* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

လမ်းကူး လူသွားဥမင်များ (Underpass)

စာရေးသူ © မိုးပေါက် |

ဒီ

အကြောင်းကို ရေးဖို့ စဉ်းစားမိတာ အတော်ကြာပါပြီ။ စာတမ်းအတွက် လေ့လာရင်း ဒီအကြောင်းကို ဖတ်ရလို့ ရေးချင်တဲ့ ဆန္ဒပြည့်သွားပါတယ်။ ရေးချင်ရတဲ့ အကြောင်းကတော့ ဒီလို Construction တွေဟာ လောလောဆယ်မှာ ကျွန်တော်တို့ အနေနဲ့ လက်တွေ့ အကောင်အထည် ဖော်နိုင်မယ်။ နောက်ပြီး ကျွန်တော်တို့ နိုင်ငံမှာ အမှန်တကယ်လည်း လိုအပ်တယ်၊ ငွေကြေး အရလည်း တတ်နိုင်တယ်။ ဒါတွေကို စဉ်းစားမိလို့ပါ။

ပုံညာတောင် မီးရထားလမ်းဥမင်ပုံ

ယခုဆို ပုံညာတောင် မီးရထားလမ်း ဥမင်ကို ကျွန်တော်တို့ဆီမှာ (ပြည်တွင်းပညာရှင်များ အစွမ်းဖြင့်) ဖောက်တာ ၁၀ နှစ်လောက် ကြာခဲ့ပါတယ်။ ကားလမ်းဥမင်ဆိုတာ မရှိသေးပါဘူး။ လျှပ်စစ်ဓာတ်အား ပေးဖို့အတွက် ဥမင်ဖောက်လုပ်တာတွေကိုတော့ ကျောင်းတုန်းက လုပ်ငန်းခွင်လေ့လာရေး ခရီးသွားရင်း ပေါင်းလောင်းနဲ့ ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းတွေမှာ လေ့လာခဲ့ဘူးပါတယ်။ ကားလမ်းနဲ့ ပတ်သတ်လို့ကတော့ ကချင်ပြည်နယ်မှာ တရုတ်က လာပြီး ဖောက်ပေးတာ တစ်ခုပဲ ရှိပါတယ်။ ဖောက်လုပ်ဆဲပါ။

ကျွန်တော်တို့ဆီမှာ Underground Construction လုပ်ဖို့ဆိုတာ တော်တော့ကို မစဉ်းစားဖြစ်ခဲ့တာပါ။ ယခုဆိုလျှင် နိုင်ငံတိုင်းမှာ Underground Space Technology ဟာအတော်ကို ဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်ပါတယ်။ မြို့ပြဖွံ့ဖြိုး တိုးတက်လာမှုနဲ့အတူ လူဦးရေတိုးပွားလာမှု၊ စက်မှု၊ လက်မှုလုပ်ငန်းများ များပြားလာမှုနှင့်အတူ ၎င်းတို့အတွက် လိုအပ်သည့် အဆောက်အဦးများ ထပ်မံ တည်ဆောက် လာရသည့် အတွက် မြို့ပြဧရိယာ အတွင်း နေရာ ရှားပါလာမှု စသည်တို့ကြောင့် Underground Construction ကို ပိုမို လုပ်ဆောင် လာကြတာ ဖြစ်ပါတယ်။ ကားလမ်းဥမင်များ၊ ရထားလမ်းဥမင်များ၊ လမ်းဖြတ် လူကူးဥမင်များ၊ မြေအောက်ရထား (Metro) များ၊ မြေအောက် မြို့တော်များဟုခေါ်သည့် မြေအောက် အရောင်းပြခန်းများ၊ မြေအောက် ကားရပ်နား နေရာများ၊ ရေ၊ လျှပ်စစ် စသည့် ဆက်သွယ်ရေး ဥမင်များ စသည်ဖြင့် မြေအောက် ဆောက်လုပ်ရေး လုပ်ငန်းအမျိုးမျိုးကို တိုးတက် ဆောက်လုပ်နေကြတာကို တွေ့ရပါတယ်။ ဤလင့်ခ်များမှာ ဝင်ရောက် လေ့လာဖတ်ရှုနိုင်ပါတယ်။


