ဒီ
ပို့စ်ကို ၂၀၀၇ ခုနှစ်၊ မေလ ၂ ရက်နေ့က စတင်ခဲ့တာပါ။ အပိုင်း (၁) ကိုရေးပြီး ဆက်လက် မဖော်ပြနိုင်ခဲ့တာ (၁) နှစ်တောင် ပြည့်ပါတော့မယ်။ အခုတော့ ကျန်တဲ့ အဆုံးသတ် အပိုင်းများကို ဆက်လက် ရေးသားပြီး ပြီးစီးသည် အထိ တင်ပြပေးသွားပါမယ်။ အပိုင်း (၁) ကို အောက်ပါလင့်ခ် မှာ ဖတ်ရှုပြီး အပိုင်း ၂ ကို ဆက်လက်လေ့လာနိုင်ပါတယ်။
မြေအောက်လား၊ မြေပေါ်လား ? (၁)လိုအပ်ချက်များ
တိုးပွားလာနေတဲ့ မြို့နေ လူဦးရေကို အထောက်အကူပြုနိုင်မယ့် သယ်ယူပို့ဆောင်ရေး နည်းလမ်းများကို စဉ်းစားရာမှာ သယ်ယူပို့ဆောင်ရေး စနစ်အသစ် (new transit system) ဟာ နောက်ထပ် ထည့်သွင်းရွေးချယ်စရာ နည်းလမ်းတစ်ခု ဖြစ်လာပါတယ်။ ဒီနည်းလမ်းမှာလဲ မြို့ပြရဲ့ လှုပ်ရှားမှု (mobility) ကို အကျိုးပြုတဲ့ သက်ရောက်မှုတွေ ရှိနေပေမဲ့ စနစ်အားလုံးရဲ့ အဓိက စိန်ခေါ်ချက်ကတော့ ခရီးသည်များကို လိုက်ပါစီးနင်းဖို့ ဆွဲဆောင်နိုင်ရေးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဘတ်စ်ကား၊ ရထားစတဲ့ မြို့ပြ သယ်ယူပို့ဆောင်ရေး စနစ်ကိုသာ အားကိုးနေရတဲ့ ခရီးသည်များနဲ့ အခြားသော သာမန် ခရီးသွားများအတွက် ရွေးချယ်စရာ သယ်ယူပို့ဆောင်ရေး ပုံစံများလည်း ရှိနေမှာ ဖြစ်တာကြောင့် သယ်ယူပို့ဆောင်ရေး စနစ်သစ်ကို အားကိုးလာမယ့် ခရီးသည်ဆိုပြီး အလိုအလျောက် ရှိလာမှာတော့ မဟုတ်ပါဘူး။
အခြားသော သယ်ယူပို့ဆောင်ရေး စနစ်များနဲ့ ယှဉ်ပြိုင်နိုင်တဲ့ ခရီးစရိတ်နှုန်းထား၊ လုံခြုံစိတ်ချရမှုနဲ့ မြန်ဆန်တဲ့ ဝန်ဆောင်မှုစနစ်တို့ဟာ အသစ် ဖော်ဆောင်မယ့် သယ်ယူ ပို့ဆောင်ရေး စနစ်မှာ ထည့်သွင်း စဉ်းစားရမယ့် အချက်များ ဖြစ်လာပါတယ်။ တခြား သယ်ယူ ပို့ဆောင်ရေး စနစ်များနဲ့ ယှဉ်ပြိုင်နိုင်မယ့် ခရီးစရိတ် နှုန်းထားကလည်း ဒီစနစ်မှာ ထည့်သွင်း မြှုပ်နှံထားတဲ့ အရင်းအနှီး၊ ဝန်ဆောင်မှု စရိတ်များ၊ ပြုပြင် ထိန်းသိမ်းမှု စရိတ်များ အပေါ်မှာလည်း မှီတည်နေပါတယ်။ ဒါ့ကြောင့် ရင်းနှီးမြှုပ်နှံမှု နည်းနည်းနဲ့ ဝန်ဆောင်မှု ကောင်းကောင်း ပေးနိုင်မယ့် စနစ်တစ်ခု အတွက် အဆိုပါ မျှခြေဟာ လိုအပ်ချက် တစ်ခုလို ဖြစ်လာတာပါ။
