* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

ရွှေမြန်မာရဲ့ ရှေးရှေးက ရထားလမ်းများ

စာရေးသူ © ဥက္ကာဖြိုး |

MyMetroworld ၂ နှစ်ပြည့်

အောက်မြန်မာနိုင်ငံ ဗြိတိသျှကိုလိုနီအဖြစ် ကျရောက်ပြီးတဲ့နောက် ၁၈၇၇ ခုနှစ်၊ မေလမှာ ရန်ကုန်-ပြည် မီးရထားလမ်းကို ဖွင့်လှစ်လိုက်ခြင်းဖြင့် မြန်မာ့မီးရထား ပို့ဆောင်ဆက်သွယ်ရေး စတင်ခဲ့ပါတယ်။ ၁၆၃ မိုင်ရှည်လျားပြီး၊ ဧရာဝတီမြစ်ကြောင်းအတိုင်း ပြေးဆွဲတဲ့ ဒီရထားလမ်းကို The Irrawaddy Valley State Railway ကုမ္ပဏီက ဦးဆောင်ပြီး၊ အိန္ဒိယမှ အလုပ်သမားအများစုနဲ့ ၃ နှစ်ကြာ တည်ဆောက်ခဲ့ရတယ်။ ၁၈၈၄ ခုနှစ်မှာ ကုမ္ပဏီအသစ် တစ်ခုဖြစ်တဲ့ The Sittang Valley State Railway က ၁၆၆ မိုင်ရှည်လျားပြီး၊ စစ်တောင်းမြစ်ကြောင်း တလျှောက်ပြေးဆွဲတဲ့ ရန်ကုန်-ပဲခူး-တောင်ငူ ရထားလမ်းကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ပထမ တည်ဆောက်ခဲ့တဲ့ ဧရာဝတီ မီးရထားလိုင်းဟာ မြစ်ဝှမ်းဒေသက ဆန်တွေကို ရန်ကုန်သို့ တင်ပို့ရန်ဖြစ်တဲ့အတွက် စီးပွါးရေးအရ အချက်အခြာကျခဲ့ပြီး၊ ဒုတိယ တည်ဆောက်ခဲ့တဲ့ စစ်တောင်းမြစ် မီးရထားလိုင်းကတော့ မဟာဗျူဟာမြောက် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဘာကြောင့် တောင်ငူအထိ ဖောက်သလဲဆိုရင် အဲဒီအချိန်တုန်းက တောင်ငူဟာ အထက်မြန်မာပြည်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေလို့ပဲ ဖြစ်ပါတယ်။ ဒီဒုတိယ ရထားလမ်းကို ဖောက်ပြီး တစ်နှစ်အကြာမှာပဲ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲကို ဖန်တီးနိုင်ခဲ့တာကို ကြည့်ပြီး သိနိုင်ပါတယ်။ ရထားလမ်း ၂ ခုလုံးအတွက် ကုန်ကျငွေဟာ ပေါင် ၂ သန်းနီးပါးကုန်ကျခဲ့ပြီး၊ ၁၈၈၈ ခုနှစ်မှာတော့ မူလ မတည်ငွေရဲ့ ၅ ရာခိုင်နှုန်းထက်မနည်း အမြတ်အစွန်း ပြန်လည် ရရှိခဲ့ပါတယ်။

အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးတဲ့နောက် ၁၈၈၉ ခုနှစ်မှာ တောင်ငူမှ မန္တလေးသို့ မိုင် ၂၂၀ ရှိတဲ့ ရထားလမ်းကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ကြပါတယ်။ အဲဒီနောက် The Mu Valley State Railway ဆိုတဲ့ ကုမ္ပဏီပေါ်လာပြီး၊ စစ်ကိုင်း-မြစ်ကြီးနား ရထားလမ်းကို စတင်တည်ဆောက်ခဲ့ပါတယ်။ မန္တလေးမြို့ကနေပြီး ၁၈၉၁ ခုနှစ်မှာ ရွှေဘို၊ ၁၈၉၂ ခုနှစ်မှာ ၀န်းသို၊ ၁၈၉၅ ခုနှစ်မှာ ကသာနဲ့ ၁၈၉၈ ခုနှစ်မှာ မြစ်ကြီးနားမြို့အထိ ရထားကွန်ယက်ကို ဆက်သွယ်နိုင်ခဲ့ပါတယ်။ ဒီရထားလမ်းကို ဖွင့်လှစ်လိုက်ခြင်းအားဖြင့် ရန်ကုန်မှ မြစ်ကြီးနားအထိ ကချင်တောင်တန်းများကို ဖြတ်သွားတဲ့၊ မိုင်ပေါင်း ၇၂၄ မိုင်ရှည်လျားတဲ့ ရထားလမ်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။

ပုံ(၁) ၁၉၀၀ ခုနှစ်၊ မြန်မာနိုင်ငံ မီးရထားလမ်းများပြ မြေပုံ
၁၉၃၄ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ဧရာဝတီမြစ်ဖြတ်၊ ရထားလမ်းပါ အင်းဝတံတားကြီးကို တည်ဆောက်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှတို့ မြန်မာနိုင်ငံမှ ပြန်လည်ဆုတ်ခွါတဲ့အခါ ဒီတံတားကြီးကို ဖျက်ဆီးခဲ့ကြလို့ လွတ်လေးရေးရပြီး ၁၉၅၄ ခုနှစ်မှာ ပြန်တည်ဆောက်ခဲ့ရပါတယ်။

