မာနိုင်ငံတွင် သယ်ယူပို့ဆောင်ရေး လုပ်ငန်း အများစုမှာ မြေပေါ်တွင်သာ ဖြစ်ပြီး မြေအောက် သယ်ယူပို့ဆောင်ရေး စနစ်ကို ယနေ့ထက်တိုင် အကောင်အထည် မဖော်နိုင်သေးပေ။ တနေ့ထက် တနေ့ တိုးပွားလာသော လူဦးရေ ထူထပ်မှု၊ ခရီးသည် သွားလာရေးနှင့် လမ်းများ ပိတ်ဆို့မှုတို့ကို ဖြေရှင်းရန် မြေအောက် ဘူတာရုံတခုကို လက်တွေ့ဒီဇိုင်းလေးဆွဲပြီး စဉ်းစားကြည့်ကြပါစို့။ မြေအောက်ရထား ဘူတာရုံများကို ကမ္ဘာ့မြို့ကြီး တော်တော်များများမှာ ကျွန်တော်တို့ မြင်ကြတွေ့ကြရပါတယ်။ သူတို့တွေ မြေအောက်ကမ္ဘာကို ဘယ်လိုတိုးဝင် တည်ဆောက်ကြသလဲဆိုတာ အလွန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကျွန်တော်တို့လည်း Myanmar Infotech နားမှာ ဘူတာရုံတစ်ခု နမူနာ ဒီဇိုင်းလေး လုပ်ကြည့်ကြရအောင်။
လောလောဆယ် ကျွန်တော် ဒီဇိုင်း ၄ မျိုးကိုတင်ပြ ဆွေးနွေးသွားပါ့မယ်။ အဲဒီလို ဆွေးနွေးတဲ့ နေရာမှာ ဆောက်လုပ်ခြင်း လုပ်ငန်းစဉ်ကိုသာ ဆွေးနွေးသွားမှာဖြစ်ပြီး မြေအခြေအနေတွေ၊ တခြားလိုအပ်တဲ့ ဗိသုကာ ဒီဇိုင်းတွေကို ပြောပြဆွေးနွေးသွားမှာ မဟုတ်ပါဘူး။ အဲဒီလို ဆွေးနွေးတဲ့ နေရာမှာလဲ အသုံးပြုပြီးသော ဘူတာရုံဒီဇိုင်းများကို မရွေးချယ်ဘဲ ယခုလက်ရှိ ခေတ်စားသော၊ နည်းပညာ အသစ်များကိုသာ တင်ပြ ဆွေးနွေးသွားပါ့မယ်။
နည်းပညာ အသစ်များအပေါ် လေ့လာဆန်းစစ်ချက်များအရ ယင်းနည်းပညာများဟာ မြေအောက်ဘူတာများ၏ ဆောက်လုပ်ရေး ကုန်ကျစရိတ် သက်သာမှု၊ ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ လျှော့ချနိုင်ခြင်း စသည့် အချက်များကို သာမကဘဲ လုပ်ငန်းခွင် အခက်အခဲများ နည်းပါးခြင်း၊ ရထားလမ်း၏ အကျယ်ကို တိုးချဲ့တည်ဆောက်နိုင်ခြင်း၊ တည်ဆောက်ချိန် ကာလကို လျှော့ချနိုင်ခြင်း စသည့် ကောင်းကျိုးများကို တွေ့ရှိရပါသည်။ မြေအောက်လမ်းဥမင်များ (subway) ဖောက်လုပ်ခြင်းများကို မြေအောက်တွင်း ဖောက်လုပ်ခြင်းနည်း (closed method) အသုံးပြု ဖောက်လုပ်ခြင်းသည် ပိုမို ကောင်းကျိုး ရနိုင်သော်လည်း ဘူတာရုံများ (အထူးသဖြင့် မြေတိမ်သော နေရာများ) ဖောက်လုပ်ခြင်းကို (opened method) ဖြင့် ဖောက်လုပ်ခြင်းက ကောင်းကျိုး ပိုမိုရရှိစေမှာဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော် ပြောသွားတဲ့ နည်းလမ်းများဟာ အပိတ်နည်း၊ အဖွင့်နည်းဆိုပြီး သုံးထားပါတယ်။ အပိတ်နည်း ဆိုတာကတော့ မြေကြီးအတွင်းမှာပဲ Drilling method, Blasting method စသည်ဖြင့်ပေါ့ဗျာ။ အဖွင့်နည်း ဆိုတာကတော့ Digging method တနည်းအားဖြင့် Foundation and ditch method မြေကြီးကို တူးထုတ်ပြီး ဖောက်လုပ်ခြင်းပါ။ ကျွန်တော်တို့ နိုင်ငံမှာ ဖောက်လုပ်ဖို့ဆိုရင် မြေတိမ်ပိုင်းမှာ ဖောက်လုပ်ဖြစ်ဖို့ အခြေအနေ ပိုများပါတယ်။ အခုနောက်ပိုင်း နှစ်များမှာ နည်းပညာများ၊ အသုံးပြုပစ္စည်းများ၊ စက်ကိရိယာများ ပိုမိုတိုးတက်လာတာနဲ့အမျှ ဥမင်ဖောက်လုပ်ရေး လုပ်ငန်းခွင်များမှာ အချိန်တိုအတွင်း အကောင်းဆုံး အနေအထားဖြင့် ဆောက်လုပ်လာနိုင်ပါတယ်။ အောက်ခံမြေသားပျော့ပြီး ဖောက်လုပ်ရာမှာ အခက်အခဲများသော နေရာများမှာပင် (၁) လ အတွင်း မီတာ ၁၀၀နဲ့ အထက် ဖောက်လုပ်လာနိုင်ခဲ့ပါတယ်။
ဆောက်လုပ်သည့် ပုံစံများကိုမူတည်ပြီး မြေအောက်ဘူတာများကို single-span, double-span, multispans, singe-arched, doudle-arched, three-arched, many-arched, one-layered နှင့် many-tier ဆိုပြီး ခွဲခြားနိုင်ပါတယ်။ မြေအောက် ရထားဘူတာ တည်ဆောက်ရာတွင် အသုံးပြုသည့် တည်ဆောက်ရေး ပစ္စည်းများအဖြစ် မိုနိုလစ်နစ် ကွန်ကရစ် (monolithic concrete)၊ မိုနိုလစ်နစ် သံကူကွန်ကရစ် (monolithic reinforced concrete)၊ ပုံသွန်း သံထည်များ (cast-iron tubes)၊ သံမဏိ ယက်မများ (steel girders) နှင့် သံကူကွန်ကရစ် ဘလောက်များ (reinforced blocks) ကို အသုံးပြုကြပါတယ်။ ယနေ့ခေတ်မှာ အသုံးပြုရန် လွယ်ကူသော ၊ ကုန်ကျစရိတ် အသက်သာဆုံး တည်ဆောက်ရေး ပစ္စည်းအဖြစ် စက်ရုံများတွင် ထုတ်လုပ်သော သံကူကွန်ကရစ် ဘလောက်တုံးများကို အသုံးပြုပါတယ်။ အကယ်၍ ဘူတာရုံများတွင် ဗိသုကာ လက်ရာများ အသုံးပြုပြီး တည်ဆောက်မည် ဆိုပါက ယင်းဗိသုကာ ပစ္စည်းများ၏ ကောင်းကျိုး၊ ဆိုးကျိုးကတော့ ဗိသုကာ ပညာရှင်များရဲ့ အပိုင်းဖြစ်ပါတယ်။