ဒါ့အပြင် မြေပေါ် (elevated)၊ မြေပြင် (at grade)၊ မြေအောက် (Underground) စတဲ့ အမျိုးမျိုးသော သယ်ယူပို့ဆောင်ရေး စနစ်များ အကြားမှာ ကနဦး ရင်းနှီးရမယ့် ကုန်ကျစရိတ်များ (ဆောက်လုပ်ရေး ကုန်ကျစရိတ်၊ လျှပ်စစ်၊ စက်မှု၊ ရထားပိုင်းဆိုင်ရာ ကုန်ကျစရိတ်များ အပါအဝင်) ဟာ အလွန်ပဲ သိသာထင်ရှားစွာ ကွာခြားမှုရှိနိုင်ပါတယ်။ မြေအောက် ပို့ဆောင်ရေး စနစ်တစ်ခုအတွက် ကနဦး ကုန်ကျစရိတ်များ အလွန်အမင်း များပြားခြင်းဟာ မြို့ပြ သယ်ယူ ပို့ဆောင်ရေး ကွန်ယက် စနစ်တစ်ခုလုံး ရင်းနှီးမြှုပ်နှံမှုမှာ အဓိက ထည့်သွင်း စဉ်းစားသင့်တဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ၎င်းကနေ ပြန်လည်ရရှိလာမယ့် အကျိုးအမြတ်များကတော့ ကာလရှည် အကျိုးအမြတ်များ အပြင် မြန်ဆန် ကောင်းမွန်တဲ့ Transit system ကြောင့် ရရှိလာမယ့် စီးပွားရေးနဲ့ လူမှုရေး ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုများပဲ ဖြစ်ပါတယ်။
မြန်နှုန်းမြင့် မြေအောက်ရထား စနစ်ဟာ တခြားသော စနစ်များထက် ကွဲပြားစွာ သာလွန်ကောင်းမွန်နေဖို့ လိုပါတယ်။ ယေဘူယျအားဖြင့် အဲဒီလို ကွဲပြားတဲ့ အချက် သုံးချက် ရှိပါတယ်။
- ရထားအမြန်နှုန်း တစ်နာရီ ၃၀ ကီလိုမီတာမှ ၆၀ ကီလိုမီတာ ကြားရှိပြီး (ဘူတာရုံများတွင် ရပ်တန့်ချိန်များ အပါအဝင်) မြေပေါ် (elevated) သို့မဟုတ် မြေအောက်တွင်သာ လုံးဝ တည်ရှိသော ရထားလိုင်းများ။
- ရထား အမြန်နှုန်း တစ်နာရီ ၂၀ ကီလိုမီတာမှ ၃၀ ကီလိုမီတာနှုန်း ရှိသော မြေပေါ် တစိတ်တပိုင်း ရထားလိုင်းများ။ အခြားသော ယာဉ်ကြောများ၊ လမ်းဆုံများတွင် ၎င်းယာဉ်ကြောများ၏ အပေါ်မှ ဖြတ်သန်းထားသော လိုင်းများကို ဆိုလိုသည်။
- ရထား အမြန်နှုန်း တစ်နာရီ ၁၂ ကီလိုမီတာမှ ၁၅ ကီလိုမီတာ အကြားသာရှိသော အခြားကားလမ်းများနှင့် တွဲစပ် အသုံးပြုရသော ရထားလိုင်းများ။ အဓိကဦးစားပေး ယာဉ်ကြောကို သတ်မှတ်ထားသော လိုင်းများ ရှိသလို၊ သတ်မှတ်မထားသော လိုင်းများလည်း ရှိသည်။
၁။ အပြည့်အဝ ခွဲခြားသည့် စနစ် - Completely separated systems (ဥပမာ - မီထရိုများ၊ မြို့ပတ်ရထားလိုင်းများနဲ့ အော်တိုမက်တစ် သယ်/ပို့ စနစ်များ)။ အဆိုပါ ရထားလိုင်းများဟာ အခြားလိုင်းများနဲ့ မချိတ်ဘဲ သီးခြားတည်ရှိတာကြောင့် ရထားပြေးဆွဲရာမှာ ပိုမိုမြန်ဆန်တဲ့ အမြန်နှုန်းကို ရရှိနိုင်ပါတယ်။ တစ်နာရီအတွင်း ပို့ဆောင်ပေးနိုင်တဲ့ ပမာဏ မြင့်မားတာကြောင့် ၎င်း စနစ်ဟာ ခရီးသည်များကို အပြည့်အဝ ဆွဲဆောင်နိုင်သော စနစ်တစ်ခု ဖြစ်ပါတယ်။
