.jpg)


(၁) Vestibule
Vestibule သည် မြေအောက် မီထရိုဘူတာနှင့် မြေပေါ်ပိုင်းကို ဆက်သွယ်ပေးရာမှာ မြေပေါ်ဘက်ပိုင်းရှိ ဘူတာ အဆောက်အဦးကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ မြေအောက်ဘူတာသို့ ခရီးသည်များ အဝင်အထွက် ပြုလုပ်သည့် အပိုင်းဟု ခေါ်ဆိုနိုင်ပါတယ်။ Vestibule များကို တည်ဆောက်ရာတွင် မြို့ပြအတွင်း နေရာပေးနိုင်မှု အနေအထား၊ မြို့ပြအဆောက်အဦးများ၊ ကားလမ်းများ၏ တည်ရှိပုံ အနေအထားများ၊ ခရီးသည်များ သွားလာရန် လွယ်ကူမှု ရှိမရှိ စသည့်အချက်များအပေါ် မူတည်၍ မြေပေါ်တွင် လည်းကောင်း၊ မြေအောက်တွင် လည်းကောင်း တည်ဆောက် ကြပါတယ်။

မြေအောက်မီထရိုဘူတာများနှင့် ဆက်သွယ်ထားသော Vestibule များ
(က) မြေပြင်အပေါ်ပိုင်းရှိ Vestibule ပုံ ၊ (ခ) မြေပြင်အောက်ပိုင်းရှိ Vestibule ပုံ(၁) စက်လှေကားသို့ ချဉ်းကပ်ဥမင်(Bearing tunnel) ၊
(၂) စက်လှေကားဥမင်(Escalator tunnel) ၊
(၃) မြေပြင်ပေါ်ရှိ Vestibule
(၄) စက်လှေကားများ မောင်းနှင်ရန်အတွက် လိုအပ်သော စက်ကြီးများ ထားသောအပိုင်း၊
(၅) စက်လှေကားဥမင်နှင့် ချဉ်းကပ်ဥမင်ကို ဆက်ပေးသောအပိုင်း
(၆) မီထရိုဘူတာ ၊
(၇) မြေအောက်ပိုင်းရှိ Vestibule ၊
(၈) မြေအောက်လမ်းကူးလူသွားဥမင် (Underpass)

မြေပြင်အောက်ပိုင်းရှိ Vestibule
မြေပြင်အောက်ပိုင်းတွင် တည်ဆောက်ထားသော Vestibule များသည် အများအားဖြင့် Underpass များဖြင့် တွဲဆက် တည်ဆောက်တာကို တွေ့ရှိရပါတယ်။ Underpass များဖြင့် တွဲဆက်ခြင်းမရှိဘဲလည်း တည်ဆောက် နိုင်ပါတယ်။ မြေအောက်ဘူတာ၏ Platform နှင့် ဆက်သွယ်ရာတွင် Stairway များ သို့မဟုတ် Escalator များဖြင့် ဆက်သွယ်ထားပါတယ်။ ပုံတွင်လေ့လာကြည့်ရှုနိုင်ပါတယ်။


၎င်းတို့၏ တည်ဆောက်ပုံ၊ ပါဝင် ဖွဲ့စည်းပုံများသည် မြေအောက်ဘူတာ၏ မြေအနက် တည်ရှိမှုအပေါ်မူတည် ပါတယ်။ မြေတိမ်ပိုင်းဘူတာများနှင့် ဆက်သွယ်ထားသော မြေအောက်ပိုင်း Vestibule များသည် မြေအောက်ဘူတာ Platform ၏ အဆုံးမှဖြစ်စေ၊ Platform ၏အလယ်မှဖြစ်စေ လှေကား သို့မဟုတ် စက်လှေကားများဖြင့် ဆက်သွယ်နိုင်ပါတယ်။ မြေတိမ်ပိုင်းဘူတာများနှင့် ဆက်သွယ်ထားပုံကို ပုံတွင် လေ့လာနိုင်ပါတယ်။


