* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

MyMetroworld ၂ နှစ်ပြည့်

များစွာသော စက်မှုဆိုင်ရာ လုပ်ငန်းများ တပ်ဆင်ခြင်းကို ဥမင်တူးဖော်သည့် အစဦးလုပ်ငန်းများ၊ အကြမ်းထည် လုပ်ငန်းများ၊ ဥမင်နံရံ တပ်ဆင်ခြင်း လုပ်ငန်းများနှင့်အတူ ပြုလုပ်ရသည်။ နောက်ပိုင်းတွင် ပြုလုပ်ရမည့် နည်းပညာဆိုင်ရာ ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်း အားလုံးကို ပထမဆုံး စီမံကိန်း စတင်အကွက်ချသည့် အဆင့်၌ပင် တည်ဆောက်မည့် ဥမင်၏ အရွယ်အစား (စက်ဝိုင်းပုံဥမင်တွင် စက်ဝိုင်းအချင်း) ကို မထိခိုက်စေခြင်း၊ ကုန်ကျမည့် စရိတ်များကို ထည့်သွင်း တွက်ချက်ခြင်း တို့ကို ပြုလုပ်ပြီး ကြိုတင် လုပ်ဆောင်ရသည်။

ဥမင်၏ အလျား၊ တည်ဆောက်ပုံ အမျိုးအစားနှင့် အသုံးပြုခြင်းတို့အပေါ်တွင် မူတည်၍ နည်းပညာဆိုင်ရာ ဆက်စပ်ပစ္စည်းများကို စဉ်းစားရွေးချယ်ရာတွင်လည်း အမျိုးမျိုး ကွဲပြားနိုင်သည်။ ဥပမာအားဖြင့် မီးရထားလမ်း ဥမင်အတွက် လိုအပ်သည့် ပစ္စည်းများသည် မော်တော်ကားလမ်း ဥမင်တွင် လိုအပ်မည့် ပစ္စည်းများနှင့် မတူကွဲပြားခြားနား ပေသည်။

လျှပ်စစ်နှင့် စက်မှုဆိုင်ရာ ပစ္စည်းများကို ရွေးချယ်ရာတွင် ၎င်းပစ္စည်းများ၏ အစိတ်အပိုင်းများကို လွယ်ကူစွာ ပြန်လည်ပြုပြင်နိုင်ရန် အလွန်အရေးကြီးသည်။ အဓိက အရေးအကြီးဆုံးမှာ အလွယ်တကူ ဝင်ထွက်နိုင်မှုနှင့် တောင့်တင်း ခိုင်မာမှုတို့ ဖြစ်သည်။ ဝင်ထွက်နိုင်မှု ခက်ခဲလျှင် ပြုပြင်ထိန်းသိမ်းရန် အတွက် အချိန်ကြာမြင့်မည်ဖြစ်ပြီး၊ အကျိုးဆက် အားဖြင့် ကုန်ကျစရိတ် ပိုမိုပေသည်။ ကြိုတင်တွက်ချက်မှု အမှားများကြောင့်လည်း နောက်ပိုင်း အသုံးပြုနေသည့် ကာလများတွင် ပြုပြင်ထိန်းသိမ်းစရိတ် မြင့်မားနိုင်သည်။

တစ်ခါတစ်ရံတွင် ရာသီဥတု ဆိုးရွားဖောက်ပြန်မှုများနှင့် နည်းပညာပိုင်းဆိုင်ရာ အခြေအနေများ (ဥပမာ- စိုထိုင်းဆ အလွန်များခြင်း၊ အပူချိန် ပြောင်းလဲမှု မြန်ခြင်းနှင့် မြေပြိုခြင်း) ကို လျှပ်စစ်နှင့် စက်မှုဆိုင်ရာ ဆက်စပ်ပစ္စည်းများ ရွေးချယ်စဉ် အချိန်ကပင် ထည့်သွင်း ပြုလုပ်ရသည်။ သို့မှသာ အသုံးပြုမှု အတွက် လုံခြုံစိတ်ချရသည့် ပစ္စည်းများကို ထည့်သွင်း တပ်ဆင်သွားနိုင်မည်။ အလွယ်တကူ ပျက်ဆီးနိုင်သည့် နည်းစနစ်များနှင့် ပေါက်ကွဲ ပျက်ဆီး လွယ်သည့် စနစ်များကို တတ်နိုင်သမျှ ရှောင်ကျဉ် သုံးစွဲ သွားရမည်။