၂။ တစိတ်တပိုင်း ခွဲခြားသည့် စနစ် - Partially separated systems (ဥပမာ - ထရန်ဘတ်စ်လိုင်းများ၊ ထရော်လီ ရထားလိုင်းများ)။ ကနဦး ကုန်ကျစရိတ် အရင်းအနှီး နည်းသည့်အတူ ခရီးသွားလာမှု အမြန်နှုန်းလည်း နှေးကွေးပါတယ်။ ဒါ့ကြောင့် ခရီးသည် အများအပြားကို စီးနင်းဖို့ ဆွဲဆောင်နိုင်မှုလည်း လျော့နည်းပါတယ်။
၃။ ရောထွေးယှက်ဖြာ စနစ်များ - Non-grade-separated systems (ဥပမာ - ထရန်လမ်းများ၊ ထရော်လီ စနစ်များ)။ ရင်းနှီးမြှုပ်နှံမှု စရိတ်နည်းသလို ခရီးစဉ် အမြန်နှုန်းကလည်း နည်းပါတယ်။ ထို့ကြောင့် ခရီးသည် ပို့ဆောင်ပေးနိုင်မှု နှုန်းကလည်း အနည်းဆုံး စနစ်ဖြစ်ပါတယ်။ စနစ်ဟောင်းတစ်ခု ဖြစ်ပြီး အမေရိကနှင့် ဥရောပ မြို့ကြီးများမှာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။
တွေ့ရှိချက်များ
၁။ မြို့တော်ရဲ့ မြေပေါ်(သို့မဟုတ်) မြေအောက် Mass transit စနစ်တစ်ခုကို တည်ဆောက်ရန် အတွက် ဆုံးဖြတ်ချက် ချမှတ်ရာမှာ စီမံကိန်း ရေးဆွဲခြင်း၊ အင်ဂျင်နီယာပိုင်း ဆိုင်ရာ၊ ဆောက်လုပ်ရေးပိုင်း ဆိုင်ရာ၊ မြိုပြရဲ့ အခင်းအကျင်း (ဗိသုကာဆိုင်ရာ)၊ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ အချက်များကို ပေါင်းစပ် စဉ်းစားဖို့ လိုအပ်ခြင်း။
၂။ မြို့ကြီးများ၏ မြို့လယ်ဧရိယာများသည် အများအားဖြင့် ရှုပ်ထွေးနေပြီး သမိုင်းဝင် အဆောက်အအုံများ၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အခြားအချက်များကြောင့် သယ်ယူပို့ဆောင်ရေး စနစ်အသစ် တစ်ခုအတွက် တခြား ရွေးချယ်စရာ လမ်းကြောင်းများ မရှိခြင်း။
၃။ ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် Mass transit system တွင် ရင်းနှီးမြှုပ်နှံရမည့် ကုန်ကျစရိတ်သည် ၎င်းနိုင်ငံ (သို့) မြို့၏ စီးပွားရေး ပမာဏနှင့် နှိုင်းယှဉ်ပါက အလွန်အမင်း များပြားနေခြင်း။ သို့အတွက်ကြောင့် ပုဂ္ဂလိက ကုမ္ပဏီများအနေဖြင့် တာဝန်ယူ တည်ဆောက်ပြီး ကာလရှည် အကျိုးအမြတ်အဖြစ် ကုန်ကျစရိတ်ကို ပြန်လည်ရယူနိုင်ခြင်း။