ပထမဆုံး ပြထားတာကတော့ ကော်လံအမျိုးအစား (multi-spans) ပေါင်းစပ် သံကူကွန်ကရစ် (combined concrete) သုံး မြေအောက် ဘူတာရုံတစ်ခုရဲ့ ပုံပဲ ဖြစ်ပါတယ်။ ဘေးနှစ်ဘက်ကတော့ ရထားသွားမယ့် လမ်းကြောင်းပါ။ အလယ်ကတော့ ခရီးသည်တို့ သွားလာရမယ့် အဆောက်အဦးပါ။ ရထားသွားမယ့် လမ်းကြောင်း ဥမင်ကိုတော့ အတွင်းပိုင်းအကျယ် ၅.၁ မီတာနဲ့ ဖောက်ထားပါတယ်။ ပလက်ဖောင်းအမြင့်ကို သံလမ်းအမြင့်မှ ၁.၁ မီတာ အကွာမှာထားရှိပြီး ခရီးသည် ရပ်နားရန် အမြင့်ကို ၂.၃ မီတာ ထားရှိပါတယ်။ သံလမ်းအူကြောင်း ၂ ခုကြားမှ အကွာအဝေး ၁၂.၉ မီတာ ရှိပြီး ပလက်ဖောင်းအရှည် ၁၀ မီတာ ရှိပါတယ်။ ခရီးသည် သွားလာရေး အဆောက်အဦးရဲ့ အမြင့်ကတော့ ၄.၇ မီတာ ရှိပါတယ်။ ဘူတာရုံ တစ်ခုလုံးကို ပေါင်းစပ် သံကူကွန်ကရစ် အသုံးပြု ဆောက်ထားသော်လည်း ခရီးသည် အဆောက်အဦးရဲ့ အောက်ခြေကိုတော့ ရိုးရိုး သံကူကွန်ကရစ်ကိုပဲ အသုံးပြု တည်ဆောက်ပါတယ်။
ဘေးဥမင်ရဲ့ အခုံးဆက်နဲ့ အလယ်မှ အဆောက်အဦးကိုတော့ သံကူကွန်ကရစ် အဆက်တုံးနဲ့ ချုပ်ထားပေးပါတယ်။ ထို့အတူပဲ အလယ်မှ အဆောက်အဦးရဲ့ ခေါင်ချုပ်ကိုလဲ သံကူကွန်ကရစ်အသုံးပြုပြီး ပေါင်းစပ်သံကူ ကွန်ကရစ်ပြားများရဲ့ အပေါ်မှ ထိန်းချုပ်ပေးထားပါတယ်။ Lining အပေါ်ပိုင်းကတော့ cantilever ပေါင်းစပ်သံကူ ကွန်ကရစ်ပြားများ ဖြစ်ပြီး အောက်ပိုင်းမှ ရေထုတ်မြောင်းများမှာတော့ သံကူကွန်ကရစ်ကို အသုံးပြုပါတယ်။ မျက်နှာကျက်ပြားများကို အချိုးညီစွာပြုလုပ်ပြီး အလယ်မှ သံကူကွန်ကရစ်ဖြင့် ဆက်ပြီး အသုံးပြုနိုင်ပါတယ်။ ကော်လံတိုင်ထိပ်များကိုတော့ မိုနိုလစ်နစ်ကွန်ကရစ်ဖြင့် မျက်နှာကျက် အပေါ်ယက်မနှင့် ဆက်ထားပေးပါတယ်။
အလယ်အဆောက်အဦးကို ဆောက်လုပ်ရာမှာ မြေကြီးကို တူးထုတ်ပြီးမှ ဆောက်လုပ်နိုင်မှာဖြစ်ပြီး ယင်း တူးထားသော မြေကြီးအား ပြိုကျခြင်းမှ ကာကွယ်ရန်အတွက် သံ (သို့မဟုတ်) သစ်သား မဏ္ဍိုင်များဖြင့် ဆွဲချုပ်ထိန်းထား ပေးရပါမယ်။ ထို့နောက်တွင်မှ မျက်နှာကျက်ပြားများ တပ်ဆင် ဆောက်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ရေစိမ့်ဝင်ခြင်းမှ ကာကွယ်ရန် အတွက်ကတော့ ရေတားလွှာများကို ဥမင်ဖောက်လုပ်စဉ်မှာ မိမိ အသုံးပြုလိုသော ပစ္စည်းဖြင့် ကြိုက်နှစ်သက်ရာ နည်းလမ်းဖြင့် တားဆီးနိုင်ပါတယ်။ အခု နမူနာ ပြထားတဲ့ ဘူတာရုံမှာတော့ Geo-textile ကို အသုံးပြုပြီး ဥမင်လိုင်နာပေါ်မှ တပ်ဆင် ကာကွယ်ထားပါတယ်။
