မြေအောက် ဘူတာများကို လမ်းကြောင်း အဖြောင့် နေရာများတွင် တည်ဆောက် ကြပြီး တည်ဆောက်မည့် ဒေသ၏ ပထ၀ီအနေအထား၊ ဘူမိမြေ အမျိုးအစား၊ မြေအောက် ရေတည်ရှိမှု၊ မြို့ပြ အဆောက်အဦး တည်ရှိမှု စသည်တို့ပေါ် မူတည်ပြီး မြေအောက် အနက်ပိုင်း၊ အတိမ်ပိုင်း နှင့် မြေပေါ် ဘူတာများအဖြစ် ဆောက်လုပ်နိုင်ပါသည်။ အထက်ဖော်ပြပါ အချက် အလက်များပေါ် မူတည်ပြီး မြေအောက် အနက်များသော နေရာများနှင့် တိမ်သော နေရာများတွင် တည်ဆောက်နိုင်သော မြေအောက် ဘူတာ ပုံစံများစွာရှိပါသည်။
မြေအောက်ဘူတာ တည်ဆောက်ရာတွင် အသုံးပြုသော တည်ဆောက်ရေး ပစ္စည်းများအဖြစ် မိုနိုလစ်သစ် ကွန်ကရစ် (monolithic concrete)၊ သံကူကွန်ကရစ် (monolithic reinforced concrete)၊ သံကူကွန်ကရစ် ဘလောက်တုံးများ(reinforced concrete blocks)၊ ပုံသွန်း သံထည်များ (cast-iron tubes) နှင် သံမဏိယက်မများ (steel girders) စသည်တို့အား အသုံးပြုကြသည်။
အမိုးခုံး တစ်ခုတည်းပါသောပုံစံ (single arched) မြေအောက် ဘူတာများကို မြေအောက် အနက်များသော နေရာများ (20 မီတာထက် များသော) တွင်သာမက မြေအောက်အနက် တိမ်သောနေရာများ (20 မီတာထက် နည်းသော) တွင်ပါ တည်ဆောက်နိုင်ပါသည်။ မြေအောက်အနက် တိမ်သော နေရာများတွင် တည်ဆောက်နိုင်သော အမိုးခုံးတစ်ခုတည်းပါသော ဘူတာများစွာရှိသည့် အနက် ဘေးနှစ်ဘက် monolithic support ပေါ်တွင် အမိုးခုံး တည်ဆောက်ထားသော ဘူတာဆောက်လုပ်ပုံအား တင်ပြသွားပါမည်။
တစ်ဘက်ခုံးပုံစံ မြေအောက်ဘူတာ ဆောက်လုပ်ပုံအဆင့်ဆင့်မှာ-
(၁) ရှေးဦးစွာ Monolithic support တည်ဆောက်နိုင်ရန် Tunnel Boring Machine (TBM) အား အသုံးပြုပြီး ဥမင်ငယ်နှစ်ခု ဖောက်လုပ်ရမည် ဖြစ်သည်။ မြေအောက်ဘူတာ တည်ရှိမည့် ဒေသ၏ ကျောက် အမျိုးအစားပေါ် မူတည်ပြီး အသုံးပြုသင့်သည့် TBM အားရွေးချယ်ရမည်။
(၂) ဖောက်ထားပြီးသော ဘေးနှစ်ဘက်ရှိ ဥမင်ငယ် နှစ်ခုအား အမိုးခုံးတည်ဆောက်နိုင်ရန်အတွက် လိုအပ်သော အမာထည်ရရှိလာအောင် ကွန်ကရစ် လောင်းပေးရမည်ဖြစ်သည်။
