မ္ဘာ့မြို့ကြီးတွေမှာ တိုးတက်လာတဲ့ လူဦးရေနှင့်အညီ သယ်ယူပို့ဆောင်ရေး ပြဿနာဟာ ခေတ်မီ မြို့ပြတည်ဆောက်ရေး လုပ်ငန်းများအတွက် အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်လာပါတယ်။ အဲဒီလို သယ်ယူပို့ဆောင်ရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အတွက် transportation system တွေကို စဉ်းစား တည်ဆောက်လာကြပါတယ်။ အဲဒီလို တည်ဆောက်ရာမှာ နည်းပညာဆိုင်ရာ အချက်အလက်များ လိုအပ်သလို မိမိတို့ လုပ်နိုင်စွမ်းရှိတဲ့ ငွေကြေးပမာဏအရ လည်း စဉ်းစားသုံးသပ်လေ့ ရှိကြပါတယ်။
လျင်မြန်မှု၊ သက်သောင့်သက်သာရှိမှု၊ လုံခြုံစိတ်ချရမှု စတဲ့ အချက်တွေဟာ transportation system တစ်ခုရဲ့ အသက်ဖြစ်သလို၊ အဲဒီအချက်တွေနှင့် ကိုက်ညီမှု ရှိအောင် ဖောက်လုပ်ရမယ့် လမ်း၊ အသုံးပြုရမယ့် ယာဉ်၊ အသုံးပြုရမယ့် စွမ်းအင်၊ ပြန်လည် ရရှိလာမယ့် အကျိုးအမြတ် စတာတွေကိုလည်း ကြိုတင် စဉ်းစားဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ တကယ်တမ်း ဖောက်လုပ်တော့မယ် ဆိုတာနဲ့ ပရမ်းပတာ လုပ်လို့မရပါဘူး။ plan တွေချ၊ schedule တွေဆွဲ၊ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို တခါတည်း ကြိုတင် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အဲဒီလို Management လုပ်တာက ဘယ်လုပ်ငန်းမှာမဆို ရှိပါတယ်။ အခု ဒီပို့စ်မှာတော့ Construction Management တစ်ခုကို မြင်သာအောင် ဥမင်တစ်ခု ဖောက်လုပ်ရာမှာ လိုအပ်မယ့် အချက်လေးတွေကို theoretical နဲ့ နှိုင်းယှဉ် တင်ပြသွားမှာ ဖြစ်ပါတယ်။
Construction တစ်ခုကို schedule ဆွဲရာမှာ အဓိက ကတော့ အချိန် နှင့် အလုပ် (တစ်နည်း ပြောရရင် စက်တွေရဲ့ စွမ်းဆောင်နိုင်မှု၊ အလုပ်သမား တွေရဲ့ လုပ်အား) ကို optimum လုပ်ပေးတာပဲ ဖြစ်ပါတယ်။ အချိန်ကို လိုက်ပြီးတော့ အလုပ်တစ်ခုကို ပြီးစီးအောင်လုပ်ဖို့် ရည်ရွယ်ရေးဆွဲကြတာ ဖြစ်ပါတယ်။ အချိန်ကာလ အပိုင်းအခြားတစ်ခု အတွင်းမှာ လုပ်ဆောင်နိုင်မယ့် လုပ်ငန်းစဉ်တစ်ခု (သို့) အများအတွက် လိုအပ်မယ့် လူအင်အား၊ စက်အင်အား ကို အကောင်းဆုံး အနေအထား ဖြစ်အောင် စဉ်းစားတာဖြစ်ပါတယ်။ Construction step တွေကလည်း တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေပါတယ်။ ဥပမာ အနေနဲ့ ကြိုတင်တိုင်းတာမှု (preliminary survey) တွေ ဆောင်ရွက်ပြီးမှသာ အခြား လုပ်ငန်းစဉ်များကို လုပ်ဆောင်လို့ ရပါမယ်။ ဘယ်လုပ်ငန်းစဉ် ပြီးရင် ဘယ်လုပ်ငန်းစဉ် လုပ်လို့ရတယ်။ ဘယ်လုပ်ငန်းစဉ်နဲ့ ဘယ်လုပ်ငန်းစဉ် အတူတကွ လုပ်ဆောင်လို့ ရတယ် ဆိုတာကတော့ Construction project အလိုက် ပြောင်းလဲနေမှာပါ။
အဲဒီလို ကန့်သတ်ချက်တွေ ပေါ်မှာ မူတည်ပြီးတော့ Management လုပ်ဆောင်ဖို့ အတွက်ကို Theory တွေထုတ်လာ ပါတယ်။ ပထမဆုံးအနေနဲ့ Gantt chart လိုရိုးရှင်းလွယ်ကူတဲ့ Bar chart method ကို အသုံးပြုခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ PERT ( Program Evaluation and Review Technique ) method နဲ့ တစ်ချိန်တည်းလိုပဲ Critical path method တွေပေါ်လာပါတယ်။ သဘော သဘာဝချင်းကတော့ ခပ်ဆင်ဆင်ပါ။ PERT method မှာ uncertainty တွေ အတွက်ကို အကောင်းဆုံး အနေအထား၊ အဆိုးဆုံး အနေအထားနှင့် သာမန်အနေအထား ဆိုပြီးတော့ ဖြစ်နိုင်ချေ အချိန် (၃) မျိုးကို ထည့်သွင်း စဉ်းစားသွားတာ ဖြစ်ပါတယ်။ နောက်ထပ် ကွာခြားတာလေးတွေ ရှိပါတယ်။ အဲဒီ အကြောင်းအရာတွေ ကိုတော့ နောက်ပိုင်းမှာ ဆက်လက် ဖော်ပြသွားပါမယ်။
အခု ကျွန်တော်တို့ ဥမင် project တစ်ခုကို schedule ဆွဲပြီး Management လုပ်ကြည့် ပါမယ်။ အရမ်း ရှုပ်ထွေးသွားမှာစိုးတဲ့ အတွက်ကြောင့် ကျွန်တော်တို့ project သေးသေး တစ်ခုလောက် ကိုပဲ ရေးဆွဲပါမယ်။ Metropolitan network တစ်ခုလုံးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ Metro Station နှစ်ခုကို ဆက်သွယ်ထားတဲ့ ဥမင် ဖောက်လုပ်မှု ( Construction of interstation tunnel ) အတွက်ကို ရေးဆွဲပါမယ်။ ပထမဆုံး စဉ်းစားရမယ့် အချက်ကတော့ ဖောက်လုပ်ရာမှာ လိုအပ်မယ့် လုပ်ငန်းစဉ် (project activities , PERT မှာ ဆိုရင်တော့ event လို့ သုံးပါတယ်) တွေကို စဉ်းစားရမှာ ဖြစ်ပါတယ်။ ကြိုတင်သတ်မှတ်ထားတဲ့ ရည်ရွယ်ချက် (pre-defined objective) တွေကို ပြည့်မှီဖို့အတွက် အရင်းအမြစ်တွေကို အကောင်းဆုံး အနေအထား အသုံးပြုနိုင်အောင် ရေးဆွဲရမှာ ဖြစ်ပါတယ်။
CPM အနေနဲ့ ကြည့်မယ်ဆိုရင်တော့ work breakdown structure တည်ဆောက်တယ်လို့ ခေါ်ပါတယ်။