မြေတိမ်ပိုင်းရှိ Three Span-typed Station ၏ Plan ၊ Profile နှင့် cross-section ပုံများ
(၁) Passway ၊ (၂) မြေပြင်အောက်ပိုင်းရှိ Vestibule ၊ (၃) မီထရိုဘူတာ Platformမြေတိမ်ပိုင်းဘူတာများနှင့် ဆက်သွယ်ထားသော မြေပြင်အောက်ပိုင်းရှိ Vestibule များတည်ဆောက်ပုံကို စဉ်းစားရာတွင် လှေကားများ သို့မဟုတ် စက်လှေကားများ နေရာချထားပုံ ၊ Ticket Counter များထားရှိပုံ၊ အဝင်အထွက် လက်မှတ်ဖြတ်နေရာ Control Machine များ နေရာချထားပုံများကို ထည့်သွင်း စဉ်းစား ကြရပါတယ်။
မြေနက်ပိုင်း မြေအောက်မီထရို ဘူတာများနှင့် ဆက်သွယ်ထားသော မြေအောက်ပိုင်း Vestibule များ တည်ဆောက်ပုံကို ပုံတွင် လေ့လာနိုင်ပါတယ်။

မြေနက်ပိုင်းဘူတာနှင့် ဆက်သွယ်ထားသော မြေပြင်အောက်ပိုင်းတွင် သီးခြားတည်ဆောက်ထားသော Vestibule တစ်ခု၏ Plan ပုံ
(၁) စက်လှေကားဥမင် ၊ (၂) Vent-shaft (၃) စက်လှေကားဥမင် အတက်အဆင်းခန်းမ (Escalator hall)
မြေတိမ်ပိုင်းရှိ မီထရိုဘူတာများနှင့် တွဲဆက်တည်ဆောက်မှု မတူဘဲ ဖွဲ့စည်းပုံကွဲပြားပါတယ်။ ဒီအပိုင်းတွင် မြေနက်ပိုင်းကို ဆက်သွယ်ထားသောကြောင့် စက်လှေကားဥမင်သည် ပိုမိုရှည်လျားလာပါတယ်။ ဒါ့အပြင် စက်လှေကား ဥမင်အောက်ပိုင်းတွင် စက်လှေကားများ မောင်းနှင်ရန်အတွက် စက်ထိန်းချုပ်ခန်းများ ထားရှိပုံ၊ မြေအောက်ဘူတာ အတွင်းသို့ လေဝင်လေထွက် ပေးနိုင်ရန်အတွက် Vent-Shaft များ ထားရှိပုံများကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။
မြေပြင်အောက်ပိုင်းရှိ Vestibule ကို တည်ဆောက်ရာတွင် မိုနိုလစ်နစ် ကွန်ကရစ် သို့မဟုတ် ကြိုတင်သွန်းလောင်း သံကူကွန်ကရစ်များဖြင့် ဆောက်လုပ်နိုင်ပြီး ၎င်းတို့၏ မျက်နှာကျက်များကို သံတိုင်များဖြင့်(Steel beam)ဖြင့် ဆောက်လုပ်ကြရပါတယ်။ တည်ဆောက်သည့်နည်းလမ်းမှာ Cut and Cover method ဖြစ်ပါတယ်။ (စက်လှေကားဥမင်များအတွက် သီးခြားတင်ပြပေးပါ့မယ်။)