(၃) ၎င်းနောက် အမိုးခုံး တည်ဆောက်နိုင်ရန် မြေကြီးတူးဖော်ခြင်း လုပ်ငန်းအား ဆောင်ရွက်ရမည် ဖြစ်ရာ မြေသားများကို အပေါ်ယံမြေလွှာမှ ဥမင်ငယ်များ၏ အပေါ် အထိ bulldozer ၊ power shovel စသည်တို့အား အသုံးပြုပြီး တူးဖော်ရမည်။ မြေကြီး တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ် ဘေးနှစ်ဘက်ရှိ မြေသားများပြိုကျလာမှု မရှိစေရန် မြေထိန်းနံရံများ ပြုလုပ်ပေးရမည်။ မြေသားများ ပြိုကျလာမှု မရှိနိုင်စေရန် သံဇကာကွက်များ မြေသားနံရံသို့ကပ်ပြီး ကွန်ကရစ် ဖျော်ရည်မှုတ်ပေးခြင်း၊ anchor များဖြင့် မြေသားအတွင်းသို့ ရိုက်သွင်းထားခြင်းများဖြင့် ကာကွယ်ပေးနိုင်ပါသည်။
(၄) Structural Analysis မှရရှိလာသော ဒီဇိုင်းအတိုင်း အမိုးခုံး တည်ဆောက်နိုင်ရန် သံချည်၊ သံကွေး လုပ်ငန်းအားဆောင်ရွက်ရမည်။
(၅) ၎င်းနောက် ကွန်ကရစ် ဖျော်ရည်လောင်းရမည်။
(၆) အမိုးခုံး၏အပေါ်ယံအလွှာ၌ ရေတားလွှာ တည်ဆောက်ပြီး၊ သတ်မှတ်ထားသော concrete strength ပြည့်ပါက တူးဖော်ထားသော မြေသားများအား ပြန်လည် ဖြည့်ပေးရမည်ဖြစ်သည်။
(၇) ၎င်းနောက် အမိုးခုံးအောက်၌ ကျန်ရှိနေသော မြေသားများအား ဘေးနှစ်ဘက်ရှိ ဥမင်ငယ်များ၏ အောင်ခြေထိ တူးထုတ်ရမည် ဖြစ်သည်။
(၈) ဥမင်ကြမ်းခင်းပိုင်းအား သံကူကွန်ကရစ် လောင်းရမည်။ အောက်ခံ မြေအမျိုးအစားနှင့် မြေအောက်ရေ တည်ရှိမှုတို့ပေါ် မူတည်ပြီး ကြမ်းခင်းပိုင်းအား ပုံစံနှစ်မျိုးဖြင့် တည်ဆောက်နိုင်ပါသည်။ မာခြင်း အဆင့်နည်းပြီး မြေအောက်ရေ တည်ရှိနေသော အောက်ခံမြေမျိုးတွင် ဥမင်ကြမ်းခင်း တည်ဆောက်ရာ၌ flat type ပုံစံမျိုး တည်ဆောက်၍ မရပဲ arch ပုံစံမျိုး တည်ဆောက်ရမည် ဖြစ်သည်။
(၉) နောက်ဆုံးအဆင့်၌ ဘူတာအတွင်းပိုင်း လုပ်ငန်းများဖြစ်သော လူသွားစင်္ကြန် ဆောက်လုပ်ခြင်း နှင့် သံလမ်းများ တည်ဆောက်ခြင်း အပိုင်းတို့အား ဆောင်ရွက်ရမည်။ အထက် ဖော်ပြပါ လုပ်ငန်းစဉ်များမှာ မြေအောက် အနက်တိမ်သော နေရာများတွင်သာ တည်ဆောက်နိုင်သော အမိုးခုံးတစ်ခုတည်းပါ မြေအောက် ဘူတာတစ်ခု၏ လုပ်ငန်းစဉ်များသာ ဖြစ်ပေသည်။
ဆက်လက်ပြီး မြေအောက်အနက် တိမ်သောနေရာများတွင် ဆောက်လုပ်နိုင်သော အခြားသော မြေအောက် ဘူတာများအား အလျဉ်းသင့်သလို ဆက်လက်တင်ပြသွားပါမည်။
ပရင့်ထုတ်ရန်
နည်းနည်းတော့ ရှင်းပါတယ် ... ဘေးက လိုဏ် နှစ်ခုကို သေးပြီး ဖျောက်လိုက်တာ လိုပဲ နော် ... ဟုတ်လားတော့ မသိဘူး ... :D
station ကအကျယ်ကြီးလို့ ထင်ရတော့ အသက်ရှုပိုချောင်သလိုပဲ .. ။ :)