ဒီနေရာမှာ စကားစပ်မိလို့ ပြောရရင် ကျွန်တော်တို့ဆီမှာ မြေအောက် အဆောက်အအုံ၊ ဥမင်ပညာရပ်နဲ့ ပတ်သက်ပြီးတော့ တက္ကသိုလ်များမှာ အဓိက ဘာသာရပ်အဖြစ် ပြဌာန်းထားနိုင်ခြင်း မရှိသေးပါဘူး။ ဒါကလည်း ဥမင် တည်ဆောက်ရေး လုပ်ငန်း မတိုးတက်ရခြင်း အကြောင်းတစ်ရပ်ပါ။ နိုင်ငံတိုင်းမှာ ဥမင်နဲ့ ပတ်သတ်ပြီးတော့ အဖွဲ့အစည်းတွေ ရှိပေမယ့် ကျွန်တော်တို့ဆီမှာ မရှိသေးပါဘူး။ ဆောက်လုပ်ရေး ဝန်ကြီးဌာန အောက်မှာ ဌာနခွဲ တစ်ခုအနေနဲ့ ရှိသင့်တယ်လို့ ထင်ပါတယ်။ (ရှိနေပြီဆိုရင်လည်း လှုပ်ရှားမှု မရှိလို့ ကျွန်တော် မသိတာဘဲ ဖြစ်မှာပါ။) နောင်ဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံမှာ ဥမင်အင်ဂျင်နီယာ အဖွဲ့အစည်းတွေ ဖွဲ့စည်းနိုင်ပြီး နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ တပြေးညီ ပူးပေါင်းဆောင်ရွက်ကာ ဥမင်ဆိုင်ရာ နည်းပညာများ၊ လုပ်ငန်းများကို ဆွေးနွေး၊ ညှိနှိုင်းနိုင်ပြီး အကူအညီများလည်း ရယူနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒီပို့မှာ အဓိက ဆွေးနွေးချင်တာက လမ်းကူးလူသွား ဥမင်များ အကြောင်းပါ။ Underpass ဥမင်များကို ကမ္ဘာ့မြို့ကြီးများမှာ ဖောက်လုပ် အသုံးပြုကြတာကို တွေ့ရပါတယ်။ မော်စကိုမြို့ တစ်ခုတည်းမှာတင် ဒီလိုဥမင်မျိုး အခု (၃၅၀) ကျော် ရှိတယ်လို့ သိရပါတယ်။ ထပ်မံ ဆောက်လုပ်နေဆဲ ဥမင်များလည်း ရှိပါတယ်။












Underpass ဥမင်များကို အောက်ပါအချက်များပေါ်မှာ မူတည်ပြီး ဆောက်လုပ်နိုင်ပါတယ်။
  • အမြန်လမ်းမကြီးများ၊ ယာဉ်အဆက်မပြတ် သွားလာလျက်ရှိသော High-way ကားလမ်းမကြီးများနှင့် လူသွားလာမှုများပြားသော နေရာများ (လူသွားလာနှုန်း 3000 persons per hour ရှိသောမြို့များနှင့် လမ်းကျယ်သောနေရာများ ဥပမာ - ခြောက်လမ်းသွား၊ ရှစ်လမ်းသွား၊ ၁၀လမ်းသွား ကားလမ်းမကြီးများ)။ ဥပမာ - ရန်ကုန် - ပြည် မော်တော်ကားလမ်း၊ ရန်ကုန် - မန္တလေး မော်တော်ကားလမ်း တလျှောက်ရှိ မြို့များ။
  • တစ်နာရီ ကားဖြတ်သန်းမှုနှုန်း (600 or 1000 automobile per hour) ရှိသော မြို့ပြလမ်းမများ၊ လမ်းသွယ်များ။ ဥပမာ - ရန်ကုန်၊ မန္တလေး အစရှိသော မြို့ကြီးများရှိ လမ်းမများနှင့် လမ်းသွယ်များ။
  • မီးရထားလမ်းများရှိ ရထားလမ်းဖြတ်ကူး နေရာများတွင် ရထားလမ်း ဖို့မြေအောက်မှ ဥမင် ဖောက်လုပ်နိုင်သော နေရာများ (လူကူးဥမင်များအပြင် ကားလမ်းအတွက်ပါ ဖောက်လုပ်နိုင်ပါတယ်)။ ဥပမာ - ရန်ကုန် - ပြည် မီးရထားလမ်း ၊ ရန်ကုန် - မန္တလေး မီးရထားလမ်း တလျောက်ရှိ မော်တော်ကားလမ်းနှင့် ရထားလမ်းဆုံသော နေရာများ။
  • မီထရို ရှိသော မြို့ကြီးများတွင် Station အဝင်အထွက်နေရာများ။ ဥပမာ - Station များနှင့် လမ်းကူးလူသွား ဥမင်များကို တွဲ၍ ဖောက်လုပ်ထားသော နေရာများ။











ထို့အပြင် မြေအောက် အရောင်းပြခန်းများကိုလည်း လမ်းကူးလူသွား ဥမင်များနဲ့ တွဲပြီး ဖောက်လုပ်ထားတာ ကိုလည်း ကမ္ဘာ့မြို့ကြီး တော်တော်များများမှာ တွေ့ရှိရပါတယ်။ ဥမင်ရဲ့ နေရာချထားမှုပေါ် မူတည်ပြီး ဥမင်အတွင်းမှာ Cafe-shop များ ၊ အရောင်းဆိုင်များနဲ့ စားသောက်ဆိုင်ငယ်များကို Design ရေးဆွဲပြီး တည်ဆောက်နိုင်ပါတယ်။