မြေပြင်ပေါ်ရှိ Vestibule
မြေပြင်ပေါ်ရှိ Vestibule များသည် မြေအောက်ဘူတာ၏ Platform နှင့်သော်လည်းကောင်း၊ မြေပြင်အောက်ရှိ Vestibule နှင့်သော်လည်းကောင်း ဆက်သွယ်ထားကြပါတယ်။ ဒီအပိုင်းမှာလည်း မြေနက်ပိုင်းရှိ ဘူတာများကို ဆက်သွယ်ရာမှာ စက်လှေကားများဖြင့် ဆက်သွယ်ကြပါတယ်။ မြေပြင်အောက်ပိုင်းရှိ Vestibule များနှင့် ဆက်သွယ်ရာမှာတော့ လှေကားများ၊ စက်လှေကားများဖြင့် ဆက်သွယ်နိုင်ပါတယ်။
မြေပေါ်ပိုင်းတွင်ရှိသော Vestibule များကို သီးခြားရှိသော Vestibule များနှင့် Public Building များနှင့်တွဲ၍ ဆောက်လုပ်ထားသော Vestibule များဟူ၍ ခွဲခြားနိုင်ပါတယ်။ သီးခြားတည်ရှိသော Vestibule များကို ဆောက်လုပ်ရာမှာ အများအားဖြင့် အဝိုင်းပုံများကို တည်ဆောက်ကြပါတယ်။ အဆောက်အဦး ဧရိယာကို စဉ်းစားရာမှာ အချင်းဝက် ၁၅ မီတာ နီးပါး ပတ်လည်ဖြင့် တည်ဆောက်ပြီး အလယ်ပိုင်းတွင် စက်လှေကားများ ထားရှိမည့် အပိုင်းအတွက် အချင်းဝက် ၈.၅ - ၉.၀ မီတာ ထားရှိကြပါတယ်။ သာဓက အနေနဲ့ ပုံမှာ လေ့လာနိုင်ပါတယ်။ ( ဒီဇိုင်းအပေါ်မူတည်၍ ထားရှိသော ပုံသဏ္ဍာန်များ ကွဲပြားနိုင်ပါတယ်။)