၎။ မြို့သစ်များတွင်မူ မြို့ဟောင်းများမှာကဲ့သို့ သမိုင်းဝင် နေရာများ မရှိသည့်အပြင် လမ်းများမှာလည်း ကျယ်သည့်အတွက် မြေပေါ် (elevated) လိုင်းများကို အပြည့်အဝ ခွဲခြားသည့် စနစ်ဖြင့် ဆောက်လုပ်နိုင်ကာ မြေအောက်လိုင်းများထက် ကနဦး ကုန်ကျမှု အရင်းအနှီးကို နည်းပါးစေနိုင်ခြင်း။
၅။ ကနဦး ကုန်ကျမှု အရင်းအနှီးသည် transit system တစ်ခုလုံး အတွက် သတ်မှတ်ပေးထားသော ကာလရှည် ငွေကြေးပမာဏ်ထဲမှ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ကုန်ကျစရိတ်များထဲတွင် ကွန်ယက်တစ်ခုလုံး လည်ပတ်ရန် ကုန်ကျမှုများ၊ ပြုပြင်ထိန်းသိမ်းမှု စရိတ်များ၊ လုံခြုံရေးနှင့် ပြန်လည်ပြုပြင်ရေး စရိတ်များ စသည်ဖြင့် ပါဝင်သည်။
၆။ Transit system တွင် ထည့်သွင်းမည့် အရင်းအနှီး၊ ကွန်ယက်တစ်ခုလုံး လည်ပတ်ရန် ကုန်ကျမှုများ၊ ပြုပြင်ထိန်းသိမ်းမှု စရိတ်များ၊ လုံခြုံရေးနှင့် ပြန်လည်ပြုပြင်ရေး စရိတ်များကို စဉ်းစားတွက်ချက်ရန် လိုအပ်ခြင်း။
၇။ Transit system ကိုလည်ပတ်ရာမှ ပြန်လည် ရရှိလာနိုင်မည့် တိုက်ရိုက် နှင့် သွယ်ဝိုက် အကျိုးအမြတ်များ၊ ရေတို-ရေရှည် အကျိုးအမြတ်များကိုလည်း ထည့်သွင်းစဉ်းစားရခြင်း။
၈။ မြေပေါ် သယ်ယူပို့ဆောင်ရေး transit စနစ်ကိုဖြစ်စေ၊ မြေအောက် သယ်ယူပို့ဆောင်ရေး ကွန်ယက်ကိုဖြစ်စေ ရွေးချယ်ရာတွင် အနာဂတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှု အလားအလာများ၊ ဖြစ်ရပ်များကို ရေရှည် အကျိုးအမြတ်များတွင် ထည့်သွင်း တွက်ချက်မှု မပြုခြင်း။
၉။ မြေပေါ် သို့မဟုတ် မြေအောက် သယ်ယူပို့ဆောင်ရေး စနစ်တစ်ခုကို ရွေးချယ်နိုင်ရန် အတွက် ရေတို-ရေရှည် ကုန်ကျစရိတ်များ၊ အကျိုးအမြတ်များကို ဓမ္မဓိဋ္ဌာန်ကျကျ နှိုင်းယှဉ်လေ့လာ စဉ်းစားရန် လိုအပ်ခြင်း။
၁၀။ ကုန်ကျစရိတ်နှင့် အကျိုးအမြတ်တို့၏ ဆက်နွှယ်မှု ရှုထောင့်အမျိုးမျိုးကို အတိအကျ သတ်မှတ်ရန် ခက်ခဲသည်။ သယ်ယူပို့ဆောင်ရေး စနစ် အခြေကျပြီး မြို့ကြီးများအပေါ် သုတေသနပြုချက်များ၊ လေ့လာချက်များကို ကိုးကားခြင်းဖြင့် အစောပိုင်း စီမံကိန်းရေးဆွဲခြင်းနှင့် ဒီဇိုင်းဆွဲခြင်း အဆင့်တို့တွင် များစွာ အသုံးဝင်သည်ကို တွေ့ရှိရခြင်း။
