ဆောက်လုပ်ရေးလုပ်ငန်းများ
ဥမင်ဖောက်လုပ်ခြင်းဆိုင်ရာ နည်းပညာများ မြင့်မား တိုးတက်လာသည် နှင့်အမျှ ယနေ့ကာလ ကမ္ဘာ့နိုင်ငံ အများအပြားတွင် မြေအောက် ဆောက်လုပ်ရေး ကဏ္ဍကို အရှိန်အဟုန်ဖြင့် ထိရောက်စွာ အသုံးချလာ ကြသည်။ မြေအောက် ကမ္ဘာသို့ တိုးဝင်ခြင်းသည် လူသားတို့အတွက် အကျိုးအမြတ်များ ရရှိရာ နယ်ပယ်တစ်ရပ်သဖွယ် ဖြစ်လာပြီး မြေပေါ်ရှိ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာ ရောက်သည်ဟုလည်း ရှုမြင်လာကြသည်။
အသက်အန္တရာယ် ထိခိုက်စေနိုင်သော နည်းပညာဆိုင်ရာ လုပ်ငန်းများ၊ နျူကလီးယား ဓာတ်အားပေးစက်ရုံများ၊ ရေဒီယိုသတ္တိကြွ ပစ္စည်းများနှင့် အဆိပ်အတောက် ဖြစ်စေနိုင်သော စွန့်ပစ်ပစ္စည်း သိုလှောင်ရုံများ၊ စွန့်ပစ်ရေဆိုးနှင့် မိလ္လာသန့်စင် စက်ရုံများ၊ စက်ရုံ၊ အလုပ်ရုံများမှ ထွက်သော အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ သိုလှောင်ရန်နေရာများ စသည်တို့ကို မြေအောက်တွင် ဆောက်လုပ် အသုံးပြုလာကြသည်။ ထို့ပြင် စက်မှုလုပ်ငန်းများ၊ သယ်ယူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊ အများပြည်သူ ဆိုင်ရာနှင့် အခြားသော ဒြပ်ဝတ္ထု၊ အဆောက်အအုံများ အားလုံးကို မြေအောက်တွင်ထားရှိ အသုံးပြုနိုင်ရန် ကြိုးပမ်းလာကြခြင်းသည် လူသားတို့၏ နေထိုင်မှုဘဝ ပြည့်စုံကုံလုံရေး အတွက် ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှု အခြေအနေတစ်ရပ် ဖြစ်လာခြင်းပင် ဖြစ်သည်။
(က) တိုးပွားလာသော လူဦးရေနှင့်အတူ မြေဧရိယာ လိုအပ်လာခြင်း
ယနေ့ကာလတွင် ကမ္ဘာပေါ်၌ လူဦးရေ တစ်သန်းနှင့် အထက်နေထိုင်သော မြို့ကြီးပေါင်း ၄၀၀ ကျော်ရှိပြီးဖြစ်သလို ထိုကဲ့သို့သောမြို့ကြီးများ အရေအတွက်သည်လည်း အပြိုင်းအရိုင်းနှင့် လျင်မြန်စွာ တိုးတက်လာနေပြီ ဖြစ်သည်။ ကုလသမဂ္ဂမှ ထုတ်ပြန်သော စာရင်းဇယားများအရ ကမ္ဘာ့လူဦးရေမှာ ၁၉၇၅ ခုနှစ်တွင် သန်းလေးထောင်ခန့်သာ ရှိရာမှ ၁၉၈၇ ခုနှစ်တွင် သန်းငါးထောင်၊ ၁၉၉၉ ခုနှစ်တွင် သန်းခြောက်ထောင်အထိ တိုးတက်လာခဲ့ပြီး ထိုနှုန်းအတိုင်းသာ နှစ်စဉ်တိုးလာပါက ၂၀၂၉ ခုနှစ်အရောက်တွင် ကမ္ဘာ့လူဦးရေမှာ ၇.၅ ဘီလီယံအထိ ရောက်ရှိလာမည်ဖြစ်သည်။
ထို့အတူ ကမ္ဘာ့မြို့ကြီးများ၏ လူဦးရေသည်လည်း အလွန် လျင်မြန်သောနှုန်းဖြင့် တိုးတက်လာခဲ့ပြီး မြို့ပြဧရိယာမှာလည်း တကမ္ဘာလုံး အတိုင်းအတာဖြင့် မရပ်မနား ကျယ်ပြန့်လာနေသည်ကို တွေ့ရပါသည်။ ၁၈၃၀ ခုနှစ်များက မြို့ကြီးများတွင် နေထိုင်သူဦးရေမှာ စုစုပေါင်းလူဦးရေ၏ ၃ ရာခိုင်နှုန်းကျော်သာ ရှိရာမှ ၁၉၆၀ ခုနှစ်တွင် မြို့နေလူဦးရေ ၃၄ ရာခိုင်နှုန်း၊ ၁၉၉၅ ခုနှစ်တွင် ၄၅ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။ ခန့်မှန်းချက်များအရ ၂၀၁၅ ခုနှစ်တွင် လူဦးရေ၏ ၅၅ ရာခိုင်နှုန်းမှာ မြို့ပေါ်တွင်နေထိုင်ကြမည် ဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် မြို့နေလူဦးရေမှာ ၅၇.၆ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်သည်။
မြို့နေလူဦးရေ တိုးပွားလာမှုနှင့်အတူ မြို့ပြဧရိယာ လိုအပ်ချက်ကလည်း ပိုမိုမြင့်မားလာပါသည်။ ဥပမာအားဖြင့် ၁၉၄၀ ခုနှစ်မှ ၁၉၉၀ ခုနှစ်အတွင်း မက္ကဆီကိုမြို့၏ ဧရိယာမှာ ၁၃၀ မှ ၁၂၅၀ စတုရန်းကီလိုမီတာ အထိ ကျယ်ပြန့်လာခဲ့သည်။ မော်စကိုမြို့၏ ဧရိယာမှာလည်း ၃၂၆ မှ ၉၉၄ စတုရန်း ကီလိုမီတာအထိ ကျယ်ပြန့်လာသည်။ သို့ဖြစ်၍ မြို့ပြဧရိယာ ကျယ်ပြန့်လာမှုကို ထိန်းချုပ်နိုင်ရန် ခေတ်မီမြို့ကြီးများ အနေဖြင့် မြေအောက် အဆောက်အအုံ (Underground facilities) များကို အကောင်အထည်ဖော် ဆောက်လုပ်လာခဲ့ခြင်းလည်း ဖြစ်ပါသည်။ ဤသည်မှာ မြို့ပြဖွံ့ဖြိုး ကြီးထွားမှုပုံစံသည် အလျားလိုက် ပြန့်ကားနေရာမှ ဒေါင်လိုက် ပုံသဏ္ဍာန်သို့ ပြောင်းလဲလာခြင်းလည်းဖြစ်၏။