ဥမင်အတွက် အရေးကြီးသည့် တပ်ဆင်မှု အချို့မှာ အောက်ပါအတိုင်း ဖြစ်သည်-

၁) ရေပေးဝေခြင်း
မြေအောက် ဥမင်များတွင်လည်း မြေပေါ် အဆောက်အဦးများကဲ့သို့ ရေပေးဝေခြင်းနှင့် ရေထုတ်ခြင်း စနစ်များ ရှိရမည် ဖြစ်သည်။ အချိန်တိုင်းတွင် ရေပမာဏများစွာ ရရှိရန် မဖြစ်နိုင်၍ ကျန်းမာရေးဆိုင်ရာ ပစ္စည်းများ တပ်ဆင်ခြင်းကို ဒုတိယ အနေဖြင့်သာ စဉ်းစားရသည်။ ဥမင် တည်ဆောက်နေစဉ် နှင့် နောက်ပိုင်း အသုံးပြုနေသည့် ကာလ နှစ်ခုလုံးတွင် လုံလောက်သည့် မီးသတ်ရန်ရေ ရရှိရမည် ဖြစ်ပေသည်။

၂) ရေစွန့်ထုတ်ခြင်း

တစ်ခါတစ်ရံတွင် ဥမင်၏ ပတ်ပတ်လည်တွင် ရေများဝန်းရံ နေတတ်သည်။ ထိုအခြေအနေမျိုးတွင် ဥမင်ကို ပျက်ဆီးစေခြင်း သို့မဟုတ် ဥမင်အတွင်းသို့ ရေဝင်ရောက်ခြင်း တို့ကို ကာကွယ်နိုင်ရန် သင့်လျော်သည့် နည်းစနစ်များဖြင့် ရေကို လမ်းလွှဲပေးခြင်း၊ သို့မဟုတ် ရေထုတ်စနစ် ထားရှိခြင်း နှင့် ရေစုပ်စက်ဖြင့် ရေစုပ်ထုတ်ခြင်းတို့ ပြုလုပ်ရသည်။

၃) လေဝင်/ထွက် စနစ်
ဥမင်၏ လမ်းကြောင်းနှင့် အသုံးပြုသည့် ယာဉ်များအပေါ် မူတည်၍ စက်မှုဆိုင်ရာ လေဝင် လေထွက် စနစ်များ လိုအပ်သည်။ စွန့်ထုတ်ဓါတ်ငွေ့များကို ဥမင်အတွင်းမှ ဖယ်ရှားခြင်းနှင့် သန့်ရှင်းသည့်လေ ပေးဝေခြင်းတို့အပြင်၊ လေဝင် လေထွက်စနစ်တွင် ဥမင်အတွင်းမှ မီးခိုးများကို မီးလောင်မှုဖြစ်ပါက ဖယ်ထုတ်နိုင်ရန် အတွက်ပါ စီမံဆောင်ရွက်ရသည်။ သို့မှသာ ဥမင်အတွင်း ပိတ်မိနေသည့် သူများကို လွတ်မြောက်နိုင်ရန်နှင့် အန္တရာယ်ကင်းစွာ ကယ်ဆယ်နိုင်ရန် ကူညီနိုင်လိမ့်မည်။ အန္တရာယ်ကင်းမှု အခြေအနေအပြင် လေဝင်လေထွက် ရှိခြင်းကြောင့် ဥမင်အတွင်း ရာသီဥတု အနေအထားနှင့် တပ်ဆင်အသုံးပြုထားသည့် နည်းပညာဆိုင်ရာ ပစ္စည်းများ၏ သက်တမ်းတို့ အပေါ်တွင်လည်း အကျိုးသက်ရောက်မှု ရှိသည်။