လုပ်ငန်းကြီးတစ်ခုကို လုပ်ငန်းငယ်လေးတွေ ခွဲချလိုက်တာပါ။ ပုံကို ကြည့်ရင် ရှင်းသွားမှာပါ။ ကျွန်တော်တို့ တည်ဆောက်ချင်တဲ့ Construction of interstation tunnel က WBS မှာ ပထမအဆင့်ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ပါဝင်တဲ့ လုပ်ငန်းစဉ်တွေကို အဆင့်လိုက် ခွဲချထားတာဖြစ်ပါတယ်။ အဆင့် တစ်ခုချင်းဆီမှာ သက်ဆိုင်ရာ လုပ်ငန်းစဉ်များ ပါဝင်ပါသေးတယ်။ အဆင့်(၂)၊ အဆင့်(၃)၊ အဆင့်(၄) အစရှိသဖြင့် ခွဲခြားနိုင်ပြီး တစ်ခုချင်းဆီ ကိုလည်း သက်ဆိုင်ရာ schedule ဆွဲပြီး လုပ်ဆောင်နိုင်ပါတယ်။ Contract စနစ်နဲ့ ပေါင်းစပ် တည်ဆောက်တဲ့ လုပ်ငန်းတွေမှာ ဆိုရင်တော့ အဆင့် တစ်ခုချင်းဆီကို သက်ဆိုင်ရာ Sub contractor တွေကို တာဝန်ယူ တည်ဆောက်စေ နိုင်ပါတယ်။ ယခု project မှာ ဘယ်အဆင့် တွေပါတယ် ဆိုတာ အောက်မှာ ဖော်ပြထားတဲ့ ပုံလေးကို ကြည့်ပြီးတော့ သိနိုင်ပါတယ်။ ပုံအကြီးကို ကြည့်ရန် ပုံများကို click လုပ်ပါ။
ပထမ အဆင့် အနေနဲ့ လုပ်ငန်းစဉ်တွေကို အစီအစဉ် ချပြီးတဲ့နောက် မှာတော့ သက်ဆိုင်ရာ method ကိုလိုက်ပြီးတော့ ကျွန်တော်တို့ schedule ဆွဲတဲ့ အလုပ်ကို စတင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ အခု အရှင်းလင်းဆုံး Bar chart နဲ့ စတင် ဆွဲကြည့်ပါမယ်။ လုပ်ငန်းစဉ်တွေမှာ တစ်ခုပြီးမှ တစ်ခုလုပ်ဆောင်နိုင်မယ့် လုပ်ငန်းတွေ ရှိသလို အပြိုင် လုပ်ဆောင်နိုင်တဲ့ အလုပ်တွေလည်းရှိပါတယ်။ အချိန် delay တစ်ခုကို စောင့်ဆိုင်းပြီးမှ လုပ်ရမယ့် လုပ်ငန်းစဉ်တွေလည်း ရှိပါတယ်။ ဥပမာ အနေနဲ့ ဥမင် lining ကို concrete လောင်းပြီးတဲ့ နောက်မှာ 7-day compression strength 75% ရတဲ့ အချိန်ထိကို စောင့်ဆိုင်းပြီးမှ သာလျှင် lining နှင့် မြေသားနံရံ ကြားကို cement injection လုပ်ရပါတယ်။ concrete လောင်းပြီး ၇ ရက်အကြာမှာ အလုပ်ကို နှစ်ခုကို တစ်ပြိုင်တည်း လုပ်ဆောင်လို့ရပြီဖြစ်ပါတယ်။ အဲဒီလို အချက်တွေ ပေါ်မှာ မူတည် ပြီးတော့ လုပ်ငန်းစဉ်တွေကို အစီအစဉ် ချရမှာ ဖြစ်ပါတယ်။
လုပ်ငန်းစဉ်တွေကို နေရာ ချပြီးသွားတဲ့ နောက်မှာ အလုပ်တွေအလိုက် အသုံးပြုရမယ့် အရင်းအမြစ် (လုပ်သား၊ စက်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ ငွေကြေး၊ အချိန်) စတာတွေကို ဆက်လက် ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။ လုပ်သားအနေနှင့် စဉ်းစားမယ်ဆိုရင် project အစအဆုံး လိုအပ်မယ့် Project engineer ၊ Site engineer ၊ Safety supervisor ၊ တွေအပြင် အချိန်ပိုင်းအနေနဲ့ လိုအင်မယ့် ကျွမ်းကျင်လုပ်သားများ၊ အကူများ စတာတွေကို ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။ အချိန်ပိုင်း လိုအပ်တဲ့ အလုပ်သမားတွေကို အတိုးအလျှော့ လုပ်ခြင်းဖြင့် လိုအပ်တဲ့ optimum ကိုရောက်အောင် ဆောင်ရွက်ရပါတယ်။ ဥမင် ဖောက်လုပ်တာ ဖြစ်တဲ့ အတွက် မြေအောက်မှာ အလုပ်လုပ်ရတာနဲ့ မြေပေါ်မှာ အလုပ်လုပ် ရတာဟာ မတူပါဘူး။ အလုပ်သမား တစ်ယောက်ကို မြေအောက်မှာ တစ်ဆက်တည်း (၆) နာရီထက်ပိုပြီး မခိုင်းသင့်ပါဘူး။ အဲဒါကြောင့် schedule ဆွဲတဲ့အခါမှာ အလုပ်ဆိုင်း တစ်ဆိုင်းအတွက် (၆) နာရီကြာ ရေးဆွဲပါတယ်။
လုပ်ငန်းတစ်ခုချင်း အတွက် လိုအပ်မယ့် အလုပ်သမားနဲ့ စက်ပစ္စည်း အရေအတွက် ကိုတော့ theoretical မှာ ပြထားတာနှင့် လက်တွေ့မှာ အမှန်တကယ် available ဖြစ်တဲ့ပေါ်မှာ မူတည်ပြီးတော့ အသုံးပြုတာ ဖြစ်ပါတယ်။ ပုံမှာ ပြထားတာကတော့ ခု Project ရဲ့ Bar chart ဖြစ်ပါတယ်။ Bar chart ကို အသုံးပြုပြီး schedule ဆွဲခြင်းရဲ့ကောင်းကျိုး ကတော့ အလုပ်သမား အတိုးအလျှော့ လုပ်ရန် အတွက် detail ကျတဲ့ အချိန် အတိုင်းအတာ တွေကို မြင်တွေ့ အသုံးပြု နိုင်ခြင်းပဲ ဖြစ်ပါတယ်။ အလုပ်သမား တိုးခြင်းဖြင့် construction period ကို လျှော့ချနိုင်ပါတယ်။ လုပ်အားကို အားဖြည့်ပြီး အချိန်ကို လျှော့တဲ့ အတွက်ကြောင့် ကုန်ကျစရိတ် တက်လာမှာ ဖြစ်ပါတယ်။ part time labour တွေတိုးရင် ကုန်မယ့် ကုန်ကျစရိတ်ကို လက်ရှိအတိုင်း အချိန်ကြာအောင် စောင့်ဆိုင်း လုပ်ကိုင်ရင် ကုန်ကျမယ့် permanent labour တွေ အတွက် ထပ်ဆောင်းပေးရမယ့် ကုန်ကျစရိတ်နဲ့ နှိုင်းယှဉ် သုံးသပ်ပြီး လိုအပ်သလို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ပုံအကြီးကို ကြည့်ရန် ပုံများကို click လုပ်ပါ။
ဆက်လက်ပြီး CPM method နဲ့ ကျွန်တော်တို့ ချဉ်းကပ်ကြည့်ပါမယ်။ CPM နဲ့ ပတ်သတ်လို့ theory နဲနဲလောက်ရေးချင်ပါတယ်။ အလုပ်တွေကို activities တွေနဲ့ ကိုယ်စားပြုပါတယ်။ အလုပ်တိုင်းအတွက် Duration ကို activity arrow ပေါ်မှာ ပြလေ့ရှိပါတယ်။ အလုပ် အစ (သို့) အဆုံးကို node တွေနဲ့ ကိုယ်စားပြုပါတယ်။ node တစ်ခုမှာ activity တစ်ခုရဲ့ early start time၊ early finish time၊ late start time၊ late finish time စတာတွေပါဝင်ပါတယ်။ ပုံအကြီးကို ကြည့်ရန် ပုံများကို click လုပ်ပါ။