အခု ဒုတိယ အမျိုးအစားကတော့ ပထမအမျိုးအစားရဲ့ ဆိုးကျိုးအချို့ကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားသော ကော်လံအမျိုးအစား မြေအောက်ဘူတာရုံတစ်ခုပါပဲ။ ကျွန်တော်တို့ ပထမ အမျိုးအစားဆောက်လုပ်စဉ်က ဖြစ်ပေါ်လာနိုင်မဲ့ မြေကြီးပြိုကျမှုများ၊ အလယ်အဆောက်အဦး အပေါ်မှ တူးထုတ်ထားသော မြေကြီး၏ ခိုင်ခံ့မှုအားနည်းခြင်းများ၊ အုတ်မြစ်ချစဉ် ဖြစ်လာနိုင်သော အခက်အခဲများ စတဲ့ ဆိုးကျိုးများကို လျှော့ချနိုင်ပြီး အောက်ခံကျောက် ပျော့လွန်းသော နေရာများတွင်ပါ ဆောက်လုပ်နိုင်စေပါတယ်။ ဒါ့အပြင် ဆောက်လုပ်ရာမှာလဲ ပထမအမျိုးအစားကဲ့သို့ ရှုပ်ထွေးသော တပ်ဆင်မှုများကို အသုံးမပြုဘဲ ရိုးရှင်းလွယ်ကူစွာ ဆောက်လုပ်သွားနိုင်ပါတယ်။
ရထားလမ်း ဥမင်များကိုတော့ ယခင်ပုံစံအတိုင်း ပေါင်းစပ်သံကူ ကွန်ကရစ်ကို အသုံးပြုပြီး အလယ်အဆောက်အဦး တခုလုံးကို သံကူကွန်ကရစ်သုံးကာ ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။ ဒီဆောက်လုပ်ရေးမှာတော့ ကော်လံတိုင်များကို အောက်ခြေအမြင့်ထက် နက်ရှိုင်းစွာ စိုက်ထူ ဆောက်လုပ်မှာဖြစ်ပါတယ်။ Bored pile or drilled pile နဲ့ အဆောက်အဦးလို့ ခေါ်ကြပါစို့။ သူ့ရဲ့ အတိုင်းအတာများကတော့ ပထမ အမျိုးအစားနဲ့ ထပ်တူပါပဲ။ ထူးခြားချက်အနေနဲ့ကတော့ သူက Bored pile တိုင် အသုံးပြုထားတာနဲ့ အဆောက်အဦးကို သံကူကွန်ကရစ် တမျိုးတည်း သုံးထားတာပါပဲ။
တတိယ အမျိုးအစားကတော့ ပုံမှာပြထားတဲ့ အတိုင်း ကျွန်တော်တို့ ဆောက်လုပ်တဲ့ ဒုတိယအမျိုးအစားမှ အလယ်အဆောက်အဦးရဲ့ ဒီဇိုင်းကို အခုံးပုံနဲ့ ဆန်းသစ်ထားတာကလွဲရင် ဆောက်လုပ်ရေး လုပ်ငန်းစဉ်နဲ့ အသုံးပြု ပစ္စည်းများ၊ တပ်ဆင်သော ပုံစံများ အတူတူပဲ ဖြစ်ပါတယ်။ သို့သော် အလယ်အဆောက်အဦးရဲ့ မျက်နှာကျက် မြင့်မားသွားပြီး ယင်းကို ထောက်ပံ့ပေးရမှု ပိုမိုလာပါတယ်။ ထို့အတူ ကောင်းကျိုး အချက်အနေဖြင့် တူးထုတ်ရသော မြေကြီးပမာဏ လျော့ကျသွားပါတယ်။
စတုတ္ထ အမျိုးအစား ဥမင်မှတော့ ခရီးသည်များ သွားလာမယ့် အလယ်အဆောက်အဦးရဲ့ ကော်လံတိုင်များကို အပေါ် မျက်နှာကျက်မှသည် အောက်ခြေ အထိ ပေါင်းစပ် သံကူကွန်ကရစ်ဖြင့် အပြည့်ပုံစံ ထားရှိ ဆောက်လုပ်ခြင်းပါပဲ။ ယင်းနည်းပညာရဲ့ အားသာချက်ကတော့ အလယ်အဆောက်အဦးနဲ့တကွ ဘေး ရထားလမ်း ဥမင်များ၏ ထုကိုပါ ခံဆောင်ပေးနိုင်ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဘေးရထားဥမင်မှ ကျရောက်လာမယ့် အလေးချိန်များအတွက်လဲ အောက်ခြေဘား အခုံးမှ ထမ်းဆောင်ပေးသွားမှာပါ။