ယနေ့မျက်မှောက်ကာလ မြို့ပြအိုးအိမ် စီမံကိန်းများ ရေးဆွဲခြင်း၊ ဆောက်လုပ်ခြင်းတို့ ပြုလုပ်ရာတွင် အထူးသဖြင့် လူဦးရေ သန်းကျော်နေထိုင်သော မီဂါပိုလစ် (Mega polis) မြို့ကြီးများတွင် မြေအောက် ဧရိယာကို အသုံးချနိုင်မှု၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုနှင့် သဘာဝအရင်းအမြစ်များကို ထုတ်ယူသုံးစွဲမှု ကာကွယ်ရေး ဆိုင်ရာ အချက်များ၊ လက်ရှိမြို့ဧရိယာအတွင်း အဆောက်အအုံများ ထပ်မံ ဆောက်လုပ်နိုင်မှု အလားအလာများ၊ မြို့ပြသယ်ယူ ပို့ဆောင်ရေးနှင့် အင်ဂျင်နီယာ စနစ်များ ပြောင်းလဲ တိုးတက်လာမှု၊ လူနေ/ မနေသော အဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် အခြားသော မြို့ပြဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်နိုင်မှု စသည့် အချက်များအပေါ်တွင် အဓိကထား စဉ်းစားလာကြသည်။
အပြည်ပြည်ဆိုင်ရာ ဥမင်နှင့် မြေအောက်အဆောက်အအုံ နည်းပညာဆိုင်ရာ အဖွဲ့ကြီး (ITA-AITES)၏ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သူ ပါမောက္ခ စီ၊ ပီလစ်ဇာ က ၂၁ ရာစု၏ ပထမဆယ်စုနှစ်အတွင်း မြေအောက်ကမ္ဘာကို အသုံးချမှုများ ပိုမိုတိုးတက်လာလိမ့်မည်ဟု အောက်ပါ အဓိက အချက်သုံးချက်ဖြင့် ရှုမြင်သုံးသပ်ထားပါသည်။
- လူဦးရေထူထပ်သော မြို့ကြီးများ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန် လာရန်နှင့် လူနေမှု အဆင့်အတန်း မြင့်တင်ရန် လိုအပ်လာခြင်း (မြန်ဆန် ထိရောက်သော သယ်ယူ ပို့ဆောင်ရေးစနစ်၊ ရေဆိုး စွန့်ထုတ်/သန့်စင်စနစ်များ မွမ်းမံရန် လိုအပ်မှု စသည်)။
- မြို့လယ်ပိုင်းနှင့် ရေရှားသော မြို့နယ်များကို သောက်သုံးရေ ပမာဏ ပိုမို ပို့ဆောင်ပေးနိုင်ရန်နှင့် ၎င်းရေကို ရယူနိုင်ရန် နေရာများ လိုအပ်လာခြင်း။
- ရထားနှင့် ကားကို အဓိက အသုံးပြုသော မြို့များတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ပိုမိုလုပ်ဆောင်ရန် လိုအပ်လာသည် နှင့်အမျှ သယ်ယူ ပို့ဆောင်ရေး စနစ်ကိုလည်း အဆင့် မြှင့်တင်ရန် လိုအပ်လာခြင်း စသည်တို့ ဖြစ်သည်။
(ခ) သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်ကို ထိန်းသိမ်းရန် လိုအပ်ခြင်း
မြေအောက် နယ်ပယ်ကို အသုံးချခြင်းသည် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်ရာတွင် များစွာသော အကျိုးကျေးဇူးများ ရရှိသည်ကို တွေ့ရသည်။ အောက်ပါတို့သည် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု အနည်းဆုံးသာ ဖြစ်ပေါ်စေသော ထင်ရှားသော ရှုထောင့်များဖြစ်သည်-
(၁) အလှအပဆိုင်ရာ (Aesthetics)။ မြေအောက်ထဲတွင် တစိတ်တပိုင်း (သို့) လုံးလုံးလျားလျား တည်ရှိသော မြေအောက် အဆောက်အအုံ များသည် မြေပေါ် အဆောက်အအုံများနှင့် နှိုင်းယှဉ်ပါက မြင်ကွင်း အတားအဆီးဖြစ်ခြင်း နည်းပါးသည်။ မြေပေါ်တွင် ထားရှိရန် မဖြစ်နိုင်သော ရေပေးဝေရေး ပိုက်လိုင်းများ၊ မိလ္လာနှင့် ရေဆိုးထုတ် ပိုက်လိုင်းများနှင့် အခြားသော အင်ဂျင်နီယာဆိုင်ရာ အဆောက်အအုံများကို မြေအောက်တွင် ထားရှိခြင်းဖြင့် သဘာဝ မြေယာ အနေအထားကို ထိန်းသိမ်းရာ ရောက်သည်။