၁၁။ မြေပေါ် (elevated) လမ်ကြောင်းများအတွက် အဓိက ပြဿနာများဖြစ်သည့် ဖြစ်နိုင်ဖွယ် လမ်းကြောင်း ရွေးချယ်နိုင်မှု၊ ရေရှည်တွင် ဖြစ်လာမည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ၊ ၎င်းမြေပေါ်လိုင်းဆောက်လုပ်ရာ မြေယာ လိုအပ်ချက်များကို ထည့်သွင်း စဉ်းစားခြင်း။
၁၂။ မြို့ပြဧရိယာ အပြင်ဘက် နေရာများတွင် မြေပြင် (at-grade)၊ မြေပေါ် (elevated) transit လမ်းကြောင်းများကို တူညီသော ကုန်ကျစရိတ် အရင်းအနှီးဖြင့် သော်လည်းကောင်း၊ သတ်မှတ်ပုံစံများအတိုင်း ကုန်ကျစရိတ်ကို လျော့ချခြင်းဖြင့် သော်လည်းကောင်း ပိုမိုရှည်လျားစွာ ဆောက်လုပ်နိုင်ခြင်း။
၁၃။ မြေပြင်၊ မြေပေါ်နှင့် မြေအောက် သယ်ယူပို့ဆောင်ရေး စနစ်များအတွက် ကုန်ကျစရိတ် အချိုးမှာ ယေဘူယျအားဖြင့် ၁း ၂း ၄.၅ အဖြစ် သတ်မှတ်ထားသည်။
၁၄။ လေ့လာမှုများအရ ကုန်းမြေမြင့်များ၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မခံနိုင်သော နေရာများတွင် မြေအောက် သယ်ယူပို့ဆောင်ရေး စနစ်၏ ကုန်ကျစရိတ် မြေပြင်နှင့် မြေပေါ် ဆောက်လုပ်ရေး လုပ်ငန်းများနှင့် ကွာခြားမှု ကျဉ်းမြောင်းလာသည်ကို တွေ့ရသည်။ ပိုမိုကောင်းမွန်သော နည်းပညာများနှင့် မြေအောက် ဆောက်လုပ်ရေး နည်းစနစ်များကလည်း ကုန်ကျစရိတ် ကွာဟမှု နည်းပါးလာစေသည်။
၁၅။ မြေအောက် ဆောက်လုပ်ရေး ကုန်ကျစရိတ်များဟာ ဆောက်လုပ်ရေး နည်းပညာများ၊ လုပ်ငန်းများ တိုးတက်မှုများကဲ့သို့ အချိန်ပေါ်မှာလည်း မူတည်နေခြင်း။
အကြံပြုချက်များ
၁။ မြေအောက် သယ်ယူပို့ဆောင်ရေး စနစ် သို့မဟုတ်၊ မြေပေါ် သယ်ယူပို့ဆောင်ရေး စနစ်တစ်ခုကို အကောင်အထည်ဖော်ရန် ရွေးချယ်ရာတွင် တည်ဆောက်မည့် မြို့၏ ဧရိယာ တစ်ခုချင်းစီအလိုက် ၎င်းတို့၏ ပတ်ဝန်းကျင် အနေအထား၊ အခြေအနေများအားလုံးကို ထည့်သွင်းစဉ်းစားရန်လိုသည်။
၂။ မြေအောက်ရထား ကွန်ယက်စနစ် ရှိပြီးဖြစ်သော မြို့များ၏ အတွေ့အကြုံများအရ ယေဘူယျအားဖြင့် မြို့လယ်ခေါင်ဒေသများ၏ အောက်ခြေနှင့် အနီးနား၌ မြေအောက်ရထား လမ်းကြောင်းများ ရွေးချယ်ဖောက်လုပ်ရန် လုံလောက်သော အချိန်တစ်ခုယူကာ လေ့လာဆုံးဖြတ်ခြင်းများ ပြုလုပ်ရန် လိုသည်။