၎) လျှပ်စစ်ဓါတ်အားပေးခြင်း
မျက်မှောက်ခေတ်တွင် လျှပ်စစ်ဓာတ်အားသည် ခေတ်မီဥမင်တစ်ခုအတွက် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုဖြစ်သည်။ မော်တော်ကားလမ်း ဥမင်များတွင် လျှပ်စစ်ဓါတ်အားကို အလင်းရောင်ရရန်၊ အချက်ပြမီးများနှင့် စောင့်ကြပ်ကြည့်ရှုခြင်းဆိုင်ရာ ပစ္စည်းများ (ဥပမာ- လုံခြုံရေး ကင်မရာများ) အတွက် အသုံးပြုသကဲ့သို့ မီးရထားလမ်း ဥမင်များတွင်လည်း ရထားမောင်းနှင်ရန် အသုံးပြုရသည်။ ရထားလမ်းနှင့် ယှဉ်လျက် နောက်ထပ် သံလမ်း (Third rail)တစ်ခုဖြင့် လည်းကောင်း၊ ဥမင်အမိုးမှ အောက်သို့ ရထားနှင့်ထိစပ်နိုင်သည့် လျှပ်စစ်ကြိုး (Overhead wire)ဖြင့် လည်းကောင်း ရထားများကို လျှပ်စစ်ဓါတ်အား ပေးနိုင်သည်။

၅) ဆက်သွယ်ရေး ပစ္စည်းများ
ယခုအချိန်တွင် လူအများ၏ နေ့စဉ်ဘဝတွင် မိုဘိုင်းလ် ဆက်သွယ်ရေးသည် အရေးအကြီးဆုံး အစိတ်အပိုင်း အဖြစ် တည်ရှိနေပေသည်။ မိုဘိုင်းလ်ဖုန်းနှင့် လမ်းလျှောက် စကားပြောစက်များ သုံးခြင်းသည် ထိခိုက်ပျက်ဆီးမှုများ ဖြစ်ပေါ်ချိန်တွင် အသုံးပြုရန် မဖြစ်နိုင်သဖြင့် ပြင်ပလောကမှ သိမြင်နိုင်စေရန် အခြား နည်းပညာမြင့်သည့် ပစ္စည်း ကိရိယာများကို ဖြည့်ဆည်း တပ်ဆင်ရမည်။ ရထားမောင်းနှင်သူများနှင့် ပြင်ပလောကအကြား သတင်း အချက်အလက်များ ဆက်သွယ်နိုင်ရန် သီးသန့် ဆက်သွယ်ရေး ထားရှိခြင်းဖြင့် အန္တရာယ်ဖြစ်ခြင်းများကို ပြည့်ဝစွာ ကာကွယ်သွားနိုင်သည်။ ကြိုးမဲ့ ဆက်သွယ်ရေး ပစ္စည်းများကို သုံးခြင်းအပြင် အရေးပေါ် ဆက်သွယ်နိုင်သည့် အရာများအတွက် အပို ဆက်သွယ်ရေးများ၊ တယ်လီဖုန်းများ တပ်ဆင် အသုံးပြုကြသည်။

၆) အချက်ပြ ပစ္စည်း
ဥမင်ကို အသုံးပြုခြင်း ရည်ရွယ်ချက်နှင့် အသုံးပြုပုံ တို့အပေါ်တွင် မူတည်၍ ယာဉ်သွားလာမှုကို ပုံမှန် ဖြစ်စေရန် အချက်ပြ ပစ္စည်းများ လိုအပ်ပေသည်။ သေးငယ်သော မော်တော်ကားလမ်း ဥမင်တွင် သာမန် မီးပွိုင့်ကို ဥမင်အဝင်တွင် ထားရှိခြင်းဖြင့် လုံလောက်သည်။ သို့သော်လည်း ကြီးမားပြီး သွားလာမှု များပြားရှုပ်ထွေးသော ဥမင်များ အတွက်မူ အဆင့်မြင့် ကွန်ပြူတာဖြင့် ထိန်းချုပ်သည့် အချက်ပြစနစ် လိုအပ်သည်။