အဲဒါတွေက အလုပ်တစ်ခုရဲ့ အစောဆုံး စနိုင်တာနဲ့ နောက်အကျဆုံး ပြီးနိုင်တဲ့ အချိန်တွေကို ပြပါတယ်။ အဲဒီအချိန်တွေကို သိဖို့လိုအပ်တဲ့ အကြောင်းရင်းကတော့ အလုပ်တွေရဲ့ dependencies တွေကြောင့် ဖြစ်ပါတယ်။ အလုပ်တွေရဲ့ dependencies တွေကြောင့် CPM network မှာ dummy activities တွေလည်း ဖြစ်လာတတ်ပါတယ်။ Dummy activity မှာ Duration မရှိပါဘူး။ နောက်လုပ်ဆောင် ရမယ့် အလုပ်အတွက် အဲဒီ့အလုပ်ကပြီးပြီးသား ဖြစ်နေဖို့ လိုအပ်တာကြောင့် အဲဒီလို ချိတ်ဆက် ရေးဆွဲရတာ ဖြစ်ပါတယ်။
အလုပ်တွေရဲ့ dependencies တွေပေါ်မှာ မူတည်ပြီးတော့ စောလုပ်လို့ ရသလို နောက်ကျမှလည်း လုပ်လို့ရပါတယ်။ Limit တစ်ခုတော့ရှိပါတယ်။ အဲဒီ limit ကို float လိုခေါ်ပါတယ်။ float = LF-EF (or) LS-ES ဖြစ်ပါတယ်။ အဲဒီအချိန်အတွင်းမှာ labour ကိုလိုအပ်သလို ပြောင်းရွှေ့ခိုင်းစေနိုင်ပါတယ်။ စတင် လုပ်ဆောင်မယ့် အချိန်ကို ဆုံးဖြတ် နိုင်ပါတယ်။ အဲဒီအချိန်က activities တွေကြားမှာ ဖြစ်လာတဲ့ အချိန်ပိုလေး တစ်ခုပါ။ စိတ်ကြိုက် ကစားလို့ရပါတယ်။ အဲဒီစကားလုံး ကနေပဲ float ရိုက်တယ်ဆိုတာ ဖြစ်လာတာလား တော့မသိပါဘူး။း) ပုံအကြီးကို ကြည့်ရန် ပုံများကို click လုပ်ပါ။
ပုံမှာပြထားသလို CPM အတွက် အလုပ်အားလုံးကို အစီအစဉ် ချပြီးတော့ Network တစ်ခုကို ရေးဆွဲဖို့ လိုအပ်ပါတယ်။ Duration တွေကို အားလုံး ထည့်သွင်းရေးဆွဲပြီး အချိန်တွေကို တွက်ချက်ရပါတယ်။ တွက်ချက်လို့ရတဲ့ အချိန်တွေကို လိုက်ပြီးတော့ ကိုယ်လုပ်နိုင်တဲ့ လမ်းကြောင်းကို ရွေးချယ်ရပါတယ်။ Network ထဲမှာ အသုံးပြုနိုင်တဲ့ လမ်းကြောင်းတွေ အများကြီး ရှိနိုင်ပါတယ်။ Critical path ဆိုတဲ့ လမ်းကြောင်းကတော့ အားလုံးထဲမှာ Duration အရှည်ဆုံး ဖြစ်ပါတယ်။ အဲဒီ့လမ်းကြောင်းပေါ်မှာ float မရှိပါဘူး။ အဲဒီအတွက် ပြောင်းလဲဖို့ရာ မဖြစ်နိုင်ပါဘူး။ အဲဒီ Critical Path ကို အကောင်းဆုံး ဖြစ်အောင် လျာထားချက်နဲ့ အညီ အချိန်မှီ ပြီးစီးအောင် လုပ်ဆောင်နိုင်ရန် ကြိုးစားရမှာ ဖြစ်ပါတယ်။