ဒီဥမင်များကို မြင်သာအောင် Plan ပုံငယ်များနဲ့ အောက်မှာ ဖော်ပြပေးထားပါတယ်။

Underpass များကို တည်ဆောက်နိုင်တဲ့ နည်းလမ်းများကတော့ Cut and Cover Method ၊ မြေထိန်းနံရံ ပြုလုပ်သော Method ၊ Trench Method ၊ Pipe Roof Method ၊ Pipe Jack Method စသည်ဖြင့် တည်ဆောက်မည့် မြေနေရာ အနေအထားကို လိုက်ပြီး ရွေးချယ် တည်ဆောက်နိုင်ပါတယ်။

တည်ဆောက်တဲ့ နေရာမှာလည်း မြေအမျိုးအစား၊ ဥမင်အပေါ် သက်ရောက်မယ့် Live Loads၊ Dead Loads၊ ဘေးပတ်ဝန်းကျင်မှ အဆောက်အဦများရဲ့ ဥမင်ပေါ်ကျရောက်နိုင်တဲ့ Loads များ၊ လမ်းမပေါ်မှာ သွားလာမယ့် မော်တော်ယာဉ်များရဲ့ အများဆုံး ဝန်အားနှင့် ဖြစ်ပေါ်လာနိုင်မယ့် တုန်ခါမှုများ၊ တည်ဆောက်ချိန်ပေးနိုင်မှု၊ တည်ဆောက်မယ့် နေရာအနေအထား၊ ငွေကြေးကုန်ကျခံနိုင်မှု၊ လိုအပ်မယ့် Materials များ အသုံးပြုနိုင်မှု အပေါ်မူတည်ပြီး Monolitnic Concrete၊ Precast Concrete၊ Prefabricated Concrete စသည်ဖြင့် Material Type ကို ရွေးချယ်ရပါတယ်။













ဥမင်များရဲ့ အရွယ်အစားကို တွက်ချက်ရာမှာ ဥမင်တည်ဆောက်မယ့် နေရာမှာရှိတဲ့ တစ်နာရီအတွင်း လူအများဆုံး သွားလာမယ့်နှုန်းပေါ် မူတည်ပြီး စဉ်းစား တွက်ချက်ပါတယ်။ တွက်ချက်မှုများအရ ပျမ်းမျှလူသွားနှုန်းဟာ ဥမင် အကျယ် ၁ မီတာလျှင် တစ်နာရီကို ဥမင်အတွင်းမှာ လူ ၂၀၀၀ ဦး၊ လှေကားထစ်များမှာ လူ ၁၅၀၀ ဦး၊ လှေကားထစ် မထားဘဲ ဆင်ခြေလျှောများ (Sloping Surface) ထားမယ်ဆိုရင် လူ ၁၇၅၀ ဦး အထိ ဖြတ်သွားနိုင်ပါတယ်။ ပုံမှန် အသုံးများတဲ့ ဥမင်များမှာတော့ ၄ မီတာ၊ ၆ မီတာ သို့မဟုတ် ၈ မီတာ အကျယ်ထားပြီး တည်ဆောက်ကြတာကို တွေ့ရပါတယ်။ အနည်းဆုံး အကျယ်ကတော့ ၃ မီတာထားပြီး ဆောက်လုပ်ကြပါတယ်။ လှေကားများနဲ့ ဆင်ခြေလျှောများ အကျယ်ကတော့ အနည်းဆုံး ၂.၂၅ မီတာရှိရမှာ ဖြစ်ပါတယ်။ မော်စကိုမြို့မှာ ပြုလုပ်ထားတဲ့ Underpass တွေမှာဆိုရင် ကလေး လက်တွန်းလှည်းများ အဆင်းအတက် လွယ်ကူစေရန် အတွက်ပါ ဒီဇိုင်း ပြုလုပ်ထားပြီးတော့ ၎င်းတို့ရဲ့ အကျယ်ကတော့ ၁ မီတာ ရှိပါတယ်။











၎င်းအပြင် ဥမင်များအတွင်း နံရံများမှာ ကြော်ငြာများ၊ ယဉ်ကျေးမှု ဗိသုကာများ၊ ပန်းချီကားများ ထားရှိမယ် ဆိုရင် ဘေးကို ၁ မီတာအကျယ်တိုးပြီး စဉ်းစားနိုင်ပါတယ်။