၃။ အထက်ပါ အချက်အပြင်၊ စီမံကိန်း၏ စီးပွားရေးဆိုင်ရာ အချက်အလက်များ၊ ကုန်ကျစရိတ် အချက်အလက်များ အားလုံးကို သေချာစွာ ပြုစုဖော်ပြပြီး သယ်ယူပို့ဆောင်ရေး ကွန်ယက်စနစ် အသစ်တစ်ခုကို ရွေးချယ် ဆုံးဖြတ် အတည်ပြုမည့်သူအား အထောက်အကူဖြစ်စေရန် တင်ပြရမည်။
၎။ မြေအောက်ရထား ကွန်ယက်စနစ်ကြီးအတွင်းရှိ လုပ်ငန်းအရပ်ရပ်၏ အကျိုးအမြတ်များ၊ အားနည်းချက်များကို တာဝန်ယူ လေ့လာနေသော၊ အထူးသဖြင့် ရေရှည် ကုန်ကျစရိတ်များနှင့် အကျိုးအမြတ်များပါဝင်သည့် အကြောင်းအချက်များကို လေ့လာနေကြသော ပို့ဆောင်ရေး အေဂျင်စီများ၊ မြို့ပြ အဖွဲ့အစည်းများသည် ၎င်းတို့၏ တွေ့ရှိချက်များ၊ သုတေသနပြုချက်များကို စီမံကိန်းကို အတည်ပြု အဆုံးအဖြတ်ပေးမည့်သူများ၏ အကျိုးအလို့ငှာ ထုတ်ပြန်ကြေညာပေးရန် လိုအပ်သည်။
၅။ ကနဦး ရင်းနှီးမြှုပ်နှံရမည့် ကုန်ကျစရိတ်မှာ ကြီးမားလွန်းသောကြောင့် မြေအောက် သို့မဟုတ်၊ မြေပေါ် သယ်ယူပို့ဆောင်ရေး စနစ်များ၏ လုပ်ငန်းစဉ်များအပေါ် နှိုင်းယှဉ် ဆန်းစစ်ဝေဖန်ရာတွင် တိကျသေချာမှု ရှိရန်လိုအပ်သည့် အပြင်၊ တိုးတက်လာမည့် ရေရှည် လူနေမှုဆိုင်ရာ အကျိုးအမြတ်များ၊ သဘာဝ ပတ်ဝန်းကျင်အပေါ် ရိုက်ခက်မှုများ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အကျိုးအမြတ်များကိုလည်း ဆုံးဖြတ်ချက်တွင် ပါဝင်စေရမည် ဖြစ်သည်။
၆။ သယ်ယူပို့ဆောင်ရေးစနစ် တစ်ခုချင်းအပေါ် ဆန်းစစ်လေ့လာပြီး အတည်ပြုထားသော ဆုံးဖြတ်ချက်များတွင် လက်ရှိ ဆောင်ရွက်နေသော စီမံကိန်းများ၊ ယခင် စီမံကိန်းများ (သက်တမ်းနှစ် ၂၀ အထက် စီမံကိန်များ အပါအဝင်) မှ ကိုးကားချက်များပါဝင်လျက် ကိန်းဂဏန်း အချက်အလက်များ၊ ပုံစံကားချပ်များနှင့် တကွ ဖော်ပြပါရှိသင့်ပြီး ခန့်မှန်းကုန်ကျစရိတ်များ အားလုံး၊ အကျိုးအမြတ်များ အားလုံးကိုလည်း ထည့်သွင်း စဉ်းစားထားရမည် ဖြစ်သည်။ မြေယာ တန်ဖိုးပြောင်းလဲမှု အပေါ် ခန့်မှန်းချက်များ၊ သယ်ယူပို့ဆောင်ရေး စနစ်နှင့် ဆက်စပ်သော သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှုများအပေါ် ရှုမြင်ချက်များကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်။)
Related Posts
မြေအောက်လား၊ မြေပေါ်လား ? (၃)
မြေအောက်လား၊ မြေပေါ်လား ? (၁)
ပရင့်ထုတ်ရန်
Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld