တ
ရုတ်နိုင်ငံ၏ ပထမဆုံးသော ယန်စီမြစ်ကူး ရေအောက် ကားလမ်းဥမင်ကို ဒီဇင်ဘာ ၂၈ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနတွင် ဖော်ပြသည်။ အဆိုပါ ရေအောက်ကားလမ်း ဥမင်သည် ၃.၆ ကီလိုမီတာ (၂.၂ မိုင်) ရှည်လျားပြီး လေးလမ်းသွား ကားလမ်းပါရှိသည်။ ဥမင် ဖောက်လုပ်ရေး စီမံကိန်းကို ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ခဲ့ပြီး ရန်ပုံငွေ ယွမ် ၁ ဒသမ ၇ ဘီလီယံ (ဒေါ်လာသန်း ၂၅၀) ကျခံသုံးစွဲခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
ဥမင်အတွင်း တစ်နာရီ ၅၀ ကီလိုမီတာနှုန်းဖြင့် ယာဉ်စီးရေ ငါးသောင်းအထိ ဖြတ်သန်းသွားလာနိုင်ပြီး ဥမင်ကို ရေလွှမ်းမိုးမှုဒဏ် (နှစ် ၃၀၀ ဒီဇိုင်း) ခံနိုင်ရည်နှင့် ငလျင်ဒဏ်ကိုလည်း ၆ ရစ်ခ်ျတာစကေးအထိ ခံနိုင်ရည် ရှိအောင် ဒီဇိုင်းပြုလုပ် တည်ဆောက်ထားသည်ဟု သိရသည်။
ယန်စီမြစ်အောက်ပိုင်းမှ ဖြတ်သန်းသော ဥမင်လမ်းသည် ဟူဘေးပြည်နယ်မြို့တော် ဝူဟန်မြို့ရှိ တက္ကသိုလ်နှင့် အစိုးရရုံးများကို စီးပွားရေးလုပ်ငန်းများ တည်ရှိရာဒေသနှင့် ဆက်သွယ်ပေးထားသည်။ လူဦးရေ ရှစ်သန်းကျော် နေထိုင်သော ဝူဟန်မြို့သည် ကားလမ်း၊ ရထားလမ်းများ ပေါင်းစုံရာ မြို့တစ်မြို့ဖြစ်ပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုနည်းပါးသော ဒေသများသို့ ဝင်ရောက်နိုင်သည့် နေရာတွင် တည်ရှိသည်။
ရေအောက်ကားလမ်းဥမင် ဖွင့်လှစ်ပြီးပါက တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် ယာဉ်ကျောပိတ်ဆို့မှု ပြဿနာမှ လျော့ပါးသက်သာမည် ဖြစ်ကြောင်း၊ ဥမင်လမ်း ဖွင့်လှစ်နိုင်ခြင်းဖြင့် ယခင်က နာရီဝက်ကြာ သွားရသည့် ခရီးကို ခုနစ်မိနစ်အတွင်း သွားရောက်နိုင်ပြီဖြစ်ကြောင်း ဆင်ဟွာက သတင်းထုတ်ပြန်သည်။
တရုတ်နိုင်ငံ အင်ဂျင်နီယာ အကယ်ဒမီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဝမ်မင်ရှူး (Wang Mengshu) က ယခု ယန်စီမြစ်ကူး ရေအောက်ဥမင်သည် အဆင့်မြင့် အင်ဂျင်နီယာ နည်းပညာများကို အသုံးပြု၍ အလွန်ရှုပ်ထွေးလှသော ဘူမိမြေအနေအထားတွင် တည်ဆောက်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။ နောင်တွင် တည်ဆောက်မည့် အလားတူ ဥမင်တည်ဆောက်ရေး လုပ်ငန်းများအတွက်လည်း တန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံများ ရရှိသည်ဟု ၎င်းက ထပ်မံပြောကြားသည်။
ကီလိုမီတာ ၆၃၀၀ (မိုင် ၄၀၀၀) အရှည်ရှိ ယန်စီမြစ်သည် တရုတ်နိုင်ငံ၏ အရှေ့ဘက်နှင့် အနောက်ဖက်ကို ဆက်သွယ်ပေးထားသည့် အဓိက သယ်ယူပို့ဆောင်ရေး လမ်းကြောင်းဖြစ်ပြီး ထိုမြစ်ကို ဖြတ်၍ မြစ်ကူး တံတားအစင်းပေါင်း ၁၀၀ ကျော် တည်ဆောက် အသုံးပြုပြီး ဖြစ်သည်။
နိုင်ငံတဝှမ်း သယ်ယူပို့ဆောင်ရေး ကွန်ယက် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသော တရုတ်အစိုးရသည် အလားတူ ယန်စီမြစ်ကူး ရေအောက်ဥမင် နှစ်ခုကို ထပ်မံ တည်ဆောက်မည် ဖြစ်ကြောင်း ဒီဇင်ဘာ ၂၉ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့သည်။

Sources:
1. http://news.xinhuanet.com/english/2008-12/28/content_10570182.htm2. http://news.xinhuanet.com/english/2008-12/29/content_10577543.htm
ပရင့်ထုတ်ရန်
တည်ဆောက်တဲ့ ကာလ ၄ နှစ်ဆိုတော့ မြန်တယ်လို့ ပြောရမလားမသိဘူးနော်။ ရေပေါ်ကနေ တံတား တစင်းထပ်ဖောက်တာ နဲ့ အခု လို ရေအောက်ကနေ ဥမင်နဲ့ ဖြတ်တာ ဒီကောင်က investment of capital နဲ့ staff တွေအများကြီး သုံးရမယ်။ ဒါပေမဲ့ advantage တွေ အများကြီး ပိုရမယ် ထင်တယ်။ ပိုစ် အသစ်အတွက် ကျေးဇူးတင်ပါတယ် အကိုကြီးရေ။
Bridge-tunnel
အရေးပါသော ရေအောက်ဥမင်များ