ဥမင်ရဲ့အမြင့်ကတော့ ၂.၃ မီတာထက် မနိမ့်သင့်ပါဘူး။ အနည်းဆုံး ၂.၂ မီတာထိ ထားရှိနိုင်ပါတယ်။ ဥမင်များရဲ့ အရှည်ကတော့ ဖြတ်ဖောက်မယ့် လမ်းများပေါ်မူတည်ပြီး မီတာ ၁၀၀−၁၅၀ အထိ ရှိနိုင်ပါတယ်။

လူအသွားအလာများတဲ့ ကားလမ်းမများ၊ ရထားလမ်းများတလျှောက် Underpass များ ဆောက်မယ်ဆိုရင် Underpass တစ်ခုနဲ့ တစ်ခုအကြားမှာ မီတာ ၄၀၀-၆၀၀ ထိ ထားရှိသင့်ပါတယ်။ ၎င်းအကွာအဝေးဟာ လမ်းကူမယ့်သူများ အတွက် အဆင်ပြေသလို အများအပြား ဆောက်လုပ်ဖို့လည်း မလိုတဲ့အတွက် ကုန်ကျစရိတ်ကိုလည်း သက်သာစေပါတယ်။







လမ်းကူးလူသွား ဥမင်များမှာ အများအားဖြင့် ရေစီးရန် အတွက် Slope ကို Tunnel Axis နဲ့အပြိုင် တစ်ဖက်တည်းထားပြီး ပြုလုပ် ကြပါတယ်။ သို့သော်လည်း လိုအပ်ချက်အရ Slope ကို နှစ်ခုထားနိုင်ပါတယ်။ အလယ်ကို concave သို့ convex ပုံနဲ့ Slope ကို နှစ်မျိုး စဉ်းစားနိုင်ပါတယ်။ အဆိုပါ Slope များဟာ ၄၀% ထက်မများသင့်သလို ၄ % ထက်လည်း မနည်းသင့်ပါ။ တချို့ မြေအနေအထားတွေမှာ ဥမင်ရဲ့ Axis ဟာ ရေပြင်ညီ ဖြစ်နေရင် Cross section မှာ Slope ကို ဘေးတဖက်တချက် ထားရှိရပါမယ်။ ရေများစီးနိုင်ဖို့အတွက် Section မှာ Slope ကို ထားရင် ၁၀% ထားရှိသင့်ပါတယ်။ Axis နဲ့အပြိုင်ရှိတဲ့ ရေစီး မြောင်းအတွင်း စီးနိုင်ဖို့ Slope ကို ၅ % ထားရပါမယ်။

လမ်းကူးလူသွား ဥမင်များရဲ့ ဝင်ပေါက်ထွက်ပေါက်များမှာ လှေကားများ၊ ဆင်ခြေလျှောများ (Sloping Surface)၊ Escalator များထားရှိ တပ်ဆင်နိုင်ပါတယ်။

ဥမင်ရဲ့အနက် မီတာ ၃.၃၅ ထက်နည်းပြီး လူသွားနှုန်း တစ်နာရီ ၇၀၀၀ ဦး ထက်နည်းတဲ့ နေရာမှာဆောက်မယ့် ဥမင်အဝင်အထွက်တွေမှာ လှေကားများကို တပ်ဆင်နိုင်ပါတယ်။

လှေကားထားမယ့် slope ရဲ့ အမြင့်နဲ့ အကျယ်အချိုးဟာ (၁း ၃.၃) သို့ (၁း ၂.၃) ရှိရပြီးတော့ လှေကားထစ်တစ်ခုချင်းစီဟာ (၁၂×၄၀) သို့ (၁၄×၃၂) စင်တီမီတာ ထားရှိပါတယ်။ လှေကားထစ်များ ထားရှိရာမှာလည်း ၁၄ ထစ် ထက်ပိုမထားဘဲ ပိုခဲ့ရင်လည်း အလယ်မှာ လှေကားထစ်အကျယ် တစ်ထစ် (အကျယ် ၁.၅ မီတာခန့်) ပြုလုပ်ထားပြီး နောက်ထပ် ပုံမှန် လှေကားထစ်များကို ဆက်လက် ထားရှိပါတယ်။







အဆိုပါ အဝင်အထွက် လှေကားများကို Sidewalk များတလျှောက်တွင် လည်းကောင်း၊ အဆောက်အဦများရဲ့ မြေညီထပ်များနဲ့ လည်းကောင်း၊ Sub-basement များနဲ့လည်းကောင်း၊ မီထရို Station များနဲ့လည်းကောင်း တွဲဆက် ဖောက်လုပ်နိုင်ပါတယ်။ Sidewalk များနဲ့ဆက်တဲ့အခါမှာ လမ်းပခုံးနဲ့ ဥမင်အပြင်ဘက်အစွန်းဟာ လမ်းသွားလမ်းလာများ Safety ဖြစ်စေဖို့အတွက် အကျယ်ကို အနည်းဆုံး ၀.၅ − ၀.၇၅ မီတာ ထားရှိ ပေးရပါမယ်။