(၂) ဂေဟစနစ်။ မြေပေါ် သယ်ယူပို့ဆောင်ရေး လမ်းမများ၏ ယာဉ်သွားလာမှုမှ ထွက်ပေါ် လာသော ဆူညံမှုနှင့် ကာဗွန်ဒိုင် အောက်ဆိုဒ် (CO2) အခိုးအငွေ့များသည် မြို့ပြလေထုနှင့် သဘာဝ ပတ်ဝန်းကျင်ကို အဓိက ညစ်ညမ်း စေသော အရာများအဖြစ် မြို့ကြီးများတွင် တွေ့ရသည်။ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ (ရထား၊ ကားလမ်းဥမင်များ)ကို မြေအောက်တွင် ဖောက်လုပ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်နှင့် မြေယာရှုခင်းအပေါ် ထိခိုက်မှုကို လျှော့ချနိုင်ခြင်း၊ သစ်တောဧရိယာများကို မထိခိုက်နိုင်ခြင်း၊ လယ်ယာမြေများကို အသုံးပြုရမှုမှ ရှောင်ကွင်းနိုင်ခြင်း စသည်တို့ကြောင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်ကို ဘေးဒုက္ခဖြစ်စေခြင်းတို့မှ လျှော့ချနိုင်ပေသည်။
(ဂ) မြေမျက်နှာသွင်ပြင် အနေအထားများကြောင့် မြေအောက်သို့ တိုးဝင်ခြင်း
တောင်ကုန်းတောင်တန်းများ ထူထပ်သော ဒေသများ၊ မြစ်ကူး ချောင်းကူးနေရာများတွင် ကားလမ်း၊ ရထားလမ်း၊ ရေလမ်း ဥမင်များသည် မြေမျက်နှာသွင်ပြင် ပထဝီ အနေအထားများကြောင့် အရေးပါသော အခြေခံ အဆောက်အအုံများ ဖြစ်လာကြသည်။ ဥပမာအားဖြင့် မြစ်များ၊ ချောင်းများကို ဖြတ်ကျော်ရာတွင် တံတားများထက် ရေအောက် ဥမင်များကို ရွေးချယ် ဖောက်လုပ် ရခြင်းမှာ တံတားများသည် ဥမင်များထက် ဆောက်လုပ်မှု ကုန်ကျစရိတ် သက်သာခြင်းနှင့် ဆောက်လုပ်ရေး ကာလ တိုတောင်းမှု ရှိသော်လည်း မြစ်ပြင်ကျယ်ပါက ချဉ်းကပ်တံတားကို ပိုမို ရှည်လျားစွာ ဖောက်လုပ်ရခြင်း၊ မြို့ပြ ဧရိယာအတွင်း တံတား၏ နေရာယူမှု ပိုမို များပြားခြင်း၊ မြို့ပြ၏ ဗိသုကာ ဆိုင်ရာအမြင် အပေါ် ထိခိုက် စေနိုင်ခြင်း၊ မြစ်အတွင်း ရေကြောင်း သွားလာမှုကို အနှောင့်အယှက် ဖြစ်စေခြင်း၊ အချို့သော တံတားများသည် နေ့၊ ည အမြဲ အသုံးမပြုနိုင်ခြင်း၊ အစဉ်မပြတ် ပြုပြင် ထိန်းသိမ်းမှု ပြုလုပ်နေရခြင်း စသည့် အချက်များနှင့် ဥမင်များသည် ဆောက်လုပ်ရေး ကာလ ကြာမြင့်၍ ကုန်ကျစရိတ် များပြားသော်လည်း မြစ်ကြောင်း သွားလာမှုကို နှောင့်ယှက်မှု မရှိခြင်း၊ မြို့ပြ၏ဗိသုကာ ဆိုင်ရာနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အနေအထား တို့ကို မထိခိုက်ခြင်း၊ မြေအောက်တွင် တည်ရှိ နေခြင်းကြောင့် မြို့ပြ ဧရိယာအတွင်း နေရာယူမှု မရှိခြင်း စသည့် အားသာချက်များ ကြောင့်ဖြစ်သည်။ (ဥမင်များအတွင်း လေ၀င် လေထွက် စနစ်၊ လျှပ်စစ်မီးစနစ်၊ ရေဆိုးထုတ် စနစ်များကိုမူ အမြဲတစေ ပြုလုပ်ပေးဖို့ လိုသည်)။
(ဃ) လူမှုရေးနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များ
မြို့ပြလူနေမှုဘဝ၏ လူမှုရေး၊ စီးပွားရေးနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ကဏ္ဍများတွင် ပိုမိုတိုးတက် ကောင်းမွန် လာစေရေး၊ နေ့စဉ် ကြုံတွေ့နေရသော မြို့ပြလူမှုဘဝ ဖြစ်စဉ်များနှင့် လူဦးရေ တိုးပွားလာသော အခြေအနေ များအတွက် အသင့်တော် ဆုံးသော အခြေအနေ တရပ်ကို ဖန်တီးနိုင်ရေး၊ သင့်တော်သော မြို့ပြပတ်ဝန်းကျင်၊ လူထုကျန်းမာရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး၊ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ အကျိုးကျေးဇူးများကို ရယူဖော်ဆောင်နိုင်ရေးတို့သည် မြို့ပြအိုးအိမ် စီမံချက်များ၏ လိုအပ်ချက်များပင် ဖြစ်သည်။ ထိုသို့သော လိုအပ်ချက်များကို ပြေလည်စေရန်အတွက် မြေအောက် ကဏ္ဍသည် အဓိက အချက်မှ ပါဝင်နေပေသည်။
မြို့ကြီးများတွင် ယာဉ်စီးဆင်းမှု ပမာဏနှစ်စဉ် ကြီးထွားလာခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု များပြားလာခြင်း၊ မြို့ပြ၏ ဧရိယာများကို ယာဉ်များ ရပ်တန့်ရန် အတွက် နေရာပေးရခြင်း၊ ယာဉ်များမှ ထွက်သော အခိုးအငွေ့ များကြောင့် လေထုညစ်ညမ်း စေခြင်း နှင့် ဆူညံသံများ၊ အလားတူ ယာဉ်များကြောင့် မတော်တဆ ထိခိုက်သေဆုံးမှုများ ကြီးထွား လာခြင်းတို့သည် မြို့ပြ သယ်ယူပို့ဆောင်ရေး စနစ်အား မြေအောက်သို့ ရောက်ရှိစေခြင်း (Moving Traffic Underground) ၏ အဓိက အကြောင်းရင်းများ ဖြစ်ပေသည်။[၄]
ဥပမာအားဖြင့် ဥမင်များသည် မြို့ပြဧရိယာအတွင်းသို့ ရေသန့်များ သယ်ပို့ပေးခြင်း၊ မြို့တွင်းမှ ရေဆိုးများကို ထုတ်ပေးခြင်းဖြင့် အရေးကြီးသော အခန်းကဏ္ဍမှ တာဝန်ယူနေသလို မြို့ပြ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင်လည်း မြန်ဆန်ချောမွေ့ခြင်း၊ လုံခြုံခြင်းနှင့် ပတ်ဝန်းကျင် လေထု၊ ရေထုအား ညစ်ညမ်းမှု မရှိခြင်းတို့ဖြင့် အကျိုးကျေးဇူးပြုပေသည်။ မြို့တွင်းရှိ မော်တော်ကားလမ်း ဥမင်များသည် ယာဉ်ကြောပိတ်ဆို့မှုကို ရှင်းလင်းပေးပြီး ဆူညံမှု၊ လေထုညစ်ညမ်းမှုတို့ကိုလည်း လျှော့ချပေးသည်။
မြေအောက် ကားရပ်နားနေရာများ၊ မြေအောက် အရောင်းခန်းမများကဲ့သို့ စီးပွားရေးဆိုင်ရာ၊ လူသုံးကုန်/စားသောက်ကုန်ထုတ် လုပ်ငန်းများဆိုင်ရာ အဆောက်အအုံများ၊ ရုပ်ရှင်ရုံ၊ အားကစားရုံစသော အပန်းဖြေ အဆောက်အအုံများကို မြေအောက်တွင် တည်ဆောက်ထားရှိခြင်းဖြင့် တိုးပွားလာသော လူဦးရေနှင့် မြေနေရာ လိုအပ်ချက်များကိုလည်း ကောင်းစွာ ဖြေရှင်းပေးသည်။
(င) မြေအောက်သို့ တိုးဝင်ခြင်း၏ အခြားသော အကြောင်းရင်းများ
မြေကြီး၏ အခြေခံ ဂုဏ်သတ္တိဖြစ်သော ထုထည်ရှိခြင်းနှင့် အလင်းထိုးဖောက် မဝင်နိုင်ခြင်းတို့သည် အဆောက် အအုံများကို မြေအောက်တွင် ထားရှိ ဆောက်လုပ် လာခြင်း၏ အဓိကကျသော အကြောင်းရင်း တစ်ရပ်လည်း ဖြစ်ပါသည်။
(၁) ရာသီဥတု။ မြေအောက်အဆောက်အအုံများသည် မြေပေါ်ရှိ ရာသီဥတုမျိုးစုံမှ ကင်းလွတ်ပြီး မြေထုအတွင်းရှိ မြေသား၊ ကျောက်သားများသည် သင့်တော်သော အပူချိန်ကို ထိန်းသိမ်းထားနိုင်သဖြင့် မြေပေါ်မှာကဲ့သို့ အပူ၊ အအေး ပြောင်းလဲမှုနှုန်း မမြန်ပေ။ ထို့ပြင် စွမ်းအင်ကို ထိန်းသိမ်းထားနိုင်ပြီး သိုလှောင်ထားနိုင်သည့် အကျိုးကျေးဇူး များလည်း ရှိသည်။
(၂) သဘာဝဘေးအန္တရာယ်များ။ မြေအောက် အဆောက် အအုံများသည် သဘာဝအားဖြင့် ဆိုးဝါးလှသော ရာသီဥတုများ (ဥပမာ မုန်တိုင်းတိုက်ခတ်ခြင်း၊ အက်စစ်မိုးရွာခြင်း) ဒဏ်မှ အလိုအလျောက် ကာကွယ်ပြီးသား ဖြစ်၏။ ထို့ပြင် ရေလွှမ်းမိုးမှုကြောင့် ဖြစ်သော ပျက်စီးမှုများကိုလည်း ခံနိုင်ရည်ရှိသည်။ သို့သော် လိုအပ်သည့် ရေလွှမ်းဒဏ် ကာကွယ်ရေး အစီအမံများကိုမူ ပြုလုပ်ထားရမည် ဖြစ်သည်။ ထို့ထက်ပို၍ မြေအောက် အဆောက်အအုံ များတွင်ရှိသော ထူးခြားသည့် အကျိုးကျေးဇူး တစ်ရပ်မှာ ငလျင်ဒဏ်ကို ခံနိုင်ရည် ရှိခြင်းပင်ဖြစ်သည်။ ထိုအချက်ကို ၁၉၉၅ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ကိုဘေးငလျင်နှင့် ယခင်က ဖြစ်ပွားခဲ့သော ဆန်ဖရန်စစ္စကိုငလျင်နှင့် မက္ကဆီကို ငလျင်တို့တွင် တွေ့ရှိနိုင်သည်။ မြေအောက် အဆောက်အအုံများသည် မြေမျက်နှာပြင်တွင် ဖြစ်ပေါ်သော ငလျင်လှိုင်းဒဏ်ကိုသာ အနည်းငယ်ခံစားရပြီး မြေထု လှုပ်ရှားမှုနှင့်အတူ လိုက်ပါရွေ့လျား နေရသောကြောင့် တုန်ခါမှုကြောင့်ဖြစ်သော ဒဏ်ကိုလည်း အကန့်အသတ်နှင့်သာ ခံစားရသည်။