၇) အန္တရာယ် အချက်ပေး ကိရိယာများ
အန္တရာယ် ဖြစ်နိုင်သည့် အကြောင်းရင်းများကို ရှာဖွေခြင်းသည် အသုံးပြုသူများ အတွက် အန္တရာယ်ဖြစ်မှုကို လျော့နည်းစေခြင်း မရှိပေ။ အန္တရာယ်ရှိကြောင်း အချိန်မှီ သတင်းပေးနိုင်မှသာ သင့်တော်သည့် နည်းဖြင့် ကျော်လွှားနိုင်မည် ဖြစ်သည်။ ယခင် အချက်ပေးကရိယာများသည် ကျယ်လောင်သည့် အချက်ပေး အသံများဖြင့်သာ အချက်ပေးနိုင် ကြသော်လည်း ယနေ့ခေတ်တွင် အန္တရာယ်ကို မည်သို့ ကျော်ဖြတ်ရမည်ကိုပင် လျှပ်စစ် သင်္ကေတများ၊ ရေဒီယို အသံလွှင့်ချက်များ၊ အသံချဲ့စက်များဖြင့် တိုက်ရိုက် ပြောပြနိုင်ပေသည်။

(MyMetroworld ၂ နှစ်ပြည့် အမှတ်တရ)
ထွန်းထွန်းနိုင်(မြို့ပြ)

Print ပရင့်ထုတ်ရန်
4 ထင်မြင်ချက်၊
  1. Anonymous February 20, 2009 at 8:14 PM  

    ဗဟုသုတများကို မျှဝေပေးတဲ့ အစ်ကိုကြီးကို ကျေးဇူးတင်ပါတယ်...
    အစ်ကိုကြီးစိတ်မရှိဘူးဆိုရင် ရေးပေးပါလို့ တောင်းဆိုပါတယ်.........
    တကယ်လို့ Tunnel တစ်ခုတည်ဆောက်ပြီးလို့ရှိရင်,ပြုပြင်ထိန်းသိမ်းရတယ် မဟုတ်လား။ (Maintenance)ပေါ့အစ်ကိုကြီး..
    အဲဒီအခါ...Tunnel ရဲ့ Building Defects က တိုက်တာအဆောက်အအုံတွေရဲ့ Buidling Defects နဲ့ သိပ်မတူနိုင်ဘူးလို့ထင်ပါတယ် အစ်ကိုကြီး...ဘယ်လို Defects မျိုးတွေ အများဆုံးဖြစ်ပေါ်တက်သလဲဆိုတာ..ပြီးတော့ ဘယ်လို Maintenance မျိုးတွေ လုပ်သင့်သလဲဆိုတာ ...အစ်ကိုကြီးလေ့လာထားသလောက် ရှင်းပြပေးပါလို့  တောင်းဆိုပါတယ်အစ်ကိုကြီး...(တကယ်တော့ ဒီ post နဲ့ သိပ်မဆိုင်ပါဘူး..အစ်ကိုကြီး တင်ထားတဲ့ ရေပေးဝေခြင်း Title နားက Tunnel ပုံကို မြင်လို့  မေးမိတာပါ အစ်ကိုကြီး......)

  2. MyMetro February 20, 2009 at 9:24 PM  

    နောက်များ အလျင်းသင့်သလို ရေးပေးမယ် ညီမလေးရေ

  3. Unknown August 30, 2009 at 10:22 PM  

    တော်တော်လေး ပညာရပါတယ်အကို။ ကျွန်တော်က အခု geotechnical ပိုင်းကိုလေ့လာနေတာပါ။ Phase2 2D software နဲ့ 3D က Flac3D software ကိုသုံးပါတယ်။ 2D ကလွယ်ပေမယ့် 3D မှာ Tunnel supporting calculation ပိုင်းကို သိပ်သဘောမပေါက်ဘူး ဖြစ်နေလို့ အကို သိရင်ကူညီလို့ရမလားခင်ဗျာ