ဥမင်အနက် ၃.၃၅ မီတာ ထက်များပြီး လူသွားနှုန်း တစ်နာရီ ၇၀၀၀ ဦးထက် များတဲ့နေရာများမှာတော့ ဥမင်အဝင်အထွက်ကို Escalator များတပ်ဆင် အသုံးပြုနိုင်ပါတယ်။ အဲ့ဒီလိုတပ်ဆင်တဲ့အခါမှာ slope ကို ၃၀° ထားရှိပြီး ရွေ့လျားရမယ့် အမြန်နှုန်းကတော့ တစ်နာရီကို ၀.၅-၁.၀ မီတာနှုန်း ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Escalator တစ်စီးဟာ တစ်နာရီကို လူ ၁၀၀၀၀-၁၅၀၀၀ ထိ သယ်ဆောင်နိုင်ကြပါတယ်။ အများအားဖြင့် Escalator ကို အတက်နေရာဘက်မှာ ပြုလုပ်ပေးပြီး အဆင်းဘက်မှာတော့ လှေကားများကို ထားရှိ ကား တွဲဖက် အသုံးပြုတတ်ကြပါတယ်။ အတက်လူကို သက်သာစေဖို့နဲ့ ကုန်ကျစရိတ် အရလည်း တွက်ခြေကိုက်ပါတယ်။







သို့သော် Public Garden၊ Park၊ ကလေးကစားကွင်းများနဲ့ နီးတဲ့နေရာများမှာ ဥမင် အဝင်အထွက်ကို ဆင်ခြေလျှောများ (Sloping Surface) ထားရှိကြပါတယ်။ Sloping Surface များကို ထားရှိရာမှာလည်း အဝင်အထွက်လမ်းကို အဖြောင့်အတိုင်းဖြစ်စေ၊ Curved shape ဖြစ်စေ၊ Spiral Shape ဖြစ်စေ ထားရှိပြီး အသုံးပြုကြပါတယ်။ ဆင်ခြေလျှောများရဲ့ slope ဟာ ၆၀% ထက်များသင့်ပါဘူး။ သို့သော် နေရာအခက်အခဲ ရှိမယ်ဆိုရင် ၈၀% ထိ ထားရှိနိုင်ပါတယ်။ တချို့ဥမင် အဝင်အထွက်တွေမှာဆိုရင် လှေကားအပြင် ကလေးလက်တွန်းလှည်းများ သွားလာနိုင်ဖို့အတွက်၊ စက်ဘီးစီးသူများ အလွယ်တကူ တက်ဆင်းနိုင်ဖို့အတွက် ဆင်ခြေလျှောများကို တွဲဖက် အသုံးပြု ကြပါတယ်။






Underpass အတွင်းမှာ Ventilation ကိုတော့ စဉ်းစားပေးခြင်းမရှိပါဘူး။ အများဆုံး မီတာဟာ ၁၅၀ လောက်သာ ရှိတာကြောင့် အဝင်အထွက် အပေါက်များကရရှိမယ့် သဘာဝလေထုနဲ့တင် လုံလောက်တဲ့အတွက် ဖြစ်ပါတယ်။ ဥမင်များမှာ Ventilation လုပ်ဖို့အတွက်ဆိုရင် မီတာ ၁၅၀−၄၀၀ အထက်မှသာ စဉ်းစား ပြုလုပ်ကြပါတယ်။

ထို့အပြင် ဥမင်အတွင်း မီးများ တပ်ဆင်ဖို့အတွက်လည်း စဉ်းစားရမှာ ဖြစ်ပါတယ်။ ဥမင်ရဲ့ နံရံများ၊ မျက်နှာကျက်များမှာ မီးလုံးများ၊ မီးချောင်းများကို လုံလောက်တဲ့ အလင်းပေးနိုင်ဖို့ သင့်လျော်တဲ့ အကွာအဝေး တစ်ခုနဲ့ တပ်ဆင်ပေးဖို့ လိုပါတယ်။