(၃) အကာအကွယ်။ မြေအောက် အဆောက်အအုံများ အတွင်းရှိ သင့်တော်မျှတပြီး တသမတ်တည်း ရှိသည့် အပူချိန်နှင့် လေလုံမှု တို့ကြောင့် အစားအစားနှင့် ကုန်ပစ္စည်းများ သိုလှောင် ထိန်းသိမ်း ရာတွင်လည်း များစွာ အကျိုး သက်ရောက်မှု ရှိသည်။ ထို့ပြင် မြေထု အရံအတား အနည်းငယ်ရှိရုံမျှဖြင့် အသံလုံ သောကြောင့် ဆူညံသံများ ပျံ့လွင့်မှုကိုလည်း တားဆီးနိုင်သည်။ ထို့အတူ မြေမျက်နှာပြင် အနီးနားမှ ထွက်ပေါ်လာသော တုန်ခါမှုသည်လည်း မြေထုထဲသို့ ရောက်သည်နှင့် ပျောက်ကွယ်သွားစေနိုင်သည်။ ရေဒီယိုသတ္တိကြွမှုနှင့် စက်ရုံအလုပ်ရုံများမှ မတော်တဆ ပေါက်ကွဲမှုများ ဖြစ်သည့်အခါတွင်လည်း မြေအောက် အဆောက်အအုံများသည် အလွန်အဖိုးတန်သော ယာယီနားခိုရာများ ဖြစ်ကြသည်။
(၄) သိုလှောင်ထိန်းသိမ်းနိုင်မှု။ မြေအောက် အဆောက်အအုံများသည် အသက်အန္တရာယ် ထိခိုက်စေနိုင်သော နည်းပညာဆိုင်ရာလုပ်ငန်းများ၊ နြူကလီးယား ဓာတ်အားပေးစက်ရုံများ၊ ရေဒီယိုသတ္တိကြွ ပစ္စည်းများနှင့် အဆိပ်အတောက် ဖြစ်စေနိုင်သော စွန့်ပစ်ပစ္စည်း သိုလှောင်ရုံများ၊ စွန့်ပစ်ရေဆိုးနှင့် မိလ္လာသန့်စင် စက်ရုံများ၊ စက်ရုံ၊ အလုပ်ရုံများမှ ထွက်သော အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ သိုလှောင်ရန်နေရာများ စသည်တို့အတွက် အထူးပင် အသုံးဝင်လှသည်။
(၅) လုံခြုံရေး။ မြေအောက် အဆောက်အအုံများသည် အကြမ်းဖက်တိုက်ခိုက်မှု၊ ပြည်တွင်းစစ်စသည့် အရေးအခင်းများတွင် ပြည်သူများအတွက် ခိုလှုံရာအဖြစ်လည်း အသုံးချနိုင်ပြီး ထိုအဆောက်အအုံများကို တိုက်ခိုက်လာပါကလည်း အလွယ်တကူ ကာကွယ်နိုင်ပေသည်။
၃။ မြေအောက် အဆောက်အအုံများအပေါ် ရှုမြင်အကဲဖြတ်ချက်များ
မြေအောက်ကဏ္ဍ အသုံးချမှုများ တိုးတက်လာမှုကို အဓိက တားဆီးနေသော အချက်မှာ စီးပွားရေးဆိုင်ရာ ရှုမြင် အကဲဖြတ်ချက်ခြင်းများ မှားယွင်းစွာ ကျန်ရှိ နေသောကြောင့်ဟု ဆိုကြသည်။ ယေဘူယျအားဖြင့် မြေအောက် အဆောက်အအုံများ အတွက် ကနဦး ဆောက်လုပ်ရေး ကုန်ကျစရိတ်သည် မြေပေါ် အဆောက်အအုံများ၏ ကုန်ကျစရိတ်ထက် ပိုမိုများပြား နေလေ့ရှိရာ ထိုအချက်ပေါ်တွင် အခြေခံ၍ စဉ်းစားလေ့ ရှိကြသောကြောင့် မြေအောက် အဆောက်အအုံများ ဆောက်လုပ်ခြင်းသည် အပြစ်တစ်ခုသဖွယ် ဖြစ်နေလေ့ ရှိသည်။
ထို့ကြောင့် မြေအောက် အဆောက်အအုံ တစ်ခု၏ စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များကို တွက်ချက်ရာတွင် ၎င်းအဆောက်အအုံမျိုး၏ သက်တမ်း တလျှောက် ရှိလာနိုင်သော အကျိုးအမြတ်များကို ခန့်မှန်းထည့်သွင်း တွက်ချက်ရန် လိုမည်ဖြစ်သည်။ ထို့ထက်ပို၍ မြေအောက် အဆောက်အအုံများအပေါ် အကဲဖြတ်ရာတွင် ၎င်းအဆောက်အအုံများမှ ရရှိလာမည့် သွယ်ဝိုက်သော အကျိုးကျေးဇူးများအပြင် ပတ်ဝန်းကျင်အပေါ် ရိုက်ခတ်မှုများကိုပါ ထည့်သွင်း တွက်ချက်ရမည် ဖြစ်ပေသည်။
(က) မြေယာအတွက်ကုန်ကျမှုစရိတ် သက်သာခြင်း
မြေအောက် အဆောက်အအုံ စီမံကိန်းတစ်ခုကို အကောင်အထည် ဖော်ရာတွင် မြေယာအတွက် ကုန်ကျစရိတ်များ (သို့) မြေယာ လိုအပ်ချက်များကို လျှော့ချနိုင်ခြင်းမှာ မြင်သာ ထင်ရှားသော အချက် တစ်ချက် ဖြစ်သည်။ မြေယာတန်ဖိုး ကြီးမားသော ဒေသများ အထူးသဖြင့် မြို့လယ်ဒေသ များတွင် မြေယာအတွက် ကုန်ကျစရိတ် များပြားခြင်းသည် ကနဦး ကုန်ကျစရိတ်များ တွက်ချက်ရာတွင် အဓိက အချက်ဖြစ်သည်။ အဆောက်အအုံများကို မြေအောက်တွင် ထားရှိခြင်း၏ အဓိကျသော အကျိုးကျေးဇူး တစ်ရပ်မှာ မြေပေါ်ရှိ တန်ဖိုးရှိသော မြေဧရိယာကို ချွေတာနိုင်ခြင်းပင်ဖြစ်သည်။ သာမန်အားဖြင့် လူတို့သည် မြေပေါ်တွင်သာ အဆောက်အဦးများ ဆောက်လုပ်ကြသည် ဖြစ်ရာ မြေအောက်တွင်ပါ ဆောက်လုပ်ခြင်းဖြင့် မြေဧရိယာ တစ်ခုအတွက် မြေပေါ်၊ မြေအောက် နှစ်ဆ အသုံးချနိုင်ခြင်းလည်း ဖြစ်သည်။ ဤသို့ဖြင့် မြေအောက်၊ မြေပြင်နှင့် မြေပေါ်(အထပ်မြင့်) သုံးမျိုးလုံးကို အကျိုးရှိစွာ အသုံးချနိုင်ခြင်းဖြစ်ရာ မြေယာတန်ဖိုးကို လျော့ချရာလည်း ရောက်သည်။