မြေနက်ပိုင်း မီထရိုဘူတာနှင့် ဆက်သွယ်ထားသော မြေပြင်ပေါ်ရှိ သီးခြားတည်ဆောက်ထားသော Vestibule ပုံ
(၁) စက်လှေကားခန်းမ (၂) စက်လှေကား (၃) ထွက်ပေါက် (၄) ဝင်ပေါက် (၅) ဥမင်အတွင်းသို့ ဝင်ရောက်ရာတွင် အမှိုက် မပါလာစေရန် အတွက် ဖုန်မှုန့်ခံထားသော ဇကာကွက်ငယ်များထားရှိပုံ
စက်လှေကားများ ထားရှိမယ့် ဘေးပတ်လည်တွင် အမိုးအတွက် Support လုပ်ပေးမယ့် Column တိုင်များကို ပတ်လည်ထားရှိကြပါတယ်။ စက်လှေကားများ ထားရှိမယ့်အပိုင်း (Escalator-Hall) သည် အပြင်မှလာမည့် ခရီးသည်များ စက်လှေကားများသို့ သွားလာရန်နှင့် မြေအောက်မှ ထွက်လာမည့် ခရီးသည်များ အပြင်သို့ထွက်ရန် စသည့်တို့အတွက် အတက်အဆင်း လမ်းများကို ခွဲခြားပေးထားပါတယ်။
အထက်ပါပုံတွင် ဖော်ပြထားသော သီးခြားရှိသော အဝိုင်းပုံ Vestibule တွင် စက်လှေကားအပိုင်းရှိ Column တိုင်များ၊ အဝင်အထွက် တံခါးများ၊ အမိုးများ၊ ပြတင်းပေါက်များ၊ လှေကားများ၊ လက်မှတ်ရောင်း ကောင်တာ၊ လက်မှတ်ဖြတ်နေရာများ စသည်တို့ အခြေခံအားဖြင့် ပါဝင်ပါတယ်။ ဒါ့အပြင် စက်လှေကား၏ ဦးခေါင်းအပေါ်ပိုင်းဘက် ဘေးတစ်ဖက်စီတွင် မြေအောက်ဥမင်အတွင်း Ventilation ပြုလုပ်ရန်အတွက် vent-canal သို့မဟုတ် Vent-tube များကို နံရံနှင့်တွဲကပ်၍ထားရှိကြပါတယ်။ အဆိုပါ နံရံများတွင်တွဲကပ်ထားရှိသော တရုတ်ကပ်များပါသည့် Vent-canal များကို စက်လှေကားဥမင်အောက်ပိုင်းရှိ Vent-canal များနှင့် ဆက်သွယ်ပေးထားပါတယ်။
အဝိုင်းပုံ Vestibule ၏ အောက်ပိုင်းတွင် စက်လှေကားများ မောင်းနှင်ရန်အတွက် Control room များ ထားရှိကြပါတယ်။ မြေပေါ်ပိုင်း Vestibule ရှိ စက်လှေကား ဦးခေါင်းပိုင်း Escalator-hall တွင် အမြင့်ကို ၆.၀ - ၇.၀ မီတာ ထားရှိပါပြီး ၎င်းအတွက်အမိုးကို မိုနိုလစ်နစ် ကွန်ကရစ် သို့မဟုတ် ကြိုတင်သွန်းလောင်း ကွန်ကရစ်များဖြင့် ပြုလုပ်နိုင်ပါတယ်။ Public building များနှင့်တွဲ၍ တည်ဆောက်ရာတွင် အထပ်မြင့် အဆောက်အဦးများနှင့် တွဲဆက်၍ တည်ဆောက်ကြပါတယ်။
ဒီလိုတည်ဆောက်ရာမှာ Vestibule ကို မြေညီထပ်မှာ ထားရှိပါတယ်။ တည်ဆောက်ရာမှာလည်း အဝိုင်းပုံများ မဟုတ်တော့ဘဲ Public building များ၏ပုံကို လိုက်၍ တည်ဆောက်ပုံ ကွဲပြား သွားနိုင်ပါတယ်။
ကြားခံ Vestibule များ
မြေအောက်မီထရိုဘူတာများသည် မြေပြင်အောက် အလွန်နက်သော နေရာများတွင် တည်ရှိနေပါက စက်လှေကား ဥမင်များကို တစ်ဆက်တည်း အသုံးပြုရန် မလွယ်ကူသောကြောင့် စက်လှေကား ဥမင် နှစ်ခုအကြားတွင် မြေအောက် ကြားခံ Vestibule များကို ထားရှိ အသုံးပြုရပါတယ်။ မြေအောက် အလွန်နက်သော နေရာများရှိ မီထရိုဘူတာများကို ဆက်သွယ်ရာမှာ စက်လှေကား ဥမင်များကို နှစ်ပိုင်း(နှစ်ဆင့်) ခွဲ၍ တည်ဆောက်ကာ စက်လှေကား ဥမင်နှစ်ခု အကြားတွင် ကြားခံ Vestibule ကို ထားရှိကာ စက်လှေကား မောင်းမယ့် Mechine များကို Electric Power များ ခွဲသုံးခြင်းအားလည်းကောင်း၊ Over Load များကို လျော့ချနိုင်ခြင်းဖြင့် လည်းကောင်း အန္တရာယ် ကင်းရှင်းစေပါတယ်။