ဥမင်အတွင်းမှာ မီးဘေးအန္တရာယ် ကင်းစေဖို့အတွက်လည်း အရေးပေါ် မီးသတ်ဗူးများ ထားရှိပေးခြင်း၊ မီးအချက်ပြများ တပ်ဆင်ထားခြင်းများကို ပြုလုပ်ရပါမယ်။ ၎င်းအပြင် Underpass အတွင်း ဆေးလိပ် သောက်သုံးခြင်း၊ စည်းကမ်းမဲ့ မီးအသုံးပြုခြင်းများကိုလည်း တင်းကျပ်စွာ တားမြစ်ဖို့ လိုအပ်ပါမယ်။ လေဝင်လေထွက် ကောင်းမွန်စေဖို့၊ ရေမြောင်းများ မပိတ်စေဖို့၊ ဥမင်သန့်ရှင်း သပ်ရပ်စေရန်နှင့် လေဝင်လေထွက်၊ အနံ့အသက်များ ကင်းဝေးစေဖို့အတွက်လည်း အမှိုက်ပစ်ခြင်း၊ ကွမ်းတံတွေး ထွေးခြင်းများကိုလည်း တားမြစ်ဖို့လိုပါတယ်။ နေ့စဉ် ဥမင် သန့်ရှင်းရေးကို ပုံမှန်ပြုလုပ်ဖို့လည်း လိုအပ်ပါတယ်။ ညဥ့်အချိန် Underpass များအတွင်း ရာဇဝတ်မှုများ ကျူးလွန်နိုင်တဲ့အတွက် လုံခြုံမှုရှိစေရန် ရဲတပ်ဖွဲ့များ အနေဖြင့် ပုံမှန်လှည့်ကင်းများ ပြုလုပ်ပေးဖို့လိုပါတယ်။

မိုးများတဲ့ဒေသတွေ၊ ရေလျှံတဲ့နေရာတွေမှာဆိုရင် ဘယ်လို လုပ်ကြမလဲလို့ မေးစရာရှိပါတယ်။ ဒါကလည်း (pipe-roof method) မှာ ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါတယ်။ Underpass အတွင်းကို ရေအလွယ်တကူ မဝင်စေဖို့အတွက် အဆင်းအတက် ဝင်ထွက်ပေါက်များကို နေရာ အမြင့်တစ်ခုမှာထားရှိခြင်း၊ ဥမင်အတွင်း ရေစီးမြောင်းငယ်များ ထားရှိခြင်း၊ မြို့၏ ရေစီးမြောင်းစနစ်များနှင့် ချိတ်ဆက်ပေးခြင်းနှင့် ရေများစုပ်ထုတ်ရန် လိုအပ်ပါက စက်များဖြင့် စုပ်ထုတ်ခြင်းများနဲ့ ကာကွယ်နိုင်ပါတယ်။

ဆက်လက်ပြီး ဒီပုံနဲ့ ရှင်းပြရင် ပိုပြီး မြင်သာမယ်ထင်ပါတယ်။

ရေများလာတဲ့အခါမှာ ရေကို စုပ်ထုတ် ဖယ်ရှားပစ်ဖို့ ဒီဇိုင်းဆွဲထားတဲ့ ပုံကြမ်းလေးပါ။


မြို့ကြီးများရဲ့ ယာဉ်အသွားအလာ ထူထပ်တဲ့ လမ်းများမှာ လမ်းဖြတ်ကူးဖို့အတွက် ဆိုရင် လူကူးဂုံးကျော် တံတားများကို တည်ဆောက်မယ့်အစား underpass များကို ဆောက်လုပ် အသုံးပြုခြင်းဟာ အလွန်သင့်လျော် ကောင်းမွန်တာကိုတွေ့ရပါတယ်။

လူကူးဂုံးကျော် တံတားများဟာ မြို့ပြများရဲ့ မြင်ကွင်းကို ရှုပ်ထွေးစေပါတယ်။ အမြင့်ကို အတက်အဆင်း ပြုလုပ်ရတဲ့အတွက် လမ်းကူးမယ့်သူအတွက် မသက်မသာ ဖြစ်ရပါတယ်။ အချိန်လည်း ပိုပေးရပါတယ်။ သွားလာနေတဲ့ မော်တော်ယာဉ်များရဲ့ အမြင့်နဲ့လဲ ကန့်သတ်ချက် ရှိလာပါတယ်။ လမ်းနဲ့ အလွန်နီးကပ်နေတဲ့ အချို့လူနေအိမ်များ အတွက် လမ်းကူးဂုံးကျော် တံတားများဟာ အနှောင့်အယှက် တစ်ခု ဖြစ်လာပါတယ်။ ဆောက်လုပ်ထားပြီး ဂုံးကျော်တံတားများ အတွက် ရာသီဥတုအလိုက် ပြုပြင် ထိန်းသိမ်းမှုကို အမြဲတစေ ပြုလုပ်ပေးနေဖို့လည်း လိုအပ်ပါတယ်။ (ဥပမာ - တံတားကြံ့ခိုင်မှုကို စစ်ဆေးခြင်း၊ ပြုပြင်ခြင်း၊ လှဲလှယ်တပ်ဆင်ခြင်း၊ ဆေးသုတ်ခြင်း စသည်။)