  4. MyMetro August 31, 2009 at 3:55 AM  

    ဥမင် ပင့်ထောက်ခြင်း (tunnel supporting) မှာ ယာယီနဲ့ အမြဲတမ်း (temporary & permanent) ဆိုပီးနှစ်ပိုင်းရှိပါတယ်။ ယာယီပင့်ထောက်ခြင်းကိုတော့ ဥမင်တူးပီးပီးခြင်း အမြဲတမ်းထားမယ့် support မတပ်ခင်မှာ သုံးတာပါ။ permanent support ကိုတော့ tunnel lining အဖြစ်သုံးနှုန်းပါတယ်။ ဥမင်နံရံလို့ပဲ ဆိုကြပါစို့။ tunnel lining ဒီဇိုင်းတွက်တဲ့အခါ ဥမင်ဟာ အချိုးညီဥမင် (symmetric) ဖြစ်ရင် ဥမင်ရဲ့ အလယ်ကနေပိုင်းပီးတော့ တခြမ်းအတွက်ပဲ တွက်ရင်ရပါတယ်။

    ပထမဆုံး Tunnel lining ရဲ့ အလယ် (ဥမင်နံရံ အထူရဲ့ တဝက်) မျဉ်းကို ဆွဲပီး အဲဒီမျဉ်းကို အပိုင်းငယ်လေးများ အဖြစ်ပိုင်းလိုက်ပါတယ်။ ဥမင်နံရံ lining ဆိုတာ မျဉ်းပိုင်းလေးတွေနဲ့ ဆက်စပ်ဖွဲ့စည်းထားတဲ့ သဘောပေါ့။ အပိုင်းများများ ပိုင်းလေ အဖြေတိကျလေပါပဲ။ အဲဒီမျဉ်းပိုင်းတွေပေါ်ကို ပတ်ဝန်းကျင်မြေထုသက်ရောက်အားတွေ တင်ပေးလိုက်တယ်။ အဲဒီအားတွေကို distribution load အဖြစ်ကနေ node တစ်ခုချင်းစီ ပြောင်းလိုက်တယ်။ တွက်တဲ့အခါ သမရိုးကျနည်းတွေ ဖြစ်တဲ့ Force method, distribution method နဲ့တွက်လို့ရသလို၊ အခုနောက်ဆုံး finite element method နဲ့တွက်လဲ ရပါတယ်။ တွက်လို့ရလာတဲ့ အဖြေကို မှန်မမှန် နောက်ဆုံးမှာ ပြန်ပီးစစ်ပေါ့။ အဲဒီသဘောပါပဲ။ ဒီဇိုင်းပါရာမီတာတွေက မြေထုရဲ့ specific weight, poisson’s coefficient, young modulus, စတဲ့ တန်ဖိုးတွေနဲ့ အခြေခံရတာပါပဲ။ finite element computer program တွေမှာဆိုရင်တော့ အဲဒီတန်ဖိုးတွေကို မှန်ကန်စွာ ထည့်ပေးဖို့နဲ့ သဘောတရားကို နားလည်ဖို့ပဲ လိုတာပါ။ tunnel supporting calculation ပိုင်းက ရှင်းပြရတာ ခက်တော့ အခု အတိုချုံးပီး ရှင်းပြလိုက်ပါတယ်။ မရှင်းလင်းသေးရင် ထပ်ပီး ဆွေးနွေးကြတာပေါ့ဗျာ။

    အောက်ကလင့်မှာ တချက်ဝင်ဖတ်ကြည့်ပါ။
    http://www.mymetroworld.org/2008/02/tunnel-metro-design-method.html

    ပုံတွေ မမြင်ရဘူးဆိုရင်.. အောက်ကဖိုင်ကို ဒေါင်းပီးဖတ်လဲ ရပါတယ်
    http://www.mediafire.com/?d7zossyklfs

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.