ကြားခံ Vestibule ပုံ
(၁) အောက်ပိုင်း စက်လှေကားသို့ ချဉ်းကပ်ဥမင် (Bearing tunnel) ၊ (၂) စက်လှေကားဥမင်(Escalator tunnel) ၊(၃) ကြားခံ Vestibule ၊ (၄) အပေါ်ပိုင်း စက်လှေကားသို့ ချဉ်းကပ်ဥမင် (Bearing tunnel) ၊
(၅) စက်လှေကားဥမင်(Escalator tunnel ၊ (၆) မြေအောက်ပိုင်းရှိ Vestibule ၊
(၇) မြေအောက်လမ်းကူးလူသွားဥမင် (Underpass) ၊ (၈) စက်လှေကားများ မောင်းနှင်ရန်အတွက် လိုအပ်သော စက်ကြီးများ ထားသောအပိုင်း၊
(၉) (၁၀) စက်လှေကားဥမင်နှင့် ချဉ်းကပ်ဥမင်ကို ဆက်ပေးသောအပိုင်း ၊(၁၁) မီထရိုဘူတာ ၊
ကြားခံ Vestibule တည်ဆောက်ပုံဟာ မြေပြင်အောက်ပိုင်း၊ မြေပြင်အပေါ်ပိုင်း Vestibule များ တည်ဆောက်ပုံနှင့် မတူပဲ ကွဲပြားခြားနားပါတယ်။ ဒီအပိုင်းမှာ မြေအောက်ပိုင်း မီထရိုကို ဆက်သွယ်ထားသည့် နေရာတွင် ၎င်းနှင့် ဆက်သွယ်ထားသော စက်လှေကားများ မောင်းနှင်ဖို့အတွက် စက်ကြီးများထားရှိရန်သာမက မြေပေါ်ပိုင်း Vestibule ကို ဆက်သွယ်မယ့် စက်လှေကားများကို ချဉ်းကပ်ရန်အတွက် ချဉ်းကပ်ဥမင် (bearing tunnel) များကိုပါ ထည့်သွင်းစဉ်းစား တည်ဆောက်ကြရပါတယ်။ ထို့ကြောင့် ကြားခံ Vestibule များသည် အရွယ်အစား ကြီးမားပါတယ်။ ဒါ့အပြင် တည်ဆောက်ရာမှာလည်း Cut and cover method နှင့်တည်ဆောက်ရန်လည်း မဖြစ်နိုင်ပါ။ ၎င်းကြားခံ Vestibule များကို အပိတ်နည်း (Blasting method၊ Drilling method) သို့မဟုတ် Vertical Shaft များတူး၍ ready-made section များကို အောက်သို့ချသော နည်းများဖြင့် အသုံးပြု၍သာ ဆောက်လုပ်ကြပါတယ်။


ကြားခံ Vestibules များတည်ဆောက်ရာတွင် Vertical Shaft တူး၍ ဆောက်လုပ်သော နည်းလမ်း ပုံစံကြမ်းများ

Vertical shaft တူး၍ တည်ဆောက်ထားသော ကြားခံ Vestibule ဖြတ်ပိုင်းပုံများ
ဆက်လက်ဖော်ပြပါမည်။
အလွန်ကောင်းတဲ့ ပို့စ်တစ်ပုဒ်ဖြစ်ပါတယ်။ ပုံတွေနဲ့ ရှင်းပြထားလို့ မြင်သာထင်ရှားတဲ့ သဘောပေါက်လွယ်တဲ့ ပို့စ် တစ်ပုဒ်ဖြစ်ပါတယ်။ ဆက်လက်ပြီး ကြိုးစားအားထုတ်နိုင်ပါစေ။
မြေအောက်ရထား တည်ဆောက်ရာတွင် multi purpose ကိုထည့်သွင်းစဉ်င်္းစားပါက သာလွန်ကောင်းမွန်ပါသည်။ ဂျပန်နိုင်ငံတွင် တည်ဆောက်ထားသော မြေအောက်ရထားများတွင် shopping mall, basement, များပါဝင်ပါသည်။
ရေကြီးပါက ထို နေရာများအား storage pond သဖွယ် အသုံးချနိုင်သကဲ့သို့ shopping mall များမှ လစဉ်ပုံမှန် ၀င်ငွေရရှိနိုင်သည်။
လာလည် ဖတ်ရှုသွားပါတယ် ဗျို့ .. .. အင်ဂျင်နီယာ မဟုတ်သူတောင် တစ်ကယ်ကို ရှင်းရှင်းလင်းလင်း မြင် သိ သွားပါတယ် ... ကျေးဇူး ...
မိုးပေါက်ရေ ရှင်းလင်းချက်တွေလဲ တော်တော် ကောင်းပါတယ်။ ဂဃနဏ သိအောင် ကြိုးစားပေးထားမှုကိုလည်း ကျေးဇူးတင်ပါတယ်ကွာ။