လူကူးမျဉ်းကျားများ ထားရှိအသုံးပြုခြင်းဟာလည်း ယာဉ်/လူ အသွားအလာ နှစ်ခုစလုံးကို နှောင့်နှေးစေပါတယ်။ မီးပွိုင့်များ၊ ယာဉ်ထိန်းရဲများ ထားရှိရသောကြောင့် အလုပ်များ ပိုလာပါတယ်။ လူသွားလာမှုနှင့် ယာဉ်အသွားအလာ ရှုပ်ထွေးတဲ့ လမ်းဆုံလမ်းခွ နေရာများမှာဆိုလျှင် လမ်းကူးသူများ အတွက်သာမက ယာဉ်များအတွက်ပါ အလွန်အန္တရာယ် များပါတယ်။ မြို့လယ်အသွားအလာ ရှုပ်ထွေးတဲ့ လမ်းတလျှောက်မှာ လူကူး မျဉ်းကျားများ၊ အချက်ပြမီးပွိုင့်များကို လမ်းဆုံနေရာတိုင်း ထားရှိခြင်းကလည်း ယာဉ်သွားလာမှုကို အနှောက်အယှက် ဖြစ်စေပြီး ယာဉ်ကြောပိတ်ဆို့မှုကို ဖြစ်စေပါတယ်။


မီးရထားလမ်းကူး နေရာများတွင်လည်း မီးအချက်ပြများထားခြင်း၊ ရထားအသွားအလာကိုစောင့်၍ လမ်းကူးရန်အတွက် တံခါးအဖွင့်အပိတ် ပြုလုပ်ရခြင်း၊ ၎င်းအတွက် လုံခြုံရေးအစောင့်ထားရှိရခြင်း တို့ကြောင့် မလိုအပ်သော လုပ်အားနှင့် အချိန်များကို ဆုံးရှုံးစေသည့်အပြင် သွားလာမှု အဟုန်ကိုလည်း နှောင့်နှေး ကြန့်ကြာစေပါတယ်။ ရထားလမ်းဖြတ် လူကူးတံတားများကို ထားရှိတဲ့အတွက် အမြင့်ကန့်သတ်ချက် များတာကြောင့် ရထားလမ်း ဖြတ်ကူးမယ့်သူအတွက် အတက်အဆင်း မြင့်မားတဲ့ ဒုက္ခကို ကြုံတွေ့ပါတယ်။







Underpass များဟာ ခရီသွား ပြည်သူများအတွက် လမ်းကူးတဲ့နေရာမှာ အသင့်လျော်ဆုံး၊ အန္တရာယ်အကင်းဆုံး ဖြစ်ပါတယ်။ လူကူး ဂုံးကျော်တံတားများနဲ့စာရင် ကုန်ကျစရိတ်ဟာ သိသိသာသာကို သက်သာပါတယ်။ စည်းကမ်းမဲ့ လမ်းဖြတ်ကူးမှုများ၊ ယာဉ်တိုက်မှု အန္တရာယ်များကို လျော့ချ ပေးနိုင်ပါလိမ့်မယ်။ နောက်ပြီး Underpass construction များဟာ ခေတ်မီ မြို့ပြအင်္ဂါရပ်များရဲ့ ပြယုဂ် တစ်ခုဖြစ်တဲ့ မီထရို ဆောက်လုပ်ရေး လုပ်ငန်းများရဲ့ အခြေခံ Construction များလည်းဖြစ်ပါတယ်။ နှိုင်းယှဉ် လေ့လာချက်များအရ လမ်းဖြတ်ကူးသူများ အနေဖြင့် မီးရထားလမ်း၊ ကားလမ်းများကူးရာမှာ ဂုံးကျော်တံတားပေါ်မှ ဖြတ်ကူးရခြင်းထက်၊ မြေအောက် Underpass များမှ ဖြတ်ကူးရခြင်းကို ပိုမိုနှစ်သက် လိုလားကြပြီး အဓိက အချက်များကတော့ အတက်၊ အဆင်း သက်တောင့်သက်သာ ဖြစ်ခြင်းနှင့် လုံခြုံမှု ရှိခြင်းတို့ ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။

ထို့ကြောင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး နဲ့ မြို့ပြ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြင့်တင်ရေးမှာ ဒီ Underpass များဟာလည်း မလွဲမသွေ ထည့်သွင်းလုပ်ဆောင်ရမယ့် လိုအပ်ချက်တစ်ခုလို ဖြစ်လာပါပြီ။ မကြာတော့သော ကာလမှာ ယခုလို မြို့ပြအဆင့်မြှင့် ပြုပြင်တည်ဆောက်ရေး Project များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည် မျှော်လင့်ရင်း ပို့စ်ကို ဒီနေရာမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Print ပရင့်ထုတ်ရန်
4 ထင်မြင်ချက်၊
  1. Anonymous February 3, 2008 at 1:33 PM  

    ^^^
    |||

    Spam comment? =P

    ----
    လျှာရှည်ဦးမယ်ဗျာ...