(ခ) ဆောက်လုပ်ရေး ကုန်ကျစရိတ်များ
မြေအောက် အဆောက်အအုံများ ဆောက်လုပ်ရေး နည်းပညာနှင့် နည်းစနစ်များ တိုးတက်လာသော်လည်း ဆောက်လုပ်ရေး ကုန်ကျစရိတ်များသည် မြေပေါ် အဆောက်အအုံများနှင့် နှိုင်းယှဉ်လျှင် များစွာကုန်ကျ နေပေသေးသည်။ သို့သော် အချို့သော ဘူမိပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ၊ အရွယ်အစားနှင့် အဆောက်အအုံ အမျိုးအစားများကို ပေါင်းစပ် အသုံးပြုခြင်းဖြင့် ဆောက်လုပ်မှု ကုန်ကျစရိတ်များကို လျော့ချနိုင်ပေသည်။ သို့သော် မြင့်မားသော ဒီဇိုင်း အရည်အသွေးအတွက် ကုန်ကျစရိတ်များနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ကုန်ကျစရိတ်များသည် မြေအောက် အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှုကို ရိုက်ခတ်လာသော အချက်များလည်း ဖြစ်သည်။ သို့ဖြစ်စေကာမူ တိုးတက်လာသော နည်းပညာများသည် မြေအောက် ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း လုံခြုံစိတ်ချမှု အဆင့်ကို မြင့်မားလာစေသည်သာ ဖြစ်သည်။
(ဂ) သီးခြားဒီဇိုင်းပိုင်းဆိုင်ရာများအတွက် ကုန်ကျမှု သက်သာခြင်း
မြေပေါ် အဆောက်အအုံများနှင့် နှိုင်းယှဉ်ပါက မြေအောက် အဆောက်အအုံများသည် သီးသန့် ဒီဇိုင်းပိုင်းဆိုင်ရာအတွက် ကုန်ကျမှုများကို လျှော့ချစေနိုင်သည်။ ဥပမာအားဖြင့် မြေပေါ် အဆောက်အအုံများအတွက် လေအေးပေးစနစ်အတွက် ကုန်ကျစရိတ်များ အများအပြား ရှိနိုင်သော်လည်း မြေအောက် အဆောက်အအုံများအတွက်မူ ထိုကဏ္ဍတွင် ကုန်ကျမှု အနည်းငယ်မျှသာ ရှိနိုင်ပေသည်။
(ဃ) စွမ်းအင်သုံးစွဲမှု သက်သာခြင်း
မြေအောက် အဆောက်အအုံများအတွင်း အလင်းရောင်နှင့် လေဝင်လေထွက် စနစ်အတွက် ကုန်ကျမှု ပိုမိုများပြားသော်လည်း အအေးပိုင်း ရာသီဥတုရှိသော ဒေသများအတွက်မူ အပူပေးစနစ်အတွက် ကုန်ကျစရိတ်များစွာ သက်သာပေသည်။
(င) ပြုပြင်ထိန်းသိမ်းမှု စရိတ် သက်သာခြင်း
မြေအောက် အဆောက်အအုံများသည် မြေပေါ် အဆောက်အအုံများကဲ့သို့ အပြင်ဘက် ပတ်ဝန်းကျင်ကြောင့် ဖြစ်ပေါ်လာသော ပြုပြင်ထိန်းသိမ်း စရိတ်များအတွက် ကုန်ကျမှု မရှိပေ။
အထက်ပါ မြေအောက် အဆောက်အအုံများကို ရှုမြင် အကဲဖြတ်ချက်များသည် မြေယာလိုအပ်ချက် ပြဿနာများ၊ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် အားကောင်းစွာ ဆက်နွှယ်မှု ရှိသည်ကို တွေ့ရသည်။ မြေအောက် အဆောက်အအုံများ ဆောက်လုပ်ခြင်းမှ ရရှိလာသော အကျိုးကျေးဇူးများ အထူးသဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းမှုကြောင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများကို ငွေကြေးကုန်ကျမှုများနှင့် နှိုင်းယှဉ်တွက်ဆ၍ မရနိုင်ပေ။ ကနဦး ရင်းနှီးမြှုပ်နှံရမည့် ကုန်ကျစရိတ်မှာ ကြီးမားလွန်းသောကြောင့် မြေအောက် သို့မဟုတ်၊ မြေပေါ် သယ်ယူပို့ဆောင်ရေး စနစ်များ၏ လုပ်ငန်းစဉ်များအပေါ် နှိုင်းယှဉ် ဆန်းစစ်ဝေဖန်ရာတွင် တိကျသေချာမှု ရှိရန်လိုအပ်သည့် အပြင်၊ တိုးတက်လာမည့် ရေရှည် လူနေမှုဆိုင်ရာ အကျိုးအမြတ်များ၊ သဘာဝ ပတ်ဝန်းကျင်အပေါ် ရိုက်ခက်မှုများ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အကျိုးအမြတ်များကိုလည်း ဆုံးဖြတ်ချက်တွင် ပါဝင်စေရမည် ဖြစ်သည်။[၃]