အကယ်၍ အချိန်တိုအတွင်း ပြီးစီးရန် လိုအပ်တဲ့ အချိန်မျိုးမှာ Construction period ကို လျှော့ချနိုင်ပါတယ်။ လူအင်အား၊ စက်စ္စည်း အင်အားကို တိုး အသုံးပြုပြီးတော့ အချိန်ကို လျှော့ချလို့ရပါတယ်။ နေ့ဆိုင်း၊ ညဆိုင်း ခွဲပြီး အချိန်ကိုလည်း တိုးအသုံးပြုလို့လည်း ရပါတယ်။ အဲဒီလို Construciont period လျှော့ချတာကို Crushing လို ခေါ်ဝေါ် သုံးစွဲပါတယ်။ Crushing လုပ်ခြင်းဖြင့် အချိန်ကို လျှော့ချနိုင်ပေမယ့် ကုန်ကျစရိတ်ကို တက်စေမှာ ဖြစ်ပါတယ်။
ယခု ဥမင် ဆောက်လုပ်ရေးမှာ Duration ယူထားတာကတော့ တည်ဆောက်ရေး လုပ်ငန်းအလိုက် လုပ်ဆောင်ရမယ့် လုပ်ငန်းပမာဏအရ လုပ်သား အင်အား၊ စက်ပစ္စည်းများရဲ့ စွမ်းဆောင်နိုင်မှု တွေ အပြင် ဖြစ်လာနိုင်တဲ့ မသေချာမှု (lack of labour & materials, machine maintenance) တွေ အတွက်ကိုပါ ထည့်သွင်း စဉ်းစားပြီး ယူထားတာ ဖြစ်ပါတယ်။
Project Management Triangle ဖြစ်တဲ့ Time၊ Cost၊ Scope စတဲ့ အချက် (၃) ချက်ကို ချိန်ခွင်ညီအောင် အကောင်းဆုံး ညှိုနှိုင်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အဲဒီအချက် (၃) ချက်ကို စဉ်းစား လုပ်ဆောင်မှသာ သင့်လျော် ကောင်းမွန်တဲ့ Project Management တစ်ခုအဖြစ် သတ်မှတ်နိုင်မှာ ဖြစ်ပြီး end result ရဲ့ quality ကို အကောင်းဆုံး ရရှိမှာ ဖြစ်ပါတယ်။ Construction တစ်ခုမှာ အရေးပါတဲ့ အချက်တစ်ချက် ဖြစ်တဲ့ management ကိုကောင်းမွန်စွာ စီမံဆောင်ရွက် နိုင်မှသာ အချိန်တို အတွင်း စီးပွားရေးအရ တွက်ချေ အကိုက်ဆုံး construction တစ်ခုကို ဆောက်လုပ်နိုင်မှာ ဖြစ်ကြောင်း ရေးသားတင်ပြ အပ်ပါတယ်။
ပရင့်ထုတ်ရန်

ရေရှည်မှာ ဖြစ်ထွန်းလာမယ့် စီးပွားရေး ဆန်းစစ် ချက်လေးပါ ဆွေးနွေးပေးပါလား ခင်ဗျာ ... ကျေးဇူးဗျို့ :D
ဒီလို Management အရမ်းကျွမ်းတဲ့သူကို ကောင်မလေးတွေ သတိထားသင့်တယ် ။မတော်လို့ အဲဒီလိုလူနဲ့များ အိမ်ထောင်ကျရင် အားလပ်ချိန်မရအောင် Managementပိုင်ပိုင်နဲ့ ခိုင်းခံရလိမ့်မယ် ။ :)
Good job!
It's right what he said..
Building of transit tunnels involves very high costs and often causes considerable disruption to surface streets during the construction period which can last 1 to 2 years.