    Pedestrian Underpass တွေရှိလာဖို့က အစ်ကိုပြောသလိုပဲ မြန်မာပြည်မှာ ဖြစ်နိုင်ချေရှိတယ်။ လက်ရှိ Underpass တွေလိုနေတဲ့ Junction တွေကိုကျနော်စဉ်းစားလိုက်တော့ လှည်းတန်း လမ်းဆုံမှာ ဦးဆုံးတည်ဆောက်သင့်တယ် ။ လှည်းတန်းလမ်းစုံမှာ Peak Hours တွေဆို တစ်မိနစ်ကို ကားအစီးရေ 100 လောက်ဖြတ်တယ်ဗျ။ လမ်းသွားလမ်းလာလည်း သိတဲ့အတိုင်းပဲ ထူထပ်တယ်။ နောက်ပြီးတော့ pedestrian တွေအတွက်လမ်းဖြတ်ကူးဖို့ မီးပွိုင့်တွေဘာတွေလည်း မရှိဘူး၊ ( ကား Traffic light တော့ရှိတာပေါ့) လူကူးလမ်းကြားတွေပဲရှိတယ်။ လူကူးလမ်းကြားကလည်း ယာဉ်ထိန်းရဲဖမ်းလို့သာ ကူးရတာ.. အဲ့မှာ ကူးရင် ကားတွေကလည်း မရပ်ပေးပါဘူး။ ဆိုလိုတဲ့သဘောက Pedestrian တွေအတော်ဒုက္ခရောက်တယ်ဗျာ။

    နောက်ပြီးတော့... လှည်းတန်းလမ်းစုံမှာ ကျနော်သိသလောက်ဆိုရင် ရေကြီးရေလျှံမှုဖြစ်တာ အတော်နည်းတယ်။ ပြီးတော့ sewage system လည်းကျန်တဲ့ လမ်းစုံတွေထက်စာရင် အပုံကြီးကောင်းမယ့်ပုံပဲ။ Underpass တည်ဆောက်ဖို့ အတွက် ကျန်နေရာတွေထက် ပိုအဆင်ပြေမယ်ထင်တယ်ဗျ။ အစ်ကို Thesis အတွက်စာဖတ်နေတယ်ဆိုရင်လည်း လှည်းတန်းလမ်းစုံကိုအခြေတည်ပြီးတော့ underpass system တစ်ခု ဆွဲပေးနိုင်ရင် တော်တော်အသုံးဝင်မယ်ထင်တယ်ဗျာ။

    Singapore က Orchard & Scotts ၊ Ngee Ann City စတာတွေကို ဆက်ထားတဲ့ Underpass ကြီးကိုမြင်ယောင်ပြီး လှည်းတန်းလမ်းစုံကို စိတ်ကူးယဉ်ကြည့်တာ တော်တော့်ကို နှိပ်သဟ.... =)

    Cheers!!!

  2. Anonymous February 3, 2008 at 8:15 PM  

    Pedestrian Underpass တွေ ရန်ကုန်၊ မန္တလေး မြို့ကြီးများရဲ့ လမ်းမကြီး လမ်းဆုံတွေမှာ တကယ်ကို လိုအပ်နေပါတယ်။ မြို့ပြ တိုးတက်လာမှုနဲ့ အတူ သွားလာမှု ရှုပ်ထွေးလာမှုကြောင့် ဖြစ်ပေါ်လာမယ့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်တွေကို ဒီ Pedestrian Underpass တွေ ဆောက်လုပ် အသုံးပြုခြင်းဖြင့် လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ မြို့ပြဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်နေကြတဲ့ မြို့ပြအင်ဂျင်နီယာ ဌာနအနေနဲ့ လက်တွေ့ အကြံပြု လုပ်ဆောင်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လိုအပ်ချက်အရကြောင့်ကို ဖြစ်လာမှာပါ။ စောင့်ကြည့်ကြတာပေါ့။

  3. thamudayanwe February 4, 2008 at 8:50 PM  

    thanks for sharing this post.

  4. Unknown August 21, 2008 at 11:22 PM  

    အားလုံးကို ကျေးဇူးတင် တယ်ဗျာ......
    ကိုယ့်နိုင်ငံ အတွက် စဉ်းစားပြီး ဆွေးနွေးကြ အကြံပြု ကြတယ့် အတွက်ပါ
    အကောင်အထည် ဖော်နိုင်ပါစေလို့ လည်း ဆုတောင်းပေးပါတယ်....

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.