အထက်ဖော်ပြပါ ကုမ္ပဏီ ၃ ခုဟာ ၁၈၉၆ ခုနှစ်မှာ The Burma Railway Company အဖြစ် ပေါင်းစည်းခဲ့ကြပါတယ်။ ၁၈၉၈ ခုနှစ်ကနေ ၁၉၀၅ ခုနှစ်အတွင်း နောက်ထပ် ၂၇၈ မိုင်အရှည်ရှိတဲ့ ရထားလမ်းကို တည်ဆောက်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကနေ ရန်ကုန်-ပြည် ရထားလမ်းထိ၊ မန္တလေး-သီပေါ-လားရှိုး ရထားလမ်းအပါအ၀င် လိုင်းခွဲပေါင်း ၁၁၀ ကျော်ကို တည်ဆောက်ခဲ့ကြပါတယ်။

သီပေါနားက ဂုတ်ထိပ်ချောက်ကြီးကိုဖြတ်ပြီး၊ အရှည် ၂၂၆၀ ပေရှိပြီး၊ ၃၂၀ ပေအမြင့်ရှိတဲ့ ဂုတ်ထိပ်တံတားကြီးကို တည်ဆောက်တော့ အဲဒီအချိန်တုန်းက ကမ္ဘာမှာ အရှည်လျားဆုံးသော နက်ရှိုင်းသော တောင်ကြားဖြတ် မီးရထားလမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။ မန္တလေး-လားရှိုးရထားလမ်းဟာ နယ်စပ်ရှိ ကွမ်းလုံအထိတိုးချဲ့နိုင်ခဲ့ပြီး၊ တရုတ်နိုင်ငံရဲ့ စီရင်စုတစ်ခုဖြစ်တဲ့ ယူနန်အထိ ဆက်သွယ်ဖို့ အစီအစဉ်ရှိခဲ့ပေမယ့် မြေအနေအထားအခက်အခဲကြောင့် Plan ပျက်သွားပါတယ်။

၁၉၀၇ ခုနှစ်မှာ ပဲခူး-မော်လမြိုင် ရထားလမ်းကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ (ရထားလမ်းဆုံးတာက မုတ္တမအထိပါ။ မော်လမြိုင်ကို ကူးတို့နဲ့ သွားကြရပါတယ်။ ယခု သံလွင်တံတားကြီး မဖွင့်နိုင်သေးခင် အထိပေါ့။) ပထမ ကမ္ဘာစစ်ပြီးတဲ့နောက် မော်လမြိုင်ကနေ မြိတ်ကျွန်းစု (ရေး) အထိ ရထားလမ်း ဖောက်လုပ်ခဲ့ပါတယ်။ ဗြိတိသျှတို့ နောက်ဆုံးဖောက်လုပ်ခဲ့တဲ့ ရထားလမ်းကတော့ ရန်ကုန်-မန္တလေး ရထားလမ်းပေါ်မှာရှိတဲ့ သာစည်ကနေ ရှမ်းပြည်နယ်တောင်ပိုင်း ကလောအထိရှိတဲ့ ရထားလမ်းပဲ ဖြစ်ပါတယ်။

၁၉၂၈ ခုနှစ်မှာ The Burma Railway Company ဟာ ဖျက်သိမ်းခံခဲ့ရပြီး၊ အစိုးရက Burma Railways လို့ နာမည်ပေးပြီး ရထားလမ်းတွေ ဆက်လက်ဖောက်လုပ်ခဲ့ပါတယ်။ ၁၉၄၂ ခုနှစ်အထိ ဖောက်လုပ်ခဲ့တဲ့ ရထားလမ်းဟာ စုစုပေါင်း ၃၃၁၃ ကီလိုမီတာ ရှိပါတယ်။ ဒါကတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီက ဖောက်လုပ်ခဲ့တဲ့ ရထားလမ်းများ သမိုင်းအကျဉ်းဖြစ်ပါတယ်။

ရည်ညွှန်းကိုးကား
၁။ http://en.wikipedia.org

Print ပရင့်ထုတ်ရန်
2 ထင်မြင်ချက်၊
  1. Anonymous February 14, 2009 at 5:37 PM  

    tks for sharing about the history of Myanmar railway.

  2. Anonymous February 15, 2009 at 12:44 AM  

    ကျေးဇူးတင်ပါတယ် အကိုကြီးရေ...။ တိုက်တိုက်ဆိုင်ဆိုင် history of Myanmar railways ကို မနေ့ တနေ့ ကမှ ၀င်ဖတ်ကြည့်မိပါသေးတယ်။ Future Plan နဲ့ ပါတ်သတ်တာတွေ ၊ နောက် ဥရောပ - အာရှကွန်ယက် (မြန်မာအပါအ၀င်)(TAR - Transit Asia Railways)နဲ့ ပါတ်သတ်တဲ့ အကြောင်းအရာတွေ ကျွန်တော့်မှာ ဒေတာ အနည်းငယ်ရှိပါတယ်။ ကျွန်တော်လည်း မအားဖြစ်နေလို့ မပို့ပေးဖြစ်ဘူးဖြစ်နေတယ်။

    Thanks for sharing knowledge.

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.