နှိုင်းယှဉ်ချက်များ
ဖော်ပြပါ ဒီဇိုင်းလေးမျိုးမှာ ကောင်းကျိုးနဲ့ ဆိုးကျိုးကိုယ်စီရှိကြပါတယ်။
ဥမင်အင်ဂျင်နီယာများ၏ လက်တွေ့လုပ်ငန်းခွင်မှ လေ့လာချက်များမှ ယခု ဖော်ပြထားသော နည်းပညာနှင့် ဒီဇိုင်းများဟာ ယခင်က ဆောက်လုပ်ခဲ့သော ဥမင်လုပ်ငန်းများ၏ လုပ်ငန်းခွင် လိုအပ်ချက်များနှင့် နှိုင်းယှဉ်လျှင် အင်မတန် နည်းပါးကြောင်း တွေ့ရှိရပါတယ်။

- ပထမဒီဇိုင်းမှာပင်လျှင် ယင်း၏ ကောင်းကျိုးအဖြစ် လုပ်ငန်းခွင် အခက်အခဲ နည်းပါးခြင်း၊ အချိန်ကုန်သက်သာခြင်း၊ တူးထုတ်ရသော မြေကြီးပမာဏ လျှော့ချနိုင်ခြင်း စသည့် အချက်များကို ရရှိပါတယ်။
- ဒုတိယဒီဇိုင်းဟာ ပထမဒီဇိုင်း နှင့် ကွာခြားချက် အနည်းငယ်သာ ရှိပြီး ပထမ အမျိုးအစားမှာကဲ့သို့ ရှုပ်ထွေးသော တပ်ဆင်မှု အပိုင်းများ မပါဘဲ ရိုးရှင်းလွယ်ကူစွာ ဆောက်လုပ်နိုင်ပါတယ်။
- တတိယဒီဇိုင်းနှင့် စတုတ္ထဒီဇိုင်းများမှာတော့ အလယ် အဆောက်အဦးအား အခုံးပုံစံ ထားရှိခြင်းဖြင့် မြေကြီးရဲ့ အားကို ပိုမိုခံနိုင်ပြီး ပထမ၊ ဒုတိယ ဒီဇိုင်းများထက် အမြင့်ပိုသောကြောင့် လွတ်လပ်စွာ အလှဆင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ထို့အပြင် တူးထုတ်ရသော မြေကြီးပမာဏကိုလဲ လျော့ကျသွားပါတယ်။
ဒီဇိုင်းအားလုံးကို နှိုင်းယှဉ်တွက်ချက်ပြီးနောက် မြန်မာနိုင်ငံ၏ မြေအနေအထား၊ လုပ်ငန်းခွင် ထားရှိနိုင်မည့် နေရာအကျယ်အ၀န်းကို လေ့လာဆန်းစစ်ကြည့်ပါက ဒုတိယ အမျိုးအစား ဘူတာရုံဟာ သင့်တော် ကောင်းမွန်မည်ဟု ယူဆနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော် ဒုတိယ အမျိုးအစားကို အသုံးပြုပြီး Myanmar Infotech အဆောက်အဦးအနီးမှာ မြေအောက်ရထား ဘူတာရုံတစ်ခုကို စာတမ်းအတွက် Design ပြုလုပ်ပါမယ်။ လုပ်ငန်းခွင် တွက်ချက်မှုများနဲ့ အသုံးပြုသော ပစ္စည်းများ၊ စက်များကိုတော့ နောက်ပို့စ်များမှာ အသေးစိတ် ထပ်မံဆွေးနွေးသွားပါမယ်။
ပရင့်ထုတ်ရန်
ြ့မန်မာ အင်ဖိုတက်မှာ မဆောက်ပဲ ... နေပြည်တော်မှာ ဆောက်ပေးပါ ခင်ဗျာ :D
ဒုတိယ အမျိုးအစား ဘူတာရုံကို ဘာလို့ရွေးတာလဲမသိဘူးနော် ? ... ။ ကျွန်တော်ကတော့ နောက်ဆုံးပုံကို ကြိုက်တယ် ။ ဒီဇိုင်းပုံ လှလို့ ။ မှားတာရှိ အားနာမိ ပါ .. ။ :)
I am waiting for next post for this title. Thanks