၎။ မြေအောက် ဆောက်လုပ်ရေး လုပ်ငန်းများတွင် စွန့်စားရမှုများအပေါ် စိစစ်လေ့လာခြင်း
မြေအောက် အဆောက်အအုံများ ဆောက်လုပ်ရန် လိုအပ်လာသည်နှင့်အမျှ ဆောက်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်စဉ် ဖြစ်ပေါ်လာနိုင်သည့် စွန့်စားရမှုများကိုပါ ထည့်သွင်း စဉ်းစားတွက်ချက် လာကြသည်။ စီမံကိန်း အပ်နှံသူများနှင့် ကန်ထရိုက်များ အကြားတွင် စွန့်စားရမှုများနှင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များ အပေါ် အောက်ပါ သဘောတူညီမှုများ ထားရှိကြသည် -
- ဘဏ္ဍာရေး ဆိုင်ရာ စွန့်စားရမှုများ၊ ဥပမာ- ခန့်မှန်းကုန်ကျ စရိတ်ထက် ပိုများခြင်း၊ လျော့နည်းခြင်းနှင့် ပြန်လည် ရနိုင်မည့် ငွေရင်း။
- အများပြည်သူ နှင့်ဆိုင်သော အဆောက်အအုံများ ဆောက်လုပ်ရာတွင် မျှော်မှန်းထားသည့်အတိုင်း အများပြည်သူများမှ လက်မခံမှု၊ အသုံးမပြုမှုအပေါ် စွန့်စားရခြင်း။
- ကန်ထရိုက် စာချုပ်ဆိုင်ရာ စွန့်စားရမှု - စာချုပ်တွင် မပါဝင်သော ထပ်ဆောင်း လုပ်ငန်းများ၊ အချိန်ကြန့်ကြာမှုများ၊ အငြင်းပွားဖွယ်ရာများ၊ နစ်နာမှုများစသည်။
- မြေအခြေအနေအပေါ် စွန့်စားရမှုများ - မမျှော်လင့်သော ဘူမိဗေဒ၊ ဘူမိမက္ကဲနစ်ဆိုင်ရာ ပြဿနာများ၊ မြေတူးဖော်စဉ် မြင့်မားသော မြေထု တန်ပြန်အားနှင့် ကြုံရမှု၊ ခန့်မှန်းသည်ထက် ရေစိမ့် ထွက်လာမှု ပြဿနာများစသည်။
- ဆောက်လုပ်ရေးဆိုင်ရာ စွန့်စားမှုများ - ဥမင် တူးဖော်စက်များ ပျက်စီးခြင်း၊ cutting tools များ ပျက်စီးခြင်း၊ အကုန်မြန်ခြင်း၊ မြေတူးစဉ် မြေပြိုကျမှုများ စသည်။
- ပတ်ဝန်းကျင်ဆိုင်ရာ စွန့်စားမှုများ - လုပ်ငန်းခွင် အတွင်းရှိ မြေအောက်ရေမှ ထိခိုက်မှုများ၊ ပတ်ဝန်းကျင်ရှိ အခြားသော အဆောက် အအုံများကို ထိခိုက်စေမှုများ၊ လေထု ညစ်ညမ်းမှုနှင့် ဆူညံမှု ပြဿနာများ စသည်။
- မြေအောက် အဆောက် အအုံများကို အသုံးချစဉ် ဖြစ်လာနိုင်သော စွန့်စားမှုများ - ဥပမာ သယ်ယူ ပို့ဆောင်ရေး ဥမင်များအား အသုံးပြုနေစဉ် မတော်တဆမှုများစသည်။
နိဂုံး
ယနေ့ ကမ္ဘာတွင် ကြုံတွေ့နေရသော သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်ရန်၊ တိုးတက်နေသော စီးပွားရေးကို ထိန်းညှိပေးရန်နှင့် လူမှုဘဝ ပြည့်စုံ ကုံလုံစေရန် စသည့် အဓိက ပြဿနာများကို ဖြေရှင်းရန် မြေအောက် ကဏ္ဍကို အသုံးပြု လာကြခြင်းသည် ထင်ရှားသော အကြောင်းအချက် ဖြစ်လာသည်။ အဆိုပါ ပြဿနာများကို ဖြေရှင်းရာတွင် တိုးတက် ကောင်းမွန်လာသော နည်းပညာများကို အသုံးပြု၍ မြေအောက် ကဏ္ဍကို မည်မျှထိရောက်စွာ အသုံးချနိုင်ခြင်း ရှိသနည်း ဟူသောအချက်ပေါ်တွင် မှီတည်နေသည်ဟု ရှုမြင်မိပါသည်။ ဤအချက်သည် တိုးတက် ပြောင်းလဲလာသော ခေတ်၏ တောင်းဆိုမှုများအရ ကမ္ဘာလုံးဆိုင်ရာ မြို့ပြဖွဲ့စည်းပုံ အသွင်သဏ္ဍာန်များ ပြောင်းလဲလာခြင်း (သို့) မြို့ပြအခြေခံ အဆောက်အအုံများ မြေအောက်သို့ တိုးဝင်လာခြင်းပင် ဖြစ်သည်။
ဤသို့ဖြင့် ဂလိုဘယ်လိုက်ဇေးရှင်း၏ ပြောင်းလဲဖြစ်ပေါ်မှုများ၊ မြို့ပြအိုးအိမ်ဆိုင်ရာ အယူအဆများ ပြောင်းလဲ တိုးတက်မှုများ၊ ဥမင်နှင့် မြေအောက်ကဏ္ဍ နည်းပညာရပ် တိုးတက်မှုများအပေါ် မျက်ခြေမပျက် လေ့လာရင်း လာမည့် ဆယ်စုနှစ်များအတွင်း ဖြစ်ပေါ်လာမည့် မိမိတို့နိုင်ငံ၏ မြို့ပြဆိုင်ရာ ပုံသဏ္ဍာန်များအတွက် ကြိုတင်ကြံဆ ပြင်ဆင်ထားရန် လိုအပ်လာပါသည်။
အချုပ်အားဖြင့်ဆိုရသော် ကမ္ဘာ့နိုင်ငံအများအပြားတွင် ဥမင်နှင့် မြေအောက် အဆောက်အအုံ နည်းပညာကဏ္ဍသည် ရာစုနှစ်တစ်ခုစာမျှ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ဖြစ်သော်လည်း ကျွန်တော်တို့ နိုင်ငံတွင်မူ အစိမ်းသက်သက်မျှသာ ရှိသေးသည်ဟု ရှုမြင်သုံးသပ်မိပါသည်။ မြေအောက်ကဏ္ဍကို ကောင်းစွာ အသုံးချနိုင်မှု မရှိသေးသည့်အပြင် ကြုံတွေ့ လာရတော့မည့် မြို့ပြဆိုင်ရာ ပြဿနာများကိုလည်း ကိုယ်ပိုင် အစွမ်းဖြင့် ဖြေရှင်းနိုင်စွမ်း မရှိသေးချေ။ နိုင်ငံအတွင်း၌ ရေအားလျှပ်စစ်ဆိုင်ရာ ရေယူ/ရေထုတ် ဥမင်များနှင့် ၁.၈ ကီလိုမီတာနီးပါးရှိသော ပုံညာတောင် မီးရထားလမ်းဥမင်တို့ကို ဖောက်လုပ်ခဲ့သည့် အတွေ့အကြုံများ ရှိသည့်တိုင်အောင် ပညာရပ်နယ်ပယ်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မှု အားနည်းနေပါသေးသည်။
မြန်မာနိုင်ငံ၌ ဥမင်နှင့် မြေအောက် အဆောက်အအုံ ဆောက်လုပ်ခြင်းဆိုင်ရာ နည်းပညာများ ယခုထက်မက ပိုမိုပြန့်ပွား ထွန်းကားလာပြီး မြေအောက်ကဏ္ဍကို အကျိုးရှိစွာ အသုံးချနိုင်ရန် တနည်းအားဖြင့် ဤပညာရပ်နယ်ပယ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ သိမ်းပိုက်နိုင်ရန်အတွက် ပညာရှင်များ၊ အင်ဂျင်နီယာများ၊ ကုမ္ပဏီများ၊ စီမံကိန်း ရေးဆွဲသူများ၊ ရင်းနှီးမြှုပ်နှံသူများ၊ အစိုးရနဲ့ဌာနဆိုင်ရာ အဖွဲ့အစည်းများအကြား အချင်းချင်း အပြန်အလှန် ယုံကြည်စွာဖြင့် ပူးပေါင်းဆောင်ရွက်ကြပြီး ယခုထက် ပိုမိုကောင်းမွန်အောင် တီထွင်ကြံဆနိုင်ကြရန် လိုအပ်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်လိုက်ပါသည်။
အကိုးအကား
၁။ В. П. Абрамчук, С. Н. Власов, В. М. Мостков - Подземные сооружения – М.: ТА Инжиниринг, 2005 – 464 с.
၂။ ITA Executive Council - Why go underground? - pp. 0 - 22, Year 2002, by ITA - AITES, www.ita-aites.org
၃။ ITA WG-13 Direct and Indirect Advantages of Underground Structures - Underground or aboveground? Making the choice for urban mass transit systems, in the Journal "Tunnelling and Underground Space Technology", Vol. 19, Nr. 1, pp. 3 - 28, Year 2004.
Related Posts
1.Think positive. Together we are building the future
2.မြေအောက်ကမ္ဘာများ
3.Transport System နှင့် အခြားသော Public City Infrastructure များ မြေအောက်သို့ ရောက်ရှိလာရသော အကြောင်းရင်း
Download this article as PDF
ပရင့်ထုတ်ရန်
ညီလေးရေ မင်းလုပ်ထားတဲ့ ဘလောက်လေးက တစ်ဖြည်းဖြည်းနဲ့ အတော်လေး အဖိုးတန်တဲ့ အချက်အလက်တွေ ဆောင်းပါးတွေ စုဆောင်းမိလာပြီ။ ချီးကျူးပါတယ်။ တကယ် ဖတ်မယ့်သူ အခု နည်းနေသေးပေမယ့် တစ်ချိန်ချိန်မှာ တကယ်တန်း အသုံးကျလာမှာ ဖြစ်ပါတယ်။
ဘလူးဖီးနစ်
ဖတ်မယ့်သူနည်းတာမဟုတ်လောက်ပါဘူး အခုဟာက နိဒါန်းဆိုတော့ comment မရေးတာနေမှာပါ ကျွန်တော့်အထင်။ ကျွန်တော်ကတော့အကုန်ဖတ်တယ် အကုန်မှတ်တယ်။ အခုမှပဲရှင်းတော့တယ် ဥမင်ဆိုတာတွေကို ကျေးဇူးအများကြီးတင်တယ်အကို။
ကျေးဇူးပါဗျား ကျနော်လေ့လာချင်တာလေးတွေလေ့လာရလို့
very very valuable blog
ကျေးဇူးတင်ပါတယ်ခင်ဗျာ
မြေအောက်အဆောက်ဦးဒီဇိုင်း(student project)ပဲဖြစ်ဖြစ် ဘယ်မှာဒေါင်းလုပ်လုပ်နိုင်ပါမလဲ